Intestinal Malrotation and Volvulus (မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း)

Intestinal Malrotation and Volvulus (မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း)

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်း (Intestinal malrotation) သည် သန္ဓေသား ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွင် ဖြစ်ပေါ်တတ်သော အူလမ်းကြောင်းတည်ဆောက်ပုံ လွဲမှားသည့် မွေးရာပါချို့ယွင်းချက်တစ်ခုဖြစ်သည်။ အူလမ်းကြောင်းသည် ပုံမှန်အတိုင်း လည်ပတ်ရမည့် ဦးတည်ရာနှင့် နေရာများအတိုင်း မလည်ပတ်ဘဲ နေရာလွဲမှားဖွံ့ဖြိုးခြင်းဖြစ်သည်။

အူခေါက်ခြင်း (Volvulus) ဆိုသည်မှာ မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းကြောင့် ဖြစ်ပေါ်သော အသက်အန္တရာယ် စိုးရိမ်ရသည့် နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်ပြီး အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်သည်။ အူခေါက်ခြင်းကြောင့် အူလမ်းကြောင်း ပိတ်ဆို့ခြင်းနှင့် အူသို့သွားသော သွေးစီးဆင်းမှု ဖြတ်တောက်သွားပြီး အူတစ်ရှူးများ ပျက်စီးခြင်းနှင့် ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ သို့သော် မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်း ဖြစ်သူတိုင်းတွင် အူခေါက်ခြင်း (Volvulus) မဖြစ်နိုင်ပါ။

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းသည် ယောကျ်ားလေးနှင့် မိန်းကလေးများတွင် ညီတူညီမျှ ဖြစ်ပွါးနိုင်သည်။ သို့သော် ယောကျ်ားလေးများတွင် မွေးဖွားပြီး ပထမတစ်လအတွင်း ရောဂါလက္ခဏာပြနိုင်ခြေ ပိုများသည်။ ကလေးအများစုသည် ပထမတစ်နှစ်အတွင်း လက္ခဏာပြတတ်သော်လည်း အချို့သူများတွင် မည်သည့်လက္ခဏာမျှ မပြဘဲ ဆယ်ကျော်သက် သို့မဟုတ် လူကြီးအရွယ်ရောက်မှသာ ရောဂါရှိမှန်း သိရှိကြရသည်မျိုးလည်း ရှိတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းဖြစ်စေသော အကြောင်းရင်း အတိအကျကို မသိရှိရပါ။ ပုံမှန်အားဖြင့် သန္ဓေသားတွင် တဖြည်းဖြည်း ဖွံ့ဖြိုးလာသည့် အူလမ်းကြောင်းများသည် ကိုယ်ဝန်ဆောင်ကာလ (၁၀) ပတ်မြောက်တွင် ဝမ်းခေါင်းပြင်ပသို့ ခေတ္တခဏ ထွက်သွားရပြီးမှ ဝမ်းခေါင်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားလေ့ရှိသည်။ ထိုသို့ ဝမ်းခေါင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ချိန်တွင် အူများသည် နှစ်ကြိမ်တိုင်တိုင်လည်ပတ်ပြီးမှ ပုံမှန်ရှိရမည့်နေရာများသို့ စနစ်တကျ ရောက်ရှိကြသည်။ ပုံမှန် အူလမ်းကြောင်းတည်ဆောက်ပုံတွင် အူသိမ်ပိုင်း (Small bowel) သည် ဝမ်းဗိုက်၏ အလယ်ဗဟိုတွင် တည်ရှိမည်ဖြစ်ပြီး အူမကြီး (Colon/ Large intestine) သည် အူသိမ်၏ အပေါ်ဘက်နှင့် ဘေးပတ်ပတ်လည်တွင် ရစ်ပတ်ကာ တည်ရှိသည်။ သို့သော် ထိုသို့ ပုံမှန်မဟုတ်ဘဲ အူလမ်းကြောင်းများ မှန်ကန်သော နေရာတွင် စနစ်တကျ ဝင်ရောက်ခြင်း မရှိသည့်အခါ မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းကို ဖြစ်စေသည်။ ဥပမာအားဖြင့် ဝမ်းဗိုက်၏ ညာဘက်အောက်ပိုင်းတွင် ပုံမှန်ရှိရမည့် အူမကြီးအစပိုင်း (Cecum) နှင့် အူအတက် (Appendix) တို့သည် နေရာမမြဲဘဲ ဝမ်းဗိုက်အပေါ်ပိုင်းတွင် ရောက်ရှိနေနိုင်သည်။

