Congenital diaphragmatic hernia (ရင်ဝမ်းခြားကြွက်သားကိုဖြတ်၍ မွေးရာပါအူကျွံခြင်း)

Congenital diaphragmatic hernia (ရင်ဝမ်းခြားကြွက်သားကိုဖြတ်၍ မွေးရာပါအူကျွံခြင်း)

သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွင် ရင်ခေါင်းနှင့်ဝမ်းဗိုက်အား ခြားထားသည့် ရင်ဝမ်းခြားကြွက်သားပြား (Diaphragm) ဖွံ့ဖြိုးမှုမမှန်ခြင်းကြောင့် ကြွက်သားတွင် အပေါက်ငယ်များ ကျန်ရှိနိုင်သည်။ အပေါက်များသည် ကြွက်သားပြား၏ လက်ယာ၊ လက်ဝဲ နှစ်ဖက်လုံးတွင် ရှိနိုင်သော်လည်း လက်ဝဲဘက်တွင် ပို၍အဖြစ်များသည်။ ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများ (အူ၊ အစာအိမ်၊ အသည်း စသည်တို့) သည် အဆိုပါအပေါက်များကို ဖြတ်သန်း၍ ရင်ခေါင်းတွင်းသို့ ကျွံဝင်နိုင်သည်။ ကျွံဝင်သည့် ကိုယ်တွင်းအင်္ဂါများကြောင့် အဆုတ်ကြီးထွားမှု ထိခိုက်သဖြင့် မွေးဖွားပြီးချိန်တွင် ကလေးငယ်၌ အသက်ရှူခက်ခဲမှု ရှိနိုင်သည်။ မွေးရာပါအူကျွံခြင်းကို စောစီးစွာ သိရှိရန်လိုပြီး မွေးကင်းစအရွယ်တွင် အရေးပေါ် ခွဲစိတ်ကုသရန်လိုသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မွေးရာပါ ရင်-ဝမ်းခြားကြွက်သားကိုဖြတ်၍ အူကျွံခြင်းကို ဖြစ်စေသည့် အကြောင်းရင်းအတိအကျကို မသိရှိနိုင်သော်လည်း အချို့သော မျိုးဗီဇပြောင်းလဲချွတ်ယွင်းမှုများနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရသည်။ အချို့တွင် အူကျွံခြင်းနှင့် ယှဉ်တွဲလျက် မွေးရာပါ နှလုံး၊ မျက်လုံး၊ လက်ချောင်း၊ အစာအိမ်အူလမ်းကြောင်း ချွတ်ယွင်းချက်များကို တွေ့ရှိနိုင်သည်။

ရင်ဝမ်းခြားကြွက်သားအပေါက်၏ တည်နေရာပေါ် မူတည်ပြီး မွေးရာပါ အူကျွံခြင်း (၂) မျိုးရှိသည်။

  1. ဘောဒဲလက်ခ် အမျိုးအစား အူကျွံခြင်း (Bochdalek hernia)
    ရင်-ဝမ်းခြားကြွက်သား၏ အနောက်ဘက်နှင့် ဘေးဘက်ရှိ အပေါက်ကိုဖြတ်၍ ကျွံခြင်းဖြစ်ပြီး အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်သည်။ အူကျွံခြင်းအားလုံး၏ (၉၀%) သည် ဤအမျိုးအစားဖြစ်သည်။
  2. မော်ဂါနီ အမျိုးအစား အူကျွံခြင်း (Morgagni hernia)
    ရင်ဝမ်းခြားကြွက်သား၏ အရှေ့ဘက်ရှိ အပေါက်ကိုဖြတ်၍ အူကျွံခြင်းဖြစ်ပြီး အဆုတ်ဖွံ့ဖြိုးမှုထိခိုက်ခြင်း နည်းပါးသည်။
ရောဂါလက္ခဏာများ

ရင်ဝမ်းခြားကြွက်သားကိုဖြတ်၍ မွေးရာပါအူကျွံခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာများကို အောက်ပါအတိုင်း တွေ့နိုင်သည်။

