Foot Drop (ခြေဖျားကော့မရခြင်း)

Foot Drop (ခြေဖျားကော့မရခြင်း)

ခြေဖျားကော့မရခြင်း (Foot Drop) ဆိုသည်မှာ ခြေထောက်ကြွက်သား (ခြေသလုံးအရှေ့ပိုင်း ကြွက်သား) များ အားနည်းခြင်း သို့မဟုတ် ပုံမှန်အလုပ်မလုပ်ခြင်းကြောင့် လမ်းလျှောက်သည့်အခါ ခြေဖျားကို အပေါ်သို့ ပြန်လည် မကော့တင်နိုင်သည့် အခြေအနေကို ဆိုလိုသည်။

ခြေဖျားကော့မရခြင်းသည် သီးခြားရောဂါတစ်ခုမဟုတ်ဘဲ အာရုံကြော၊ ကြွက်သား သို့မဟုတ် ဦးနှောက်နှင့် ခါးရိုးအာရုံကြောစနစ်ဆိုင်ရာ နောက်ခံရောဂါတစ်ခုခု၏ လက္ခဏာသာဖြစ်သည်။ ထိုသို့ဖြစ်ပွါးပါက လမ်းလျှောက်သည့်အခါ ခြေချောင်းများ မြေကြီးနှင့် ပွတ်တိုက်မိခြင်း သို့မဟုတ် ခလုတ်တိုက်ခြင်းများ ဖြစ်တတ်သဖြင့်၊ လူနာသည် ၎င်းအန္တရာယ်မှ ကာကွယ်ရန် ဒူးကို ပုံမှန်ထက် ပိုမိုမြှင့်၍ လျှောက်ရခြင်းမျိုး (လမ်းလျှောက်ပုံပြောင်းလဲခြင်း) ဖြစ်ပေါ်လာတတ်သည်။ ဖြစ်ပေါ်ရသည့် အကြောင်းရင်းပေါ်မူတည်၍ ဤဝေဒနာသည် ခြေထောက်တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်၊ ယာယီ သို့မဟုတ် နာတာရှည်ဖြစ်နိုင်ပြီး ပြင်းထန်မှုမှာလည်း တစ်ဦးနှင့်တစ်ဦး မတူညီနိုင်သည့်အတွက် အချိန်မီ ရှာဖွေကုသရန် အလွန်အရေးကြီးသည်။ ဤဝေဒနာကို အချိန်မီ ရှာဖွေကုသမှုမပြုလုပ်ပါက လမ်းလျှောက်ရာတွင် မသန်စွမ်းဖြစ်ခြင်းနှင့် အခြားနောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သည်။

သည် သီးခြားရောဂါတစ်ခုမဟုတ်ဘဲ အာရုံကြော၊ ကြွက်သား သို့မဟုတ် ဦးနှောက်နှင့် ခါးရိုးအာရုံကြောစနစ်ဆိုင်ရာ နောက်ခံရောဂါတစ်ခုခု၏ လက္ခဏာသာဖြစ်သည်။ ထိုသို့ဖြစ်ပွါးပါက လမ်းလျှောက်သည့်အခါ ခြေချောင်းများ မြေကြီးနှင့် ပွတ်တိုက်မိခြင်း သို့မဟုတ် ခလုတ်တိုက်ခြင်းများ ဖြစ်တတ်သဖြင့်၊ လူနာသည် ၎င်းအန္တရာယ်မှ ကာကွယ်ရန် ဒူးကို ပုံမှန်ထက် ပိုမိုမြှင့်၍ လျှောက်ရခြင်းမျိုး (လမ်းလျှောက်ပုံပြောင်းလဲခြင်း) ဖြစ်ပေါ်လာတတ်သည်။ ဖြစ်ပေါ်ရသည့် အကြောင်းရင်းပေါ်မူတည်၍ ဤဝေဒနာသည် ခြေထောက်တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်၊ ယာယီ သို့မဟုတ် နာတာရှည်ဖြစ်နိုင်ပြီး ပြင်းထန်မှုမှာလည်း တစ်ဦးနှင့်တစ်ဦး မတူညီနိုင်သည့်အတွက် အချိန်မီ ရှာဖွေကုသရန် အလွန်အရေးကြီးသည်။ ဤဝေဒနာကို အချိန်မီ ရှာဖွေကုသမှုမပြုလုပ်ပါက လမ်းလျှောက်ရာတွင် မသန်စွမ်းဖြစ်ခြင်းနှင့် အခြားနောက်ဆက်တွဲဆိုးကျိုးများ ခံစားရနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခြေဖျားမကော့နိုင်ခြင်းသည် ခြေဖျားအပေါ်သို့ မြှင့်တင်ပေးသော ခြေသလုံးအရှေ့ပိုင်းရှိ ကြွက်သားများကို ထိန်းချုပ်ထားသည့် အာရုံကြောများ ဖိမိခြင်း၊ ထိခိုက်ခြင်း၊ ရောဂါဖြစ်ခြင်း သို့မဟုတ် ကြွက်သားကိုယ်တိုင် အားနည်းခြင်းတို့ကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ အကြောင်းရင်းများကို အောက်ပါအတိုင်း အုပ်စု (၃) စု ခွဲခြားနိုင်သည်။

