Arterial blood gas (ABG) test (သွေးတွင်းရှိ ဓာတ်ငွေ့ပမာဏများကို တိုင်းတာခြင်း)

Arterial blood gas (ABG) test (သွေးတွင်းရှိ ဓာတ်ငွေ့ပမာဏများကို တိုင်းတာခြင်း)

သွေးတွင်းရှိ ဓာတ်ငွေ့ပမာဏများကို တိုင်းတာခြင်း (ABG test) ဆိုသည်မှာ ခန္ဓာကိုယ် သွေးကြောစနစ်၏ သွေးလွှတ်ကြော၊ သွေးပြန်ကြောနှင့် ဆံခြည်မျှင်သွေးကြောများအနက် သွေးလွှတ်ကြောအတွင်းမှ သွေးနမူနာကိုယူပြီး အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်များအပြင် သွေးတွင်းအက်ဆစ် (blood pH) ပုံမှန် ရှိမရှိကို တိုင်းတာစစ်ဆေးခြင်းဖြစ်သည်။ အရေးပေါ်ဆေးကုသခြင်း၊ ရောဂါအခြေအနေ ပြင်းထန်သော လူနာများကို ကုသခြင်း၊ အထူးကြပ်မတ်ကုသခြင်းတို့၌ စစ်ဆေးလေ့ရှိသည်။

ပုံမှန်အခြေအနေတွင် ခန္ဓာကိုယ်သည် အဆုတ်မှတစ်ဆင့် ရှူသွင်းသော အောက်ဆီဂျင်ကို သွေးအတွင်း ပျော်ဝင်လှည့်လည်စေပြီး ကိုယ်ခန္ဓာတစ်ရှူးများထံ ပို့ဆောင်ပေးသည်။ တစ်ရှူးများမှ စွန့်ပစ်ပစ္စည်း ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သွေးထဲတွင် ပြန်လည်သယ်ဆောင်လာပြီး အဆုတ်မှတစ်ဆင့် ပြင်ပသို့ စွန့်ထုတ်သည်။ သွေးတွင်းအောက်ဆီဂျင် မလုံလောက်ပါက ကိုယ်ခန္ဓာ၏ လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ၊ အထူးသဖြင့် ဦးနှောက်နှင့် နှလုံး၏ လုပ်ငန်းများကို ပျက်စီးစေနိုင်သည်။

ကျန်းမာသည့်အခြေအနေတွင် ကိုယ်ခန္ဓာတွင်း အက်ဆစ်ဓာတ်များကို အဆုတ်၊ နှလုံးနှင့် ကျောက်ကပ်တို့မှ ပုံမှန်ပမာဏဖြစ်အောင် တိကျစွာ ထိန်းချုပ်ညှိနှိုင်းပေးသည်။ သွေးတွင်းအောက်ဆီဂျင် လျော့နည်းသည့် အခြေအနေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် မြင့်တက်သည့် အခြေအနေများတွင် သွေးတွင်းအက်ဆစ်ဓာတ်များ မြင့်တက်နိုင်သည်။ ပိုလျှံနေသော အက်ဆစ်ဓာတ်များကို ကျောက်ကပ်၊ အဆုတ်တို့မှ စွန့်ထုတ်နိုင်ခြင်း မရှိလျှင် ခန္ဓာကိုယ်တွင်းရှိ အခြားအင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်းကို ထိခိုက်နိုင်သည်။ သွေးတွင်းရှိ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အက်ဆစ်ဓာတ်များကို စစ်ဆေးခြင်းအားဖြင့် အရေးပေါ် ကျန်းမာရေးအခြေအနေများတွင် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဥ်များကို ထိခိုက်သော ရောဂါအခြေအနေများ၏ ပြင်းထန်မှုကို ရှာဖွေဖော်ထုတ်နိုင်သည်။ လိုအပ်သော အရေးပေါ်ကုသမှုများ ပေးနိုင်သည်။

တိုင်းတာနိုင်သည့်အချက်များ

ABG စစ်ဆေးခြင်းဖြင့် အောက်ပါ အချက်အလက်များကို သိရှိနိုင်ပြီး ကိုယ်ခန္ဓာ၏ အောက်ဆီဂျင် လုံလောက်မှု၊ အောက်ဆီဂျင် သယ်ယူပို့ဆောင်နိုင်မှု၊ ကိုယ်တွင်းအက်ဆစ် မျှခြေ၊ အသက်ရှူစနစ် ကောင်းမွန်မှု စသည့်အချက်များကို ဆန်းစစ်နိုင်သည်။

