Gastroesophageal Reflux Disease (GERD) (စားချဉ်ပြန်ရောဂါ)

Gastroesophageal Reflux Disease (GERD) (စားချဉ်ပြန်ရောဂါ)

စားချဉ်ပြန်ရောဂါ (GERD) ဆိုသည်မှာ အစာအိမ်မှ ထုတ်ပေးသော အစာခြေရည်အက်ဆစ်သည် အစာရေမျိုပြွန် (Oesophagus) အတွင်းသို့ ထပ်ခါတလဲလဲ ဆန်တက်သောကြောင့် အစာမကြေခြင်း၊ ရင်ပူခြင်းကို ဖြစ်ပေါ်စေသောရောဂါဖြစ်သည်။ အစာအိမ်အချဉ်ပြန်တက်ခြင်း၊ အက်ဆစ်ရည်ပြန်တက်ခြင်းဟုလည်း လူသိများသည်။ လူတိုင်းနီးပါးသည် အခါအားလျော်စွာ အစာအိမ်အက်ဆစ်ရည် ပြန်ဆန်တက်ခြင်း (Acid reflux) ကို ကြုံတွေ့ဖူးကြသည်။ သို့သော် အချို့သူများတွင် တစ်ပတ်လျှင် နှစ်ကြိမ်ထက်ပို၍ဖြစ်လာပြီး အချိန်ကာလကြာမြင့်စွာ ဖြစ်လာသောအခါ အစာရေမျိုပြွန် အတွင်းနံရံရှိ တစ်ရှူးများကို ထိခိုက်ရောင်ရမ်းကာ စားချဥ်ပြန်ရောဂါ ဖြစ်ပေါ်လာသည်။ လူအများစုတွင် လူနေမှုပုံစံပြောင်းလဲခြင်းနှင့် ဆေးဝါးများ သောက်သုံးခြင်းဖြင့် စားချဉ်ပြန်ရောဂါကို ကုသနိုင်သော်လည်း အချို့ရှားပါးသည့် အခြေအနေများတွင် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။

GERD image 1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အစာရေမျိုပြွန်၏ အောက်ခြေရှိ စက်ဝိုင်းပုံကြွက်သားသည် ပုံမှန်အားဖြင့် ညှစ်ထားသော်လည်း အစာမျိုချသည့်အခါတွင် အစာနှင့်အရည်များ အစာအိမ်ထဲသို့ ဝင်ရောက်နိုင်စေရန် ခေတ္တပြေလျော့သွားသည်။ ထို့နောက် အစာအိမ်အတွင်းသို့ ရောက်ရှိပြီးသော အစာများ အထက်သို့ပြန်မတက်စေရန် ယင်းကြွက်သားသည် ညှစ်အားဖြင့် ပြန်၍ပိတ်လိုက်သည်။

အဆိုပါ ကြွက်သားစုအားနည်းခြင်း သို့မဟုတ် ပုံမှန်ပြေလျော့သင့်သည့် အချိန်မဟုတ်ဘဲ ပြေလျော့ခြင်းတို့ကြောင့် အစာခြေအက်ဆစ်များသည် အစာရေမျိုပြွန်ထဲသို့ ပြန်ဆန်တက်လာပြီး အချိန်ကြာလာသောအခါ အစာရေမျိုပြွန်အတွင်းနံရံကို ထိခိုက်ရောင်ရမ်းခြင်း ဖြစ်ပေါ်လာသည်။

စားချဥ်ပြန်ရောဂါ ဖြစ်နိုင်ခြေများသော အခြေအနေများမှာ_

  • ရင်ခေါင်းနှင့်ဝမ်းခေါင်းခြား ကြွက်သားပြင်နေရာ၌ အစာအိမ်ကျွံခြင်း (Hiatal hernia)
  • အဝလွန်ခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • တွယ်ဆက်တစ်ရှူးဆိုင်ရာ ရောဂါများ (Connective tissue disorders) (ဥပမာ – Scleroderma)
  • အစာခြေချိန်ကြာခြင်း (Delayed stomach emptying) တို့ဖြစ်သည်။

