Poliomyelitis (ပိုလီယိုအကြောသေပျော့‌ခွေရောဂါ)

Poliomyelitis (ပိုလီယိုအကြောသေပျော့‌ခွေရောဂါ)

ပိုလီယိုအကြောသေပျော့ခွေရောဂါသည် ကူးစက်မြန်သော ပိုလီယိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည်။ အသက် (၅) နှစ်အောက် ကလေးများတွင် ပို၍အဖြစ်များပြီး ကာကွယ်ဆေးမရရှိထားပါက အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ထိုဗိုင်းရပ်စ်သည် အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးပြီး ခြေ၊ လက်များပျော့ခွေကာ အကြောသေသည့်အပြင် ကုသ၍မရဘဲ အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်သည်။ ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းဖြင့် ပိုလီယိုရောဂါကို အကောင်းဆုံးကာကွယ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

ပိုလီယိုဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်သည်။ ပိုလီယိုဗိုင်းရပ်စ် အမျိုးအစား (၃)မျိုးရှိသည်။ ဗိုင်းရပ်စ်ပိုးရှိသောသူ နှာချေခြင်း၊ ချောင်းဆိုးခြင်းမှလည်းကောင်း၊ ပိုးရှိသူ၏ဝမ်းမှတစ်ဆင့်လည်းကောင်း ကူးစက်နိုင်သည်။ မသန့်ရှင်းသောရေ၊ အစားအစာများမှလည်း ကူးစက်နိုင်သည်။ ထိုရောဂါပိုးသည် လည်ချောင်း (သို့မဟုတ်) အူလမ်းကြောင်းသို့ ဝင်ရောက်ပြီး နောက်ဆုံးတွင် ဦးနှောက်နှင့်အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေပြီး အကြောသေပျော့ခွေသည့် အခြေအနေသို့ရောက်ရှိနိုင်သည်။

(၁၉၉၈)တွင် ကျင်းပသော ကမ္ဘာ့ကျန်းမာရေးညီလာခံမှ ပိုလီယိုရောဂါ ကင်းစင်ပပျောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုတိုက်ဖျက်ရေးစီမံချက်(GPEI)ကို ချမှတ်ခဲ့ပြီး ပိုလီယိုကာကွယ်ဆေးထိုးနှံခြင်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့သည်။ သို့ဖြစ်၍ ပိုလီယိုအကြောသေရောဂါ ဖြစ်ပွားမှုနှုန်းသည် (၁၉၉၈) ခုနှစ်မှစတင်၍ (၉၉) ရာခိုင်နှုန်းကျော်ထိ လျော့ကျသွားခဲ့သည်။ ပိုလီယိုရောဂါအဖြစ်များသော နိုင်ငံပေါင်း (၁၂၅) နိုင်ငံတွင် ခန့်မှန်းသောဖြစ်ပွားသူဦး‌ရေ (၃၅၀,၀၀၀)ဦးမှ (၂၀၂၁) ခုနှစ်တွင် ရောဂါကူးစက်ခံရသည်ဟု သတင်းပေးပို့သူ (၆) ဦးသာ ကျန်ရှိသည်။

ပိုလီယိုဗိုင်းရပ်စ် အမျိုးအစား (၃)မျိုး ရှိသည့်အနက် ပိုလီယိုဗိုင်းရပ်စ် အမျိုးအစား(၂)သည် (၁၉၉၉) ခုနှစ်တွင် ကင်းစင်ပပျောက်ပြီး (၂၀၂၀) ခုနှစ်တွင် ပိုလီယိုဗိုင်းရပ်စ် အမျိုးအစား(၃)ကို အမြစ်ပြတ်ဖယ်ရှားနိုင်ခဲ့သည်။ (၂၀၂၂) ခုနှစ်တွင်မူ ပိုလီယိုဗိုင်းရပ်စ်အမျိုးအစား (၁)သည် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံနှစ်ခုတွင်သာ ကျန်ရှိနေကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံတွင်လည်း (၂၀၀၇) ခုနှစ်တွင် ပိုလီယိုဗိုင်းရပ်စ် (wild poliovirus)ကို နောက်ဆုံးတွေ့ရှိခဲ့ပြီး (၂၀၁၄) ခုနှစ်တွင် ဒေသဆိုင်ရာ အသိအမှတ်ပြုကော်မရှင်မှ မြန်မာနိုင်ငံတွင် ပိုလီယိုကင်းစင်ကြောင်း အသိအမှတ်ပြု ကြေငြာနိုင်ခဲ့သည်။

