Premature baby (လမစေ့ဘဲမွေးသော မွေးကင်းစကလေး)

Premature baby (လမစေ့ဘဲမွေးသော မွေးကင်းစကလေး)

ပုံမှန်အားဖြင့် ကလေးမွေးဖွားရန် ကိုယ်ဝန်ဆောင်သောကာလသည် ရက်သတ္တပတ် (၄၀) ခန့် ကြာမြင့်လေ့ရှိသည်။ လမစေ့ဘဲမွေးသော မွေးကင်းစကလေး သို့မဟုတ် အချိန်မတိုင်မီ မွေးဖွားသောကလေးဆိုသည်မှာ ကိုယ်ဝန်ပတ် (၃၇) ပတ် မတိုင်ခင် မွေးဖွားလာသည့်ကလေးကို ဆိုလိုသည်။ ထိုသို့ မွေးဖွားလာသောကလေးများသည် မွေးဖွားချိန် စောလေ၊ ကလေးအတွက် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ ပိုများလေဖြစ်သည်။ ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးရက်သတ္တပတ်များသည် သန္ဓေသား၌ ဦးနှောက်၊ အဆုတ်နှင့် အသည်းကဲ့သို့သော ကိုယ်တွင်းအင်္ဂါများသည် ကြီးထွားဖွံ့ဖြိုးဆဲကာလဖြစ်သောကြောင့် လမစေ့ဘဲမွေးသော မွေးကင်းစကလေးသည် အသက်ရှူရန် ခက်ခဲခြင်း၊ ခန္ဓာကိုယ်အပူချိန် ထိန်းညှိရန် ခက်ခဲခြင်း၊ နို့စို့ရန်ခက်ခဲခြင်း စသည်တို့အပြင် ကြီးပြင်းလာချိန်၌ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း (Developmental delays) များလည်း ဖြစ်ပွါးနိုင်သည်။ ထို့ကြောင့် လမစေ့ဘဲမွေးသော မွေးကင်းစကလေးများကို မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) တွင် ရက်ရှည်ထား၍ စောင့်ကြည့်ကာ ပြုစုစောင့်ရှောက်များပေးရန် လိုအပ်သည်။ ယခုအခါ ဆေးဘက်ဆိုင်ရာ နည်းပညာတိုးတက်မှုများကြောင့် လမစေ့ဘဲမွေးသော မွေးကင်းစကလေးများသည် အစောပိုင်းကာလ ကျန်းမာရေးအန္တရာယ်များကို ကျော်လွှားနိုင်ပြီး ကျန်းမာသောကလေးများအဖြစ် ကြီးပြင်းလာနိုင်ခြေ ပိုများလာသည်ကို တွေ့ရှိရသည်။

ကိုယ်ဝန်ပတ် (၃၇) ပတ် မတိုင်မီ လမစေ့ဘဲမွေးသော မွေးကင်းစကလေးကို မွေးဖွားသော ရက်သတ္တပတ်ပေါ်မူတည်၍ အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  • ကိုယ်ဝန်ရက်သတ္တပတ် (၃၄)ပတ် မှ (၃၆)ပတ်ကြား စောမွေးသောကလေးကို လစေ့ခါနီးမွေးသော မွေးကင်းစကလေး (Late preterm) ဟုသတ်မှတ်သည်၊ လမစေ့သော ကလေးအများစုသည် အဆိုပါ ရက်သတ္တပတ်အချိန်တွင် မွေးဖွားလေ့ရှိသည်
  • ကိုယ်ဝန်ရက်သတ္တပတ် (၃၂)ပတ် မှ (၃၄)ပတ်ကြား စောမွေးသောကလေးကို အသင့်အတင့် လမစေ့သော မွေးကင်းစကလေး (Moderately preterm) ဟုသတ်မှတ်သည်
  • ကိုယ်ဝန်ရက်သတ္တပတ် (၃၂) ပတ်မတိုင်မီ စောမွေးသောက‌လေးကို အလွန် လမစေ့‌သော မွေးကင်းစကလေး (Very preterm) ဟုသတ်မှတ်သည်
