ဟန်ချက်ညီလှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း (Developmental Coordination Disorder – DCD) သည် ကျောင်းနေစအရွယ် ကလေးများတွင် တွေ့ရတတ်သော ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ ၎င်းသည် ကလေးငယ်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အမြင်အာရုံ၊ ဦးနှောက်၏ သိမှတ်နိုင်စွမ်းနှင့် ဟန်ချက်ထိန်းစနစ်များအကြား ပေါင်းစပ်လှုပ်ရှားရန် ခက်ခဲသော အခြေအနေကို ဆိုလိုသည်။ ကမ္ဘာတစ်ဝှမ်းရှိ အသက် ၅နှစ် မှ ၁၁နှစ်အတွင်းရှိ ကလေးများ၏ ၅% မှ ၆% တွင် DCD ဖြစ်ပွါးနိုင်ကြောင်း သိရသည်။ မိန်းကလေးများနှင့် နှိုင်းယှဉ်ပါက ယောက်ျားလေးများတွင် ဖြစ်ပွါးနိုင်ခြေ ၁.၇ ဆမှ ၇ ဆအထိ ပိုမိုမြင့်မားကြောင်း တွေ့ရှိရသည်။ ဤချို့ယွင်းချက်သည် ကလေးဘဝတွင် စတင်ဖြစ်ပွါးလေ့ရှိပြီး ဖြစ်ပွါးသူ ကလေးငယ်များ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့်တွင် လူပျိုဖော်ဝင်စအရွယ်နှင့် လူကြီးဘဝအထိ ဆက်လက်ပါရှိသွားတတ်သည်။
ဟန်ချက်ညီလှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းသည် ခန္ဓာကိုယ် ဟန်ချက်ညီလှုပ်ရှားနိုင်မှု အားနည်းခြင်းနှင့် လက်ဖြင့် အနုစိတ်ဆောင်ရွက်ရသည့် လက်ရေးလက်သား မသပ်ရပ်ခြင်း စသည်တို့ကို ဖြစ်စေပြီး၊ ကလေးများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် ပညာသင်ကြားရေးကို သိသာစွာ ထိခိုက်စေနိုင်သည်။ ထို့အပြင် DCD သည် အခြားသော ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများနှင့်လည်း တွဲဖက်၍ တွေ့ရှိရတတ်သည်။ ထို့ကြောင့် ကလေးငယ်များအား လိုအပ်သော အကူအညီများကို အချိန်မီ ပေးနိုင်ရန်အတွက် DCD ဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုများ စောစီးစွာ ပြုလုပ်ပေးရန် အလွန်အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဟန်ချက်ညီလှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း (DCD) သည် ကလေးငယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ အမြင်အာရုံ၊ ဦးနှောက်၏ သိမှတ်နိုင်စွမ်းနှင့် ဟန်ချက်ညီအောင် ထိန်းချုပ်လုပ်ဆောင်မှု စသည့်စနစ်များအကြား ပေါင်းစပ်ညှိနှိုင်းရန် ခက်ခဲခြင်းကြောင့် ဖြစ်ပေါ်လာရသည်။ ၎င်းချို့ယွင်းချက် ဖြစ်ပွါးရသည့် အခြေခံအကြောင်းရင်း အတိအကျကို ယနေ့အထိ တိတိကျကျ မသိရသေးပါ။ သို့ရာတွင် ခေတ်မီသုတေသနပြုချက်များအရ အောက်ပါအချက်များနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရသည်။
- ဦးနှောက်ဖွံ့ဖြိုးမှုပုံစံ ကွဲပြားခြင်း – ကြွက်သားလှုပ်ရှားမှုနှင့် ဟန်ချက်ညီမှုကို ထိန်းချုပ်သော ဦးနှောက်၏ နေရာများတွင် ဖွံ့ဖြိုးမှုပုံစံ ကွဲပြားနေခြင်း
- ဦးနှောက်လုပ်ဆောင်ချက် – ဦးနှောက်၏ ဘယ်-ညာ လုပ်ဆောင်ချက် ခွဲဝေမှု မပြည့်စုံခြင်း
- မျိုးဗီဇ – မျိုးဗီဇဆိုင်ရာ သက်ရောက်မှုများ ရှိခြင်း
- မွေးဖွားမှုအခြေအနေ – လမစေ့ဘဲ မွေးဖွားခြင်းနှင့် မွေးဖွားချိန်တွင် ပေါင်မပြည့်ခြင်း
ရောဂါလက္ခဏာများ
DCD ၏ ရောဂါလက္ခဏာများသည် ကလေး၏ အသက်အရွယ်နှင့်လိုက်၍ အောက်ပါအတိုင်း ကွဲပြားခြားနားနိုင်သည်။
- မွေးကင်းစနှင့် လမ်းလျှောက်စအရွယ်
- နို့စို့ခြင်းနှင့် အစာမျိုချခြင်းများတွင် အခက်အခဲရှိခြင်း
- မှောက်ခြင်း၊ ထိုင်ခြင်း၊ မတ်တတ်ရပ်ခြင်းနှင့် လမ်းလျှောက်ခြင်းစသည့် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှုအဆင့်ဆင့် (Motor Milestones) နောက်ကျခြင်း
- အသက် ၁၄ လကျော်သည်အထိ ခြေဖျားထောက်၍ လမ်းလျှောက်ခြင်း သို့မဟုတ် ခြေထောက်နှစ်ဖက်ကို ပုံမှန်ထက် အလွန်ကား၍ လမ်းလျှောက်ခြင်း
- အသက် ၃၀ လ (၂ နှစ်ခွဲ) ကျော်သည်အထိ သွားရည် အလွန်အမင်း ကျခြင်း
- ကျောင်းနေအရွယ်ကလေးများ
- အနုစိတ် ကိုင်တွယ်မှုများအတွက် ကြွက်သားလှုပ်ရှားမှု အားနည်းခြင်း (Fine Motor Deficits)
- ဖိနပ်ကြိုးချည်ခြင်း၊ သွားတိုက်ခြင်း၊ ရေချိုးခြင်း၊ အင်္ကျီကြယ်သီးတပ်ခြင်း၊ ကတ်ကြေး သုံးခြင်း၊ ထမင်းစားဇွန်းနှင့် ခက်ရင်းကို စနစ်တကျ ကိုင်တွယ်ခြင်းတို့ပြုလုပ်ရန် ခက်ခဲနေတတ်သည်
- ခဲတံကို ပုံစံမမှန်ဘဲ အတင်းဆုပ်ကိုင်တတ်ပြီး လက်ရေး မသပ်ရပ်ခြင်း၊ စာရေးနှေးခြင်းများကို တွေ့ရသည်