ရောဂါလက္ခဏာများ

ရောဂါပိုးကူးစက်သူအများစုသည် ရောဂါလက္ခဏာမပြသော အခြေအနေမှ သာမန်ရာသီတုပ်ကွေး လက္ခဏာများနှင့် အူလမ်းကြောင်း လက္ခဏာများအပြင် အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးပြီး ခြေ၊ လက်များ ပျော့ခွေသွားသည်အထိ ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ပိုလီယိုပိုးကြောင့် ဦးနှောက်ရောင်ရမ်းသည်အထိ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်သည်။

သာမန်ရာသီတုပ်‌‌‌ကွေးနှင့် အူလမ်းကြောင်းလက္ခဏာများမှာ_

  • ဖျားခြင်း
  • ခေါင်းကိုက်ခြင်း
  • နုံးခြင်း
  • လည်ပင်းနာခြင်း
  • အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ဖြစ်သည်။

အများအားဖြင့် သာမန်ရာသီတုပ်‌ကွေးနှင့် အူလမ်းကြောင်းလက္ခဏာများသည် ရက်အနည်းငယ်အကြာတွင် သက်သာပျောက်ကင်းသည်။ သို့သော် ပိုလီယိုဖြစ်လျှင်မူ ပုံမှန်အတိုင်း သက်သာပျောက်ကင်းမှုမရှိဘဲ ဦးနှောက်အာရုံကြောလက္ခဏာများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။

အကြောသေပျော့ခွေလက္ခဏာများမှာ_

  • အလွန်ခေါင်းကိုက်ခြင်း၊
  • လည်ပင်းကြွက်သားတောင့်တင်းခြင်း၊
  • လက်မောင်း၊ ခြေသလုံးရှိကြွက်သားများ နာကျင်ခြင်း၊ အကြောဆွဲခြင်းနှင့်
  • အထိအတွေ့၊ အလင်းရောင်ကို မခံနိုင်ခြင်းတို့ ဖြစ်သည်။

ထို့ပြင် နောက်ဆုံးတွင် ခြေ၊လက် များသယ်မရခြင်း၊ စကားပြောရန်၊ အစာမျိုချရန်နှင့် အသက်ရှူရန် ခက်ခဲလာပြီး အသက်သေဆုံးနိုင်သည်။

ပိုလီယိုပိုးကြောင့် ဦးနှောက်ရောင်ရမ်းသည့် လက္ခဏာများမှာ_

  • အလွန်အမင်း ပင်ပန်းနုံးချည့်ခြင်း
  • အာရုံစူးစိုက်၍ မရခြင်း
  • ပုံမမှန်အပြုအမူဖြစ်ခြင်းနှင့်
  • တက်ခြင်း စသည်တို့ ဖြစ်သည်။

ဖြစ်နိုင်ခြေများသူများ_

  • ကာကွယ်ဆေးမရရှိထားသူများ
  • ပိုလီယိုရောဂါ မကင်းစင်သေးသောဒေသများတွင် နေထိုင်သူများ၊ ခရီးသွားသူများ
  • သန့်ရှင်းမှု နည်းသောဒေသများတွင် နေထိုင်သူများ၊ ခရီးသွားသူများ
  • အသက် (၅)နှစ်အောက်ကလေးငယ်များ
  • ကိုယ်ဝန်ဆောင်မိခင်များ စသည်တို့သည် ပို၍အဖြစ်များသည်။
နောက်ဆက်တွဲပြဿနာများ

ပိုလီယိုကြောင့် အကြောသေပျော့ခွေလက္ခဏာများ ပြလာပါက တစ်သက်လုံး ခြေ၊လက်လှုပ်ရှားမှုများ အားနည်းသွားတတ်သည်။ အချို့တွင် လတ်တလော အစာမျိုရခက်ခြင်း၊ အသက်ရှူရခက်‌ခြင်းကြောင့် အသက်ရှူစက် အကူအညီဖြင့် အသက်ရှူရသည်အထိ ဆိုးရွားသည်။ အသက်အန္တရာယ်ထိရှိနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါအခြေအနေများသည် အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

