Acute Respiratory Distress Syndrome – ARDS (အဆုတ်ပျက်စီးခြင်းကြောင့် ရုတ်တရက်မောကျပ်ခြင်း လက္ခဏာစု)

Acute Respiratory Distress Syndrome – ARDS (အဆုတ်ပျက်စီးခြင်းကြောင့် ရုတ်တရက်မောကျပ်ခြင်း လက္ခဏာစု)

အဆုတ်ပျက်စီးခြင်းကြောင့် ရုတ်တရက်မောကျပ်ခြင်း လက္ခဏာစု (ARDS) သည် ပြင်းထန်သော အဆုတ်ရောဂါတစ်ခုဖြစ်ပြီး အဆုတ်ရောင်ရမ်း၍ လေအိတ်ငယ်များ (Alveoli) အတွင်း အရည်များ စုပုံလာခြင်းကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် လေအိတ်ငယ်များသည် အဆုတ်တွင်းသို့ ဝင်ရောက်လာသော လေထဲမှ အောက်ဆီဂျင်ကို သွေးထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် လဲလှယ်ပေးပြီး သွေးထဲသို့ အောက်ဆီဂျင် ပုံမှန်ရောက်အောင် လုပ်ဆောင်ပေးသည်။ ARDS ရောဂါတွင် လေအိတ်ငယ်များအတွင်းရှိ အရည်များကြောင့် အောက်ဆီဂျင်ကို ကောင်းစွာလဲလှယ်ခြင်း မပြုလုပ်နိုင်သဖြင့် ကိုယ်ခန္ဓာအတွက် လုံလောက်သော အောက်ဆီဂျင်ကို မရနိုင်တော့ဘဲ သွေးတွင်းအောက်ဆီဂျင်ကျဆင်းခြင်း (Hypoxia) ကို ဖြစ်စေသည်။ အဆုတ်ထိခိုက်ရုံသာမက သွေးတွင်းအောက်ဆီဂျင် မလုံလောက်ခြင်းကြောင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်စသည့် ကိုယ်ခန္ဓာမှ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ၏လုပ်ငန်းများ ပျက်စီးပြီး ပြင်းထန်ဆိုးရွားသော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေသည်။

ARDS အခြေအနေသည် များသောအားဖြင့် ပိုးဝင်ခြင်း၊ ပြင်းထန်ရောင်ရမ်းသော ‌ရောဂါတစ်ခုခု သို့မဟုတ် ထိခိုက်ဒဏ်ရာပြင်းထန်၍ ဆေးရုံတက်ရသော လူနာများတွင် တွေ့ရတတ်သည်။ ရောဂါဖြစ်ပါက အချိန်တိုအတွင်း ပြင်းထန်ဆိုးရွားနိုင်သောကြောင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသရမည်ဖြစ်ပြီး လိုအပ်ပါက အသက်ရှူစက်တပ်၍ ကုသရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အောက်ပါအကြောင်းရင်းများကြောင့် အဆုတ်တွင်းလေအိတ်ငယ်များ ပျက်စီးခြင်းဖြစ်နိုင်သည်။

  • ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis)
    ARDS ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။ ကိုယ်ခန္ဓာတွင် ပြင်းထန်သော ပိုးဝင်ခြင်း (ဥပမာ _ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ကိုယ်တွင်းအင်္ဂါတစ်နေရာတွင် ပိုးဝင်ပြီး တစ်ကိုယ်လုံးအနှံ့ ပိုးဆိပ်ပျံ့နှံ့၍ ပြင်းထန်ရောင်ရမ်းခြင်း) ကြောင့် ဖြစ်ပွါးနိုင်သည်။
  • ကိုဗစ် ၁၉
    ကိုဗစ် ၁၉ ရောဂါပိုးကြောင့် တစ်ခါတစ်ရံ ပြင်းထန်အဆုတ်ရောင်ပြီး ARDS ဖြစ်နိုင်သည်။
  • ပြင်းထန်ထိခိုက်ဒဏ်ရာရခြင်း
    ခေါင်း၊ ရင်ဘတ်တို့ ထိခိုက်သော အမြင့်မှ ပြုတ်ကျခြင်း၊ ကားတိုက်ခြင်းစသည့် ပြင်းထန်မတော်တဆများတွင် အဆုတ်အပါအဝင် ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာ ထိခိုက်ခြင်းကြောင့် တစ်ကိုယ်လုံးအနှံ့ ပြင်းထန်ရောင်ရမ်းခြင်းမှတစ်ဆင့်လည်း ဖြစ်နိုင်သည်။
  • အန္တရာယ်ရှိသော အငွေ့များရှူမိခြင်း
    မီးလောင်ရာမှထွက်သော မီးခိုးငွေ့များ သို့မဟုတ် ဓာတုဓာတ်ငွေ့များကို အများအပြားရှူမိခြင်းကြောင့် အဆုတ်ရောင်ရမ်းစေသည်။
  • အဆုတ်တွင်းသို့ အစာနှင့် ရေများသီးခြင်း
    အစားသီးချိန်တွင် အစာအိမ်ထဲမှ အစာဟောင်းများကို အဆုတ်တွင်းသို့ ရှူသွင်းမိခြင်း၊ ရေနစ်ချိန်တွင် ရေများကို အဆုတ်တွင်းရှူမိခြင်းတို့ကြောင့် ပြင်းထန်အဆုတ်ရောင်ခြင်း ဖြစ်ပွါးပြီး၊ နောက်ဆက်တွဲအနေဖြင့် ARDS ဖြစ်စေသည်။
  • ပန်ကရိယ ပြင်းထန်စွာရောင်ရမ်းခြင်း
  • သွေးအများအပြားသွင်းရခြင်း – အချိန်တိုအတွင်း သွေး (၁၅) လုံးနှင့်အထက် သွင်းရသူများ
  • ကိုကင်း သို့မဟုတ် ဘိန်းပါသော ဆေးဝါးများ အလွန်အကျွံသုံးစွဲမိခြင်း စသည်တို့ဖြစ်သည်။
ရောဂါဖြစ်နိုင်ခြေများသောအချက်များ
  • ထိခိုက်ဒဏ်ရာ သို့မဟုတ် ရောဂါတစ်ခုခုကြောင့် ဆေးရုံတက်နေသူများ၊ အသည်းအသန်လူနာများ
  • အသက် (၆၅) နှစ်အထက် လူကြီးများ
  • ဆေးလိပ်နှင့်အရက် သောက်သုံးသူများ
  • မူးယစ်ဆေးသုံးစွဲသူများ
  • အဆုတ်ရောဂါအခံရှိသူများ
ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများသည် ဖြစ်စေသောအကြောင်းရင်းနှင့် ရောဂါပြင်းထန်မှုတို့အပြင် အဆုတ်နှင့် နှလုံးရောဂါ အခံများရှိခြင်းတို့အပေါ် မူတည်၍ အမျိုးမျိုးဖြစ်နိုင်သည်။ ‌ပြင်းထန်သောရောဂါတစ်ခုဖြစ်ပေါ်ပြီးနောက် နာရီပိုင်း၊ ရက်ပိုင်းအတွင်း ARDS လက္ခဏာများ ဖြစ်ပေါ်တတ်ပြီး ဆိုးရွားသောအဆင့်သို့ အမြန်ရောက်ရှိနိုင်သည်။ လက္ခဏာများမှာ_

  • အလွန်အမင်း မောပန်းခြင်း
  • အလွန်အားစိုက်၍ အသက်မြန်မြန်ရှူနေခြင်း
  • ချောင်းဆိုးခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အောက်ဆီဂျင်နည်းခြင်းကြောင့် နှုတ်ခမ်းနှင့် လက်ဖျား၊ ခြေဖျားများ ပြာနှမ်းခြင်း
  • ပင်ပန်းခြင်း၊ ဂယောင်ဂတမ်းဖြစ်ခြင်းတို့ ပါဝင်သည်။
နောက်ဆက်တွဲပြဿနာများ

နောက်ဆက်တွဲပြဿနာများသည်‌ ဆေးရုံတွင်တက်ရောက်ကုသနေစဥ်သာမက ပြန်လည်သက်သာ၍ ဆေးရုံဆင်းပြီးနောက်ပိုင်းတွင်လည်း ဖြစ်ပေါ်နိုင်သည်။

ဆေးရုံတက်နေစဥ်အတွင်းတွင်_

  • ပုံမှန်မဟုတ်သော သွေးခဲများဖြစ်ပေါ်၍ သွေးကြောများ ပိတ်ဆို့ခြင်း
  • အသက်ရှူစက်တပ်ရသော လူနာများတွင် အဆုတ်အမြှေးပါးတွင်း လေခို၍ အဆုတ်ကိုဖိထားခြင်းကြောင့် အဆုတ်တစ်ခြမ်းကျုံ့သွားခြင်း (Collapse)
  • အခြားကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းများ ပျက်စီးခြင်း
  • အခြားရောဂါပိုးများ ကူးစက်လွယ်ခြင်း
  • အစာအိမ်တွင် အနာများ ဖြစ်ပေါ်ခြင်း
  • ဂယောင်ဂတမ်းဖြစ်ခြင်း
  • အဆုတ်တွင် အမာရွတ်များ ဖြစ်ပေါ်ခြင်း (Pulmonary fibrosis)
  • ကြွက်သားများ အားနည်းခြင်း စသည့်နောက်ဆက်တွဲများ ဖြစ်ပေါ်နိုင်သည်။