စားချဥ်ပြန်ရောဂါကို ပိုမိုဆိုးရွားစေနိုင်သော အချက်များမှာ_

  • ဆေးလိပ်သောက်ခြင်း
  • အစာများများ စားခြင်း (Large meals)
  • ညအိပ်ရာဝင်ခါနီး အစာစားခြင်း
  • အချို့သော အစားအသောက်များ (ဥပမာ _ ကော်ဖီ၊ ချော့ကလက်၊ အဆီများသော သို့မဟုတ် ဆီနှင့်ကြော်ထားသောအစားအစာများ)
  • အရက်သောက်ခြင်း
  • အချို့သောဆေးဝါးများ
    • အိပ်ဆေးများ (Benzodiazepines)
    • စိတ်ကျရောဂါကုသဆေးဝါးများ (Tricyclic Antidepressants)
    • စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ – (NSAIDs – အက်စ်ပရင်၊ အိုင်ဗျူပရိုဖဲင်)
    • သွေးတိုးရောဂါ ကုသဆေးများ (Calcium Channel Blockers)
    • ပန်းနာရင်ကျပ် ကုသဆေးဝါးများ (Theophyllines)
    • အရိုးပွရောဂါ ကုသဆေးဝါးများ (Bisphosphonates) တို့ဖြစ်ကြသည်။
GERD image 2
ရောဂါလက္ခဏာများ

အဖြစ်များသော ရောဂါလက္ခဏာများမှာ_

  • ရင်ပူခြင်း (အစာစားပြီးနောက်ဖြစ်ပေါ်လေ့ရှိပြီး၊ ညအချိန်များ သို့မဟုတ် လဲလျောင်းသောအခါ ပိုမိုဆိုးရွားနိုင်သည်)
  • လည်ချောင်းအတွင်း အစားအစာ သို့မဟုတ် အစာချဉ်ရည် ပြန်ဆန်တက်ခြင်း
  • ဝမ်းဗိုက်အပေါ်ပိုင်း သို့မဟုတ် ရင်ညွန့်နေရာ၌ အောင့်ခြင်း၊ နာခြင်း
  • အစာမျိုချရခက်ခဲခြင်း
  • လည်ပင်းတွင် အလုံးအကျိတ်ရှိသကဲ့သို့ ခံစားရခြင်း
  • လည်ချောင်းနာခြင်း

အကယ်၍ ညအချိန် အစာခြေရည်အက်ဆစ် ပြန်ဆန်တက်ပါက_

  • အဆက်မပြတ် ချောင်းဆိုးခြင်း
  • အသံအိုးများ ရောင်ရမ်းခြင်း
  • ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပေါ်ခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

ကာလကြာရှည်စွာ အစာရေမျိုပြွန် ရောင်ရမ်းလာခြင်းကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • အစာရေမျိုပြွန် ရောင်ရမ်းခြင်း
    • အစာခြေအက်ဆစ်များသည် အစာရေမျိုပြွန်အတွင်းရှိ တစ်ရှူးများကို ပျက်စီးစေနိုင်ပြီး ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်း၊ အနာဖြစ်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်
  • အစာရေမျိုပြွန် ကျဉ်းသွားခြင်း
    • အစာခြေအက်ဆစ်ကြောင့် အစာရေမျိုပြွန်အောက်ပိုင်း ထိခိုက်ပျက်စီး၍ အမာရွတ်တစ်ရှူးများဖြစ်ပေါ်ကာ အစာဖြတ်သန်းရာလမ်းကြောင်းကို ကျဥ်းစေသောကြောင့် အစာမျိုချရာတွင် အခက်အခဲဖြစ်စေနိုင်သည်
  • အစာရေမျိုပြွန် ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာခြင်း
    • အစာခြေအက်ဆစ်များ အချိန်ကြာမြင့်စွာ ပြန်ဆန်တက်ခြင်းကြောင့် ရောင်ရမ်းမှုများ ကြာရှည်စွာဖြစ်ပေါ်သဖြင့် အစာရေမျိုပြွန်အောက်ပိုင်း အတွင်းနံရံရှိ တစ်ရှူးများသည် အူလမ်းကြောင်းဆဲလ်များကဲ့သို့ ပြောင်းလဲသွားသောအခြေအနေ (Barrett’s esophagus) ဖြစ်ပေါ်လာသည်၊ ဤအခြေအနေသည် အစာရေမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်လာစေသည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင် ဖော်ပြထားသော စားချဉ်ပြန်ရောဂါလက္ခဏာများကို ပြင်းထန်စွာခံစားရလျှင် သို့မဟုတ် မကြာခဏခံစားရခြင်း၊ ရင်ပူသောကြောင့် အစာအိမ်ဆေးများကို တစ်ပတ်လျှင် နှစ်ကြိမ်ထက်ပို၍ သောက်နေရခြင်းတို့ ဖြစ်ပေါ်လျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသကုသမှုခံယူရန် လိုအပ်သည်။ ထို့အပြင် လိုအပ်ပါက အစာအိမ်မှန်ပြောင်းကြည့်ခြင်း၊ အထူးကုဆရာဝန်များထံသို့ လွှဲပြောင်းကုသခြင်းများ ဆက်လက်ပြုလုပ်နိုင်သည်။