- ကိုယ်ခန္ဓာရွေ့လျား လှုပ်ရှားမှုများအတွက် ကြွက်သားလှုပ်ရှားမှု အားနည်းခြင်း (Gross Motor Deficits)
- လမ်းလျှောက်ရာတွင် မကြာခဏ တိုက်မိခြင်း၊ ချော်လဲခြင်း၊ ပစ္စည်းများ ခဏခဏ လက်လွတ်ကျခြင်း (Clumsiness) တို့ဖြစ်တတ်သည်
- ဘောလုံးဖမ်းခြင်း၊ ကြိုးခုန်ခြင်း၊ ခြေတစ်ဖက်တည်းဖြင့် ခုန်ခြင်း၊ စက်ဘီးစီးခြင်းနှင့် အားကစားလှုပ်ရှားမှုများတွင် အလွန်နှေးကွေးပြီး တိကျမှုမရှိခြင်းများ ကြုံတွေ့ရသည်
- လူပျိုဖော်ဝင်စနှင့် လူကြီးအရွယ်
- နေ့စဉ်လူနေမှုဘဝတွင် အစီအစဉ်ဆွဲခြင်းနှင့် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ခြင်းပိုင်း (Executive Function) တွင် အားနည်းပြီး ဖရိုဖရဲ ဖြစ်နေတတ်ခြင်း
- ခန္ဓာကိုယ် ဟန်ချက်ထိန်းသိမ်းမှု ခက်ခဲခြင်းနှင့် အားကစားအသစ်များကို သင်ယူရန် အကြိမ်ကြိမ် လေ့ကျင့်ပေးရခြင်း
တွဲဖက်ဖြစ်ပွါးတတ်သော အခြေအနေများ (Co-occurring conditions)
- DCD (ဖွံ့ဖြိုးမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု ချို့ယွင်းချက်) ရှိသော ကလေးငယ်များ၏ ၅၀% ဝန်းကျင်တွင် ADHD (အာရုံစူးစိုက်မှု အားနည်းပြီး ဂနာမငြိမ်ဖြစ်ခြင်း) ရှိတတ်သည်
- DCD ရှိသော ကလေးငယ်များ၏ ၁၀% ဝန်းကျင်တွင် အော်တစ်ဇင် (Autism) လက္ခဏာများ ပြသတတ်သည်
- အော်တစ်ဇင်ရှိသော ကလေးငယ်များ၏ ၈၀% ဝန်းကျင်တွင် DCD နှင့် ကိုက်ညီသော လှုပ်ရှားမှုဆိုင်ရာ အခက်အခဲများ ရှိတတ်သည်
- စာဖတ်ခြင်းဆိုင်ရာ အခက်အခဲ (Dyslexia) ရှိသော ကလေးငယ်များ၏ ၅၀% ဝန်းကျင်တွင် DCD ၏ လက္ခဏာရပ်များ ပြသတတ်သည်
- ယခင်က သီးခြားဘာသာစကား ချို့ယွင်းချက် (Specific Language Impairment) ဟု လူသိများခဲ့သော ဖွံ့ဖြိုးမှုဆိုင်ရာ ဘာသာစကား ချို့ယွင်းချက် (DLD) ရှိသည့် ကလေးငယ်များ၏ သုံးပုံတစ်ပုံခန့်တွင် DCD ရှိနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
DCD ကို စောစီးစွာ လေ့ကျင့်သင်ကြားမှု မပြုပါက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတွင် ရေရှည်ဆိုးကျိုးများ ကြုံတွေ့ရနိုင်သည်။
- ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်ခြင်း
- မိမိကိုယ်ကို မလုပ်နိုင်ဟု ယူဆကာ ကိုယ်လက်လှုပ်ရှားမှုနှင့် အားကစားများကို ရှောင်လွှဲခြင်း
- ကြွက်သားများ အားနည်းခြင်း၊ အမောမခံနိုင်ခြင်း
- အဝလွန်ခြင်း (Obesity)
- သွေးတိုးခြင်း၊ သွေးတွင်းအဆီဓာတ် မြင့်မားခြင်းစသည့် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါစုများ ဖြစ်ပွါးခြင်း
- စိတ်ကျန်းမာရေး ထိခိုက်ခြင်း
- မိမိကိုယ်ကို ယုံကြည်မှု လုံးဝအားနည်းသွားခြင်း (Low Self-esteem)
- စိတ်ဓာတ်ကျခြင်း (Depression)
- စိုးရိမ်ပူပန်မှုလွန်ကဲခြင်း (Anxiety)
- လူမှုရေး ပြဿနာများ
- အတန်းဖော်များ၊ သူငယ်ချင်းများ၏ ဝိုင်းပယ်ခြင်းကို ခံရခြင်း
- အနိုင်ကျင့်လှောင်ပြောင်ခံရခြင်း (Peer Victimization)
- ပညာသင်ကြားရေးတွင် ထိခိုက်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးတွင် ကိုယ်လက်လှုပ်ရှားမှုပိုင်း နောက်ကျခြင်း၊ အနုစိတ်ကြွက်သားလှုပ်ရှားမှုများ အားနည်းခြင်းတို့ကို သတိပြုမိပါက မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်ထံသို့ အမြန်ဆုံးသွားရောက် ပြသတိုင်ပင်သင့်သည်။
ချက်ချင်းပြသရမည့် အန္တရာယ်လက္ခဏာများ (Red Flags)
အကယ်၍ ကလေးတွင် အောက်ပါလက္ခဏာများ တွေ့ရှိရပါက အခြားသော အာရုံကြောနှင့် ကြွက်သားအားနည်းရောဂါများ ဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် ချက်ချင်းပြသရမည်။
- ယခင်က ကောင်းမွန်စွာ တတ်မြောက်ထားပြီးသား လှုပ်ရှားမှုစွမ်းရည်များကို ရုတ်တရက် ပြန်လည်ဆုံးရှုံးသွားခြင်း (Loss of Motor Milestones)
- လျှာ သို့မဟုတ် ခန္ဓာကိုယ် ကြွက်သားများ တဆတ်ဆတ် တုန်ခါခြင်း (Fasciculations)
- သွေးတွင်းရှိ အင်ဇိုင်းတစ်မျိုးဖြစ်သော Creatine Kinase (CK) ပမာဏကို ဓာတ်ခွဲစစ်ဆေးလျှင် ပုံမှန်ရလဒ်ထက် ၃ ဆကျော် မြင့်မားနေခြင်း
- အသက်ရှူရခက်ခဲခြင်းနှင့်အတူ တစ်ကိုယ်လုံးရှိ ကြွက်သားများ အားနည်းပျော့ခွေနေခြင်း