  • ကိုယ်ဝန်ရက်သတ္တပတ် (၂၅) ပတ်မတိုင်မီ စောမွေးသောက‌လေးကို အလွန်အမင်း လမစေ့သော မွေးကင်းစကလေး (Extremely preterm) ဟုသတ်မှတ်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လမစေ့ဘဲ ကလေးမွေးဖွားခြင်းသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ မိခင် (သို့မဟုတ်) သန္ဓေသား၏ ကျန်းမာရေးကို ထိခိုက်စေသော အကြောင်းရင်းများ ရှိပါက စောစီးစွာ မွေးဖွားရန် လိုအပ်နိုင်သည်။

သို့သော် လမစေ့ဘဲ ကလေးမွေးဖွားခြင်းသည် ရုတ်တရက် ဖြစ်ပေါ်နိုင်ပြီး အဓိကအကြောင်းရင်းကို တိတိကျကျ မသိရှိသည်များလည်းရှိသည်။ ဖြစ်နိုင်ခြေများသော အကြောင်းရင်းများမှာ_

  • လမစေ့ဘဲ ကလေးမွေးဖူးသော ရာဇဝင်ရှိခြင်း
  • အမြွှာကိုယ်ဝန်ဖြစ်ခြင်း
  • ကိုယ်ဝန်နှစ်ကြိမ်ကြား အချိန်သည် (၆) လသာ ခြားခြင်း [ကိုယ်ဝန်နှစ်ကြိမ်ကြား ခြားသင့်မည့် အချိန်သည် (၁၈)လ မှ (၂၄)လ ဖြစ်သည်]
  • ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် ကိုယ်ဝန်ယူထားခြင်း
  • တစ်ကြိမ်ထက်ပို၍ ကိုယ်ဝန်ပျက်ကျဖူးခြင်း သို့မဟုတ် ဖျက်ချဖူးခြင်း
  • ကိုယ်ဝန်ဆောင်ကာလ မိခင်တွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနှင့် နာတာရှည်ရောဂါများ ရှိခြင်း
  • အချင်းပြဿနာများရှိခြင်း (အချင်းကွာခြင်း၊ အချင်းသည် သားအိမ်အောက်ပိုင်း သို့မဟုတ် မွေးလမ်းကြောင်းဝ ပိတ်နေခြင်း)
  • ကိုယ်ဝန်ဆိပ်တက်ခြင်း
  • သားအိမ်နှင့် သားအိမ်ခေါင်း ပြဿနာများရှိခြင်း
  • ရေမြွှာရည် ပိုးဝင်ခြင်းနှင့် မိန်းမကိုယ်အောက်ပိုင်း ပိုးဝင်ခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • ကိုယ်ဝန်ဆောင်စဥ် သွေးဆင်းခြင်း
  • မိခင်အသက် (၁၇) နှစ်အောက်နှင့် (၃၅) နှစ်အထက်ဖြစ်ခြင်း
  • မိခင်ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရခြင်း
  • မိခင်သည် ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန် မပြည့်ခြင်း သို့မဟုတ် အဝလွန်ခြင်း
  • မိခင်သည် ကိုယ်ဝန်ဆောင်စဥ် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးသုံးစွဲခြင်း
  • အာဖရိကနွယ်ဖွား လူမျိုးများဖြစ်ခြင်း
ရောဂါလက္ခဏာများ

လမစေ့ဘဲမွေးသော ကလေးများ၏ ရောဂါလက္ခဏာများမှာ ကိုယ်ဝန်ပတ်ပေါ်မူတည်၍ အနည်းငယ်ကွာခြားနိုင်သည်။ အများဆုံးတွေ့ရသော လက္ခဏာများမှာ_

  • ကိုယ်ခန္ဓာ သို့မဟုတ် ကိုယ်အလေးချိန် သေးငယ်ခြင်း
    ပုံမှန်အားဖြင့် လမစေ့ဘဲ မွေးဖွာသော ကလေးများသည် ကိုယ်အလေးချိန် (၅) ပေါင် (၈) အောင်စအောက် လျော့နည်းလေ့ရှိသည်။
  • အရေပြားပါးပြီး နီရဲတောက်ပြောင်နေခြင်း
    ထိုသို့ အရေပြားပါးခြင်းကြောင့် အရေပြားအောက်တွင် သွေးကြောများကို တွေ့ရနိုင်သည်။
  • ကိုယ်ခန္ဓာတွင်အဆီနည်းခြင်း
  • ဦးခေါင်းတွင်ဆံပင်နည်းပါးခြင်း
