ကလေးငယ်အတွက် ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်း (developmental screening) ဆိုသည်မှာ_
ကလေးငယ်တစ်ဦးသည် မွေးကင်းစမှစ၍ အထူးသဖြင့် အသက်ငါးနှစ်ခန့်အထိ ခန္ဓာကိုယ်လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးရုံမက အခြားဖွံ့ဖြိုးမှုများဖြစ်သော ခန္ဓာကိုယ်ရွေ့လျားလှုပ်ရှားခြင်း၊ အနုစိတ်ကိုင်တွယ်တတ်ခြင်း၊ အမြင်အာရုံနှင့် အကြားအာရုံများဖွံ့ဖြိုးလာခြင်း၊ စကားပြောခြင်း၊ ပေါင်းသင်းဆက်ဆံတတ်ခြင်း၊ ကစားခြင်း၊ မိမိကိုယ်မိမိ ပြန်လည်ပြုစုစောင့်ရှောက်နိုင်ခြင်း စသည်တို့လည်း တစ်ပြိုင်နက်လျင်မြန်စွာ ဖွံ့ဖြိုးလာသည်။ အဆိုပါ ဖွံ့ဖြိုးမှုများသည် ကလေးတစ်ဦးနှင့်တစ်ဦး အနည်းငယ်ကွာခြားသော်လည်း ကလေးအများစုသည် သတ်မှတ်ထားသော အသက်အရွယ်အပိုင်းအခြားအတွင်းတွင် ပုံမှန်ဖွံ့ဖြိုးလေ့ရှိသည်။ ထိုသို့ အသက်အရွယ်အလိုက် တစ်ဆင့်ချင်း ပုံမှန်ဖွံ့ဖြိုးလာသည်များကို “ဖွံ့ဖြိုးမှုမှတ်တိုင်များ” (developmental milestones) ဟုခေါ် ပြီး အဆိုပါဖွံ့ဖြိုးမှုများ နောက်ကျခြင်း (developmental delay) ရှိမရှိ စစ်ဆေးခြင်းကို “ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်း” (developmental screening) ဟုခေါ်သည်။
ပြုလုပ်ရန် လိုအပ်သော အခြေအနေများ
အသက်အရွယ်အလိုက် တဆင့်ချင်း ပုံမှန်ဖွံ့ဖြိုးလာသည့် “ဖွံ့ဖြိုးမှုမှတ်တိုင်များ”သည် အသက်အရွယ်နှင့် မလိုက်ဘဲ ဖွံ့ဖြိုးမှုနောက်ကျခြင်းများ ရှိမရှိ အဓိကစစ်ဆေးခြင်း ဖြစ်သည်။
ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်း (developmental screening) အရေးကြီးပုံ
ကလေးငယ်များတွင် ဦးနှောက်အာရုံကြောရောဂါများနှင့် အခြားအရေးကြီးသည့် နာတာရှည်ရောဂါများ ဖြစ်လာလျှင် အဆိုပါဖွံ့ဖြိုးမှုများကို ထိခိုက်နောက်ကျစေနိုင်သည်။ ထိုသို့ဖွံ့ဖြိုးမှု နောက်ကျခြင်းသည် အချို့ရောဂါလက္ခဏာများ မပေါ်ခင် သိသာစွာ ပေါ်လွင်နေတတ်သည်။ အော်တစ်ဇင် (autism) နှင့် ဂနာမငြိမ်၊ အာရုံစူးစိုက်မှုနည်းတတ်သည့် ADHD ကလေးများတွင်လည်း ဖွံ့ဖြိုးမှုနယ်ပယ်တစ်ခုခု နောက်ကျခြင်းများကို စတင်တွေ့ရှိရတတ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးမှုမှတ်တိုင်များကို ပုံမှန်စစ်ဆေးပေးနေခြင်းသည် အဆိုပါ ဖွံ့ဖြိုးမှုများအတွက်သာမက နောက်ကွယ်မှ တစ်ခြားရောဂါများအတွက်လည်း အရေးကြီးသည်။ အဆိုပါရောဂါများကို ကြိုတင်ရှာဖွေသိရှိ ကုသနိုင်သကဲ့သို့ နောက်ကျနေသော ဖွံ့ဖြိုးမှုတစ်ခုချင်းအတွက်လည်း ကြိုတင်လေ့ကျင့် သင်ကြားပေးနိုင်သည်။ ထို့ကြောင့် “ဖွံ့ဖြိုးမှုမှတ်တိုင်များ ပုံမှန်စစ်ဆေးခြင်း”သည် အရေးကြီးသော ရောဂါကာကွယ်ခြင်း တစ်မျိုးဖြစ်သည်။
ဖွံ့ဖြိုးမှုမှတ်တိုင်များ စစ်ဆေးရာတွင် ကာလအပိုင်းအခြားတစ်ခုစီအလိုက် (ဥပမာ – အသက် ၂လ၊ ၄လ၊ ၆လ၊ ၁နှစ်၊ ၁နှစ်ခွဲ၊ ၂နှစ်၊ ၃နှစ်၊ ၄နှစ်၊ ၅နှစ်စသည်ဖြင့်) ပုံမှန်စစ်ဆေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်များတွင် ရောဂါအခြေအနေများသည် တိုတောင်းသောအချိန်အတွင်း လျင်မြန်စွာ ပေါ်ပေါက်ပြောင်းလဲတတ်ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ပုံမှန်စစ်ဆေးခြင်းမပြုလုပ်လျှင် အဆိုပါရောဂါအခြေအနေများကို လွတ်သွားနိုင်သည်။