  1. အာရုံကြော ထိခိုက်ခြင်း (Nerve Injury)
    ခြေဖျားကော့မရခြင်း ဖြစ်ပေါ်ရသော အတွေ့ရအများဆုံး အကြောင်းရင်းဖြစ်သည်။
    • ပါရိုနီရယ်နာဗ် အာရုံကြော (Peroneal Nerve) ထိခိုက်ခြင်း
      • ဒူးဆစ်အနီးရှိ ဤအာရုံကြောသည် ခြေဖျားကို အပေါ်သို့ ကော့တင်ပေးသော ကြွက်သားများကို ထိန်းချုပ်သည်
      • ၎င်းသည် အရေပြားနှင့် နီးကပ်စွာ တည်ရှိသဖြင့် ဒူးဆစ်ဒဏ်ရာရခြင်း၊ အချိန်ကြာမြင့်စွာ ခြေထောက်ချိတ်ထိုင်ခြင်းနှင့် ကျောက်ပတ်တီး တင်းကြပ်စွာ စီးထားခြင်းတို့ကြောင့် အလွယ်တကူ ဖိမိနိုင်၊ ထိခိုက်နိုင်သည်
    • အသားဆေးထိုးခြင်းကြောင့် အာရုံကြောထိခိုက်ခြင်း (Injection Injury)
      • အထူးသဖြင့် ကလေးငယ်များအား တင်ပါး၌ အသားဆေး (IM Injection) ထိုးရာတွင် စနစ်တကျမရှိဘဲ၊ မကျွမ်းကျင်ဘဲ တင်ပါးဆုံအာရုံကြော (Sciatic Nerve) ကို တိုက်ရိုက်အပ်ဖြင့် ထိုးမိခြင်း သို့မဟုတ် ဆေးရည်၏ ပြင်းအားကြောင့် အာရုံကြောပျက်စီးကာ ခြေဖျားမကော့နိုင်ခြင်းမျိုး ဖြစ်တတ်သည်
    • ခါးရိုးဆစ် အာရုံကြောညှပ်ခြင်း (Lumbar 5 Radiculopathy)
      • ခါးရိုးဆစ် အရိုးနုပြားကျွံထွက်ခြင်း (Herniated disc) ကြောင့် အာရုံကြောဖိမိခြင်းဖြစ်သည်
  2. အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများ (Muscle or Nerve Disorders)
    • ဆီးချိုရောဂါ – ဆီးချိုကြောင့်ဖြစ်သော အာရုံကြောပြဿနာများ (Diabetic Neuropathy)
    • ဆေးဝါးနှင့် အရက်ကြောင့်ဖြစ်သော အာရုံကြောပျက်စီးခြင်း (Toxic Neuropathy) – ကင်ဆာကုသဆေးအချို့နှင့် အရက်ကို အချိန်ကြာမြင့်စွာ အလွန်အကျွံ အသုံးပြုခြင်း
    • အာဟာရချို့တည့်ခြင်းကြောင့် အာရုံကြောထိခိုက်ခြင်း (Nutritional neuropathy)
    • ကြွက်သားအားနည်းပျက်စီးရောဂါ (Muscular Dystrophy) – မျိုးရိုးလိုက်ရောဂါကြောင့် ကြွက်သားများ တဖြည်းဖြည်း အားနည်းလာခြင်း
    • အခြားရောဂါများ – ပိုလီယို အကြောသေပျော့ခွေရောဂါ (Poliomyelitis) နှင့် မွေးရာပါ အာရုံကြောရောဂါတစ်မျိုးဖြစ်သော Charcot-Marie-Tooth disease တို့ကြောင့် ဖြစ်ပွါးနိုင်သည်။
  3. ဦးနှောက်နှင့် ခါးရိုးအာရုံကြောမကြီးဆိုင်ရာ ရောဂါများ (Brain and Spinal Cord Disorders)
    ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေသည့် အောက်ပါရောဂါများကြောင့်လည်း ဖြစ်နိုင်သည်။
  4. လေဖြတ်ခြင်း (Stroke)
  5. အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ (Multiple Sclerosis – MS)
  6. ပါကင်ဆန်ရောဂါ (Parkinson’s disease)
  7. ကြွက်သားအာရုံကြော ပျက်စီးခြင်းကြောင့် ကြွက်သားအားနည်းသောရောဂါ (Motor Neuron Disease – MND)
  8. ကလေးများတွင်ဖြစ်သော စီပီ (Cerebral palsy) ရောဂါ – အထူးသဖြင့် Diplegic CP
ယှဉ်တွဲလာတတ်သော လက္ခဏာများ