  • Oxygen content (O2CT) – သွေးထဲတွင် ပါဝင်သော အောက်ဆီဂျင်ပမာဏ
  • Hemoglobin (ဟီမိုဂလိုဘင်) – ဆဲလ်များဆီသို့ အောက်ဆီဂျင်သယ်ဆောင်ပေးသော သွေးနီဥတွင်းရှိ ပရိုတင်း၏ ပမာဏ
  • Oxygen saturation (O2Sat) – သွေးနီဥတွင်းရှိ ဟီမိုဂလိုဘင်၌ အောက်ဆီဂျင်ပမာဏ မည်မျှ သယ်ဆောင်ထားကြောင်း တိုင်းတာချက်
  • Partial pressure of oxygen (PaO2) – သွေးထဲတွင် ပျော်ဝင်နေသော အောက်ဆီဂျင်၏ ဖိအား (အောက်ဆီဂျင်သည် အဆုတ်မှ သွေးတွင်းသို့ မည်မျှကောင်းကောင်း ရောက်ရှိနိုင်ကြောင်း ဖော်ပြနိုင်သည်)
  • Partial pressure of carbon dioxide (PaCO2) – သွေးထဲတွင်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဖိအား (ခန္ဓာကိုယ်တွင်းမှ ပြင်ပသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မည်မျှကောင်းမွန်စွာ စွန့်ထုတ်နိုင်ခြင်းကို တိုင်းတာနိုင်သည်)
  • pH – သွေးတွင်းရှိ အက်ဆစ် (Acid) နှင့် ဘေ့စ် (Base) မျှခြေကို တိုင်းတာခြင်း [သွေးတွင်းအက်ဆစ်ဓာတ် (pH) သည် 7.35 နှင့် 7.45 ကြားတွင် ပုံမှန်ရှိသည်၊ 7.35 အောက်နည်းပါက သွေးတွင်းအက်ဆစ်ဓာတ် များခြင်း (Acidosis) ဟုခေါ်၍ 7.45 အထက်များပါက အယ်လ်ကာလီ (ဘေ့စ်) ဓာတ်များခြင်း (Alkalosis) ဟု ခေါ်သည်]
  • Bicarbonate (HCO3) – ကာဗွန်ဒိုင်အောက်ဆိုဒ်မှ ဖြစ်ပေါ်လာသော ကာဗွန်နိတ်ဓာတ်ကို သိရှိနိုင်ရန် အတွက် တိုင်းတာရရှိသော pH နှင့် PaCO2 တန်ဖိုးများကို သုံး၍ တွက်ချက်ခြင်း
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

သွေးတွင်း အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အက်ဆစ်ဓာတ်များ စစ်ဆေးခြင်းကို အောက်ပါ ဆေးပညာနယ်ပယ်များတွင် အသုံးများသည်။

  • အရေးပေါ်ဆေးပညာ (Emergency emergency) – အရေးပေါ်ရောဂါအခြေအနေများ၊ အရေးပေါ်ခွဲစိတ်မှု လိုအပ်သော လူနာများအတွက် ချက်ချင်းတုံ့ပြန်ကုသမှု ပေးခြင်း
  • မေ့ဆေးပညာ (Anesthesiology) – လူနာအား ခွဲစိတ်မှု မတိုင်ခင်၊ ခွဲစိတ်နေစဥ်နှင့် ခွဲစိတ်ပြီးနောက်ပိုင်း စသည့်အချိန်များအတွက် စောင့်ကြည့်ကုသမှု ပေးခြင်း
  • အထူးကြပ်မတ်ကုသခြင်း (Intensive Care) – အသည်းအသန်လူနာကို အထူးကြပ်မတ်စောင့်‌‌ရှောက်ကုသခြင်း နှင့် နာကျင်မှုကို သက်သာစေရန် ကုသခြင်း
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆေးပညာ (Pulmonology) – အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို စောင့်ရှောက်ကုသမှုပေးခြင်း
  • မွေးကင်းစကလေးဆေးပညာ (Neonatology) – မွေးကင်းစကလေးများတွင် အသက်ရှူခက်ခဲမှုနှင့် ဇီဝဖြစ်စဉ် ချို့ယွင်းမှုများကို စစ်ဆေးခြင်း

