Perianal abscess (စအိုဘေး ပြည်တည်နာ)

Perianal abscess (စအိုဘေး ပြည်တည်နာ)

စအိုဘေးပြည်တည်နာ (Perianal Abscess) ဆိုသည်မှာ စအိုဝအနီးတစ်ဝိုက်ရှိ တစ်ရှူးများအတွင်း ဘက်တီးရီးယားပိုးဝင်ရောက်ပြီး ရောင်ရမ်းကာ ပြည်များစုဝေးလာသည့် အခြေအနေဖြစ်သည်။ အများအားဖြင့် စအိုအတွင်းရှိ ဂလင်းငယ်များ ပိတ်ဆို့ပြီး ပိုးဝင်ခြင်းမှ စတင်ဖြစ်ပေါ်တတ်သည်။ ပြည်တည်နာသည် စအိုဝအနီး အရေပြားအောက်တွင် ဖြစ်ပေါ်လေ့ရှိသော်လည်း အချို့အခြေအနေများတွင် ပိုမိုနက်ရှိုင်းသော တစ်ရှူးများအထိ ပျံ့နှံ့နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စအိုဘေးပြည်တည်နာသည် အများအားဖြင့် စအိုအတွင်းရှိ ဂလင်းငယ်များ ပိတ်ဆို့ပြီး ဘက်တီးရီးယားပိုးဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်သည်။ ထို့အပြင် အောက်ပါအခြေအနေများနှင့်လည်း ဆက်စပ်ဖြစ်ပွားနိုင်သည်။

  • စအိုဂလင်းများ ပိတ်ဆို့ခြင်း (Blocked anal glands) – စအိုအတွင်းရှိ ဂလင်းငယ်များ ပိတ်ဆို့သွားသောအခါ ဘက်တီးရီးယားပိုးများ ဝင်ရောက်ပွားများပြီး ရောင်ရမ်းပြည်တည်လာနိုင်သည်
  • စအိုကွဲနာ (Anal fissure) – စအိုဝရှိ အရေပြားနှင့် တစ်ရှူးများ ကွဲအက်ရာမှတစ်ဆင့် ဘက်တီးရီးယားပိုးဝင်ရောက်ပြီး ရောင်ရမ်းပြည်တည်နိုင်သည်
  • အူလမ်းကြောင်းရောင်ရမ်းရောဂါများ (Inflammatory bowel disease) – အထူးသဖြင့် ခရုန်းရောဂါ (Crohn’s disease) ရှိသူများတွင် စအိုနှင့် စအိုပတ်ဝန်းကျင်၌ ရောင်ရမ်းခြင်း၊ ပြည်တည်နာဖြစ်ခြင်းနှင့် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်း (Fistula) ဖြစ်ပေါ်ခြင်းတို့ ပိုမိုတွေ့ရနိုင်သည်
  • လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ (Sexually transmitted infections – STIs) – အချို့သော ရောဂါပိုးများကြောင့် စအိုနှင့် စအိုပတ်ဝန်းကျင်တွင် ပိုးဝင်ရောင်ရမ်းမှု ဖြစ်ပေါ်နိုင်ပြီး စအိုဘေးပြည်တည်နာ ဖြစ်ပွားမှုနှင့် ဆက်စပ်နိုင်သည်
  • ကိုယ်ခံအားနည်းသော အခြေအနေများ – ဆီးချိုရောဂါရှိသူများ၊ ကိုယ်ခံအားကျဆင်းနေသူများ သို့မဟုတ် ကိုယ်ခံအားကျဆင်းစေသော ဆေးဝါးများ သုံးစွဲနေသူများတွင် ပိုးဝင်ရောက်၍ ပြည်တည်နာဖြစ်နိုင်ခြေ ပိုများသည်
ရောဂါလက္ခဏာများ