ရောဂါရှာဖွေခြင်း

စားချဉ်ပြန်ရောဂါ ရှာဖွေရန် ရောဂါလက္ခဏာများကို သေချာစွာ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ စားချဥ်ပြန်ရောဂါ၏ အဖြစ်များသော ပုံမှန်လက္ခဏာများ သေချာလျှင် ရောဂါရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရန်မလိုဘဲ ကုသမှုကိုစတင်နိုင်သည်။ သို့ရာတွင် ရောဂါရှာဖွေစစ်ဆေးမှုများကို ပြုလုပ်ရန် လိုအပ်သည့် အခြေအနေများမှာ_

  • စားချဥ်ပြန်ရောဂါ၏ ပုံမှန်ဖြစ်နေကျလက္ခဏာများ မဟုတ်ခဲ့လျှင်
  • ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရလျှင်
  • ဆေးဝါးများဖြင့် ကုသသော်လည်း ရောဂါလက္ခဏာများ မသက်သာလျှင်
  • ခွဲစိတ်ကုသမှုခံယူရန် လိုအပ်လျှင် စသည့်အခြေအနေများတွင် စစ်ဆေးနိုင်သည်။

စားချဥ်ပြန်ရောဂါ သေချာစေရန်နှင့် နောက်ဆက်တွဲပြဿနာများကို စစ်ဆေးရန် အောက်ဖော်ပြပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

  • အစာအိမ်မှန်ပြောင်းကြည့်ခြင်း (Upper Gastrointestinal Endoscopy)
    အစာအိမ်မှန်ပြောင်းကြည့်ခြင်းသည် အဓိကကျသော စစ်ဆေးမှုနည်းလမ်းဖြစ်သည်။ အစာအိမ်မှန်ပြောင်းကြည့်ခြင်းဖြင့် အစာရေမျိုပြွန် ရောင်ရမ်းခြင်း၊ ဒဏ်ရာရခြင်း၊ ကင်ဆာဖြစ်ခြင်းတို့ကို သိရှိနိုင်သည့်အပြင် စားချဥ်ပြန်‌ရောဂါလက္ခဏာများနှင့် ဆင်တူသော အခြားအစာအိမ်နှင့် အူလမ်းကြောင်းအပေါ်ပိုင်းရှိ ရောဂါများနှင့် နောက်ဆက်တွဲပြဿနာများကိုလည်း သိရှိနိုင်သည်။ အစာအိမ်မှန်ပြောင်း ကြည့်ရှုစစ်ဆေးရန် လိုအပ်သည့်အခြေအနေများမှာ _
    • အသက် (၅၀) နှစ်နှင့်အထက်တွင် အစာမကြေသည့် လက္ခဏာများကို စတင်ခံစားရခြင်း
    • အစာမျိုရခက်ခဲခြင်း
    • ကိုယ်အလေးချိန်ကျခြင်း
    • အစားအသောက်ပျက်ခြင်း
    • သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း
    • သွေးအားနည်းခြင်းတို့ ဖြစ်ကြသည်။
  • အစာ‌ရေမျိုပြွန်အတွင်းရှိ အက်ဆစ်ပမာဏကို တိုင်းတာခြင်း (Esophageal pH test)
  • ဘေရီယမ်ဆေးရည် (Barium) မျိုချ၍ အစာရေမျိုပြွန်ကို ဓာတ်မှန်ရိုက်စစ်ဆေးခြင်း (Esophagram – fluoroscopy of esophagus)
  • အစာရေမျိုပြွန်အတွင်းရှိ ကြွက်သားလှုပ်ရှားမှုကို တိုင်းတာခြင်း (Esophageal manometry)
ကုသခြင်း