- ရုတ်တရက် ကြွက်သားများ တောင့်တင်းလွန်းခြင်း သို့မဟုတ် ပျော့ခွေလွန်းခြင်း
ရောဂါရှာဖွေခြင်း
ညှိနှိုင်းလှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း (DCD) ကို သိရှိနိုင်ရန် ကျွမ်းကျင်သော ကလေးအထူးကုဆရာဝန်၊ ကလေးဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်၊ ကလေးဖွံ့ဖြိုးမှု ကျွမ်းကျင်ပညာရှင်၊ ပြန်လည်သန်စွမ်းရေး ဆေးပညာအထူးကုဆရာဝန် သို့မဟုတ် ကလေး စိတ်ပညာရှင်များမှ Diagnostic and Statistical Manual of Mental Disorders (DSM-5-TR) စံနှုန်းများအပေါ် အခြေခံ၍ ရောဂါအမည် သတ်မှတ်ပေးသည်။ ရောဂါရှာဖွေမှုကို များသောအားဖြင့် ကလေးအသက် ၅ နှစ်ပြည့်ပြီးမှသာ ပြုလုပ်လေ့ရှိသည်။
ရောဂါရှာဖွေစစ်ဆေးရာတွင် အောက်ပါတို့ပါဝင်သည်။
- ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားချိန်တွင် ဖြစ်ပေါ်ခဲ့သော ပြဿနာများကို မေးမြန်းခြင်း
- မိသားစုအတွင်း မျိုးဗီဇဆိုင်ရာ ဆိုင်ရာ ရောဂါများ ဖြစ်ပွါးမှု ရှိမရှိကို မေးမြန်းခြင်း
- ကလေး၏ အသက်အလိုက် ဖွံ့ဖြိုးမှု ရာဇဝင်ကို မေးမြန်းခြင်း
- ကလေး၏ ကျန်းမာရေး၊ ကြီးထွားဖွံ့ဖြိုးမှုနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို စမ်းသပ် အကဲဖြတ်ခြင်း
- ကလေး၏ ကြွက်သားနှင့် အာရုံကြောဆိုင်ရာကို စစ်ဆေးခြင်း
- နေ့စဥ် ဘဝ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်မှုကို မေးမြန်းခြင်း၊ အကဲဖြတ်ခြင်း
- ကလေး၏ လက်ချောင်းများဖြင့် အနုစိတ်လုပ်ဆောင်နိုင်မှု၊ ခန္ဓာကိုယ် လှုပ်ရှားမှု နှင့် ဟန်ချက်ထိန်းနိုင်မှုတို့ကို အကဲဖြတ်ခြင်း
- စနစ်တကျ သတ်မှတ်ထားသော စစ်ဆေးမှုကိရိယာများ အသုံးပြု၍ အကဲဖြတ်ခြင်းစသည်တို့ ပါဝင်သည်။
အဓိကအသုံးပြုသော စစ်ဆေးမှုများ
- Developmental Coordination Disorder Questionnaire 2007 မေးခွန်းလွှာ – မိဘများ ဖြည့်စွက်ရသော နေ့စဉ်လှုပ်ရှားမှု ညှိနှိုင်းနိုင်စွမ်း စစ်ဆေးသည့် စံချိန်မှီ မေးခွန်းလွှာ
- Movement Assessment Battery for Children, Second Edition (MABC-2) နှင့် Bruininks-Oseretsky Test of Motor Proficiency, Second Edition (BOT-2) စစ်ဆေးမှုများ – ကုထုံးပညာရှင်များမှ ကလေး၏ ဟန်ချက်ထိန်းနိုင်မှု၊ သေးငယ်သော ကြွက်သားနှင့် ကြီးမားသော ကြွက်သား လှုပ်ရှားမှုများကို စံနှုန်းများဖြင့် တိုင်းတာစစ်ဆေးမှုများဖြစ်သည်။ ၄င်းစစ်ဆေးမှုကို နေ့စဉ်လှုပ်ရှားမှုစွမ်းရည်ကုထုံးပညာရှင် (Occupational Therapist) မှ ပြုလုပ်ပေးပြီး၊ ကလေး၏ရမှတ်သည် စံနှုန်း၏ ၅ ရာခိုင်နှုန်းအောက် (5th percentile) ရောက်ရှိနေပါက DCD ရောဂါရှိနိုင်ခြေ အလွန်မြင့်မားသည်ဟု သတ်မှတ်သည်။
ထိုကဲ့သို့ အကဲဖြတ် စစ်ဆေးပြီးမှ အောက်ပါ DSM-5 TR Criteria နှင့် ကိုက်ညီမှု ရှိမရှိကို ဆုံးဖြတ်နိုင်သည်။ DCD ဟု သတ်မှတ်နိုင်ရန် အောက်ပါ အချက် ၄ ချက်လုံးနှင့် ပြည့်စုံရမည်။
- လှုပ်ရှားမှုစွမ်းရည် တတ်မြောက်မှုသည် ကလေး၏ အသက်အရွယ်နှင့် သင်ယူခွင့်ရရှိမှု အခြေအနေထက် သိသာစွာ အားနည်းနေခြင်း
- ၎င်းလှုပ်ရှားမှု အားနည်းချက်သည် နေ့စဉ်လူနေမှုဘဝ၊ ကျောင်းစာနှင့် ဆော့ကစားမှုများအပေါ် သိသာစွာနှင့် ရေရှည်အနှောင့်အယှက် ဖြစ်စေခြင်း
- ရောဂါလက္ခဏာများသည် ငယ်စဉ်ကလေးဘဝ ဖွံ့ဖြိုးမှုကာလကတည်းက စတင်ပေါ်ပေါက်ခဲ့ခြင်း
- ၎င်းအားနည်းချက်သည် ဉာဏ်ရည်မသန်စွမ်းခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း သို့မဟုတ် အခြား ဦးနှောက်အာရုံကြောရောဂါ (ဥပမာ – Cerebral Palsy) တို့ကြောင့် ဖြစ်ရခြင်း မဟုတ်ရပါ။
DCD ဟု သတ်မှတ်ရန် တိကျသော သွေးစစ်ဆေးချက် သို့မဟုတ် ဓာတ်မှန်စစ်ဆေးချက်ဟူ၍ မရှိပါ။ သို့ရာတွင် အခြားသော မျိုးဗီဇဆိုင်ရာရောဂါများ၊ အာရုံကြောနှင့် ကြွက်သား အားနည်းရောဂါများ မဟုတ်ကြောင်း ကို ရှာဖွေစစ်ဆေးရန်_
- Creatine Kinase (CK) အင်ဇိုင်းပမာဏ စစ်ဆေးခြင်း
- သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း (Thyroid function test)
- သံလိုက်ဓာတ်မှန် (MRI)
- အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်မှု တုံ့ပြန်မှုများကို စစ်ဆေးခြင်း (EMG)