အောက်ပါရောဂါများကို ရှာဖွေရာ၌ သွေးတွင်းဓာတ်စစ်ဆေးခြင်းကို ပြုလုပ်သည်။

  • အဆုတ်လေအိတ်ငယ်များ ပျက်စီးခြင်း (ARDS) – ကိုဗစ် ၁၉၊ နမိုးနီးယားအဆုတ်ရောင်ခြင်း၊ ပိုးဆိပ်ပျံ့ခြင်းစသော ရောဂါများကြောင့် အဆုတ်လေအိတ်ငယ်များ ရောင်ရမ်းပျက်စီးခြင်း
  • ပြင်းထန်စွာ ပိုးဆိပ်ပျံ့နှံ့ခြင်း (Severe sepsis) – ပိုးဝင်ခြင်းကြောင့် တစ်ကိုယ်လုံးအနှံ့ ရောင်ရမ်းခြင်း
  • ပိုးဆိပ်ပျံ့သွေးလန့်ခြင်း (Septic shock) – ပိုးဆိပ်ပျံ့နှံ့ခြင်းကြောင့် သွေးပေါင်ကျခြင်း
  • သွေးလွန်ခြင်း သို့မဟုတ် အရည်ဓာတ်ခန်းခြောက်ခြင်းကြောင့် ရှော့ခ်ဖြစ်ခြင်း (Hypovolemic shock)
  • ဆီးချိုကြောင့် သွေးတွင်းအက်ဆစ်ဓာတ်များခြင်း (Diabetes ketoacidosis) – အမျိုးအစား (၁) ဆီးချိုတွင် အတွေ့ရများပြီး အမျိုးအစား (၂) ဆီးချိုတွင် တစ်ခါတစ်ရံဖြစ်နိုင်သည်
  • ကျောက်ကပ်မှ သွေးတွင်းအက်ဆစ်များကို ပုံမှန်မစွန့်ထုတ်နိုင်သောကြောင့် သွေးတွင်းအက်ဆစ်ဓာတ် များခြင်း (Renal tubular acidosis – RTA)
  • အသက်ရှူလုပ်ငန်း ရုတ်တရက်ပျက်စီးခြင်း (Acute respiratory failure) – ပန်းနာရင်ကျပ်၊ နာတာရှည် လေပြွန်ရောင်ရောဂါ၊ အိပ်ပျော်စဥ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း စသော အဆုတ်ရောဂါ အမျိုးမျိုးကြောင့် ဖြစ်နိုင်သည်
  • နှလုံးလုပ်ငန်း ရုတ်တရက်ပျက်စီးခြင်း (Acute heart failure) – နှလုံးသွေးကြောပိတ်ခြင်း စသော နှလံးရောဂါများအပြင် သွေးလန့်ခြင်း၊ သွေးဆိပ်ပျံ့ခြင်း စသော အခြားအကြောင်းများကြောင့် လည်း ဖြစ်နိုင်သည်
  • ရုတ်တရက် နှလုံးရပ်ခြင်း (Cardiac arrest)
  • ပန်းနာရင်ကျပ် ရုတ်တရက်ကျပ်ခြင်း (Asthma attack)
  • ကိုယ်ခန္ဓာဇီဝဖြစ်စဥ်များ မွေးရာပါ ချို့ယွင်းခြင်း (Inborn error of metabolism) – ဇီဝဖြစ်စဥ်တွင် ပါဝင်သော အင်ဇိုင်းများ မွေးရာပါ ချို့တဲ့ခြင်းကြောင့်ဖြစ်သည်

ထို့အပြင် သွေးတွင်းဓါတ်များစစ်ဆေးခြင်းကို အချို့ရောဂါကုသမှုများ (ဥပမာ – အသက်ရှူစက် တပ်ထားခြင်း၊ အောက်ဆီဂျင်ပေးခြင်း စသည်) ထိရောက်ခြင်းရှိမရှိ စစ်ဆေးရန်အတွက်လည်း အသုံးပြုနိုင်သည်။ ဥပမာအားဖြင့်_