ကိုယ်ဝန်ဆောင်ကာလ အာထရာဆောင်း (USG) တွင် တွေ့နိုင်သော လက္ခဏာများ
  • ရေမြွှာရည် အလွန်များခြင်း
  • နှလုံးသည် ဘေးဘက်သို့ရွေ့နေခြင်း
  • အဆုတ် ကောင်းစွာဖွံ့ဖြိုးမှု မရှိခြင်း
  • ရင်ခေါင်းပုံသဏ္ဌာန် မမှန်ခြင်း (ဥပမာ _ ဝမ်းခေါင်းမှ ကိုယ်တွင်းအင်္ဂါများ ရင်ဘတ်ထဲသို့ ရောက်နေခြင်း)
မွေးကင်းစကလေးများတွင် အတွေ့ရအများဆုံး လက္ခဏာများ

ရင်ဝမ်းခြားကြွက်သားအပေါက်၏ အရွယ်အစားနှင့် အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်သည့် ပမာဏပေါ်တွင် မူတည်သည်။

  • မွေးပြီးလျှင်ပြီးချင်း သို့မဟုတ် မွေးပြီးမကြာမီတွင် အလွန်အမင်း အသက်ရှူခက်ခဲလာခြင်း
  • အရေပြား၊ နှုတ်ခမ်း သို့မဟုတ် လက်သည်းများ ပြာနှမ်းခြင်း
  • အသက်ရှူမြန်ခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း
  • ဝမ်းဗိုက်ချိုင့်ဝင်နေခြင်းနှင့် ရင်ဘတ်ဖောင်းနေခြင်း (ဝမ်းဗိုက်တွင်းမှ ကိုယ်တွင်းအင်္ဂါများ ရင်ခေါင်းထဲသို့ ရောက်နေခြင်းကြောင့်ဖြစ်သည်)
  • နားကြပ်ဖြင့် နားထောင်ပါက ကိုယ်တွင်းအင်္ဂါများ ကျွံဝင်နေသည့်ဘက်ရှိ အဆုတ်တွင် လေဝင်သံတိုးခြင်း သို့မဟုတ် မကြားရခြင်း၊ ရင်ဘတ်တွင်း၌ အူလှုပ်ရှားသံများ ကြားရခြင်း

အူကျွံခြင်း အရွယ်အစားသေးငယ်သော ကလေးများတွင် အောက်ပါရောဂါလက္ခဏာများကို နောက်ကျ၍ တွေ့ရတတ်သည်။

  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ မကြာခဏဖြစ်ပေါ်ခြင်း
  • အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်ပေါ် ခြင်း (ဥပမာ _ အန်ခြင်း၊ အစာစားရခက်ခဲခြင်း)
  • ကြီးထွားမှုနှေးကွေးခြင်း သို့မဟုတ် ကိုယ်အလေးချိန် တိုးတက်မှုမရှိခြင်း
နောက်ဆက်တွဲပြဿနာများ

ရင်ဝမ်းခြားကြွက်သားကိုဖြတ်၍ မွေးရာပါအူကျွံသော က‌လေးအများစုသည် အဆုတ်သေးငယ်၍ ကောင်းစွာမဖွံ့ဖြိုးသောကြောင့်