- မျိုးဗီဇစစ်ဆေးခြင်း (Genetic testing) စသဖြင့် သက်ဆိုင်ရာရောဂါအလိုက် လိုအပ်ချက်အတိုင်း အထူးကုဆရာဝန်များ၏ ညွှန်ကြားချက်အရ စစ်ဆေးလုပ်ဆောင်ရန် လိုအပ်သည်။
လေ့ကျင့်သင်ကြားကုသခြင်း
DCD ရှိသော ကလေးတစ်ဦးကို ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ရန်အတွက် ကလေးအထူးကုဆရာဝန်၊ ကလေးဖွံ့ဖြိုးမှုဆိုင်ရာ အထူးကု (Developmental-Behavioral Paediatrician)၊ ကလေးဦးနှောက်နှင့် အာရုံကြောအထူးကု (Paediatric Neurologist)၊ နေ့စဥ်လှုပ်ရှားမှုစွမ်းရည် ကုထုံးပညာရှင် (Occupational Therapist) နှင့် ကလေးစိတ်ပညာရှင်တို့ ပါဝင်သော Multi-disciplinary Team ဖြင့် ပြသကုသရမည်ဖြစ်သည်။ ကလေးများနှင့် မိသားစုများအနေဖြင့် ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝတွင် မရှိမဖြစ် အရေးကြီးသောအရာများနှင့် ပတ်သက်၍ မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်စေရန် အဓိကထား ကူညီပေးခြင်းဖြစ်သည်။
DCD ကလေးသူငယ်များအတွက် ရုပ်ပိုင်းဆိုင်ရာကုထုံးများ
- လုပ်ငန်းတာဝန်အခြေခံကုထုံးများ (Task-Oriented)
- လှုပ်ရှားမှုများ ပိုမိုကျွမ်းကျင်စေရန် လေ့ကျင့်ပေးခြင်း (Motor Skill Training – MST)
- အာရုံကြောနှင့် ကြွက်သားဆိုင်ရာ လုပ်ဆောင်ချက်များအတွက် လေ့ကျင့်ပေးခြင်း (Neuromotor Task Training – NTT)
- နေ့စဉ်လုပ်ငန်းခွင်အတွက် သိမြင်မှုဆိုင်ရာ လမ်းညွှန်မှု (Cognitive Orientation to daily Occupational Performance – CO-OP)
- လှုပ်ရှားမှုများကို ပုံရိပ်ဖော်ခြင်း (Motor Imagery – MI)
- ခန္ဓာကိုယ်လုပ်ဆောင်ချက်/တည်ဆောက်ပုံကုထုံးများ (Body Functions/Structures)
- ခန္ဓာကိုယ်ဗဟိုချက် တည်ငြိမ်မှုကုထုံး (Core Stability)
- နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာကုထုံး
- လုပ်ဆောင်ချက်ဆိုင်ရာ လှုပ်ရှားမှုများနှင့် ခွန်အားအတွက် လေ့ကျင့်ပေးသော အစီအစဥ်များ (Functional Movement-Power Training Program – FMPT)
ကုထုံးပေးရာတွင် တစ်ဦးချင်း သို့မဟုတ် အုပ်စုငယ် စနစ်ကို အသုံးပြုကြပြီး အကြိမ်ရေအားဖြင့် တစ်ပတ်လျှင် ၂ကြိမ် မှ ၅ကြိမ်အထိ လိုအပ်နိုင်သည်။ ကာလအပိုင်းအခြားအားဖြင့် မိမိတို့ ရည်မှန်းချက်အောင်မြင်သည်အထိ ပုံမှန်အားဖြင့် ပျမ်းမျှ ၉ ပတ်ခန့် ကြာမြင့်နိုင်သည်။
မိဘနှင့် ဆရာများအတွက် အကြံပြုချက်များ
ဤအခြေအနေရှိသော ကလေးငယ်များ၏ လှုပ်ရှားမှုစွမ်းရည်နှင့် နေ့စဉ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အိမ်နှင့်ကျောင်းတွင် မိဘများနှင့် ဆရာ/ဆရာမများ ဝိုင်းဝန်းကူညီပေးနိုင်မည့် လက်တွေ့ကျသော နည်းလမ်းများကို အသက်အရွယ်အလိုက် အောက်ပါအတိုင်း ဖော်ပြထားသည်။
အခြေခံ မဟာဗျူဟာ လမ်းညွှန်ချက်များ (MATCH)
- M (Modify the task) – လုပ်ငန်းတာဝန်ကို ပြုပြင်ပြောင်းလဲပါ
- ကလေးအတွက် ခက်ခဲလွန်းသော လှုပ်ရှားမှုအပိုင်းများကို ပြောင်းလဲပေးပါ
- ကလေးက ကြိုးစားလျှင် အောင်မြင်မှုကို ခံစားရရှိနိုင်စေရန် လုပ်ဆောင်ပေးရမည်
- A (Alter your Expectations) – မျှော်မှန်းချက်များကို ပြောင်းလဲပါ
- လုပ်ငန်းတစ်ခု၏ အဓိကရည်ရွယ်ချက်ကို စဉ်းစားပြီး လိုက်လျောညီထွေ ပြောင်းလဲပေးပါ
- အချိန်ပိုပေးခြင်း သို့မဟုတ် အလုပ်ပြီးမြောက်ရန် အခြားရွေးချယ်စရာ နည်းလမ်းများကို ခွင့်ပြုပေးပါ
- T (Teaching Strategies) – သင်ကြားရေး မဟာဗျူဟာများကို သုံးပါ
- အထူးလိုအပ်ချက်ရှိသော ကလေးများအတွက် ဒီဇိုင်းထုတ်ထားသည့် အခြားရွေးချယ်စရာ သင်ကြားရေးဗျူဟာများကို ရှာဖွေလေ့လာပြီး အသုံးပြုပါ
- C (Change the Environment) – ပတ်ဝန်းကျင်ကို ပြောင်းလဲပါ
- ကလေး၏ စွမ်းဆောင်ရည်ကို ခက်ခဲစေသည့် ဆူညံသံ၊ လှုပ်ရှားမှုအဆင့်နှင့် အမြင်အာရုံ အာရုံပျံ့လွင့်စရာများကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးပါ
- H (Help by Understanding) – နားလည်ပေးခြင်းဖြင့် ကူညီပါ
- DCD ၏ သဘာဝကို နားလည်သဘောပေါက်ပြီး ကလေးအား ပံ့ပိုးပေးထားကြောင်း ခံစားရစေရန် လုပ်ဆောင်ပေးပါ
အသက်အရွယ်အလိုက် လေ့ကျင့်ပေးနိုင်သော အချက်များ