မပြုလုပ်သင့်သော အခြေအနေများ
  • သွေးကြောဆက်ထားသည့်နေရာ၊ သွေးကြောတွင်းပိုက်ထည့်ထားသည့်နေရာ၊ အနာ၊ယားနာ ရှိသော နေရာများတွင် သွေးမဖောက်ရပါ
  • လက်ကောက်ဝတ် သွေးလှည့်ပတ်မှု စစ်ဆေးရာတွင် သွေးလှည့်ပတ်မှု မကောင်းပါက ထိုလက်ကောက်ဝတ်မှ သွေးမဖောက်ရပါ
  • ပေါင်ခြံသွေးလွှတ်ကြောမှ ဖောက်ပါက ဖောက်ပြီးလျှင် သွေး တိတ်မတိတ် အချိန်ကြာကြာ အနီးကပ် စောင့်ကြည့်ရန် လိုအပ်သောကြောင့် ဆေးရုံပြင်ပတွင် စစ်ဆေးပါက ထိုနေရာမှ သွေးမဖောက်သင့်ပါ
  • သွေးကျဲဆေးပမာဏ အလယ်အလတ်မှ အများအပြား သောက်သုံးနေရသူများတွင် စစ်ဆေးမည်ဆိုပါက သတိထား၍ ပြုလုပ်သင့်သည်
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်

ပြင်ဆင်ခြင်း

  • များသောအားဖြင့် ဆေးရုံတက်နေသော လူနာများတွင် စစ်ဆေးသောကြောင့် များစွာပြင်ဆင်မှု မလိုပါ၊ လူနာသောက်နေကျဆေးများတွင် သွေးတွင်းအက်ဆစ်ဓာတ် ပြောင်းလဲစေသော ဆေးများနှင့် သွေးကျဲဆေး၊ သွေးမခဲဆေးများ ပါဝင်နိုင်သောကြောင့် သောက်လက်စဆေးဝါး များကို ဆရာဝန်အား အသိပေးရန် လိုအပ်သည်
  • သွေးဖောက်ရန်အတွက် အရေးပေါ်ဆရာဝန် သို့မဟုတ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်သူ (Respiratory therapist) မှ လက်ကောက်ဝတ်၊ လက်မောင်း သို့မဟုတ် ပေါင်ခြံရှိ သွေးလွှတ်ကြောမှ သွေးနမူနာယူမည်ဖြစ်သည်၊ မွေးကင်းစကလေးငယ်များတွင်မူ ကလေးငယ်၏ ဖနောင့် သို့မဟုတ် ချက်ကြိုးမှ သွေးနမူနာကို ယူနိုင်သည်
  • လက်ကောက်ဝတ်မှ သွေးဖောက်မည်ဆိုပါက လက်ကောက်ဝတ်သွေးကြော (၂) ခုလုံး ပုံမှန်သွေးစီးဆင်းမှုရှိမရှိ စစ်ဆေးခြင်း (Allen test) ကို ပြုလုပ်သည်
  • ‌အောက်ဆီဂျင်ပေးထားသော လူနာတွင် စစ်ဆေးရန် လိုအပ်ပါက လူနာ၏ ရောဂါအခြေအနေပေါ် မူတည်၍ အောက်ဆီဂျင်ကို သွေးမဖေါက်မီ မိနစ် (၂၀) ခန့်တွင် ခေတ္တကြိုတင်ရပ်ထားခြင်း၊ အသက်ရှူစက် တပ်ထားသော လူနာများတွင်မူ လက်ရှိအောက်ဆီဂျင်ပမာဏနှင့် လုံလောက်မှု ရှိမရှိ စစ်ဆေးရန် အောက်ဆီဂျင်ကို မရပ်ဘဲ တိုင်းတာခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။