    ဦးခေါင်းတွင် ဆံပင်နည်းပါးသော်လည်း ကိုယ်ခန္ဓာတွင် နူးညံ့သောအမွေးနုများ (Lanugo) အလွန်အမင်း ရှိနိုင်သည်။
  • ငိုသံတိုးခြင်း
  • နို့ကောင်းစွာမစို့နိုင်ခြင်း
  • ကြွက်သားများအားနည်းခြင်း၊ ပျော့ခွေခြင်း
  • လိင်အင်္ဂါများကောင်းစွာ ဖွံ့ဖြိုးမှုမရှိခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
လက်တလောဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
    • လမစေ့ဘဲ မွေးဖွားလာသော မွေးကင်းစကလေးများတွင် အဆုတ်သည် ကောင်းစွာဖွံ့ဖြိုးခြင်း မရှိသေးသောကြောင့် အသက်ရှူရာတွင် အခက်အခဲဖြစ်နိုင်သည်၊ ထိုအခြေအနေကို Respiratory distress syndrome ဟုခေါ်ပြီး အဆုတ်တွင်းရှိ လေအိတ်များကို ကျယ်စေသော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည့် (Surfactant) ကိုလုံလောက်စွာ မထုတ်နိုင်သောကြောင့် ဖြစ်သည်
    • ထို့ပြင် လမစေ့ဘဲမွေးသော မွေးကင်းစကလေးများတွင် အသက်ရှူနေစဥ် ခေတ္တအသက်ရှူရပ်ခြင်း (Apnea of prematurity) ကဲ့သို့သော ပြဿနာများကိုလည်း ရင်ဆိုင်ရနိုင်သည်၊ သို့သော် မွေးကင်းစကလေး အသက်ကြီးလာသည်နှင့် အမျှ ထိုအသက်ရှူရပ်ခြင်းသည် တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာကြောင်း တွေ့ရှိရသည်
    • အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများတွင် Bronchopulmonary dysplasia ဟုခေါ် သည့် အဆုတ်နှင့် လေပြွန်ငယ်များရှိ ဆဲလ်များထိခိုက်သော နာတာရှည်အဆုတ်ရောဂါ တစ်မျိုးလည်း ပါဝင်သည်၊ ၎င်းနာတာရှည်ရောဂါသည် အဆုတ်ကောင်းစွာဖွံ့ဖြိုးခြင်း မရှိဘဲ အသက်ရှူခက်ခဲသောကြောင့် အသက်ရှူကူစက်ဖြင့် အချိန်ကြာမြင့်စွာ ကုသမှု ခံယူခဲ့ရသော ကလေးများတွင် ပို၍တွေ့ရနိုင်သည်၊ အဆိုပါကလေးများသည် အသက်အရွယ်ကြီးလာပါက နာတာရှည်အဆုတ် ပြဿနာများဖြစ်ခြင်းနှင့် အိမ်တွင် ကာလရှည်အောက်ဆီဂျင်ကုထုံး လိုအပ်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်
  • နှလုံးဆိုင်ရာပြဿနာများ
    • လမစေ့သောကလေးများတွင် အတွေ့ရများသော နှလုံးဆိုင်ရာပြဿနာတစ်ခုမှာ နှလုံးသွေးကြောမကြီး နှစ်ခုကြားရှိ လမ်းကြောင်းပွင့်နေခြင်း (Patent Ductus Arteriosus) ဖြစ်သည်။ ထိုလမ်းကြောင်းသည် သွေးလွှတ်ကြောမကြီးနှင့် အဆုတ်သွေးလွှတ်ကြော နှစ်ခုကြားတွင် ရှိပြီး သန္ဓေသားဘဝတွင် ပုံမှန်အားဖြင့် ပွင့်နေပြီး ကလေးမွေးဖွားပြီးချိန်တွင် ပိတ်ရမည်ဖြစ်သည်။ လမစေ့ဘဲမွေးသော ကလေးများတွင် ထိုလမ်းကြောင်းသည် ပိတ်ရမည့်အစား ဆက်တိုက်ပွင့်နေသောကြောင့် ထိုလမ်းကြောင်းကို ပိတ်၍ ကုသမှုခံယူရန်လိုသည်။ ကုသမှု မခံယူပါက နှလုံးကောင်းစွာ မညှစ်နိုင်သောကြောင့် အချိန်ကြာလာပါက နှလုံးလုပ်ငန်းပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