ခြေဖျားမကော့နိုင်ခြင်းသည် ဖြစ်ပွါးသော နောက်ခံအကြောင်းရင်းပေါ်မူတည်၍ ခြေထောက်တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင်ဖြစ်နိုင်သည်။ ခြေဖျားမကော့နိုင်ရုံသာမက အောက်ပါဝေဒနာများကိုပါ ယှဉ်တွဲခံစားရတတ်သည်။

  • ပုံမှန်မဟုတ်သော လမ်းလျှောက်ပုံများ (Abnormal Gait) – လူနာသည် ခြေဖျားမြေကြီးနှင့် မတိုက်မိစေရန် နည်းလမ်းအမျိုးမျိုးဖြင့် လမ်းလျှောက်ပုံ ပြောင်းလဲလာတတ်သည်
  • ဒူးကို မြှင့်၍လျှောက်ခြင်း (High-stepping gait) – ခြေဖျားလွတ်စေရန် ဒူးကို ပုံမှန်ထက် ပိုမြှင့်၍ လျှောက်ရခြင်း
  • ခြေသံပြင်းပြင်း ချလျှောက်ခြင်း (Foot slapping gait) – ခြေဖဝါးကို ထိန်း၍ မချနိုင်ဘဲ မြေပြင်ပေါ်သို့ “ဖတ်” ခနဲ အသံထွက်အောင် ပုတ်ချသလို လျှောက်ရခြင်း
  • ဘေးသို့လွှဲ၍ လျှောက်ခြင်း (Circumduction gait) – ခြေထောက်ကို ရှေ့သို့ တိုက်ရိုက်မလှမ်းနိုင်ဘဲ ဘေးဘက်သို့ ဝိုက်၍ လွှဲလျှောက်ရခြင်း
  • အာရုံခံစားမှုဆိုင်ရာ ပြောင်းလဲခြင်း (Sensory Changes) – အာရုံကြောထိခိုက်မှုကြောင့် ဖြစ်ပါက ခြေဖဝါးအပေါ်ပိုင်းနှင့် ခြေထောက်အပြင်ဘက်တို့တွင် အောက်ပါတို့ကို ခံစားရနိုင်သည်
    • ခြေထောက် ထုံကျဥ်ခြင်း
    • အပ်ဖြင့် ထိုးသကဲ့သို့ စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်း သို့မဟုတ် ပူစပ်ပူလောင် ဖြစ်ခြင်း
  • ခါးနာခြင်းနှင့် တင်ပါးနာခြင်း – အကယ်၍ အကြောင်းရင်းမှာ ခါးရိုးဆစ်အာရုံကြောညှပ်ခြင်း (Sciatica) ကြောင့် ဖြစ်ပါက ခါးမှတစ်ဆင့် ခြေထောက်အထိ လျှပ်စစ်စီးသကဲ့သို့ နာကျင်ခြင်းမျိုး တွဲဖက်ဖြစ်နိုင်သည်
  • ကြွက်သားအားနည်းခြင်း – ခြေဖျား မတင်ခြင်း အားနည်းသည့်အပြင် အခြားကြွက်သားများနှင့် ခြေထောက်တစ်ခုလုံး အားနည်းခြင်းမျိုးလည်း ရှိနိုင်သည်
နောက်ဆက်တွဲပြဿနာများ