  • သွေးတွင်းအောက်ဆီဂျင်ပမာဏ နည်းခြင်း _ အထူးသဖြင့် ဦးနှောက်နှင့်နှလုံးသို့ အောက်ဆီဂျင်လျော့နည်းပါက လုပ်ဆောင်ချက်များကို ထိခိုက်ပျက်စီးစေနိုင်သည်
  • အဆုတ်သွေးလွှတ်ကြောတွင်း သွေးပေါင်ချိန်မြင့်မားခြင်း _ နှလုံးကို ဖိအားသက်ရောက်စေပြီး
  • နှလုံးလုပ်ငန်းပျက်စီးနိုင်သည်
  • အဆုတ်ပိုးဝင်ရောင်ရမ်းခြင်း _ နာတာရှည် အဆုတ်ထိခိုက်ခြင်းကြောင့် ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်ပြီး အဆုတ်ရောင်ရမ်းစေနိုင်သည်
  • အစာကျွေးရန်၊ နို့စို့ရန် ခက်ခဲခြင်း _ ဝမ်းဗိုက်တွင်းရှိ ကိုယ်တွင်းအင်္ဂါများအပေါ် ဖိအားသက်‌ရောက်မှုကြောင့် ဖြစ်နိုင်သည်၊ အဆိုပါကလေးများသည် အစာကျွေးရာတွင် နှာခေါင်းပိုက်ကို ရေရှည်အသုံးပြုရခြင်းနှင့် ကြီးထွားမှု နှောင့်နှေးခြင်းများ ဖြစ်နိုင်သည်
  • ကလေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း _ ဦးနှောက်သို့ အောက်ဆီဂျင်ရရှိမှု နည်းပါးခြင်းကြောင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျနိုင်သည်၊ ရုပ်ပိုင်းဆိုင်ရာ၊ စကားပြောခြင်းဆိုင်ရာနှင့် နေ့စဉ်လှုပ်ရှားမှု စွမ်းရည်ဆိုင်ရာ ကုသမှုများ လိုအပ်နိုင်သည်
  • အကြားအာရုံဆုံးရှုံးခြင်း _ မွေးရာပါ ရင်ဝမ်းခြားကြွက်သားကိုဖြတ်၍ အူကျွံခြင်းနှင့် အကြားအာရုံဆုံးရှုံးခြင်း ဆက်စပ်မှုအကြောင်းရင်းကို သေချာမသိရသေးပါ
ဆေးရုံ၊ ဆေးခန်းပြသရန်

ကိုယ်ဝန်ဆောင်ကာလ သန္ဓေသားစစ်ဆေးမှုများအတွင်း ဤမွေးရာပါ အူကျွံခြင်းကို သိရှိပြီးဖြစ်ပါက ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်နှင့် ကလေးမမွေးဖွားမီတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်။ ကလေးအထူးကုဆရာဝန်များ၊ ကလေးခွဲစိတ်အထူးကုဆရာဝန်များ၊ သားဖွားမီးယပ် အထူးကုဆရာဝန်များ စသူတို့ပူးပေါင်း၍ မွေးဖွားမည့်အချိန်၊ မွေးဖွားရန်နည်းလမ်း၊ မွေးဖွားပြီးချိန်တွင် ပြုစုစောင့်ရှောက်ခြင်းများ၊ ခွဲစိတ်ကုသခြင်းများကို ကြိုတင်ပြုဆင်မှုများ ပြုလုပ်ထားရမည်။ မမွေးဖွားမီ ကြိုတင်သိရှိထားခြင်းမရှိဘဲ မွေးဖွားချိန်တွင်မှ သိရှိပါကလည်း ကလေးကို ဆေးရုံသို့ အချိန်မီပြသ၍ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ရင်ဝမ်းခြားကြွက်သားကိုဖြတ်၍ မွေးရာပါအူကျွံခြင်းကို ကိုယ်ဝန်ဆောင်ကာလတွင် အောက်ပါစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ကြိုတင်၍ သိရှိနိုင်သည်။

  1. အာထရာဆောင်း (USG) ရိုက်ခြင်း _ ရင်ဝမ်းခြားကြွက်သားကိုဖြတ်၍ မွေးရာပါအူကျွံခြင်းနှင့် အခြားသောကိုယ်တွင်းပြဿနာများကို သိရှိနိုင်သည်
  2. သန္ဓေသားကို သံလိုက်ဓာတ်မှန် (Fetal MRI) ရိုက်ခြင်း _ ရင်ခေါင်းနှင့်ဝမ်းဗိုက် အခြေအနေ၊ အဆုတ်အရွယ်အစား စသည်ကို သေချာစွာသိနိုင်ခြင်းကြောင့် အူကျွံခြင်း၏ ပြင်းထန်မှုကို ခန့်မှန်းနိုင်သည်
  3. သန္ဓေသားကို အသံလှိုင်းသုံး နှလုံးပုံဖော်စက် (Fetal echocardiogram) ဖြင့် စစ်ဆေးခြင်း _ သန္ဓေသား၏ နှလုံးတွင် ချို့ယွင်းချက် ရှိမရှိ စစ်ဆေးရန် အသုံးပြုသည်။