မူကြိုအရွယ်ကလေးငယ်များ (အသက် ၃နှစ် မှ ၅နှစ်)
- လှုပ်ရှားမှု ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့် ဟန်ချက်မထိန်းနိုင်ခြင်း
- ဖျာအထူများ၊ ဟန်ချက်ထိန်းဘုတ်ပြားများ (Balance သို့မဟုတ် Wobble boards) ပေါ်တွင် လမ်းလျှောက်လေ့ကျင့်ပေးပါ
- ကြမ်းပြင်ပေါ်တွင် မြေဖြူ သို့မဟုတ် တိပ်ဖြင့် မျဉ်းဖြောင့်၊ စက်ဝိုင်း သို့မဟုတ် ပုံသဏ္ဌာန်အမျိုးမျိုးဆွဲပြီး ၎င်းပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်ခိုင်းပါ
- အစေ့လေးများထည့်ထားသောအိတ်ငယ်များ (Bean bags) သို့မဟုတ် ကစားစရာများကို ခန္ဓာကိုယ်အလယ်မျဉ်းကို ကျော်၍ လက်တစ်ဖက်မှ တစ်ဖက်သို့ လွှဲပြောင်းပေးခိုင်းပြီး ၎င်းပစ္စည်းရွေ့လျားမှုကို မျက်စိဖြင့် သေချာကြည့်ရန် အားပေးပါ
- ပူဖောင်းများ၊ ပဝါများ သို့မဟုတ် အရွယ်အစားစုံ ဘောလုံးများကို ဖမ်းခိုင်းပါ
- လေပူဖောင်း (Bubbles) များကို လေထဲတွင် လက်နှစ်ဖက်စလုံးဖြင့် လိုက်ဖမ်းခိုင်းပါ
- အတားအဆီးများကို ပတ်၍ ဒူးထောက်လမ်းလျှောက်ခြင်း၊ နောက်ပြန်လျှောက်ခြင်း သို့မဟုတ် ရှေ့နောက်တွားသွားခြင်းများ ပြုလုပ်ခိုင်းပါ
- ကလေးကို အဝိုင်းလိုက်ထိုင်ကစားရသော ကစားစရာများ၊ ဒန်းများနှင့် စီးနင်းရသော ကစားစရာများပေါ်တွင် ထိုင်ခိုင်းပြီး ဖြည်းဖြည်းချင်း လှုပ်ရှားကစားစေပါ၊ ကလေး၏ ခြေဖဝါးကို စက်ဘီးနင်းတံပေါ်တင်ပေးပြီး အရှေ့သို့ရွေ့လျားရန် လိုအပ်သော ခြေထောက်လှုပ်ရှားမှုကို သိရှိစေရန် လူကြီးက အနောက်မှ တွန်းပေးပါ
- အဝတ်အစားလဲချိန်တွင် နှေးကွေးခြင်းနှင့် စနစ်မကျခြင်း
- အဝတ်အစားဝတ်ဆင်ချိန်တွင် ကလေးကို ကြမ်းပြင် သို့မဟုတ် ခုံတွင် ထိုင်ခိုင်းပြီး နောက်ကျောကို နံရံ သို့မဟုတ် အရာတစ်ခုခုတွင် မှီထားစေပါ
- ချောင်ချောင်ချိချိရှိပြီး ဝတ်ရလွယ်ကူသော အဝတ်အစားများနှင့် ကြိုးချည်စရာမလိုသည့် Velcro (ကပ်ခွာ) ပါသော အဝတ်အထည်များကို ရွေးချယ်ပါ
- လုပ်ဆောင်ရမည့် အလုပ်တစ်ခုချင်းစီကို အပိုင်းသေးငယ်လေးများအဖြစ် ခွဲခြမ်းစိတ်ဖြာပြီး တစ်ခုချင်းစီ Master ဖြစ်အောင် လေ့ကျင့်ပေးပါ၊ လုပ်ဆောင်ရမည့် အဆင့်များကို ပုံလေးများဖြင့် အစီအစဉ်တကျ ပြသပေးပါ
- မည်သည့်အင်္ကျီ/ဘောင်းဘီကို အရင်ဝတ်ရမည်ဆိုသည့် ပုံသေအစီအစဉ်တစ်ခုကို နေ့စဉ်လေ့ကျင့်ပေးပါ
- အင်္ကျီအရှေ့ဘက်တွင် logo ပုံပါသော အင်္ကျီ သို့မဟုတ် V-neck ပုံစံများကို ရွေးချယ်ပေးပါ
- သေးငယ်သော အနုစိတ် ကြွက်သားလှုပ်ရှားမှု (Fine Motor Skills) အားနည်းခြင်း
- သေးငယ်သော အနုစိတ် ကြွက်သားလှုပ်ရှားမှုများ ပြုလုပ်ချိန်တွင် ကလေး၏ခြေဖဝါးသည် ကြမ်းပြင်နှင့် ကပ်နေပြီး တင်ပါးသည် ခုံနောက်မှီနှင့် ထိကပ်နေပါစေ
- ကိုင်ရလွယ်ကူသော ခဲတံအထူကြီးများနှင့် ဖယောင်းရောင်စုံခဲတံအထူကြီးများကို ပေးသုံးပါ
- လက်ခလုတ်ငယ်များအစား လက်ကိုင်ဖုအဝိုင်းကြီးများ ပါဝင်သော အရုပ်ဆက်ဂိမ်းများကို ရွေးချယ်ပေးပါ
- သံလိုက်ဖြင့် ပြုလုပ်ထားသော ကစားစရာများသည် လက်ခွန်အားကို တိုးတက်စေပြီး အလွယ်တကူ တိုက်မိလဲကျခြင်း မရှိနိုင်ပါ
- ရွှံ့စေး/ဂျုံနယ်ခြင်း (Playdough) များကို လိပ်ခြင်း၊ ဆုပ်နယ်ခြင်း၊ ညှစ်ခြင်းများ ပြုလုပ်ခိုင်းပါ
- ပုံဆွဲခုံ (Easel) ပေါ်တွင် မတ်တတ်ရပ်၍ အလုပ်လုပ်ခိုင်းခြင်းဖြင့် ပခုံး၊ လက်မောင်းနှင့် လက်ကောက်ဝတ် တည်ငြိမ်မှုကို တိုးတက်စေပါ
- အစာစားရာတွင် ဖိတ်စင်ခြင်း
- ကလေးထိုင်သည့်ခုံတွင် ခြေထောက်ကို ထောက်ထားနိုင်ပါစေ၊ စားပွဲအမြင့်သည် ကလေးနှင့် သင့်တော်ပါစေ
- ပန်းကန်အောက်တွင် မချော်နိုင်သော ကပ်ပြား/ဖျာငယ် (Non-slip mat) ခံပေးထားပါ
- လက်ကိုင်အထူကြီးများပါသော ဇွန်း၊ ခက်ရင်းများကို ပေးသုံးပါ
- အစားအစာ၏ အထိအတွေ့အပေါ် ကလေး၏ နှစ်သက်မှုကို ဂရုပြုပေးပြီး လိုအပ်ပါက ပန်းကန်ထဲတွင် အစားအစာများကို သီးသန့်စီ ခွဲထားပေးပါ
- စကားပြောနှင့် ဘာသာစကား ဖွံ့ဖြိုးမှု နောက်ကျခြင်း
- ညွှန်ကြားချက်မပေးမီ ကလေး၏ အာရုံကို အရင်ရယူပါ၊ ဘေးပတ်ဝန်းကျင် ဆူညံသံများကို လျှော့ချပါ
- တစ်ကြိမ်လျှင် ညွှန်ကြားချက် ၁ ခု သို့မဟုတ် ၂ ခုသာပေးပြီး ကလေးကို ပြန်ပြောခိုင်းပါ