အချိန်မီမကုသဘဲ ထားပါက အောက်ပါရေရှည်ပြဿနာများ ကြုံတွေ့ရနိုင်သည်။

  • မကြာခဏ ခလုတ်တိုက်ခြင်းနှင့် ချော်လဲခြင်း
    ခြေဖျားသည် အောက်သို့ စိုက်ကျနေသဖြင့် လမ်းလျှောက်သည့်အခါ ခြေချောင်းများ မြေပြင်နှင့် တိုက်မိပြီး ဟန်ချက်ပျက်၍ လဲကျတတ်သည်၊ အထူးသဖြင့် လှေကား အတက်အဆင်းနှင့် မျက်နှာပြင်မညီညာသော လမ်းများတွင် ပို၍အန္တရာယ်ရှိသည်။
  • ကြွက်သားများ သိမ်သွားခြင်း (Muscle Wasting)
    ခြေထောက်ကို ပုံမှန်အတိုင်း မလှုပ်ရှားနိုင်ဘဲ အချိန်ကြာလာသည့်အခါ ခြေသလုံးရှေ့ပိုင်းရှိ ကြွက်သားများ တဖြည်းဖြည်း ပိန်လှီသိမ်သွားတတ်သည်။
  • ခြေထောက်ကို တရွတ်တိုက်ဆွဲခြင်း
    ခြေဖျားကို မကော့နိုင်သဖြင့် ခြေထောက်ကို မြေပြင်ပေါ်တွင် ဆွဲ၍ လျှောက်ရခြင်းကြောင့် ပိုမို ပင်ပန်းနွမ်းနယ်စေပြီး အဝေးသို့ လမ်းမလျှောက်နိုင်တော့ခြင်းကို ဖြစ်စေသည်။
  • အဆစ်များ တောင့်တင်းလာခြင်း
    ခြေကျင်းဝတ်ကို ပုံမှန်အတိုင်း မကွေးနိုင်၊ မဆန့်နိုင်ရာမှ အဆစ်များ တောင့်တင်းသွားပြီး နဂိုအနေအထား ပြန်ရရန် ခက်ခဲသွားနိုင်သည်။
  • နေ့စဉ်လူမှုဘဝ အရည်အသွေး ထိခိုက်ခြင်း (Reduced Quality of Life)
    လမ်းလျှောက်ရန် ခက်ခဲလာခြင်း၊ အလုပ်လုပ်ရာတွင် အဆင်မပြေခြင်းနှင့် အားကစား သို့မဟုတ် နေ့စဉ်လှုပ်ရှားမှုများ မပြုလုပ်နိုင်ခြင်းတို့ကြောင့် လူနေမှုဘဝ၏ အရည်အသွေး လျော့နည်းလာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ခြေဖျားကို ပုံမှန်အတိုင်း မကော့တင်နိုင်ခြင်း သို့မဟုတ် လမ်းလျှောက်ရာတွင် သိသိသာသာ အခက်အခဲရှိလာပါက နီးစပ်ရာမိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်သည်။ ဆရာဝန်မှ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဦးနှောက်အာရုံကြောအထူးကု သို့မဟုတ် အရိုးအထူးကုဆရာဝန်များထံသို့ လွှဲပြောင်းပေးလိမ့်မည်။