စစ်ဆေးခြင်း

  • သွေးဖောက်မည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ဆရာဝန်မှ ရှင်းလင်းတင်ပြ၍ ခွင့်ပြုချက် တောင်းခံမည်
  • လူနာကို ထိုင်ခုံတွင် ထိုင်စေခြင်း သို့မဟုတ် ကုတင်တွင် လဲလျောင်းစေပြီး သွေးနမူနာယူမည်ဖြစ်သည်၊ အများအားဖြင့် သွေးနမူနာယူမည့် သွေးလွှတ်ကြောမှာ လက်ကောက်ဝတ်သွေးလွှတ်ကြော၊ လက်မောင်းသွေးလွှတ်ကြောနှင့် ပေါင်ရင်းသွေးလွှတ်ကြောများဖြစ်သည်
  • သွေးခုန်နှုန်းကို စမ်းသပ်၍ သွေးလွှတ်ကြောကိုရှာဖွေသည်၊ တစ်ခါတစ်ရံ သွေးကြောရှာရန် အာထရာဆောင်းကို အသုံးပြုမည်ဖြစ်သည်
  • သွေးဖောက်မည့်နေရာ၏ အရေပြားကို ပိုးသတ်ဆေးရည်ဖြင့် သန့်ရှင်းမည်ဖြစ်သည်၊ သွေးဖောက်ခြင်းကို ပိုးမွှားမဝင်အောင် သန့်စင်ထားသော အခြေအနေ (Aseptic condition) တွင်သာလုပ်ဆောင်သည်
  • ထို့နောက် သွေးဖောက်မည့်အပ်ကို သွေးလွှတ်ကြောတွင်း ထိုးသွင်းပြီးအပ်ကို သွေးကျဲဆေးထည့်ထားသော ဆေးထိုးပြွန်နှင့် ဆက်၍ သွေးနမူနာကို ထုတ်ယူမည်ဖြစ်သည်
  • သွေးလွှတ်ကြောသည် သွေးပြန်ကြောထက် အရေပြားအောက် ပိုနက်သော နေရာတွင် ရှိသောကြောင့် သွေးဖောက်စဥ် အာရုံကြောထိခိုက်မိလျှင် အနည်းငယ်ပို၍ နာနိုင်သည်၊ တစ်ခါတစ်ရံ သွေးထုတ်ယူနေစဥ် ခေါင်းမူးခြင်း၊ ပျို့အန်ချင်ခြင်းတို့ကို ခံစားရနိုင်သည်
  • သွေးနမူနာ လုံလောက်ပါက အပ်ကို ပြန်လည်ထုတ်ယူပြီး သွေးဖောက်ထားသောနေရာကို ဂွမ်းလုံး သို့မဟုတ် ပတ်တီးစဖြင့် (၅) မိနစ်ခန့် ဖိထားရန်လိုသည်၊ သွေးကျဲဆေးသောက်နေရသူ လူနာများတွင် (၁၀)မိနစ် မှ (၁၅)မိနစ်အထိ ဖိထားရန် လိုအပ်သည်၊ သွေးတိတ်စေရန် သွေးဖောက်ထားသော နေရာကို လိုအပ်လျှင် ပတ်တီးလိပ်ဖြင့် စည်းထားမည်ဖြစ်သည်
  • ရရှိသည့် သွေးနမူနာကို သွေးတွင်းဓာတ်ငွေ့စစ်ဆေးသော စက်ဖြင့် လူနာခန်းအတွင်း သို့မဟုတ် ဓာတ်ခွဲခန်းသို့ပို့၍ အမြန်စစ်ဆေးမည်ဖြစ်သည်။

စစ်ဆေးပြီးနောက်
သွေးဖောက်စစ်ဆေးသည့် အရေပြားနေရာတွင် သွေးခြည်ဥခြင်း၊ အနည်းငယ်နာကျင်ခြင်းကို ခံစားရနိုင်သည်၊ လက်ကောက်ဝတ်မှ သွေးဖောက်စစ်ဆေးပါက ထိုလက်ဖြင့် အလေးအပင်မခြင်းကို (၂၄) နာရီခန့် မပြုလုပ်ရန် သတိထားရမည်ဖြစ်သည်။

အဖြေရရှိရန် ကြာချိန်
သွေးတွင်းဓာတ်များ စစ်ဆေးခြင်းသည် အလိုအလျောက်အဖြေထုတ်‌ပေးခြင်း ဖြစ်သောကြောင့် ပုံမှန်အားဖြင့် (၁၀)မိနစ် မှ (၁၅)မိနစ်အတွင်း အဖြေသိရှိနိုင်သည်။