- ရိုးရှင်းသော စကားလုံးများနှင့် ရုပ်ပုံများကို တွဲသုံးပါ၊ စကားလုံးများကို ကလေးက ပြန်လည်တွေးတောနိုင်ရန် အချိန်အလုံအလောက် ပေးပါ
- စကားပြောမပီသပါက မှန်ကန်သော အသံထွက်ကို မိဘက ပုံစံပြပြောပေးပါ (သို့သော် Speech and language therapist က ညွှန်ကြားထားခြင်းမရှိပါက ကလေးကို အတင်းအကျပ် မပြင်ခိုင်းပါနှင့်)
- မေးခွန်းမေးသည့်အခါ ဖြေရလွယ်ကူသော အပိတ်မေးခွန်းများ (Closed questions) ကိုသာ မေးပါ
- ကလေးများအချင်းချင်း မည်မျှအကွာအဝေးတွင် နေရမည်ကို (လက်တစ်ကမ်းအကွာ) လက်တွေ့လေ့ကျင့်ပေးပါ
- သူငယ်ချင်းဖွဲ့ရန် ခက်ခဲခြင်းနှင့် လူမှုဆက်ဆံရေး
- အလှည့်ကျကစားခြင်း (Turn-taking)၊ ညှိနှိုင်းခြင်း စသည့် မရှိမဖြစ် ကစားခြင်း စွမ်းရည်များကို အလေးပေးသင်ကြားပါ
- ကျောင်းတွင် ကလေးကို ဝိုင်းဝန်းကူညီပေးမည့် ‘သူငယ်ချင်းအဖွဲ့’ သို့မဟုတ် Buddy စနစ်တစ်ခု ပြုလုပ်ပေးပါ
- လူမှုရေးဆိုင်ရာပုံပြင်များ (Social stories) နှင့် အခန်းကဏ္ဍအလိုက် သရုပ်ဆောင်ကစားခြင်း (Role play) များကို အသုံးပြု၍ မည်သို့ပြုမူရမည်ကို လေ့ကျင့်ပေးပါ
- တည်နေရာနှင့် အချိန် သဘောတရား နားလည်မှု အားနည်းခြင်း
- အဖြစ်အပျက်များ၏ အစီအစဉ်ကို မှတ်မိစေရန် ‘ယခု’ (Now) နှင့် ‘နောက်ထပ်’ (Next) စသည့် စကားလုံးများကို သုံးပါ
- နေ့စဉ်ပြုလုပ်မြဲ အလုပ်များကို အချိန်နှင့်တွဲ၍ ပြောပေးပါ (ဥပမာ – “မနက်စာစားနေပြီဆိုတော့ မနက် ၈ နာရီ ရှိပြီပေါ့”)
- ကလေးနှင့်အတူ ရုပ်ပုံများပါသော အမြင်အာရုံပြက္ခဒိန် (Visual timetable) ပြုလုပ်ပြီး ကလေးမြင်သာသောနေရာတွင် ချိတ်ဆွဲထားပါ၊ ကလေး၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် ချိတ်ဆက်၍ သဘောတရားများကို သင်ကြားပေးပါ
- ဖွံ့ဖြိုးမှုဆိုင်ရာ စကားပြောလှုပ်ရှားမှု ခက်ခဲခြင်း (Developmental Verbal Dyspraxia -DVD)
- အနည်းငယ်သော ကလေးများတွင် ကိုယ်လက်လှုပ်ရှားမှုထက် စကားပြောစွမ်းရည်တွင် အဓိကပြဿနာ ပေါ်ပေါက်တတ်ပြီး၊ စကားလုံးများကို လုံးဝမပီသဘဲ ဗျည်း၊ သရများ ချန်လှပ်ပြောဆိုတတ်သည်
- မှုတ်ခြင်း၊ လျက်ခြင်း၊ စုပ်ယူခြင်းစသည့် အာမေဍိတ်လှုပ်ရှားမှုများပါ ခက်ခဲပါက ကလေးကို စကားပြောကုထုံးပညာရှင် (Speech and language therapist) နှင့် စနစ်တကျ ပြသကုသရမည်
- အပြောင်းအလဲများကို လက်မခံနိုင်ခြင်းနှင့် အလိုအလျောက် မသင်ယူနိုင်ခြင်း
- ကလေး၏ အခန်းကို တတ်နိုင်သမျှ ပစ္စည်းများ စနစ်တကျ ထားရှိပေးပါ၊ အပြောင်းအလဲများကို ကြိုတင်အသိပေးပါ
- အတတ်ပညာအသစ်များကို သင်ယူချိန်တွင် အာရုံပြန့်လွင့်မှုမရှိသော တိတ်ဆိတ်သည့် ပတ်ဝန်းကျင်ကို ပေးပါ၊ လူမှုရေးအရ တောင်းဆိုမှုများကို လျှော့ချပြီး ကလေးတစ်ဦးတည်း အလုပ်လုပ်ခွင့်ပြုပါ
- အလုပ်တစ်ခုကို အစိတ်အပိုင်းငယ်လေးများအဖြစ် ခွဲခြမ်းစိတ်ဖြာပြီး အကြိမ်ကြိမ် လက်တွေ့ပြသပေးပါ
မူလတန်းကျောင်းနေအရွယ် ကလေးများ (အသက် ၆ နှစ်မှ ၁၁ နှစ်)
- လက်နှင့် မျက်စိ ညှိနှိုင်းဆောင်ရွက်မှု (Hand to eye coordination)
- ကလေးကို စာလုံးများ မှတ်မိစေရန် သဲစက္ကူ (Sandpaper letters) ပေါ်တွင် လက်ချောင်းဖြင့် ပွတ်ဆွဲခိုင်းခြင်း၊ လေထဲတွင် စာရေးခိုင်းခြင်း (Sky writing) သို့မဟုတ် ဆန်ဗန်းပေါ်တွင် စာရေးခိုင်းခြင်းများ ပြုလုပ်ပါ
- ခဲတံတွင် အစွပ် (Pencil grips) များ တပ်ပေးခြင်း၊ လိုင်းပါသော စာအုပ်များ သုံးစွဲစေခြင်း ပြုလုပ်ပါ၊ ချောင်ချောင်ချိချိရှိပြီး ဝတ်ရလွယ်ကူသော အဝတ်အစားများနှင့် Velcro (ကပ်ခွာ) ပါသော ဖိနပ်များကို ရွေးချယ်ပါ
- ကြွက်သားလှုပ်ရှားမှုနှင့် အာရုံစူးစိုက်မှု
- ဟန်ချက်ထိန်းဘုတ်ပြားများ သုံးခြင်း၊ မျဉ်းပေါ်တွင် လမ်းလျှောက်ခြင်းနှင့် အစေ့ငယ်များ ထည့်ထားသော အိတ်ငယ်များ၊ ရေဖြည့်ထားသော ပူဖောင်းများကို လက်တစ်ဖက်မှ တစ်ဖက်သို့ လွှဲပြောင်းကစားစေခြင်းများ ပြုလုပ်ပါ
- ကလေး စိတ်ဝင်စားသော လှုပ်ရှားမှုများကို ကိုယ်တိုင်ရွေးချယ်ခိုင်းပါ၊ စာသင်ခန်း သို့မဟုတ် လေ့လာရေးနေရာတွင် လျှပ်စစ်မီးချောင်းများ လင်းလွန်းခြင်း သို့မဟုတ် နံရံတွင် ရုပ်ပုံများ ပြည့်နှက်နေခြင်းကို ရှောင်ကြဉ်ပါ
- သဘောတရားများ၊ ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် လူမှုဆက်ဆံရေး