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းတွင် နေရာလွဲမှားနေသော အူလမ်းကြောင်းများသည် တစ်ခါတစ်ရံ ၎င်းတို့ကို ထောက်ပံ့ပေးသော သွေးကြောများကို ဗဟိုပြု၍ လိမ်သွားတတ်ပြီး သွေးစီးဆင်းမှုကို ပိတ်ဆို့သွားသောအခါ အူခေါက်ခြင်း (Volvulus) ကို ဖြစ်စေသည်။

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်း ရှိနေသော ကလေးငယ်များ၏ (၇၀) ရာခိုင်နှုန်းတွင် အခြားသော မွေးရာပါချို့ယွင်းချက်များလည်း တွဲဖက်ပါရှိနေတတ်သည်ကို တွေ့ရသည်။ အဆိုပါချို့ယွင်းချက်များမှာ_

  • ဝမ်းဗိုက်နံရံ ချို့ယွင်းချက်များနှင့် အစာခြေစနစ်ဆိုင်ရာ ပုံမမှန်ခြင်းများ
    • ဝမ်းဗိုက်အတွင်းမှ အူနှင့် အစာအိမ်တို့ ချက်ဘေးရှိ ဝမ်းဗိုက်ကြွက်သားနေရာမှ အမြှေးပါးအကာမပါဘဲ ကျွံ၍ထွက်နေခြင်း (Gastroschisis)
    • ဝမ်းဗိုက်အတွင်းမှ အူနှင့် ကိုယ်တွင်းအင်္ဂါများ ချက်တည့်တည့်မှတစ်ဆင့် အမြှေးပါးအကာဖြင့် အပြင်သို့ထွက်နေခြင်း (Omphalocele)
    • မွေးရာပါ ရင်ဝမ်းခြားကြွက်သားကိုဖြတ်၍ အူကျွံခြင်း (Congenital diaphragmatic hernia)
    • အူလမ်းကြောင်း ပိတ်ခြင်း (Intestinal atresia)
    • မွေးရာပါ အူလမ်းကြောင်း လှုပ်ရှားမှုအားနည်းသောရောဂါ (Hirschsprung’s disease)
    • စားချဥ်ပြန်ရောဂါ (Gastroesophageal reflux)
    • အူစွပ်ခြင်း (Intussusception) နှင့်
    • မွေးရာပါ စအိုပေါက်မပါခြင်း (Imperforate anus) သို့မဟုတ် အစာ‌‌ဟောင်းအိမ်နှင့် စအိုလမ်းကြောင်းတစ်လျှောက် မူမမှန်ဖြစ်ခြင်း (Anorectal malformations) တို့ ပါဝင်သည်။
  • နှလုံးချို့ယွင်းချက်များ
  • အသည်း သို့မဟုတ် ဘေလုံး ပုံမမှန်ခြင်းများ
ရောဂါလက္ခဏာများ

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်း ဖြစ်ပွါးသော ကလေးအများစုတွင် ပထမတစ်နှစ်အတွင်း ရောဂါလက္ခဏာများ စတင်တွေ့ရှိရတတ်သည်။ အထူးသဖြင့် မွေးကင်းစအရွယ် ပထမတစ်ပတ်အတွင်း ရုတ်တရက် အူပိတ်ခြင်း (Acute bowel obstruction) လက္ခဏာများကို အများဆုံး ခံစားရလေ့ရှိသည်။ ကလေးကြီးများတွင်မူ လက္ခဏာတွေ့ရခဲပြီး တစ်ခါတစ်ရံ လက္ခဏာလုံးဝမပြခြင်း သို့မဟုတ် ပေါ်လိုက်ပျောက်လိုက်ဖြစ်ခြင်း (Intermittent symptoms) မျိုး ဖြစ်တတ်သည်။ အချို့သူများတွင် အရွယ်ရောက်သည်အထိ မည်သည့်ပြဿနာမျှမရှိဘဲ နေထိုင်သွားကြသည်လည်းရှိသည်။ ကလေးတစ်ဦးနှင့် တစ်ဦးတွင် တွေ့ရနိုင်သော လက္ခဏာများမှာ မတူညီနိုင်သော်လည်း အတွေ့ရအများဆုံး အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။