စအိုဘေး ပြည်တည်နာ ဖြစ်ပွားပါက အောက်ပါလက္ခဏာများကို ခံစားရနိုင်သည်။

  • စအိုဝပတ်ဝန်းကျင်တွင် ဆက်တိုက် စူးရှစွာ တဆစ်ဆစ် နာကျင်ခြင်း (ထိုင်သည့်အခါ၊ လှုပ်ရှား သွားလာသည့်အခါ သို့မဟုတ် ဝမ်းသွားသည့်အခါ ပိုမို ပြင်းထန်လာခြင်း)
  • စအိုဘေးတွင် ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ ဖြစ်သောနေရာတွင် ပူနွေးနေခြင်း
  • စအိုဝမှ ပြည်၊ သွေး‌ရောင် သို့မဟုတ် ပန်းရောင် အရည်များ ထွက်ခြင်း
  • စအိုဝ ပတ်ဝန်းကျင် ယားယံခြင်းနှင့် မအီမသာ ဖြစ်ခြင်း
  • ကိုယ်ပူ၊ ဖျားခြင်း၊ ချမ်းတုန်ခြင်းနှင့် နွမ်းနယ်ခြင်း
နောက်ဆက်တွဲပြဿနာများ
  • ဂရင်ဂျီနာဖြစ်ခြင်း (Anal fistula)
    • စအိုဘေးပြည်တည်နာ ကုသပြီးသူများအနက် ထက်ဝက်ခန့်တွင် စအိုအတွင်းပိုင်းနှင့် အပြင်ဘက်အရေပြားကြား ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းတစ်ခု ဆက်သွယ်ဖြစ်ပေါ်လာတတ်သည်
  • ပိုးဆိပ်တက်ခြင်း (Sepsis)
    • ပြည်ကို အချိန်မီဖောက်ထုတ်ကုသမှု မပြုလုပ်ပါက ပိုးများ သွေးအတွင်းသို့ ပျံ့နှံ့ဝင်ရောက်ကာ အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ပြင်းထန်နိုင်သည်
  • ရောဂါပြန်လည်ဖြစ်ပွားခြင်း (Recurrence)
    • ပြည်ကို စင်ကြယ်အောင် မထုတ်နိုင်ခြင်း၊ ဖောက်ထုတ်နိုင်ခြင်း မရှိခြင်း သို့မဟုတ် ဖြစ်ပွားရသည့် မူလအကြောင်းရင်းကို ထိရောက်စွာ မကုသနိုင်ပါက ရောဂါလက္ခဏာများ နောက်တစ်ကြိမ် ပြန်လည်ပေါ်ပေါက်လာတတ်သည်
  • ပိုးများ ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများသို့ ပျံ့နှံ့ခြင်း
    • အရေပြားဖောင်းလာ၍ အစဦးပိုင်းတွင် ပျော့ရာမှ တဖြည်းဖြည်း မာမာခဲခဲ ဖြစ်လာခြင်းနှင့် အရွယ်အစား ကြီးထွားလာခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ဖော်ပြပါ လက္ခဏာများတစ်ခုခုဖြစ်ပွါးပါက မိသားစုဆရာ၀န်များနှင့် တိုင်ပင်ဆွေးနွေး၍ အမြန်ဆေးကုသမှုခံယူသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

  • စအိုဝတွင် ပြင်းထန်စွာ နာကျင်ပြီး သာမန်အကိုက်အခဲပျောက်ဆေးများဖြင့် မသက်သာခြင်း
  • အဖျားကြီးခြင်းနှင့်အတူ ချမ်းတုန်ခြင်း
  • စအိုဝမှ ပြည် သို့မဟုတ် သွေးများ ဆက်တိုက်ထွက်နေခြင်း
  • ဆီးချိုရောဂါ သို့မဟုတ် ခုခံအားနည်းသည့် ရောဂါအခံ ရှိသူများတွင် စအိုဝ နာကျင်မှုကြုံတွေ့ရခြင်း
ရောဂါရှာဖွေခြင်း

စအိုဘေး ပြည်တည်နာအတွက် ဆရာဝန်မှ အောက်ပါများကို လိုအပ်သလို စမ်းသပ်စစ်ဆေးလေ့ရှိသည်။