အဖြေရလဒ်များနှင့် ကောက်ချက်ချခြင်း

သွေးတွင်းဓာတ်စစ်ဆေးခြင်း အဖြေရလဒ်တွင် အောက်ပါအချက်များ ပါဝင်သည်။

  • သွေးတွင်းဓာတ်ငွေ့ ပါဝင်မှု၏ ပုံမှန်ရှိသင့်သော ရလဒ်ကိန်းဂဏန်းများ
    • အက်ဆစ်ဓါတ် pH: 7.35–7.45
    • သွေးတွင်းအောက်ဆီဂျင် ပျော်ဝင်မှု PaO2: 75 to 100 mmHg
    • သွေးတွင်းကာဗွန်ဒိုင်အောက်ဆိုဒ် ပျော်ဝင်မှု PaCO2: 35 to 45 mmHg
    • သွေးတွင်းဘိုင်ကာဗွန်နိတ်ဓာတ် ပျော်ဝင်မှု HCO3: 22 to 26 mEq/L
    • အောက်ဆီဂျင် ရာခိုင်နှုန်း O2Sat: 95 to 100%
    • သွေးတွင်းလက်တိတ်အက်ဆစ်ဓာတ် ပါဝင်မှု Lactate : 0.5-2.0 mmol/L
  • စစ်ဆေးချက်အဖြေရလဒ်များကို အထက်ပါ ပုံမှန်တန်ဖိုးများနှင့် နှိုင်းယှဥ်စစ်ဆေး၍ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများ (ပုံမှန်ပမာဏထက် များနေခြင်း၊ နည်းနေခြင်း) ကို တွေ့ရှိနိုင်သည်

အဖြေရလဒ်များ ပုံမှန်မဟုတ်ပါက လူနာတွင် ဖြစ်နိုင်ခြေများမှာ_

  • သွေးတွင်းနှင့် ကိုယ်ခန္ဓာတစ်ရှူးများအတွက် အောက်ဆီဂျင်မလုံလောက်ခြင်း (သွေးလန့်ခြင်း၊ သွေးကြောပိတ်ခြင်း၊ သွေးအားနည်းခြင်း၊ နှလုံးရောဂါကြောင့် သွေးလှည့်ပတ်မှု မကောင်းခြင်း၊ အဆုတ်ပြဿနာကြောင့် အောက်ဆီဂျင်ကို လုံလောက်စွာ မရှူသွင်းနိုင်ခြင်းစသည့် အကြောင်းရင်းရောဂါများကို တွက်ဆနိုင်သည်)
  • ကိုယ်ခန္ဓာမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကောင်းစွာ မစွန့်ထုတ်နိုင်ခြင်း (အဆုတ်ရောင်ခြင်း၊ အသက်အန္တရာယ်ရှိသော ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ နာတာရှည် လေပြွန်ကျဥ်းအဆုတ်ပွရောဂါ တို့ကြောင့် စသည်)
  • သွေးတွင်းအက်ဆစ်ဓာတ်မျှခြေ ပြောင်းလဲခြင်း (အက်ဆစ်ဓာတ်များခြင်းသည် ဆီးချိုကြောင့် သွေးတွင်းအက်ဆစ်ဓာတ်များ များလာခြင်း၊ သွေးလန့်ခြင်းကြောင့် တစ်ရှူးများမှ အက်ဆစ်ဓာတ် စွန့်ထုတ်မှုများ များနေခြင်း၊ ကျောက်ကပ်မှ အက်ဆစ်ဓာတ်စွန့်ပစ်မှုများခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်)

အထက်ပါ အဖြေရလဒ်များသည် လူနာ၏ လတ်တလောအခြေအနေ ပြင်းထန်ဆိုးရွားမှုကို ဖော်ထုတ်နိုင်သဖြင့် လိုအပ်သောကုသမှုများကို ချက်ချင်းပြုလုပ်ပေးနိုင်သည်။ အောက်ဆီဂျင် တိုးမြှင်ပေးခြင်း၊ အသက်ရှူစက်တပ်ဆင်ခြင်း၊ အက်ဆစ်ဓာတ် ထိန်းညှိခြင်း၊ ဆေးရည်သွင်းခြင်း၊ ကျောက်ကပ်သန့်စင်စက် တပ်ဆင်ခြင်း၊ အထူးကြပ်မတ်ကုသခြင်းစသဖြင့် အသက်ကယ်ကုသမှု များကို လိုအပ်သလို ချိန်ဆကုသမှု ပေးနိုင်သည်။ လူနာအခြေအနေတိုးတက်မှုအလိုက် သွေးဖောက်စစ်ဆေးခြင်းကို အကြိမ်များစွာ ပြုလုပ်နိုင်သည်။ ထို့အပြင် အဖြေများပေါ် မူတည်၍ ရောဂါအတည်ပြုရှာဖွေရန် အခြားသွေးစစ်ဆေးမှုများ၊ ပုံရိပ်ဖော်စစ်ဆေးခြင်းများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