  • ဦးနှောက်ဆိုင်ရာပြဿနာများ
    • လမစေ့ဘဲ မွေးဖွားသောကလေးများတွင် ဦးနှောက်ရှိ သွေးကြောများပါးလွှာ၍ ပေါက်လွယ်သောကြောင့် ဦးနှောက်အခန်းတွင်း သွေးယိုစိမ့်ခြင်း (Intraventricular hemorrhage) ဖြစ်နိုင်သည်။ ကလေးမွေးဖွားချိန်စောလေ သွေးယိုစိမ့်ခြင်း ဖြစ်နိုင်ခြေများလေ ဖြစ်သည်၊ သွေးယိုစိမ့်ခြင်း အများစုသည် မပြင်းထန်ဘဲ အချိန်အနည်းငယ်အတွင်း ပျောက်ကင်းသက်သာနိုင်သည်၊ သို့သော် အချို့ကလေးများတွင် ပိုမိုကြီးမားသော သွေးယိုစိမ့်ခြင်းဖြစ်နိုင်ပြီး ရေရှည်တွင် ဦးနှောက် ထိခိုက်ပျက်စီးမှုများ ဖြစ်နိုင်သည်။
  • အပူချိန်ထိန်းချုပ်မှုဆိုင်ရာ ပြဿနာများ
    • လမစေ့ဘဲမွေးသော မွေးကင်းစကလေးများသည် ပေါင်ပြည့်လစေ့မွေးသော ကလေးများထက် ခန္ဓာကိုယ်အပူချိန် လျင်မြန်စွာ ကျဆင်းနိုင်သည်၊ အဆိုပါကလေးများသည် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်သော အဆီများ လုံလောက်စွာမရှိခြင်းကြောင့် ခန္ဓာကိုယ်မျက်နှာပြင်မှ ဆုံးရှုံးသွားသော အပူကို အလုံအလောက် ပြန်လည်ထုတ်လုပ်နိုင်စွမ်း မရှိပေ၊ ထို့ကြောင့် ကိုယ်အပူချိန် အလွန်ကျဆင်းခြင်း (Hypothermia) ပြဿနာကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် ကိုယ်အပူချိန် အလွန်ကျဆင်းခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် သွေးတွင်းသကြားဓာတ်နည်းခြင်းတို့ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အထက်ပါအခြေအနေများကို ကာကွယ်ရန် အထူးသဖြင့် အရွယ်သေးငယ်သော လမစေ့ကလေးများသည် မွေးပြီးပြီးချင်းတွင် အပူပေးစက် သို့မဟုတ် ဖန်ပေါင်းချောင် (Incubator) တွင်ထား၍ အပူချိန်ကို ထိန်းညှိရန် လိုအပ်သည်။
  • အစာခြေစနစ်ဆိုင်ရာ ပြဿနာများ
    • လမစေ့ဘဲမွေးသော ကလေးများ၏ အစာခြေစနစ်သည် အပြည့်အဝ မဖွံ့ဖြိုးသေးသောကြောင့် အူနံရံပုပ်သောရောဂါ (Necrotizing enterocolitis – NEC) ကဲ့သို့သော ပြဿနာများလည်း ဖြစ်နိုင်သည်။ NEC သည် အူနံရံရှိဆဲလ်များ ထိခိုက်ပျက်စီးခြင်းဖြစ်ပြီး လမစေ့ဘဲ မွေးသည့်ကလေးများ အစာစတင်ကျွေးပြီး နောက်ပိုင်းတွင် ဖြစ်ပွါးနိုင်သည်။ မိခင်နို့ တစ်မျိုးတည်း သောက်သုံးရသော လမစေ့ဘဲမွေးသည့် ကလေးများတွင် NEC ဖြစ်နိုင်ခြေ အလွန်နည်းပါးသည်။
  • သွေးဗေဒဆိုင်ရာ ပြဿနာများ