  1. ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း (Physical examination)
  2. စအိုအတွင်း လက်ချောင်းထည့်သွင်း စမ်းသပ်ခြင်း (Digital rectal examination)
  3. ဓာတ်မှန်နှင့် ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging)
  4. လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ ရှိမရှိနှင့် ပိုးမွေး စစ်ဆေးခြင်း (Blood test and microbiological culture)
  • ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း
    ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်းအပြင် စအိုဝတစ်ဝိုက်အား အပြင်ပန်း ကြည့်ရှုစမ်းသပ်စစ်ဆေးခြင်း ပြုလုပ်မည်။
  • စအိုအတွင်း လက်ချောင်းထည့်သွင်း စမ်းသပ်ခြင်း
    လိုအပ်ပါက လက်အိတ်စွပ်ထားသည့် လက်ညှိုးကို ချောဆီသုတ်ထားပြီး စအိုလမ်းကြောင်းအတွင်းသို့ ညင်သာစွာ ထည့်သွင်းကာ စမ်းသပ်မည်၊ ယင်းသို့ပြုလုပ်ရာတွင် မခံမရပ်နိုင်အောင် နာကျင်ပါက ဆရာဝန်အား ပြောပြရန် လိုအပ်သည်။
  • ဓာတ်မှန်နှင့် ပုံရိပ်ဖော်စစ်ဆေးခြင်း
    နက်ရှိုင်းသော ပြည်တည်နာများအတွက် အာထရာဆောင်း (USG)၊ CT Scan သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း ပြုလုပ်ရန် လိုအပ်သည်။
  • လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ရှိမရှိနှင့် ပိုးမွေး စစ်ဆေးခြင်း
    သွေးစစ်ဆေးခြင်းနှင့် ဆီးစစ်ဆေးခြင်းတို့ ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ပိုးဝင်ရောက်မှု ရှိမရှိနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးများကို စမ်းသပ်သိရှိနိုင်သည်။ ထို့အပြင် ထွက်ရှိလာသော ပြည်ကိုလည်း ဓာတ်ခွဲခန်းသို့ ပေးပို့ကာ မည်သည့်ပိုးအမျိုးအစားကြောင့် ဖြစ်သည်ကို ပိုးမွေးစစ်ဆေးခြင်း (Microbiological Culture) ပြုလုပ်နိုင်သည်။
ကုသခြင်း
ရှေးဦးကုသခြင်း

ကုသမှု မခံယူမီ သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူပြီးနောက်တွင် ဝေဒနာများ သက်သာစေရန်အတွက် အောက်ပါရှေးဦးပြုစုသည့်နည်းလမ်းများကို ဆောင်ရွက်နိုင်သည်။

  • တင်ပါးဆုံ ရေနွေးစိမ်ခြင်း (Sitz Bath)
    • ရေနွေးနွေးထည့်ထားသည့် ဇလုံ သို့မဟုတ် ရေချိုးကန်အတွင်းသို့ တင်ပါးဆုံတစ်ခုလုံး မြုပ်အောင် ရေထည့်၍ တစ်ကြိမ်လျှင် ၁၅ မိနစ် မှ မိနစ် ၂၀ ခန့်၊ တစ်နေ့လျှင် ၂ ကြိမ် မှ ၃ ကြိမ်အထိ စိမ်ပေးနိုင်သည်
    • ဤသို့ပြုလုပ်ခြင်းဖြင့် တင်ပါးဆုံဝန်းကျင်ရှိ ကြွက်သားများကို ပြေလျော့စေကာ သွေးလှည့်ပတ်မှု အားကောင်းစေသည့်အတွက် နာကျင်မှုများကို သက်သာစေသည့်အပြင် ဆဲလ်အသစ်များ ဖြစ်ပေါ်မှုကို အားပေးသောကြောင့် ခွဲစိတ်ဒဏ်ရာများ ပိုမိုမြန်ဆန်စွာ ကျက်စေရန် ကူညီပေးသည်
  • တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုပြုခြင်း
    • အိမ်သာတက်ပြီးချိန်တိုင်း စအိုဝတစ်ဝိုက်အား ရေနွေးနွေးဖြင့် ပုံမှန်ဆေးကြောသန့်စင်ပေးရန်နှင့် အမြဲတမ်း ခြောက်သွေ့နေအောင် ထားရှိရန် အရေးကြီးသည်