မွေးကင်းစနှင့် နို့စို့အရွယ်ကလေးများတွင် တွေ့ရသော လက္ခဏာများ

  • မကြာခဏအန်ခြင်း – အန်ဖတ်ထဲတွင် သည်းခြေရည်များပါလာသဖြင့် အစိမ်းရောင် သို့မဟုတ် စိမ်းဝါရောင် ဖြစ်နေတတ်သည်
  • ဝမ်းဗိုက်ပိုင်းဆိုင်ရာလက္ခဏာများ – ဝမ်းဗိုက်ဖောင်းလာခြင်း၊ ဗိုက်နာခြင်း သို့မဟုတ် အထိမခံနိုင်အောင် နာကျင်ခြင်း
  • နာကျင်မှုပုံစံ – ဗိုက်အောင့်ခြင်းမှာ နာလိုက်ပျောက်လိုက် (Colic) ဖြစ်တတ်သည်
  • အခြားလက္ခဏာများ – စအိုမှ သွေးထွက်ခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်း

ကလေးငယ်များတွင်မူ

  • ဒူးကို ရင်ဘတ်ဆီသို့ ကွေးညွန့်၍ အပြင်းအထန်ငိုခြင်း
  • ထို့နောက် (၁၀ – ၁၅) မိနစ်ခန့် ငြိမ်သွားခြင်း
  • ပြီးနောက် ပြန်၍အပြင်းအထန်ငိုခြင်း စသည့်လက္ခဏာပုံစံများကို တွေ့ရသည်။

အသက် (၁) နှစ်ထက်ကြီးသော ကလေးများတွင် တွေ့ရသော လက္ခဏာများ

  • ဝမ်းဗိုက်နာခြင်း သို့မဟုတ် အထိမခံနိုင်အောင် နာကျင်ခြင်း
  • ပျို့အန်ခြင်း
  • ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
  • ဗိုက်ကယ်ခြင်း၊ ဗိုက်ဖောင်းခြင်း
  • စအိုမှ သွေးထွက်ခြင်း သို့မဟုတ် ဝမ်းထဲတွင် သွေးပါခြင်း
  • ကိုယ်အလေးချိန်နှင့် အရပ်သည် ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးမှု မရှိခြင်း (Failure to thrive)

အချို့သော သုတေသနများတွေ့ရှိချက်များအရ အသက် (၂) နှစ်ထက်ကြီးသော ကလေးများသည် နို့စို့အရွယ်ကလေးများတွင် တွေ့ရှိရသော အစိမ်းရောင်အန်ခြင်းကို အနည်းငယ်သာ တွေ့ရှိရကြောင်း တွေ့ရသည်။ ထို့ကြောင့် ကလေးကြီးများတွင် အစိမ်းရောင်မဟုတ်သော ပုံမှန်အရောင် အရည်များ မကြာခဏအန်ခြင်းနှင့် ဗိုက်နာခြင်းစသည့် လက္ခဏာများကိုသာ တွေ့ရှိရတတ်သည်။

နောက်ဆက်တွဲပြဿနာများ

အူခေါက်ခြင်း (Volvulus) သည် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သော အခြေအနေဖြစ်သည်။ ထို့ကြောင့် အချိန်မီ မကုသပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်သည်။

  • အူပိတ်ခြင်း
  • အူပုပ်ခြင်း
  • အူပေါက်ခြင်း
  • ဝမ်းခေါင်းအမြှေးပါး အလွှာရောင်ခြင်း (Peritonitis)
  • ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)
  • သွေးလန့်ခြင်း (Shock)
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင်ဖော်ပြခဲ့သော မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်းတို့၏ ရောဂါလက္ခဏာများကို သတိထားမိပါက အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်သောကြောင့် ဆေးရုံအရေးပေါ် ဌာနာသို့ အမြန်ဆုံး သွားရောက်ပြသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်ကို မေးမြန်းခြင်း၊ အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သည့်အပြင် အူလမ်းကြောင်း၏ တည်နေရာ၊ လိမ်နေခြင်း၊ ခေါက်နေခြင်း၊ ပိတ်နေခြင်း ရှိမရှိ သိရှိရန် သွေးစစ်ဆေးခြင်းနှင့် ပုံရိပ်ဖော်စစ်ဆေးမှုများကို ပြုလုပ်သည်။