သက်ဆိုင်ရာဆရာဝန်များမှ စမ်းသပ်စစ်ဆေးမှုရလဒ်များကို အတူတကွသုံးသပ်ဆွေးနွေးပြီး တွေ့ရှိချက်များနှင့် ကုသမှုများကို မိခင်အား ရှင်းပြမည်ဖြစ်သည်။

ရင်ဝမ်းခြားကြွက်သားကိုဖြတ်၍ မွေးရာပါအူကျွံခြင်းကို ကလေးမွေးဖွားပြီးချိန်မှ သိရှိပါက အောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

  1. ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း _ အဆုတ်၊ ရင်ဝမ်းခြား ကြွက်သားနှင့် အူများ၏ အနေအထားကို သိရှိနိုင်သည်
  2. အသံလှိုင်းသုံး နှလုံးပုံဖော်စက် (Echocardiogram) ဖြင့် စစ်ဆေးခြင်း _ သန္ဓေသား၏ နှလုံးတွင် ချို့ယွင်းချက် ရှိမရှိကို သိနိုင်သည်
  3. သွေးစစ်ဆေးခြင်း (Arterial Blood Gas – ABG) _ သွေးထဲရှိ အောက်ဆီဂျင်ပမာဏကို အတိအကျသိနိုင်သည်
  4. မျိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း (Genetic test) _ အခြားသော မျိုးဗီဇအခြေအနေများကို သိနိုင်သည်။
ကုသခြင်း

ကိုယ်ဝန်ဆောင်ကာလ ကုသမှုတွင် အောက်ပါတို့ပါဝင်သည်။

  • သန္ဓေသားအခြေအနေ စောင့်ကြည့်ခြင်း
    • ကိုယ်ဝန်ဆောင်ကာလ ကုသမှုတွင် သန္ဓေသား၏ အဆုတ်အရွယ်အစား၊ နှလုံးအခြေအနေနှင့် အူကျွံခြင်းပြင်းထန်မှု စသည်တို့ကို ပုံမှန်စစ်ဆေးစောင့်ကြည့်သည်
  • သန္ဓေသားခွဲစိတ်ကုသမှု
    • တိုးတက်သော နိုင်ငံအချို့၌ သန္ဓေသား ဘဝတွင် ခွဲစိတ်ပြုပြင်မှုများ ပြုလုပ်နိုင်သည်
    • အူကျွံခြင်းအခြေအနေပေါ် မူတည်၍ အဆုတ်ကောင်းစွာဖွံ့ဖြိုးစေရန် သန္ဓေသား၏ လည်ပြွန်တွင်းသို့ သေးငယ်သောဘောလုံးကို ထည့်သွင်းကုသသည့် ခွဲစိတ်မှု (Fetoscopic endoluminal tracheal occlusion) ကို ပြုလုပ်နိုင်သည်
    • သို့သော် အမြွှာကိုယ်ဝန်ဖြစ်ခြင်း၊ သန္ဓေသားတွင် အူကျွံခြင်းနှင့်အတူ အခြားချို့ယွင်းချက်များပါရှိနေခြင်းနှင့် ခွဲစိတ်မှုခံယူရန်အတွက် မိခင်ကျန်းမာရေးအခြေအနေ ကောင်းမွန်မှုမရှိပါက ဤခွဲစိတ်မှုမျိုး ပြုလုပ်ရန် မသင့်ပါ