ပြန်လည်သက်သာလာသူများတွင်လည်း

  • အဆုတ်အားနည်းသွားသောကြောင့် နာတာရှည် အသက်ရှူမဝခြင်း၊ အမောဒဏ်မခံနိုင်ခြင်း
  • မှတ်ဉာဏ်နှင့် ဆက်စပ်တွေးခေါ်မှုများ ကျဆင်းလာခြင်း
  • စိတ်ဂနာမငြိမ်ခြင်း၊ စိတ်ဓာတ်ကျခြင်း
  • အမြဲပင်ပန်းနွမ်းနယ်ခြင်း
  • ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post-traumatic stress disorder) စသည်တို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ပြင်းထန်ဖျားနာသောလူနာ သို့မဟုတ် ထိခိုက်ဒဏ်ရာရထားသော လူနာများတွင် အထက်ပါလက္ခဏာများ ဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံသို့ အရေးပေါ်ပြသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ARDS ရောဂါကို အတိအကျ ညွှန်ပြနိုင်သော စစ်ဆေးချက်မရှိပါ။ ရောဂါအတည်ပြုရန် လူနာ၏ ရောဂါလက္ခဏာများနှင့် အခြားစမ်းသပ်ချက်များကို ပေါင်းစပ်၍ အဖြေထုတ်ရခြင်းဖြစ်သည်။ လက္ခဏာများသည် နာတာရှည်အဆုတ်ရောဂါ၊ နှလုံးရောဂါများနှင့် ဆင်တူနိုင်သောကြောင့် အဆိုပါရောဂါများမဟုတ်ကြောင်း သက်သေပြရန် လိုအပ်သည်။ ရောဂါရှာဖွေခြင်းကို အထောက်အကူပြုနိုင်ရန် အောက်ပါစမ်းသပ်ချက်များကို ပြုလုပ်နိုင်သည်။

  • ရင်ဘတ်ဓာတ်မှန် (CXR)
    အဆုတ်ရောင်ခြင်း၊ အဆုတ် (၂) ဘက်လုံးတွင် အဖြူရောင်အဖတ်များကဲ့သို့ တွေ့ရသလို နှလုံးကြီးခြင်းကိုလည်း စစ်ဆေးနိုင်သည်။
  • ကွန်ပျူတာဓာတ်မှန် (CT scan)
    အဆုတ်နှင့် နှလုံးတို့၏ အခြေအနေကို ပို၍ အသေးစိတ် စစ်ဆေးခြင်းဖြစ်သည်။
  • လက်ချောင်းထိပ်အောက်ဆီဂျင်တိုင်းတာခြင်း (Pulse oximeter)
  • သွေးတွင်းအောက်ဆီဂျင်တိုင်းတာခြင်း (Blood gas analysis)
    သွေးတွင်းအောက်ဆီဂျင်နည်းလေ ရောဂါပြင်းထန်လေဖြစ်သည်။ သွေးတွင်းအောက်ဆီဂျင်ဖိအား (PaO2) နှင့် ရှူသွင်းသောလေတွင် ပါဝင်သော ‌အောက်ဆီဂျင်ရာခိုင်နှုန်း (FiO2) တို့ကို အချိုးချ၍ PaO2/FiO2 <300 mmHg ဖြစ်လျှင် ရောဂါအတည်ပြုရန် အထောက်အကူပြုသည်။
  • နှလုံးရောဂါ ရှိမရှိ စစ်ဆေးခြင်း – ECG ဆွဲခြင်းနှင့် အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram) (နှလုံးညှစ်အား ပုံမှန်ဖြစ်နေပါက ARDS ရောဂါဖြစ်နိုင်ခြေ ပိုများသည်)
  • ရောဂါဖြစ်စေသောအကြောင်းရင်းကို ရှာဖွေရန် သလိပ်စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း၊ ဘက်တီးရီးယားနှင့် မှိုပိုးများကို ဓာတ်ခွဲခန်းတွင်မွေးခြင်း
ကုသခြင်း

ရောဂါကုသခြင်း၏ အဓိကရည်ရွယ်ချက်မှာ သွေးတွင်းအောက်ဆီဂျင်ပမာဏ တက်စေရန်နှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းကို ကာကွယ်ရန် ဖြစ်သည်။