နောက်ဆက်တွဲဆိုးကျိုးများ
  • ကျွမ်းကျင်သူမှ သွေးဖောက်ပေးခြင်းကြောင့် ပြင်းထန်သော နောက်ဆက်တွဲ ဖြစ်နိုင်ခြေ နည်းပါးသည်၊ သွေးဖောက်သည့်နေရာတွင် သွေးခြည်ဥခြင်း၊ နာကျင်ခြင်း၊ ထုံကျဥ်ခြင်း၊ မအီမသာ ဖြစ်ခြင်းမျှသာ အဖြစ်များသည်
  • လူတစ်ဦးနှင့်တစ်ဦး သွေးကြောအနေအထား ကွာခြားမှုကြောင့် အချို့သူများတွင် သွေးဖောက်ရခက်ခြင်း ဖြစ်နိုင်ခြေရှိသည်
  • အခြားရှားပါးသော နောက်ဆက်တွဲဆိုးကျိုးများမှာ_
    • မူးလဲခြင်း၊ ခေါင်းမူးခြင်း
    • သွေးကြောရှာရခက်ခြင်းကြောင့် တစ်ချက်ထက်ပို၍ ဖောက်ရခြင်း
    • အရေပြားအောက်သွေးထွက်၍ သွေးခြည်ဥခြင်း
    • သွေးထွက်များခြင်း၊ သွေးမတိတ်ခြင်း
    • သွေးဖောက်ထားသည့် အရေပြားအောက် ပိုးဝင်နိုင်ခြင်းတို့ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Arterial blood gas (ABG). Retrieved January 20, 2026, from https://my.clevelandclinic.org/health/diagnostics/22409-arterial-blood-gas-abg
  2. HealthLink BC. (n.d.). Arterial blood gases (ABG) test. Retrieved January 20, 2026, from https://www.healthlinkbc.ca/healthwise/arterial-blood-gases-abg-test
  3. MedlinePlus. (n.d.). Arterial blood gas (ABG) test. Retrieved January 20, 2026, from https://medlineplus.gov/lab-tests/arterial-blood-gas-abg-test/
  4. National Center for Biotechnology Information. (n.d.). Arterial blood gas (ABG) analysis. In StatPearls. Retrieved January 20, 2026, from https://www.ncbi.nlm.nih.gov/books/NBK536919/
  5. Respiratory-Therapy.com. (n.d.). The ABCs of ABGs. Retrieved January 20, 2026, from https://respiratory-therapy.com/department-management/clinical/the-abcs-of-abgs
  6. WebMD. (n.d.). Arterial blood gas test. Retrieved January 20, 2026, from https://www.webmd.com/lung/arterial-blood-gas-test

Published: 25 February 2026

Share

25 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Coombs test (သွေးနီဥများကို ထိခိုက်ပျက်စီးစေသော ပဋိပစ္စည်းများကို စစ်ဆေးခြင်း)
Aug 31, 2026
Tests and Procedures

Coombs test (သွေးနီဥများကို ထိခိုက်ပျက်စီးစေသော ပဋိပစ္စည်းများကို စစ်ဆေးခြင်း)

Coombs test သည် သွေးနီဥများကို ထိခိုက်ပျက်စီးစေနိုင်သော ပဋိပစ္စည်းများကို...

Root canal treatment (သွားအမြစ်ထုတ်ကုသခြင်း)
Aug 30, 2026
Tests and Procedures

Root canal treatment (သွားအမြစ်ထုတ်ကုသခြင်း)

သွားအမြစ်ထုတ်ကုသခြင်းသည် ပိုးဝင်ရောင်ရမ်းနေသော သွား၏ မွသွားလွှာကို...

PET Scan (Positron emission tomography scan) (ပီအီးတီစကင်န်)
Aug 30, 2026
Tests and Procedures

PET Scan (Positron emission tomography scan) (ပီအီးတီစကင်န်)

PET Scan သည် ရေဒီယိုသတ္တိကြွ tracer အနည်းငယ်ကို အသုံးပြု၍...