စမ်းသပ်စစ်ဆေးပုံ
ကလေးအထူးကုဆရာဝန်များ၊ မိသားစုဆရာဝန်များ၊ ဖွံ့ဖြိုးမှုမှတ်တိုင်များ စစ်ဆေးနည်း လေ့ကျင့်ပေးထားသော သူနာပြုများမှ စစ်ဆေးပေးနိုင်သည်။ အသက်အရွယ်အလိုက် ပုံမှန်ရှိရမည့် ဖွံ့ဖြိုးမှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို မေးမြန်းခြင်း၊ ကလေးငယ်များကို စစ်ဆေးခြင်းများ ပြုလုပ်ရသည်။ စစ်ဆေးသည်ဆိုရာတွင် ကလေးငယ်များကို သာမန်စောင့်ကြည့် ကြည့်ရှုခြင်း နှင့် ကလေးငယ်များ ကြိုက်နှစ်သက်သည့် အရုပ်၊ ကစားစရာများသုံး၍ ကလေးများနှင့်ကစားသည်ကို စစ်ဆေးခြင်းမျိုးဖြစ်သည်။ သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ မပါဝင်ပါ။ ကလေးများသည်လည်း အဆိုပါစစ်ဆေးခြင်းမျိုးကို ပျော်ရွှင်နှစ်သက်ကြသည်။
သိရှိနိုင်သောအဖြေများ
- စစ်ဆေးသည့်အဖြေများအရ ကလေးသည် ပုံမှန်ဖွံ့ဖြိုးတိုးတက်နေလျှင် မှန်ကန်သော ပြုစုစောင့်ရှောက်မှုကြောင့် ဘက်စုံဖွံဖြိုးတိုးတက်နေသော ကလေးငယ်အတွက် ဂုဏ်ယူဝင့်ကြွားနိုင်ပြီး ယခုအတိုင်း ဆက်လက်ပြုစုစောင့်ရှောက်ပါ။ ဖွံ့ဖြိုးမှုမှတ်တိုင်များကို ဆက်လက်ပုံမှန်စစ်ဆေးပါ။
- ကလေး၏ဖွံ့ဖြိုးမှုသည် အနည်းငယ်နောက်ကျနေလျှင် လိုအပ်သော လေ့ကျင့်ပြုစုမှုများကို သင်ကြားပေးနိုင်သည်။ အကြံဉာဏ်ပေးနိုင်သည်။ ဖွံ့ဖြိုးမှုမှတ်တိုင်များကိုမူ ဆက်လက်ပုံမှန်စစ်ဆေးပါ။
- ကလေး၏ဖွံ့ဖြိုးမှုသည် သိသိသာသာနောက်ကျနေလျှင် သင့်လျော်သော အထူးကုဆရာဝန်များ၊ ပညာရှင်များ (ဥပမာ – ကလေးဦးနှောက်အာရုံကြော အထူးကု၊ နားနှာခေါင်းလည်ချောင်း အထူးကု၊ မျက်စိအထူးကု၊ အရိုးအထူးကု၊ ပြန်လည်သန်စွမ်းရေးဆေးပညာ အထူးကု)စသည့် ဆရာဝန်များနှင့် ကိုယ်ခန္ဓာပိုင်း၊ အမူအကျင့်ပိုင်းနှင့် စကားပြောဆို ဆက်သွယ်ရေးပိုင်းဆိုင်ရာ လေ့ကျင့်ရေးပညာရှင်များ ထံလွှဲပြောင်းကုသပေးနိုင်သည်။ ဖွံ့ဖြိုးမှုမှတ်တိုင်များကိုမူ ဆက်လက်ပုံမှန်စစ်ဆေးပါ။
References:
- Developmental Monitoring and Screening | CDC. (2024). Centers for Disease Control and Prevention. Retrieved July 6, 2024, from https://www.cdc.gov/ncbddd/actearly/screening.html
- What is a Developmental Milestone? (2024). Centers for Disease Control and Prevention. Retrieved July 6, 2024, from https://www.cdc.gov/ncbddd/actearly/milestones/index.html
- Developmental Behavioral Pediatrics – Overview. (n.d.). Mayo Clinic. Retrieved July 6, 2024, from https://www.mayoclinic.org/departments-centers/developmental-behavioral-pediatrics/overview/ovc-20559968
Published Date: 30 August 2024
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.