စားချဥ်ပြန်ရောဂါကို ကုသရာတွင် အစာခြေအက်ဆစ် ပြန်ဆန်တက်မှုကို လျှော့ချရန်နှင့် အက်ဆစ်ရည်များကြောင့် အစာရေမျိုပြွန် အတွင်းနံရံ ထိခိုက်မှုကို လျော့နည်းစေရန် ရည်ရွယ်၍ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကုသနိုင်သည်။

  • နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း
  • ဆေးဝါးများဖြင့် ကုသခြင်း
  • ခွဲစိတ်ကုသခြင်းတို့ ဖြစ်ကြသည်။
နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း
  • အစာခြေအက်ဆစ် ပြန်တက်ခြင်းကို အားပေးသော အစားအသောက်များ (ဥပမာ _ ကော်ဖီ၊ ချောကလက်၊ အဆီများသော အစားအစာများ) ကို ရှောင်ပါ
  • ကိုယ်အလေးချိန်လျှော့ချပါ
  • အရက်သောက်ခြင်းကို ရှောင်ရှားပါ
  • ဆေးလိပ်ဖြတ်ပါ
  • အစာစားရာတွင် တစ်ကြိမ်တည်းတွင် အလွန်အကျွံမစားဘဲ နည်းနည်းချင်းစီ စားပါ
  • အစာကို ဖြည်းညင်းစွာစား၍ သေချာဝါးစားပါ
  • ပူစပ်သော၊ အချဉ်ဓာတ်များသော အစားအစာများကို ရှောင်ပါ
  • အစာစားပြီးပြီးချင်း လှဲလျောင်းခြင်း မပြုလုပ်ရပါ၊ အစာစားပြီးနောက် အနည်းဆုံး (၃) နာရီ အကြာမှသာ လှဲလျောင်းခြင်း သို့မဟုတ် အိပ်ရာဝင်ခြင်း ပြုလုပ်ပါ
  • အိပ်ရာဝင်သည့်အခါ ခန္ဓာကိုယ်၏ ဘယ်ဘက်သို့စောင်း၍ စတင်လှဲလျောင်းပါ
  • အိပ်ရာ၏ ခေါင်းရင်းကို (၆) လက်မ မှ (၉) လက်မခန့် မြှင့်တင်ထားပါ၊ ခုတင်ခေါင်းရင်းကို မမြှင့်တင်နိုင်လျှင် ခန္ဓာကိုယ်အပေါ်ပိုင်း (ဦးခေါင်းအပါအဝင် ခါးအထက်ပိုင်း) ကို အရာဝတ္ထုတစ်ခုခုခံ၍ မြှင့်တင်ပေးပါ
  • စိတ်ဖိစီးမှု လျှော့ချပါ
ဆေးဝါးများဖြင့် ကုသခြင်း