စအိုဘေး ပြည်တည်နာသည် ဆေးသောက်ရုံဖြင့် သက်သာလေ့မရှိဘဲ ခွဲစိတ်ကုသမှု လိုအပ်သည်။

  1. ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
    • ဖြစ်နိုင်ခြေရှိသော ဘက်တီးရီးယား အမျိုးအစားပေါ် မူတည်၍ အခြေခံ၍ သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးများ ပေးရသည်
    • ဆရာဝန် ညွှန်ကြားထားသော ဆေးပမာဏနှင့် သောက်သုံးရမည့် ရက်အတိုင်း ဆေးများကို တိကျစွာ လိုက်နာသောက်သုံးရမည်
    • အထူးသဖြင့် ဆီးချိုရောဂါ ခံစားနေရသူများ၊ ကိုယ်ခံအား ကျဆင်းနေသူများ သို့မဟုတ် ပိုးဝင်ရောက်မှု ပျံ့နှံ့နေသူများတွင် ဓာတ်ခွဲခန်းရှိ ပိုးမွေးမှုအဖြေ (Culture result) ပေါ် မူတည်၍ သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးများကို တိကျစွာ ညွှန်ကြားပေးလေ့ရှိသည်
  2. လက္ခဏာသက်သာစေသော ​ကုသမှုများ (symptomatic/supportive treatment)
    • နာကျင်ခံစားရမှု သက်သာစေရန် အကိုက်အခဲပျောက်ဆေးများ (Paracetamol, NSAIDs) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာသောက်သုံးသင့်သည်။
  3. ခွဲစိတ်၍ ပြည်ဖောက်ထုတ်ခြင်း (Surgical Drainage)
    • စအိုဘေး ပြည်တည်နာအတွက် အဓိကကုသမှုမှာ ပြည်ဖောက်ထုတ်ခြင်းဖြစ်ပြီး ဝေဒနာမခံစားရစေရန် ထုံဆေး သို့မဟုတ် မေ့ဆေးအသုံးပြုမည်ဖြစ်သည်
    • လိုအပ်ပါက ချောဆီအသုံးပြုထားသည့် မှန်ပြောင်းငယ် (Anoscopy or Proctoscopy) အား ထည့်သွင်းကာ စအိုအတွင်းပိုင်းအား သေချာစွာ ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်
    • ထို့နောက် တစ်ရှူးများအတွင်း စုပုံနေသော ပြည်များအားလုံးကို စင်ကြယ်သွားစေရန် ခွဲစိတ်ဖောက်ထုတ်ခြင်း ပြုလုပ်မည်ဖြစ်သည်
ကာကွယ်ခြင်း

စအိုဘေး ပြည်တည်နာ ဖြစ်ပွားမှုကို သက်သာစေရန် အောက်ပါအတိုင်း ကာကွယ်နိုင်သည်။

  • ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို ဟန့်တားနိုင်ရန် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်သော အစားအစာများကို ရွေးချယ် စားသုံးပေးခြင်းနှင့် ရေကို လုံလောက်စွာ သောက်သုံးပါ
  • ဝမ်းသွားသည့်အချိန်တွင် အလွန်အမင်း အားစိုက်၍ ညှစ်ခြင်းမျိုးကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ
  • စအိုဝတစ်ဝိုက်အား အမြဲတမ်း သန့်ရှင်းစင်ကြယ်နေအောင် ထားရှိပြီး ခြောက်သွေ့မှုရှိစေရန် ဂရုပြုပါ
  • လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကို ကာကွယ်ရန် စိတ်ချရသော အကာအကွယ်ပစ္စည်း (ကွန်ဒုံး) ကို အသုံးပြုပါ
  • ဆီးချိုရောဂါ သို့မဟုတ် အူလမ်းကြောင်းဆိုင်ရာ ရောဂါအခံများ ရှိပါက သက်ဆိုင်ရာ ဆရာဝန်နှင့် ပုံမှန်ပြသ၍ စနစ်တကျ ကုသမှုခံယူပါ။

References:

  1. Cleveland Clinic. (n.d.). Perianal abscess. Retrieved August 5, 2026, from https://my.clevelandclinic.org/health/diseases/23282-perianal-abscess
  2. DoveMed. (2023). Perianal abscess: Causes, symptoms, treatment, and prevention. Retrieved August 5, 2026, from https://www.dovemed.com/health-topics/focused-health-topics/perianal-abscess-causes-symptoms-treatment-and-prevention
  3. Guy’s and St Thomas’ NHS Foundation Trust. (n.d.). Perianal abscess surgery. Retrieved August 5, 2026, from https://www.guysandstthomas.nhs.uk/health-information/perianal-abscess-surgery

Published: 30 August 2026

Share

30 August 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.