  1. အောက်ဆီဂျင်ပေးခြင်း
    ရှူသွင်းသော လေတွင် အောက်ဆီဂျင်ပမာဏများများ ပါဝင်စေရန်
    • မပြင်းထန်သော လူနာများတွင် နှာခေါင်းနှင့် ပါးစပ်ကို အုပ်၍ အောက်ဆီဂျင်မျက်နှာဖုံး (Mask) ဖြင့် အောက်ဆီဂျင်ပေးခြင်း
    • ပြင်းထန်သောလူနာများတွင် အသက်ရှူပိုက်ထည့်၍ အသက်ရှူစက်မှတစ်ဆင့် အောက်ဆီဂျင်လုံလောက်စွာ ရရှိအောင် ပေးနိုင်သလို အဆုတ်လေအိတ်ငယ်များအတွင်းရှိ အရည်များကို ဖယ်ထုတ်ပေးနိုင်ပြီး ပိတ်ဆို့နေသော အချို့လေအိတ်ငယ်များကိုလည်း ပွင့်စေနိုင်သည်။
    • အသက်ရှူစက်ဖြင့် မသက်သာသော ပြင်းထန်ရောဂါအဆင့်တွင် အဆုတ်နှင့်နှလုံး အထောက်အကူပြုစက် (ECMO) စက်ကို အသုံးပြုနိုင်သည်။
  2. အခြားကုသမှုများ
    • မှောက်လျက်အနေအထားဖြင့် ထားခြင်း
      လူနာကို ပက်လက်ထားခြင်းထက် မှောက်လျက် အနေအထားဖြင့် ထားခြင်းသည် အဆုတ်တွင်းသို့ အောက်ဆီဂျင်များများ ဝင်စေသည်။
    • ကိုယ်ခန္ဓာအရည်ဓာတ်ကို ပုံမှန်ဖြစ်အောင်ထိန်းခြင်း
      အရည်ဓာတ်များများပေးခြင်းသည် အဆုတ်တွင်း အရည်များ ပိုမိုစုစေနိုင်သလို အရည်ဓာတ်မပြည့်ဝပါက သွေးလန့်ခြင်းကို ဖြစ်စေနိုင်သဖြင့် အရည်ပမာဏကို သတိထား၍ ဖြည့်တင်းရန်လိုသည်။ အရည်ဓာတ်များနေပါက ဆီးဆေးများဖြင့် ကုသရန်လိုနိုင်သည်။
    • နာကျင်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းတို့အတွက် အိပ်ဆေးပေးခြင်း
    • ရောဂါအခံများအတွက် ကုသခြင်း (ပြင်းထန်အဆုတ်ရောင်ခြင်းအတွက် ပဋိဇီဝပိုးသတ်ဆေးများ ပေးခြင်း၊ ပန်ကရိယ‌ရောင်ရမ်းခြင်းကို ကုသခြင်း)
    • သွေးခဲများ ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် သွေးကျဲဆေးများပေးခြင်း
    • အစာအိမ်အနာမဖြစ်အောင် အစာအိမ်အက်စစ်ဓာတ် လျော့နည်းစေသောဆေးများပေးခြင်း
    • ကြွက်သားများအားနည်းခြင်းကို ကာကွယ်ရန် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း
    • အဆုတ်ကို ပြန်လည်သန်မာစေရန်နှင့် အသက်ရှူအား ပြန်တက်လာစေရန် အသက်ရှူခြင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း စသည်တို့ဖြစ်သည်။
    • အချို့အဆုတ်အထူးကုဌာနများတွင် ရောဂါပြင်းထန်ပြီး အခြားကုသနည်းများဖြင့် မသက်သာသော လူနာအနည်းစုထဲမှ သေချာရွေးချယ်ကာ အဆုတ်အစားထိုးခြင်းကို ပြုလုပ်ပေးနိုင်သည်ဟု သိရသည်။
ရောဂါရလဒ်ခန့်မှန်းချက်