အောက်ပါဆေးဝါးများကို အသုံးပြုနိုင်သည်။

  • အစာ‌ရေမျိုပြွန်နှင့် အစာအိမ်မှ အက်ဆစ်များကို ဓာတ်ပြယ်စေသော ဆေးဝါးများ (Antacids)
  • အစာအိမ်အတွင်းမှ အက်ဆစ်ကို လျော့နည်းစေသော ဆေးဝါးများ (H2 ဟစ်စ်တမင်း ဆန့်ကျင်ဆေး – H2 blockers )
    • Cimetidine
    • Famotidine
  • အစာအိမ်အက်ဆစ်ထွက်ရန် လိုအပ်သော အင်ဇိုင်းစနစ်ကို ပိတ်သော ဆေးဝါးများ (Proton-pump inhibitors – PPI)
    • Esomeprazole
    • Lansoprazole / dexlansoprazole
    • Omeprazole
    • Pantoprazole
    • Rabeprazole
  • အစာခြေလမ်းကြောင်းလှုပ်ရှားမှု ကောင်းစေသော ဆေးဝါးများ (Prokinetics)
    • Metoclopramide
    • Domperidone
    • Erythromycin
  • အစာအိမ်အက်ဆစ်ကို လျင်မြန်စွာ ဟန့်တားပေးနိုင်သော ဆေးဝါးများ (P-CABs)
    • Vonoprazan (အခြားသော ဆေးဝါးများဖြင့် မသက်သာသော ပြင်းထန်သည့် အစာခြေအက်ဆစ် ပြန်တက်ခြင်းအတွက် အသုံးပြုနိုင်သည်)
    ခွဲစိတ်ကုသခြင်း

    အထက်တွင်ဖော်ပြထားသော ဆေးဝါးများဖြင့် ရောဂါလက္ခဏာများ မသက်သာလျှင် သို့မဟုတ် ဆေးဝါးများကို ကာလကြာရှည်စွာ မသောက်သုံးလိုပါက ဆရာဝန်များနှင့် တိုင်ပင်၍ မှန်ပြောင်းကို အသုံးပြုကာ အောက်ဖော်ပြပါ ခွဲစိတ်ကုသမှုနည်းလမ်းများဖြင့် ကုသနိုင်သည်။

    • Fundoplication – အစာရေမျိုပြွန်နှင့် အစာအိမ်အပေါ်ပိုင်းကို တွဲချုပ်ပေးခြင်း (ဝမ်းဗိုက်ဖွင့်၍  ခွဲစိတ်ခြင်း ပြုလုပ်နိုင်သကဲ့သို့ မှန်ပြောင်းထည့်၍ ခွဲစိတ်ကုသခြင်းလည်း ပြုလုပ်နိုင်သည်) 
    • LINX device -အစာခြေအက်ဆစ် ပြန်တက်ခြင်းကို ကာကွယ်နိုင်ရန် သံလိုက်ကွင်းငယ်များဖြင့် အစာရေမျိုပြွန်အောက်ပိုင်းကို ထိန်းချုပ်ခြင်း 
    • Transoral incisionless fundoplication – ခွဲစိတ်ရန်မလိုဘဲ ပါးစပ်နှင့် အစာရေမျိုပြွန်မှတစ်ဆင့် မှန်ပြောင်းထည့်၍ တွဲချုပ်ပေးခြင်း 
    ကာကွယ်ခြင်း

    အထက်တွင်ဖော်ပြခဲ့သော နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း နည်းလမ်းများကို လိုက်နာခြင်းဖြင့် အက်ဆစ်ပြန်ဆန်တက်နှုန်းနှင့် စားချဥ်ပြန်ရောဂါဖြစ်ပွါးမှုကို လျော့နည်းစေနိုင်သည်။

    References:

    1. Mayo Clinic. (n.d.). Gastroesophageal reflux disease (GERD): Symptoms and causes. Retrieved May 5, 2026, from https://www.mayoclinic.org/diseases-conditions/gerd/symptoms-causes/syc-20361940
    2. Mayo Clinic. (n.d.). Gastroesophageal reflux disease (GERD): Diagnosis and treatment. Retrieved May 5, 2026, from https://www.mayoclinic.org/diseases-conditions/gerd/diagnosis-treatment/drc-20361959
    3. Cleveland Clinic. (n.d.). Acid reflux & GERD. Retrieved May 5, 2026, from https://my.clevelandclinic.org/health/diseases/17019-acid-reflux-gerd
    4. WebMD. (n.d.). GERD (acid reflux) overview. Retrieved May 5, 2026, from https://www.webmd.com/heartburn-gerd/reflux-disease-gerd-1
    5. Medical News Today. (n.d.). GERD (acid reflux) symptoms, causes, and treatment. Retrieved May 5, 2026, from https://www.medicalnewstoday.com/articles/14085

    Published: 5 June 2026

    Share

    26 May 2026
    Medically reviewed:

    Terms of use:
    ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
    သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

    Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.