အရေးပေါ်ပြသရန် လိုအပ်သည့် လက္ခဏာများ
ခြေဖျားမကော့နိုင်ခြင်းနှင့်အတူ အောက်ပါလက္ခဏာများ တွဲဖက်ဖြစ်ပေါ်လာပါက ပြင်းထန်သော ရောဂါအခြေအနေ (ဥပမာ – ခါးရိုးဆစ်အာရုံကြောမကြီး ပြင်းထန်စွာ ဖိမိခြင်း) ဖြစ်နိုင်သဖြင့် ချက်ချင်း ကုသမှုခံယူရမည်။

  • ခြေထောက်တစ်ချောင်းလုံး အားနည်းခြင်း သို့မဟုတ် ခြေထောက်ကို လုံးဝမလှုပ်ရှားနိုင်တော့ခြင်း (Flail foot)
  • ခြေထောက်တွင် ပြင်းထန်စွာ နာကျင်ခြင်းနှင့် ထုံကျဥ်ခြင်း
  • ဖျားခြင်း၊ ပျို့အန်ခြင်းနှင့် အစားအသောက်ပျက်ခြင်း
  • သိသိသာသာ ကိုယ်အလေးချိန် ကျသွားခြင်း
  • ဆီး သို့မဟုတ် ဝမ်း မထိန်းနိုင်ခြင်း (၎င်းသည် အလွန်အရေးကြီးသော အရေးပေါ်လက္ခဏာဖြစ်သည်)
ရောဂါရှာဖွေခြင်း

ရှေးဦးစွာ ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ ခြေထောက်ကြွက်သားများ၏ အားကို တိုင်းတာခြင်းနှင့် အာရုံခံစားမှု ရှိမရှိတို့ကို စမ်းသပ်မည်။ အခြားခန္ဓာကိုယ် စမ်းသပ်မှုများကို လိုအပ်သလို ဆက်လက်ပြုလုပ်မည်။

ခြေဖျားမကော့နိုင်ခြင်းကို ဖြစ်စေသော အကြောင်းရင်းကို တိကျစွာသိရှိနိုင်ရန် အောက်ပါစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

  • ဓာတ်မှန်ရိုက်ခြင်း (X-ray) – အရိုးအတက်ထွက်ခြင်း သို့မဟုတ် အရိုးပုံစံမမှန်ခြင်းကြောင့် အာရုံကြောကို ထိခိုက်နေခြင်း ရှိမရှိ စစ်ဆေးသည်
  • အာထရာဆောင်း (USG) – အာရုံကြောပေါ်တွင် အကျိတ်ရှိခြင်း သို့မဟုတ် အာရုံကြော ရောင်ရမ်းနေခြင်းတို့ကို ကြည့်ရှုနိုင်သည်
  • သံလိုက်ဓာတ်မှန် (MRI) – ခါးရိုးဆစ်အရိုးနုပြားကျွံခြင်း (Herniated disc) သို့မဟုတ် အာရုံကြောမကြီးကို ဖိမိနေသည့် အခြေအနေများကို အသေးစိတ် သိရှိနိုင်သည်
  • အာရုံကြောနှင့် ကြွက်သားလျှပ်စစ်စစ်ဆေးမှု (NCS and EMG) – အာရုံကြောအတွင်း လျှပ်စစ်စီးဆင်းမှုနှင့် ကြွက်သားများ၏ တုံ့ပြန်မှုကို တိုင်းတာသော စစ်ဆေးမှုဖြစ်သည်၊ ၎င်းသည် အာရုံကြော၏ မည်သည့်နေရာတွင်၊ မည်မျှအထိ ပျက်စီးနေသည်ကို အတိအကျသိရှိရန် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။
ကုသခြင်း