မွေးဖွားပြီးချိန် ကုသမှုတွင် အောက်ပါတို့ပါဝင်သည်။

  • ခွဲစိတ်ကုသရန် ကြိုတင်ပြင်ဆင်ခြင်း
    • ခွဲစိတ်ကုသမှု အချိန်မီပြုလုပ်နိုင်ရန်နှင့် လိုအပ်သောကုသမှုများပေးနိုင်ရန် မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်ရှိသော ဆေးရုံတွင် မွေးဖွားရန်လိုသည်
    • အဆုတ်ကောင်းစွာ ဖွံ့ဖြိုးမှုမရှိသော ကလေးများကို မွေးပြီးလျှင်ပြီးချင်း အသက်ရှူပိုက်ထည့်၍ စက်အကူအညီဖြင့် အသက်ရှူစေခြင်း၊ ရင်ဘတ်တွင်းရှိ ကိုယ်တွင်းအင်္ဂါများ၏ ဖိအားလျော့နည်းစေရန် နှာခေါင်းပိုက်ထည့်ခြင်း၊ နှလုံးနှင့်ဦးခေါင်း အာထရာဆောင်းရိုက်ခြင်း စသည်တို့ပြုလုပ်၍ အခြေအနေတည်ငြိမ်သည်နှင့်တစ်ပြိုင်နက် ခွဲစိတ်မှု ပြုလုပ်ရန်လိုသည်
  • ခွဲစိတ်ကုသခြင်း
    • ခွဲစိတ်မှုသည် ရင်ဘတ်တွင်း‌ရောက်နေသော ကိုယ်တွင်းအင်္ဂါများကို ဝမ်းဗိုက်အတွင်းပြန်ထည့်၍ အပေါက်ကို ပိတ်ခြင်းဖြစ်သည်
    • ရင်ဝမ်းခြားကြွက်သားတွင် ကျွံဝင်သောအပေါက်သည် အရွယ်အစားသေးငယ်ပါက ချုပ်ကြိုးဖြင့် အပေါက်ကို ဆွဲချုပ်၍ပိတ်သည်
    • ကျွံဝင်သော အပေါက်အရွယ်အစား ကြီးပါက စကာ(mesh) ကို အသုံးပြု၍ပိတ်သည်။
  • ခွဲစိတ်ပြီးချိန်ကုသမှုတွင် အောက်ပါတို့ပါဝင်သည်
    • ခွဲစိတ်ကုသမှုအပြီးတွင် အထူးကြပ်မတ်ကုသဆောင်၌ ဆေးရုံတင်ကုသရန် လိုအပ်သည်
    • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းနှင့် အသံလှိုင်းသုံး နှလုံးပုံဖော်စက်ဖြင့် စစ်ဆေးခြင်းဖြင့် အနေအထား မှန်မမှန် စစ်ဆေးသည်
    • ကိုယ်တွင်းအင်္ဂါများသည် နေရာမှန်ဖြစ်သော ဝမ်းဗိုက်အတွင်း ရောက်ရှိသွားသော်လည်း အဆုတ်ကောင်းစွာဖွံ့ဖြိုးမှု မရှိသည့်အခြေအနေများတွင် အချိန်ကာလတစ်ခုအထိ စက်ဖြင့်အသက်ရှူကူပေးရန် လိုအပ်သည်
    • ထို့အပြင် အဆုတ်သွေးလွှတ်ကြောတွင် သွေးပေါင်ချိန်မြင့်မားပါက ဆေးဝါးများဖြင့် ဆက်လက်ကုသရန်လိုသည်
    • ကလေး၏အခြေအနေ ပိုမိုကောင်းမွန်စေရန် အာဟာရများကို သွေးကြောမှ ထည့်သွင်းပေးခြင်း၊ နောက်ပိုင်းတွင် နှာခေါင်းပိုက် သို့မဟုတ် ဝမ်းဗိုက်တွင် အပေါက်ဖောက်၍ ဆက်သွယ်ထားသော အစာပိုက်မှ ထည့်သွင်းခြင်းတို့ လိုအပ်နိုင်သည်
    • ကလေး၏ အသက်ရှူနှုန်း တိုးတက်ကောင်းမွန်လာပါက မိခင်နို့ကို တဖြည်းဖြည်းချင်း စို့နိုင်ရန် ကူညီလေ့ကျင့်ရမည်
    • အချို့ကလေးများတွင် အသက်ရှူရန်အတွက် အောက်ဆီဂျင်ကို အချိန်ကာလတစ်ခုအထိ လိုအပ်နိုင်သဖြင့် ပါးစပ်ဖြင့် နို့စို့ခြင်း၊ အစာစားခြင်းတို့တွင် အခက်အခဲရှိနိုင်ခြင်းကြောင့် ရေရှည်တွင် ဝမ်းဗိုက်အစာပိုက်ဖြင့် အစာကျွေးမွေးရန် လိုအပ်နိုင်သည်
    • ထို့အပြင် ရင်ဝမ်းခြားကြွက်သားကိုဖြတ်၍ မွေးရာပါအူကျွံခြင်းကို ခွဲစိတ်ပြုပြင်ထားသော ကလေးများသည် ဆေးရုံမှ မဆင်းမီ အကြားအာရုံကို စစ်ဆေး‌ပေးရန်သည်