ARDS အဆုတ်ပျက်စီးသောရောဂါသည် အလွန်ပြင်းထန်ပြီး သေဆုံးနိုင်ခြေမြင့်မားသော ရောဂါဖြစ်သည်။ ချက်ချင်းကုသမှုမပေးနိုင်ပါက ကိုယ်တွင်းအင်္ဂါများ အောက်ဆီဂျင်မလုံလောက်ခြင်းကြောင့် လုပ်ငန်းများ ပျက်စီးပြီး အသက်သေဆုံးနိုင်သည်။ ပြန်လည်သက်သာလာနိုင်ခြေသည် ရောဂါ၏ ပြင်းထန်မှုနှင့် အဆုတ်ထိခိုက်ပျက်စီးမှု၊ လူနာ၏ အသက်အရွယ်၊ မူလကျန်းမာရေး အခြေအနေနှင့် အခံရောဂါများ (ဥပမာ _ အဆုတ်ရောဂါ၊ နှလုံးရောဂါ) စသည့်အချက်များစွာပေါ် မူတည်၍ ကွာခြားနိုင်သည်။ သက်သာလာသူများအနက် အချို့သည် အသက်ရှူစက်မလိုဘဲ ကောင်းစွာရှူနိုင်သော်လည်း အချို့တွင် နာတာရှည်အဆုတ်အားနည်းခြင်း ဖြစ်နိုင်သည်။

ကာကွယ်ခြင်း

ARDS ရောဂါမဖြစ်အောင် ကာကွယ်သောနည်းလမ်း မရှိသေးပါ။ သို့သော် အဆုတ်ရောဂါနှင့် အခြားရောဂါအခံများရှိပါက ရောဂါဖြစ်လျှင် ပြင်းထန်နိုင်သောကြောင့် အသက်ရှူရခက်ခြင်း လက္ခဏာများရှိပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးပြသ၍ ကုသမှု ခံယူသင့်သည်။ ထို့ပြင် အဆုတ်ကို ထိခိုက်စေသော ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းတို့ဖြင့် ပြင်းထန်သောအဆင့်သို့ မ‌ရောက်အောင် ကာကွယ်နိုင်သည်။

ရောဂါမှ ပြန်လည်သက်သာလာသူများသည်လည်း အောက်ပါနည်းလမ်းများဖြင့် အဆုတ်ပျက်စီးမှုကို လျှော့ချနိုင်သည်။

  • ဆေးလိပ်လုံးဝဖြတ်ခြင်း
  • တုပ်ကွေးကာကွယ်ဆေး၊ အဆုတ်ရောင်ကာကွယ်ဆေးများ ထိုးနှံထားခြင်း
  • အဆုတ်အသက်ရှူအား ပြန်လည်ကောင်းမွန်လာစေရန်အတွက် လိုအပ်သော လေ့ကျင့်ခန်းများ၊ အသိပညာပေးဆွေးနွေးပေးခြင်းများ လိုက်နာပြုလုပ်ခြင်း စသည်တို့ဖြစ်သည်။

References:

  1. Mayo Clinic. (n.d.). Acute respiratory distress syndrome (ARDS): Symptoms & causes. Retrieved September 25, 2025, from https://www.mayoclinic.org/diseases-conditions/ards/symptoms-causes/syc-20355576
  2. Mayo Clinic. (n.d.). Acute respiratory distress syndrome (ARDS): Diagnosis & treatment. Retrieved September 25, 2025, from https://www.mayoclinic.org/diseases-conditions/ards/diagnosis-treatment/drc-20355581
  3. Cleveland Clinic. (n.d.). Acute respiratory distress syndrome (ARDS). Retrieved September 25, 2025, from https://my.clevelandclinic.org/health/diseases/15283-acute-respiratory-distress-syndrome-ards
  4. Diamond, M., Peniston, H. L., Sanghavi, D. K., & Mahapatra, S. (2025). Acute respiratory distress syndrome. In StatPearls [Internet]. StatPearls Publishing. Retrieved from https://www.ncbi.nlm.nih.gov/books/NBK436002/
  5. NHS. (n.d.). Acute respiratory distress syndrome. Retrieved September 25, 2025, from https://www.nhs.uk/conditions/acute-respiratory-distress-syndrome/

Published: 19 November 2025

Share

19 November 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Rhesus (Rh) Disease (Rh သွေးအုပ်စု မကိုက်ညီခြင်း)
Mar 30, 2026
Diseases and Conditions

Rhesus (Rh) Disease (Rh သွေးအုပ်စု မကိုက်ညီခြင်း)

Rh-negative (အနှုတ်သွေး) ရှိသော မိခင်နှင့် Rh-positive (အပေါင်းသွေး)...

Liver Tumours in Children (က‌လေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)
Mar 29, 2026
Diseases and Conditions

Liver Tumours in Children (က‌လေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)

ကလေးငယ်များတွင်ဖြစ်ပွါးသော အသည်းအကျိတ်များသည် အန္တရာယ်မရှိသော အကျိတ်များ...

Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)
Mar 29, 2026
Diseases and Conditions

Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)

ပြန်ရည်ကြောစနစ် ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော ကင်ဆာကျိတ်မဟုတ်သည့်...