  1. သွေးစစ်ဆေးခြင်းနှင့် ဝမ်းစစ်ဆေးခြင်း
    • သွေးစစ်ဆေးခြင်း – ခန္ဓာကိုယ်အတွင်းရှိ ဓာတ်ဆားဓာတ်များ၏ ပမာဏကို သိရှိရန် ပြုလုပ်သည်
    • ဝမ်းစစ်ဆေးခြင်း (Stool guaiac) – သာမန်မျက်စိဖြင့် မမြင်နိုင်သော သွေးစများကို ဝမ်းနမူနာထဲတွင် ရှာဖွေစစ်ဆေးခြင်းဖြစ်သည်
  2. ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging Studies)
    • ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်း (Abdominal X-ray) – အူလမ်းကြောင်း ပိတ်ဆို့နေမှု ရှိမရှိကို ကြည့်ရှုရန် ပြုလုပ်သည်
    • ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း (CT scan) – အူလမ်းကြောင်း၊ ကြွက်သားနှင့် အခြားအစိတ်အပိုင်းများကို ရိုးရိုး ဝမ်းဗိုက်ဓာတ်မှန်ထက် အသေးစိတ် ပုံဖော်ပေးနိုင်သည်
    • အစာအိမ်နှင့် အူလမ်းကြောင်း ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း (Barium swallow/Upper GI series)
      ဘေရီယမ် (Barium) ဆေးရည်ကို သောက်၍ ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်။ ဤဆေးရည်သည် အစာအိမ်နှင့် အူလမ်းကြောင်း အစိတ်အပိုင်းများကို ပိုမိုထင်ရှားစွာ တွေ့မြင်နိုင်သဖြင့် အူလမ်းကြောင်း တည်နေရာလွဲမှားမှုနှင့် ပိတ်ဆို့မှုများကို ကောင်းစွာ မြင်တွေ့နိုင်သည်။
    • စအိုမှ ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း (Barium enema)
      ဘေရီယမ်ဆေးရည်ကို စအိုမှတစ်ဆင့် သွင်းပြီး ဓာတ်မှန်ရိုက်ခြင်းဖြစ်သည်၊ အူမကြီး ပုံမှန်မဟုတ်သောနေရာတွင် ရောက်ရှိနေခြင်း ရှိမရှိကို သိရှိရန် အထောက်အကူပြုသည်။
  3. မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Flexible Sigmoidoscopy)
    မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်းကို များသောအားဖြင့် အူခေါက်ခြင်း (Volvulus) ဖြစ်နေသည်ဟု သံသယရှိသည့်အခါမျိုးတွင်သာ ပြုလုပ်လေ့ရှိသည်၊ ပျော့ပျောင်းသော မှန်ပြောင်းငယ်ကို အသုံးပြု၍ အူလမ်းကြောင်းအောက်ပိုင်း၊ အူမကြီးနှင့် စအိုတို့ကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
ကုသခြင်း

မွေးရာပါ အူလမ်းကြောင်း ပုံမမှန် လိမ်ခြင်းနှင့် အူခေါက်ခြင်းများအတွက် ကုသမှုသည် ရောဂါလက္ခဏာ၊ အသက်အရွယ်၊ ရှိရင်းစွဲကျန်းမာရေးနှင့် ရောဂါပြင်းထန်မှုအပေါ် မူတည်သည်။ အူခေါက်ခြင်းသည် အူများလိမ်ပြီး သွေးစီးဆင်းမှု ပြတ်တောက်သွားပါက အူတစ်ရှူးများ ပုပ်သွားနိုင်သောကြောင့် အသက်အန္တရာယ် စိုးရိမ်ရသော ပြဿနာတစ်ခုဖြစ်သည်။