ရောဂါနှင့် ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်ခြင်းတို့ပြုလုပ်ပြီး ပိုလီယိုရောဂါ ဟုသံသယရှိပါက သွေးစစ်ခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း နှင့် သံလိုက်ဓာတ်မှန်ရိုက်ခြင်း တို့ကို အခြေအနေအရ ပြုလုပ်နိုင်သည်။ ထို့ပြင် ပိုလီယိုရောဂါပိုးကို ဝမ်းမှတစ်ဆင့် စစ်ဆေးနိုင်သည့်အပြင် ခန္ဓာကိုယ်မှ ထွက်သော အခြားအရည်များ (ဥပမာ တံတွေး၊ သွေး၊ ခါးဆစ်ရိုးကြားမှအရည်-CSF) မှလည်း စစ်ဆေးနိုင်သည်။

ကုသခြင်း

ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ကူးစက်ရောဂါဖြစ်သောကြောင့် သီးခြားကုသရန် ဆေးမရှိသော်လည်း လက္ခဏာများသက်သာစေရန် ကုသပေးနိုင်သည်။ ကောင်းစွာအနားယူခြင်း၊ အကိုက်အခဲပျောက်ဆေး (ပါရာစီတမော) သောက်ခြင်း၊ ကြွက်သားများနာကျင်ပါက ‌ရေနွေးအိတ်ကပ်ခြင်း၊ ကြွက်သားလေ့ကျင့်ခန်းများလုပ်ခြင်းနှင့် အသက်ရှူခက်ခဲသည့် လက္ခဏာများရှိပါက အသက်ရှူစက်တင်ခြင်းစသည့် ကုသမှုများ လိုအပ်နိုင်သည်။ ကျန်ရှိနေသော လှုပ်ရှားမှုပြဿနာများ၊ ခြေ၊ လက်များ ပုံမှန်အနေအထားမရှိခြင်းစသည်တို့ကို လေ့ကျင့်ခန်းများ ပြုလုပ်ပေးနိုင်သည်။

ရုတ်တရက် အကြောသေပျော့ခွေရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာဖြစ်သဖြင့် ရောဂါဖြစ်ပွားနေသည်ဟု သံသယရှိပါက သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြားရန် လိုအပ်သည်။

ကာကွယ်ခြင်း

ကာကွယ်ဆေးတိုက်ကျွေးခြင်းသည် အထိရောက်ဆုံး နှင့် အရေးကြီးဆုံးဖြစ်သည်။ ပိုလီယိုရောဂါ ကာကွယ်ဆေး အမျိုးအစား (၂) မျိုးရှိသည်။ ပိုလီယိုအစက်ချကာကွယ်ဆေး နှင့် ပိုလီယိုကာကွယ်ဆေးထိုးဆေး တို့ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပိုလီယိုကာကွယ်ဆေးထိုးဆေးကို အသက် (၂)လ၊ (၄)လ၊ (၆)လ နှင့် (၁၈)လကြား၊ (၄)နှစ် နှင့် (၆)နှစ် ကြားတွင် တစ်ကြိမ်စီ စုစုပေါင်း လေးကြိမ်ထိုးနှံသည်။ မြန်မာနိုင်ငံတွင်မူ ကာကွယ်ဆေးထိုး စီမံချက်အရ ပိုလီယိုအစက်ချကာကွယ်ဆေးကို ကလေးအသက် (၂)လ၊ (၄)လ၊ (၆)လ တွင် (၃)ကြိမ်တိုက်ကျွေးပြီး ပိုလီယိုကာကွယ်ဆေးထိုးဆေးကို အသက် (၄)လတွင် တစ်ကြိမ်ထိုးနှံသည်။

References:

  1. World Health Organization: WHO. (2023). Poliomyelitis. Retrieved July 23, 2024, from https://www.who.int/news-room/fact-sheets/detail/poliomyelitis#:~:text=Polio%20(poliomyelitis)%20mainly%20affects%20children,their%20breathing%20muscles%20become%20immobilized
  2. Polio. (2024). Cleveland Clinic. Retrieved July 23, 2024, from https://my.clevelandclinic.org/health/diseases/15655-polio
  3. Polio – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 23, 2024, from https://www.mayoclinic.org/diseases-conditions/polio/symptoms-causes/syc-20376512

Published: 30 August 2024

Share

30 August 2024
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.