ခွဲစိတ်မှု ပြုလုပ်ပြီးနောက်ပိုင်းတွင်

  • နာတာရှည် အဆုတ်ထိခိုက်ခြင်း
  • အစာစားခြင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း
  • အာဟာရချို့တဲ့ခြင်းကြောင့် ကြီးထွားမှုနှောင့်နှေးခြင်း
  • အူကျွံခြင်း ထပ်မံဖြစ်ပေါ်ခြင်း
  • စားချဥ်ပြန်ခြင်းစသည်တို့ ဆက်လက်ရှိနေနိုင်သောကြောင့် ဆရာဝန်နှင့် ပုံမှန်ရက်ချိန်း ပြသရန်လိုသည်။
ကာကွယ်ခြင်း

မွေးရာပါရောဂါဖြစ်သည့်အတွက် အတိအကျကာကွယ်ရန် နည်းလမ်းမရှိပါ။ သို့သော် ကျန်းမာရေးဌာနသို့ စောစီးစွာကိုယ်ဝန်အပ်ခြင်း၊ စစ်ဆေးခြင်းဖြင့် ရောဂါကို ကြိုတင်သိရှိပြီး စနစ်တကျမွေးဖွားရန် ကြိုတင်စီစဥ်နိုင်ခြင်း၊ အချိန်မီခွဲစိတ်ကုသခြင်း၊ နောက်ဆက်တွဲပြဿနာများ နည်းနိုင်သမျှနည်းစေရန် လုပ်ဆောင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Diaphragmatic hernia. Retrieved June 11, 2026, from https://my.clevelandclinic.org/health/diseases/24308-diaphragmatic-hernia
  2. Children’s Hospital of Philadelphia. (n.d.). Congenital diaphragmatic hernia (CDH). Retrieved June 11, 2026, from https://www.chop.edu/conditions-diseases/congenital-diaphragmatic-hernia-cdh
  3. Children’s Hospital of Philadelphia. (n.d.). Fetoscopic endoluminal tracheal occlusion (FETO) referral guidelines. Retrieved June 11, 2026, from https://www.chop.edu/centers-programs/center-fetal-diagnosis-and-treatment/fetoscopic-endoluminal-tracheal-occlusion-referral-guidelines
  4. Mayo Clinic. (n.d.). Congenital diaphragmatic hernia: Symptoms and causes. Retrieved June 11, 2026, from https://www.mayoclinic.org/diseases-conditions/congenital-diaphragmatic-hernia/symptoms-causes/syc-20544249
  5. Boston Children’s Hospital. (n.d.). Congenital diaphragmatic hernia. Retrieved June 11, 2026, from https://www.childrenshospital.org/conditions/congenital-diaphragmatic-hernia
  6. Manchester University NHS Foundation Trust. (n.d.). Congenital diaphragmatic hernia (CDH). Retrieved June 11, 2026, from https://mft.nhs.uk/rmch/services/manchester-centre-for-neonatal-surgery/conditions-we-treat-at-mcns/congenital-diaphragmatic-hernia-cdh/

Published: 18 June 2025

Last updated: 20 July 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.