Venous Stasis Dermatitis (သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း)

Venous Stasis Dermatitis (သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း)

သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း (Venous Stasis Dermatitis) ဆိုသည်မှာ ခြေထောက်မှ သွေးပြန်ကြောများ ကောင်းစွာ အလုပ်မလုပ်နိုင်တော့သည့်အခါ (သွေးပြန်ကြောအဆို့ရှင်များ အားနည်းလာသောအခါ) ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. သွေးပြန်ကြောအတွင်း ဖိအားများခြင်း (Increased Pressure)
    ခြေထောက် သွေးပြန်ကြောအတွင်းရှိ အဆို့ရှင်များ (Valves) ကောင်းစွာ အလုပ်မလုပ်နိုင်သောအခါ သွေးများသည် အထက်သို့ မတက်နိုင်ဘဲ အောက်ဘက်ကို ပြန်လျှံကျလာသည်။ ထို့ကြောင့် သွေးကြောများအတွင်းဖိအားကို မြင့်တက်လာစေပြီး သွေးပြန်ကြောများ ထုံးခြင်း (Varicose veins) ဖြစ်ပေါ်ရာမှတစ်ဆင့် အရေပြားရောင်ရမ်းခြင်း ဖြစ်ပေါ်စေသည်။
  2. အရည်များ စိမ့်ထွက်ခြင်း (Fluid Leakage)
    မြင့်တက်လာသော ဖိအားကြောင့် သွေးကြောထဲမှ အရည်များသည် ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများကြားထဲသို့ စိမ့်ထွက်သွားပြီး ထိုအရည်များကို ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က တုံ့ပြန်ရာမှ အရေပြားရောင်ရမ်းခြင်းများ ဖြစ်ပေါ်လာသည်ဟု ယူဆကြသည်။
ဖြစ်ပွါးနိုင်ခြေများသူများ

အများအားဖြင့် အောက်ပါအချက်များရှိပါက အရေပြားရောင်ရမ်းခြင်း ဖြစ်နိုင်ခြေကို ပိုများစေသည်။

  • အမျိုးသမီးများ – အမျိုးသားများထက် ပိုမိုဖြစ်ပွါးလေ့ရှိသည်
  • အဝလွန်ခြင်း – ကိုယ်အလေးချိန် အလွန်များခြင်းကြောင် ခြေထောက် သွေးပြန်ကြောများအပေါ် ဖိအားကို ပိုများစေသည်
  • အသက်ကြီးလာခြင်း – အသက်ကြီးသူများတွင် လှုပ်ရှားမှု နည်းသွားတတ်ခြင်းကြောင့် သွေးလည်ပတ်မှု နှေးကွေးသွားတတ်သည်
  • ကိုယ်ဝန်ဆောင်ခြင်း – ကိုယ်ဝန်ရှိချိန်၌လည်း သွေးပြန်ကြောဖိအား မြင့်တက်နိုင်သည်
  • မျိုးဗီဇ – မိသားစုတွင် သွေးပြန်ကြော အားနည်းသောရောဂါ (Venous insufficiency) ရှိသူများ
  • လှုပ်ရှားမှုနည်းခြင်း – အချိန်ကြာမြင့်စွာ မလှုပ်မရှားဘဲ နေခြင်းသည် သွေးလည်ပတ်မှုကို ထိခိုက်စေသည်
  • ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း (Deep Vein Thrombosis) – ခြေထောက်သွေးပြန်ကြောအတွင်း သွေးခဲပိတ်ခြင်း ဖြစ်ဖူးသူများတွင် အဆို့ရှင်များ ပျက်စီးသွားတတ်သည်
ရောဂါလက္ခဏာများ
  • အ‌စောပိုင်းလက္ခဏာများ – ခြေထောက်များ ရောင်ရမ်းလာခြင်း၊ နီမြန်းခြင်း၊ ယားယံခြင်းနှင့် ခြေထောက်များ လေးလံထိုင်းမှိုင်းခြင်း
  • ထိုအဆင့်တွင် ကုသမှု မရရှိပါက – ခြေဖမိုးအပါအဝင် ခြေထောက်အောက်ပိုင်းရှိ အရေပြားများ ပေါက်ပြဲပြီး အနာများ (Sores) ဖြစ်လာနိုင်ကာ ထိုမှတစ်ဆင့် ပိုးဝင်ခြင်း (Infection) များ ဖြစ်ပွါးနိုင်သည်
  • ရေရှည်ဆိုးကျိုးသက်ရောက်မှု – အရေပြား အရောင်ပြောင်းခြင်းနှင့် အသားမာတက်ခြင်းကဲ့သို့သော အမြဲတမ်း ပြောင်းလဲမှုများ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အရေပြားပြဿနာများနှင့် နောက်ဆက်တွဲဝေဒနာများအတွက် မိမိဘာသာ ကုသခြင်းထက် အခြေအနေပေါ် မူတည်၍ သင့်လျော်သော ဆေးကုသမှုကို ခံယူရန် အရေးကြီးသည်။