ခွဲစိတ်မှုမပြုမီ ပြင်ဆင်ခြင်း

  • ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ရန် သွေးကြောမှတစ်ဆင့် ဆေးရည်သွင်းခြင်း
  • ပိုးဝင်ခြင်းမှ ကာကွယ်ရန် ပဋိဇီဝပိုးသတ်ဆေးပေးခြင်း
  • နှာခေါင်းမှတစ်ဆင့် အစာအိမ်ထဲသို့ နှာခေါင်းပိုက်ထည့်ခြင်းဖြင့် အစာအိမ်ထဲရှိ လေ၏ဖိအားကို လျှော့ချခြင်း

ခွဲစိတ်ကုသခြင်း
အူခေါက်ခြင်းဖြစ်ပါက များသောအားဖြင့် အမြန်ဆုံး ခွဲစိတ်ကုသရန် လိုအပ်သည်။ ကလေးခွဲစိတ်အထူးကုဆရာဝန်သည် လိမ်‌ခေါက်နေသော အူများကို ပြန်ဖြည်ပေးပြီး တစ်ရှူးများ ပုပ်ခြင်း၊ ပျက်စီးခြင်း ရှိမရှိ၊ သွေးစီးဆင်းမှု ရှိမရှိ စစ်ဆေးမည်ဖြစ်သည်။ သွေးပြန်လျှောက်လာပါက ကျန်းမာသောအူများသည် ပန်းရောင်သို့ ပြန်ပြောင်းသွားမည်ဖြစ်ပြီး ထိုအခြေအနေရှိသော အူများကို ဝမ်းဗိုက်ထဲသို့ ပြန်ထည့်ပေးမည်ဖြစ်သည်။ ခွဲစိတ်ပြီးနောက်ပိုင်းတွင် အူအတက်၏ တည်နေရာ ပြောင်းလဲသွားသည့်အတွက် နောင်တွင် အူအတက်ရောင်ပါက ရောဂါရှာဖွေရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် ဤခွဲစိတ်မှု ပြုလုပ်သည့်အချိန်တွင် အူအတက်ဖြတ်ထုတ်ခြင်း (Appendectomy) ကို တစ်ပါတည်း လုပ်ဆောင်လေ့ရှိသည်။

သွေးပြန်လည်စီးဆင်းမှု ရှိမရှိ မသေချာပါက သို့မဟုတ် အူတစ်ရှူးများ ပျက်စီးမှုရှိနေပါက အူကို ဖြည်ပြီးနောက် ဗိုက်ထဲသို့ ပြန်ထည့်ကာ နောက်ထပ် (၂၄)နာရီ မှ (၄၈)နာရီအတွင်း နောက်တစ်ကြိမ် ပြန်လည်ခွဲစိတ်စစ်ဆေးမှု ပြုလုပ်ရန် လိုအပ်နိုင်သည်။ ထိုအချိန်တွင် အူတစ်ရှူးများ ပျက်စီးနေပါက ထိုအစိတ်အပိုင်းကို ဖြတ်ထုတ်၍ ကောင်းမွန်သော အူအစိတ်အပိုင်းများကို ပြန်ဆက်ရမည်ဖြစ်သည်။ သို့သော် ဖြတ်ထုတ်လိုက်ရသော အူအစိတ်အပိုင်းမှာ အလွန်များပြားပါက အူများကို ချက်ချင်းပြန်ဆက်ရန် မဖြစ်နိုင်သဖြင့် ဝမ်းဗိုက်အရေပြားတွင် အပေါက်ဖောက်၍ ပြင်ပသို့ အူလမ်းကြောင်းလွှဲခြင်း (Formation of stoma) ကို ပြုလုပ်ရန်လိုသည်။ ကျန်းမာသော အူနှစ်ဖက်ကို ဝမ်းဗိုက်နံရံရှိ အပေါက် (Stoma) မှတစ်ဆင့် အပြင်သို့ ထုတ်ထားပြီး ဝမ်းများကို ထိုအပေါက်မှ ထွက်စေခြင်းဖြစ်သည်။ ဖြတ်ထုတ်လိုက်ရသော အူအစိတ်အပိုင်းများပေါ် မူတည်၍ ဝမ်းဗိုက်အပေါက်ဖောက်ခြင်းသည် ယာယီ သို့မဟုတ် တစ်သက်လုံး ဖြစ်နိုင်သည်။