- အရာဝတ္ထုများနှင့် ဖြစ်စဥ်ပြ ကတ်ပြားများ (Command cards) အသုံးပြု၍ ဂိမ်းကစားပါ (ဥပမာ – “နွားက တင်းကုပ်အရှေ့မှာရှိတယ်” ဟုပြောပြီး ကတ်ပြား၏ အနောက်ဘက်တွင် မှန်ကန်သောပုံကို ပြသထားပါ)
- အချိန်ဇယားများ၊ နေ့စဉ်ဒိုင်ယာရီများနှင့် လုပ်ဆောင်ရမည့် အဆင့်ဆင့်ကို ပုံလေးများဖြင့် အစီအစဉ်တကျ ပြသပေးပါ
- ညွှန်ကြားချက်မပေးမီ ကလေး၏ အာရုံကို အရင်ရယူပါ၊ ရိုးရှင်းသော စကားလုံးများနှင့် ရုပ်ပုံများကို တွဲသုံးပါ၊ စကားလုံးများကို ကလေးက ပြန်လည်တွေးတောနိုင်ရန် အချိန်ပေးပါ
- အခန်းကဏ္ဍအလိုက် သရုပ်ဆောင်ကစားခြင်း (Role play) များကို အသုံးပြု၍ ‘သီးသန့်နေရာ’ နှင့် ‘အများပြည်သူနေရာ’ စသည့် သဘောတရားများကို သင်ကြားပေးပါ၊ အတန်းတွင်းနှင့် အိမ်တွင်း စည်းမျဉ်းများကို ပုံသေ သတ်မှတ်ထားပါ၊ လူမှုရေးပုံပြင်များ (Social stories) ကို သုံးပါ
- အဖြစ်အပျက်များကို ကလေး၏ စိတ်ထဲတွင် စွဲမြဲစေရန် အချိန်မျဉ်း (Timelines) များ သုံးပါ၊ ကလေး၏ ကိုယ်ပိုင်အတွေ့အကြုံများနှင့် ချိတ်ဆက်၍ သင်ကြားပေးပါ၊ အပြောင်းအလဲများ မပြုလုပ်မီ ကြိုတင်အသိပေးပါ
အလယ်တန်းနှင့် အထက်တန်းအရွယ် ကလေးများ (အသက် ၁၂ နှစ်အထက်)
- စာရေးခြင်းနှင့် အတန်းတွင်း လှုပ်ရှားမှုများ ခက်ခဲခြင်း
- စာရေးခြင်းအပြင် ကွန်ပျူတာဖြင့် စာရိုက်ခြင်း (Touch typing) သို့မဟုတ် အသံသွင်းစက် (Dictaphones) များ အသုံးပြုခွင့်ပေးပါ
- အတန်းဖော်များနှင့် အလွန်ကပ်လျက် မထိုင်စေဘဲ လက်မောင်းလှုပ်ရှားရန် နေရာအလုံအလောက် ပေးထားပါ
- စာရေးရာတွင် စာအုပ်မရွေ့စေရန် အောက်တွင် မချော်သော ဖျာငယ် (Non-slip mat) ခံပေးပါ
- စာရေးသည့် စားပွဲကို အနည်းငယ် စောင်းပေးထားပါ (Sloping desk)
- ကျောက်သင်ပုန်းမှ ကူးခိုင်းမည့်အစား စာရွက်ဖြင့် (Handouts) ထုတ်ပေးထားပါ၊ စာစီစာကုံး ရေးသားရန်အတွက် ခေါင်းစဉ်များပါသော ပုံစံနမူနာ (Templates) များ ကြိုတင်ပေးထားပါ
- ကိုယ်ပိုင် စီမံခန့်ခွဲမှုနှင့် လူမှုဆက်ဆံရေး
- ကလေးအတွက် သေးငယ်သော အချိန်ဇယားကို အရောင်အမျိုးမျိုး၊ သင်္ကေတအမျိုးမျိုးဖြင့် ပြုလုပ်ပေးထားပါ
- ကလေးကို အချိန်ဖတ်ရလွယ်ကူသော လက်ပတ်နာရီ ဝတ်ဆင်စေပြီး ကျောင်းဆင်းချိန် သို့မဟုတ် ကျောင်းတက်ချိန်များအတွက် အချက်ပေးနှိုးစက် (Alarm) ပေးထားပါ
- ကျောင်းတွင် ကလေးအတွက် သီးသန့်ပစ္စည်းထည့်စရာ ဘီဒို (Locker) တစ်ခု ထားရှိပေးပါ
- အုပ်စုလိုက် အလုပ်လုပ်ရခက်ခဲပါက အဖွဲ့ဝင်နည်းသော အုပ်စုငယ်များတွင်သာ ထည့်သွင်းပေးပါ
- ကလေး၏ ဝါသနာနှင့် ကိုက်ညီသော (ဥပမာ – စစ်တုရင်ကစားခြင်း၊ စောင်းတီးခြင်း) အေးချမ်းသော အဖွဲ့အစည်းများတွင် ပါဝင်ရန် အားပေးပါ
- ကာယပညာ (PE) နှင့် နေ့လယ်စာစားချိန် အခက်အခဲများ
- အခြားကျောင်းသားများ မလာမီ အဝတ်အစားလဲရန် အချိန်စောစီးစွာ ပေးထားပါ
- ပြိုင်ဆိုင်မှုပြင်းထန်သော အသင်းလိုက်အားကစားများအစား ကလေးတစ်ဦးတည်း ဆော့ကစားနိုင်ပြီး ကြံ့ခိုင်မှုတိုးစေမည့် ဂေါက်သီးရိုက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ယောဂကျင့်ခြင်း၊ ကခုန်ခြင်း သို့မဟုတ် ကိုယ်ခံပညာ (တိုက်ကွမ်ဒို) များကို ရွေးချယ်ပေးပါ
- ဆူညံမှုနည်းသော ပထမအသုတ်တွင် ထမင်းစားနိုင်ရန် နေ့လယ်စာစားချိန် Pass လက်မှတ် စောစောပေးထားပါ
နေ့စဉ်လူနေမှုဘဝအတွက် လက်တွေ့ကျသော ‘Life Hacks’ အကြံပြုချက်များ
- အဝတ်အစားဝတ်ဆင်ခြင်း
- ကလေး ဝတ်ဆင်ရလွယ်ကူစေရန် အဝတ်အစားများကို တစ်ထပ်ချင်းစီအလိုက် (အတွင်းခံကို အပေါ်ဆုံးတွင်ထား၍) အစဉ်လိုက် ခင်းကျင်းပြသပေးထားပါ
- ဘောင်းဘီများကို ခါးပတ်ကြိုးအစား သားရေကွင်း (Elastic) ပါသည့် အဝတ်အစားများကိုသာ ဝယ်ပေးပါ
- Shirt အင်္ကျီများကို ဝတ်နေကျထက် တစ်ဆိုဒ် ပိုကြီးသည်ကို ရွေးချယ်ပါ
- အစာစားခြင်း
- အရည်များ ဖိတ်စင်မှုမရှိစေရန် ကွေးညွှတ်ရလွယ်ကူသော ပိုက် (Flexible straw) ကို အသုံးပြုစေပါ
- ခွက်ထဲတွင် ရေကို အပြည့်မထည့်ပါနှင့်
- ပန်းကန်အောက်တွင် စိုစွတ်သော ပဝါငယ် သို့မဟုတ် မချော်သော ဖျာ ခံထားပါ
- ပစ္စည်းများ စနစ်တကျရှိစေရန်
- စာရေးကိရိယာများနှင့် ခဲတံအိတ်များကို အထဲကပစ္စည်း မြင်သာစေမည့် ဖောက်ထွင်းမြင်ရသော အိတ်အကြည် (Transparent pencil cases) များသာ အသုံးပြုပါ