ခြေဖျားမကော့နိုင်ခြင်းအတွက် ကုသမှုသည် ဖြစ်ပွါးရသည့် အကြောင်းရင်း၊ ရောဂါ၏ ပြင်းထန်မှုနှင့် ကြာမြင့်ချိန်အပေါ် မူတည်သည်။ အဓိကကုသမှုနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အခြေခံအကြောင်းရင်းကို ကုသခြင်း – အကယ်၍ အာရုံကြောဖိမိခြင်း သို့မဟုတ် ဆီးချိုရောဂါ၊ အာဟာရချို့တဲ့ခြင်းစသည့် တိကျသော အကြောင်းရင်းရှိပါက ၎င်းကို ဦးစွာကုသခြင်းဖြင့် ခြေဖျားမကော့နိုင်ခြင်းကို ပျောက်ကင်းစေနိုင်သည်
  • အထောက်အကူပြု ကိရိယာများ (Braces or Splints) – ခြေဖဝါးကို ပုံမှန်အနေအထားအတိုင်း ကော့ထားနိုင်စေရန် အသုံးပြုရသည်
    • ခြေကျင်းဝတ်နှင့် ခြေဖဝါး ထိန်းကိရိယာ (Ankle-Foot Orthosis – AFO) – ဖိနပ်အတွင်း ထည့်သွင်းဝတ်ဆင်ရပြီး လမ်းလျှောက်ရာတွင် ခြေဖျားလွတ်စေရန်နှင့် ခလုတ်တိုက်လဲခြင်းမှ ကာကွယ်ပေးသည်
    • ညဘက်တပ်ဆင်ရသော ကျပ်စည်းများ (Night splints) – ခြေဖဝါးရှိ အရွတ်များ တောင့်တင်းမသွားစေရန် ညဘက်တွင် တပ်ဆင်ရသည်
  • ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းကုထုံးများ (Physical and Occupational Therapy)
    • ကာယကုထုံးပညာရှင်နှင့် တိုင်ပင်၍ ခြေဖဝါးကို မပေးနိုင်သော ကြွက်သားများ သန်မာစေရန်၊ အဆစ်များ လှုပ်ရှားမှုအကွာအဝေး ပိုမိုကောင်းမွန်စေရန်နှင့် ဟန်ချက်ညီစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ရမည်
    • ၎င်းသည် ကုသမှု၏ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်
  • လျှပ်စစ်ဓာတ်ဖြင့် လှုံ့ဆော်ကုသခြင်း (Functional Electrical Stimulation – FES)
    • အာရုံကြောကို လျှပ်စစ်စီးကြောင်း အနည်းငယ်ဖြင့် လှုံ့ဆော်ပေးကာ လမ်းလျှောက်ချိန်တွင် ခြေဖျားကို အလိုအလျောက် ကော့တက်လာစေရန် ကူညီပေးသည်
  • ခွဲစိတ်ကုသခြင်း (Surgery)
    အခြားနည်းလမ်းများဖြင့် မသက်သာပါက ခွဲစိတ်အထူးကု ဆရာဝန်နှင့် တိုင်ပင်၍ အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်။
    • အာရုံကြော ဖိအားလျှော့ချခြင်း (Nerve decompression) – ဖိမိနေသော အာရုံကြောကို လွတ်အောင် ပြုလုပ်ပေးခြင်း
    • အာရုံကြော အစားထိုးခြင်း (Nerve graft) – ပျက်စီးနေသော အာရုံကြောနေရာတွင် အခြားနေရာမှ အာရုံကြောဖြင့် အစားထိုးခြင်း
    • အရွတ်ကြော အစားထိုးခြင်း (Tendon transfer) – ပုံမှန်အလုပ်လုပ်နေသော အရွတ်ကို နေရာပြောင်းရွှေ့ကာ ခြေဖဝါးကော့နိုင်ရန် ချိတ်ဆက်ပေးခြင်း
    • အရွတ်ရှည်အောင် ပြုလုပ်ခြင်း (Tendon lengthening) – ကျုံ့နေသော ခြေသလုံးအရွတ်များကို ရှည်အောင် ပြုလုပ်ပေးခြင်း
    • အရိုးပူးဆက်ခြင်း (Bone fusion) – အာရုံကြောပျက်စီးမှု ပြန်မကောင်းနိုင်ပါက ခြေကျင်းဝတ် တည်ငြိမ်စေရန် အရိုးများကို တစ်ဆက်တည်း ပူးဆက်ပစ်ခြင်း
ရောဂါရလဒ် ခန့်မှန်းချက်