အူခေါက်ခြင်းကို အချိန်မီ ခွဲစိတ်ပြုပြင်နိုင်ပြီး အူတစ်ရှူးများ ပျက်စီးမှု မရှိခဲ့ပါက ကလေးအများစုတွင် ရေရှည်ပြဿနာများ မရှိနိုင်ပါ။ သို့သော် အူတစ်ရှူးပျက်စီး၍ ဖြတ်ထုတ်လိုက်ရသော ကလေးများတွင် ရေရှည် နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။ အထူးသဖြင့် အူသိမ်၏ အစိတ်အပိုင်းအတော်များများကို ဖယ်ရှားလိုက်ရပါက အစားအစာများမှ ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်နှင့် ရေဓာတ်များ စုပ်ယူရာတွင် အခက်အခဲဖြစ်နိုင်ပြီး ကလေးအတွက် အာဟာရ လုံလောက်စွာ မရရှိသည့် ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ထိုအခါ ကလေး၏ ပုံမှန်စားသောက်မှုကို ဖြည့်စွက်ရန် သို့မဟုတ် အစားထိုးရန်အတွက် သွေးကြောမှတစ်ဆင့် အာဟာရပေးခြင်း (Total Parenteral Nutrition – TPN) ပြုလုပ်ရန် လိုအပ်နိုင်သည်။

ကာကွယ်ခြင်း

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် ၎င်း၏ အဓိကနောက်ဆက်တွဲပြဿနာဖြစ်သော အူခေါက်ခြင်းကို ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းမရှိပါ။ သို့သော် ရောဂါလက္ခဏာများကို စောစီးစွာ သတိထားမိပြီး ချက်ချင်းကုသမှုခံယူခြင်းသည် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

References:

  1. Children’s Hospital of Philadelphia. (n.d.). Intestinal malrotation and volvulus. Retrieved January 3, 2026, from https://www.chop.edu/conditions-diseases/intestinal-malrotation-and-volvulus
  2. Children’s Hospital Colorado. (n.d.). Intestine disease states: Intestinal malrotation. Retrieved January 3, 2026, from https://www.chp.edu/our-services/transplant/intestine/education/intestine-disease-states/intestinal-malrotation
  3. Cincinnati Children’s Hospital Medical Center. (n.d.). Intestinal malrotation. Retrieved January 3, 2026, from https://www.cincinnatichildrens.org/health/i/intestinal-malrotation
  4. Great Ormond Street Hospital for Children NHS Foundation Trust. (n.d.). Malrotation and volvulus. Retrieved January 3, 2026, from https://www.gosh.nhs.uk/conditions-and-treatments/conditions-we-treat/malrotation-and-volvulus/
  5. My Cleveland Clinic. (n.d.). Malrotation. Retrieved January 3, 2026, from https://my.clevelandclinic.org/health/diseases/10029-malrotation
  6. Stanford Children’s Health. (n.d.). Intestinal malrotation and volvulus in children. Retrieved January 3, 2026, from https://www.stanfordchildrens.org/en/topic/default?id=intestinal-malrotation-and-volvulus-in-children-90-P02009

Published: 26 January 2026

Share

26 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Sacrococcygeal Teratoma – SCT (မွေးရာပါမြီးညှောင့်ရိုးအကျိတ်)
Jan 26, 2026
Diseases and Conditions

Sacrococcygeal Teratoma – SCT (မွေးရာပါမြီးညှောင့်ရိုးအကျိတ်)

မွေးကင်းစကလေးငယ်များတွင် အတွေ့ရအများဆုံးဖြစ်သည့် ကျောရိုး၏အောက်ခြေ၊...

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)
Jan 26, 2026
Diseases and Conditions

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)

နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်စေသော ကူးစက်ရောဂါ...

Dental crowding (သွားထပ်ခြင်း)
Jan 24, 2026
Diseases and Conditions

Dental crowding (သွားထပ်ခြင်း)

သွားထပ်ခြင်းသည် အဖြစ်အများဆုံး သွားဘက်ဆိုင်ရာ ပြဿနာဖြစ်ပြီး ပြင်းထန်ပါက...