- သော့များနှင့် ပိုက်ဆံအိတ်များကို အင်္ကျီတွင် တွဲချိတ်ထားနိုင်သော ကွင်းအရှည်များဖြင့် ချိတ်ပေးထားပါ
- နေ့စဉ်ပြုလုပ်မြဲအလုပ်များကို မျက်စိအမြင့် တံခါးများပေါ်တွင် Post-it အဝါရောင် စက္ကူလေးများ ကပ်၍ သတိပေးပါ
ကြိုတင်ကာကွယ်ခြင်းနှင့် စောစီးစွာ လေ့ကျင့်သင်ကြားခြင်း
ညှိနှိုင်းလှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းကို မဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်၍ မရနိုင်သော်လည်း စောစီးစွာ ရှာဖွေစစ်ဆေးခြင်းနှင့် စောစီးစွာ လေ့ကျင့်ပေးခြင်းဖြင့် ကလေးတို့အတွက် ကောင်းမွန်သော ရလဒ်များ ဖော်ဆောင်ပေးနိုင်သည်။ ညှိနှိုင်းလှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးမှု ချို့ယွင်းခြင်းကို သိရှိနိုင်ရန် ကလေးငယ်များအားလုံးကို ဖွံ့ဖြိုးမှု ပုံမှန် အကဲဖြတ် စစ်ဆေးခြင်း (Developmental Screening) ပြုလုပ်ပေးသင့်သည်။
ဖွံ့ဖြိုးမှု ပုံမှန်အကဲဖြတ်စစ်ဆေးခြင်းကို အမေရိကန် ကလေးအထူးကုဆရာဝန်များအသင်း (American Academy of Paediatrics/ AAP) မှ သတ်မှတ်ထားသည့်အတိုင်း ကလေးအသက် ၉ လ၊ ၁၈လ၊ ၃၀ လနှင့် ၄၈ လတို့တွင် ပုံမှန်ပြုလုပ်သင့်သည်။ လမစေ့၊ ပေါင်မပြည့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်ချိန်နှင့် မွေးကင်းစကာလတွင် အသက်အန္တရာယ် ရှိခဲ့သော ကလေးငယ်များစသည့် ကလေးများကိုမူ ပို၍ စောစီးစွာ စစ်ဆေးသင့်သည်။ ထိုကဲ့သို့ ဖွံ့ဖြိုးမှု ပုံမှန်အကဲဖြတ်စစ်ဆေးခြင်းပြုလုပ်ရာတွင် ကလေး၏ လှုပ်ရှားသွားလာမှု (Gross Motor) နှင့် အနုစိတ်လှုပ်ဆောင်မှု (Fine Motor) တို့တွင် ရှိရမည့် အသက်အရွယ်ထက် ဖွံ့ဖြိုးမှု နောက်ကျကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ ကျွမ်းကျင်အထူးကုဆရာဝန်များနှင့် ပြသပြီး လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုကို ခံယူရမည်။ စောစီးစွာ လေ့ကျင့်သင်ကြားပေးခြင်း (Early Intervention) သည် ကလေးငယ်များ၏ နေ့စဥ်ဘဝနှင့် ပညာသင်ကြားရေးကို တိုးတက်စေနိုင်သည်။
References:
- Hamilton, S. S. (2024). Developmental coordination disorder: Clinical features and diagnosis. In UpToDate. Retrieved May 25, 2026, from https://www.uptodate.com/contents/developmental-coordination-disorder-clinical-features-and-diagnosis
- Asonitou, K., Koutsouki, D., Kourtessis, T., & Kambas, A. (2025). Developmental coordination disorder in preschool-aged children: A neuropsychological perspective on visuospatial working memory and attentional, planning, and decision-making processing in relation to fundamental movement skills. Children, 12(9), 1118. https://doi.org/10.3390/children12091118
- Noritz, G. H., & Murphy, N. A.; Neuromotor Screening Expert Panel. (2013). Motor delays: Early identification and evaluation. Pediatrics, 131(6), e2016–e2027. https://doi.org/10.1542/peds.2013-1056
- Dyspraxia Foundation. (n.d.). Practical tips for everyday life. Retrieved May 25, 2026, from https://dyspraxiafoundation.co.uk/children-and-families/practical-tips-for-everyday-life
- CanChild Centre for Childhood Disability Research. (n.d.). Management of developmental coordination disorder. Retrieved May 25, 2026, from https://canchild.ca/diagnoses/developmental-coordination-disorder/management/
- Wilson, B. N., Crawford, S. G., Green, D., Roberts, G., Aylott, A., & Kaplan, B. J. (2009). Psychometric properties of the revised Developmental Coordination Disorder Questionnaire. Physical & Occupational Therapy in Pediatrics, 29(2), 182–202. https://doi.org/10.1080/01942630902784761.
Published: 1 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.