ရောဂါပြန်လည်ကောင်းမွန်နိုင်ခြေမှာ ဖြစ်ပွါးရသည့် အကြောင်းရင်းပေါ်တွင် တိုက်ရိုက်မူတည်သည်။

  • ထိခိုက်ဒဏ်ရာ သို့မဟုတ် ခဏတာ အာရုံကြောဖိမိခြင်းကြောင့် ဖြစ်လျှင် – စနစ်တကျ ကုသမှုခံယူပါက တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြီးတိုင် ပြန်လည်ကောင်းမွန်လာရန် အခွင့်အရေး အလွန်များသည်
  • တဖြည်းဖြည်း ဆိုးလာတတ်သော အာရုံကြော သို့မဟုတ် ကြွက်သားရောဂါများကြောင့် ဖြစ်လျှင် – ရောဂါအခံကို မကုသနိုင်ပါက တစ်သက်တာ မသန်စွမ်းမှုအဖြစ် ဆက်ရှိနေနိုင်သည်
  • အချိန်မီ ကုသမှု – လက္ခဏာစဖြစ်ပြီး ၃လ မှ ၆လအတွင်း ကုသမှု စတင်နိုင်ခြင်းက ရလဒ်အကောင်းဆုံး ရရှိစေသည်
ကာကွယ်ခြင်း

ခြေဖျားမကော့နိုင်ခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းရင်းအားလုံးကို မတားဆီးနိုင်သော်လည်း အာရုံကြော ထိခိုက်မှုနှင့် ကြွက်သားအားနည်းမှုကို လျှော့ချခြင်းဖြင့် ဖြစ်နိုင်ခြေကို များစွာလျော့နည်းစေနိုင်သည်။