  1. မိသားစုဆရာဝန်နှင့် ဦးစွာပြသရန် လိုအပ်သည့် အခြေအနေများ
    အောက်ပါ ရိုးရှင်းသော အရေပြားပြဿနာများနှင့် မပြင်းထန်သေးသော လက္ခဏာများအတွက် မိသားစုဆရာဝန်နှင့် အရင်ပြသသင့်သည်။ လိုအပ်ပါက ဆရာဝန်မှ သက်ဆိုင်ရာ အရေပြားအထူးကု သို့မဟုတ် ခွဲစိတ်ဆရာဝန်များထံ လွှဲပြောင်းပေးလိမ့်မည်။
    • အနာမကျက်ခြင်း – အနာပွင့်ခြင်း၊ အနာစိမ်းများဖြစ်ခြင်း သို့မဟုတ် အနာမှ အရည်ထွက်ပြီး ကျက်ရန် ခက်ခဲနေခြင်း
    • ပိုးဝင်သည့် လက္ခဏာရှိခြင်း – အနာတစ်ဝိုက် နီမြန်း၊ ပူနွေးလာခြင်း သို့မဟုတ် နာကျင်မှု ပိုဆိုးလာခြင်း
    • ဆရာဝန်လက်မှတ်မပါဘဲ ဝယ်သုံး၍ရသောဆေး (OTC) များဖြင့် မသက်သာခြင်း – မိမိဘာသာ လိမ်းဆေး၊ သောက်ဆေးများ သုံးစွဲသော်လည်း အနီကွက်များ ပျောက်ကွယ်မသွားခြင်း
    • အရေပြား အပြောင်းအလဲဖြစ်ခြင်း – အရေပြား သိသိသာသာ ကွဲအက်လာခြင်း သို့မဟုတ် ထူထဲမာကျောလာခြင်း
    • ဓာတ်မတည့်ခြင်း – လက်ရှိကုသမှု သို့မဟုတ် ဆေးဝါးများနှင့် ဓာတ်မတည့်သည့် လက္ခဏာများ ခံစားရခြင်း
  2. အရေးပေါ် ဆေးကုသမှု ချက်ချင်းခံယူရန် (Emergency Care)
    အောက်ပါတို့သည် အသက်အန္တရာယ်ရှိနိုင်သော သွေးပြန်ကြောအတွင်း သွေးခဲခြင်း (DVT) သို့မဟုတ် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်သဖြင့် အချိန်မဆွဲဘဲ အရေးပေါ်ဌာနသို့ သွားရောက်ရမည်။
    • DVT သံသယရှိခြင်း – ခြေထောက်တစ်ဖက်တည်းတွင် ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် ထိတွေ့လိုက်လျှင် အလွန်ပူနေခြင်း
    • အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary Embolism) – ရုတ်တရက် အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ချောင်းဆိုးရာတွင် သွေးပါခြင်း
    • ပြင်းထန်သော ပိုးဝင်ခြင်း – နီမြန်းမှုသည် ခန္ဓာကိုယ်အနှံ့ မြန်ဆန်စွာ ပျံ့နှံ့သွားခြင်းနှင့်အတူ အလွန်အမင်း ချမ်းတုန်ဖျားခြင်း
ရောဂါရှာဖွေခြင်း

သွေးပြန်ကြောပိတ်ဆို့မှုကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းကို သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ ဖြစ်နိုင်ခြေများသော အခြေအနေများကို ဆန်းစစ်ခြင်း၊ ခြေထောက်အရေပြား ပြောင်းလဲမှုများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါသတ်မှတ်နိုင်သည်။ အရေပြားရောင်ရမ်းခြင်းအတွက် သွေးဓာတ်ခွဲစစ်ဆေးခြင်းနှင့် ပုံရိပ်ဖော်စစ်ဆေးခြင်းများ သီးသန့်ပြုလုပ်ရန် မလိုအပ်ပါ။

ကုသခြင်း

ဤရောဂါအခြေအနေသည် နာတာရှည်အခြေအနေမျိုး ဖြစ်သောကြောင့် အများအားဖြင့် ရေရှည်ကုသမှု ခံယူရန် လိုအပ်သည်။ အဓိက ကုသမှုပုံစံ (၄) မျိုး ပေါင်းစပ်ပြီး လုပ်ဆောင်ရလေ့ရှိသည်။

Published: 23 April 2026

Share

23 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.