  • အာရုံကြော ဖိမိခြင်းမှ ရှောင်ကြဉ်ခြင်း – ဒူးဆစ်အနီးရှိ ပါရိုနီရယ်နာဗ်အာရုံကြော (Peroneal nerve) သည် ဖိမိရန် အလွန်လွယ်ကူသောကြောင့် အောက်ပါတို့ကို သတိပြုပါ
    • အချိန်ကြာမြင့်စွာ ခြေထောက်ချိတ်ထိုင်သည့် အကျင့်ကို ရှောင်ကြဉ်ပါ
    • အလုပ်လုပ်သည့်အခါ ဆောင့်ကြောင့်ထိုင်ခြင်း သို့မဟုတ် ဒူးထောက်ခြင်းကို အချိန်အကြာကြီး မပြုလုပ်သင့်ပါ
    • ဒဏ်ရာကြောင့် ကျောက်ပတ်တီး (Plaster cast) သို့မဟုတ် အထိန်းကိရိယာ (Brace) များ ဝတ်ဆင်ရပါက အလွန်အမင်း တင်းကျပ်မနေစေရန် သတိပြုပါ၊ ခြေထောက်ထုံလာခြင်း သို့မဟုတ် ကျဉ်လာခြင်းရှိပါက ဆရာဝန်နှင့် ချက်ချင်းပြန်လည်တိုင်ပင်ပါ
  • မလိုအပ်ဘဲ ဆေးမထိုးခြင်း သို့မဟုတ် ကျွမ်းကျင်သော ဆရာဝန် ဆရာမများဖြင့်သာ ဆေးထိုးခြင်းအထူးသဖြင့် ကလေးငယ်များအတွက် မဖြစ်မနေ ဆေးထိုးရန်လိုအပ်ပါက ကျွမ်းကျင်နားလည်သော ကျန်းမာရေးဝန်ထမ်းများနှင့်သာ ကုသပါ၊ မလိုအပ်သောဆေးထိုးခြင်းများကို ရှောင်ကြဉ်ပြီး ကျွမ်းကျင်မှုမရှိသူများနှင့် ဆေးထိုးခြင်းကို အထူးသတိပြုပါ
  • ထိခိုက်ဒဏ်ရာများမှ ကာကွယ်ခြင်း – ဒူးဆစ်နှင့် ခါးရိုးဆစ်များ ထိခိုက်ဒဏ်ရာ မရစေရန် ဂရုပြုပါ
    • အားကစားလုပ်သည့်အခါ လိုအပ်သော အကာအကွယ်ပစ္စည်းများကို စနစ်တကျ ဝတ်ဆင်ပါ
    • မညီညာသော မြေပြင်၊ အမှောင်ထဲတွင် လမ်းလျှောက်ခြင်းနှင့် လှေကား အတက်အဆင်း ပြုလုပ်ရာတွင် သတိပြုပါ
  • နောက်ခံရောဂါများကို စနစ်တကျ ကုသခြင်း
    • ဆီးချိုရောဂါ – ဆီးချိုကြောင့် အာရုံကြော ပျက်စီးခြင်း (Diabetic neuropathy) မဖြစ်စေရန် သွေးချိုကို ပုံမှန်စစ်ဆေးပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း ထိန်းချုပ်ပါ
    • အရက် – အရက်အလွန်အကျွံ သောက်ခြင်းသည် အာရုံကြောများကို တိုက်ရိုက် ပျက်စီးစေနိုင်သဖြင့် ရှောင်ကြဉ်ပါ သို့မဟုတ် လျှော့သောက်ပါ
  • အာဟာရနှင့် ဗီတာမင် ပြည့်ဝစေခြင်း – ဗီတာမင် ဘီ အုပ်စု (Vitamin B complex, especially B1, B6, B12) ချို့တဲ့ခြင်းသည် အာရုံကြော ပျက်စီးမှုကို ဖြစ်စေနိုင်သည်၊ ထို့ကြောင့် အသား၊ ငါး၊ ကြက်ဥ၊ အစေ့အဆန်များနှင့် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များကို မျှတအောင် စားသုံးပါ
  • ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း – ပုံမှန်လှုပ်ရှားမှုရှိခြင်းသည် ခြေထောက်ကြွက်သားများကို သန်မာစေပြီး လဲကျနိုင်ခြေကို လျှော့ချပေးသည့်အပြင် အာရုံကြောစနစ်ကိုလည်း ကောင်းမွန်စေသည်။

References:

  1. Cleveland Clinic. (n.d.). Foot drop — symptoms. Retrieved February 16, 2026, from https://my.clevelandclinic.org/health/symptoms/17814-foot-drop
  2. Mayo Clinic. (n.d.). Foot drop: Symptoms and causes. Retrieved February 16, 2026, from https://www.mayoclinic.org/diseases-conditions/foot-drop/symptoms-causes/syc-20372628

Published: 28 February 2026

Share

28 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Rhesus (Rh) Disease (Rh သွေးအုပ်စု မကိုက်ညီခြင်း)
Mar 30, 2026
Diseases and Conditions

Rhesus (Rh) Disease (Rh သွေးအုပ်စု မကိုက်ညီခြင်း)

Rh-negative (အနှုတ်သွေး) ရှိသော မိခင်နှင့် Rh-positive (အပေါင်းသွေး)...

Liver Tumours in Children (က‌လေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)
Mar 29, 2026
Diseases and Conditions

Liver Tumours in Children (က‌လေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)

ကလေးငယ်များတွင်ဖြစ်ပွါးသော အသည်းအကျိတ်များသည် အန္တရာယ်မရှိသော အကျိတ်များ...

Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)
Mar 29, 2026
Diseases and Conditions

Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)

ပြန်ရည်ကြောစနစ် ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော ကင်ဆာကျိတ်မဟုတ်သည့်...