    • လမစေ့ဘဲ မွေးဖွားသော ကလေးများတွင် သွေးအားနည်းခြင်းနှင့် မွေးကင်းစကလေး အသားဝါခြင်းကဲ့သို့သော သွေးနှင့်ပတ်သက်သည့် ပြဿနာများလည်း ဖြစ်နိုင်သည်၊ ပုံမှန်မွေးကင်းစကလေးအားလုံး၏ အစောပိုင်းတွင် သွေးနီဥအရေအတွက်သည် တဖြည်းဖြည်း လျော့ကျလေ့ရှိပြီး ထိုလျော့ကျမှုနှုန်းသည် လမစေ့ကလေးများတွင် ပို၍များသည်၊ ထို့ပြင် မွေးကင်းစကလေး အသားဝါခြင်းလည်း ပို၍ အဖြစ်များသည်။
  • ဇီတကမ္မဆိုင်ရာ ပြဿနာများ
    • လမစေ့ကလေးများသည် သွေးတွင်းသကြားဓာတ်ပမာဏ ကျဆင်းခြင်းကဲ့သို့ ဇီဝကမ္မဆိုင်ရာ ပြဿနာများ ဖြစ်နိုင်သည်။ လမစေ့ဘဲမွေး‌သော ကလေးများသည် နေ့စေ့လစေ့မွေးသော ကလေးများထက် ခန္ဓာကိုယ်တွင် သိုလှောင်ထားသော သွေးတွင်းသကြားဓာတ်ပမာဏ ပို၍နည်းသောကြောင့် ဖြစ်နိုင်သည်။
  • ကိုယ်ခံအားစနစ်ဆိုင်ရာပြဿနာများ
    • လမစေ့ဘဲ မွေးသော ကလေးများ၏ ကိုယ်ခံအားစနစ်သည် ကောင်းစွာဖွံ့ဖြိုးခြင်း မရှိသေးသောကြောင့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပြီး၊ သွေးကြောထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားပါက အသက်အန္တရာယ်ရှိသော ပိုးဆိပ်ပျံ့နှံ့ခြင်း (Septicemia) ကို ဖြစ်စေနိုင်သည်။
ရေရှည်ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများ
  • စီပီရောဂါ
    မွေးကင်းစကလေး၏ ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။
  • ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း
    လမစေ့ဘဲ မွေးသော မွေးကင်းစကလေးများသည် ပုံမှန်ရက်ပြည့်မွေးသော ကလေးများထက် ဖွံ့ဖြိုးမှုမှတ်တိုင်များသည် အနည်းငယ် နောက်ကျနိုင်ခြေများသည်၊ ထို့ပြင် အပြုအမူနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများလည်း ဖြစ်ပေါ်နိုင်သည်။
  • အမြင်အာရုံဆိုင်ရာ ပြဿနာများ
    အထူးသဖြင့် (၃၁) ပတ်မတိုင်ခင် မွေးသော မွေးကင်းစကလေးများတွင် အဖြစ်များသော အမြင်အာရုံဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်၊ လမစေ့ဘဲ မွေးခြင်းကြောင့် မွေးကင်းစကလေး၏ မြင်လွှာတွင် ပုံမမှန်သွေးကြောများ ဖြစ်ပေါ် ပြီး အမြင်အာရုံထိခိုက်စေသည်၊ ၎င်းကို လမစေ့ကလေးများ မြင်လွှာပျက်စီးခြင်း (Retinopathy of prematurity) ဟု ခေါ်ပြီး စောစီးစွာကုသမှု ခံယူပါက အမြင်အာရုံထိခိုက်ခြင်းမှ ကာကွယ်နိုင်သည်။
  • အကြားအာရုံဆိုင်ရာ ပြဿနာများ
    လမစေ့ဘဲမွေးသော မွေးကင်းစကလေးများသည် အကြားအာရုံဆုံးရှုံးခြင်း ဖြစ်နိုင်ခြေ ပိုများသည်။
  • သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများ
    အလွန်အမင်း လမစေ့ဘဲ စောမွေးသော မွေးကင်းစကလေးများတွင် ပုံမှန်ထက် သွားပေါက်ခြင်း နောက်ကျနိုင်သည်။
  • ရေရှည် ကျန်းမာရေးပြဿနာများ
    လမစေ့ဘဲမွေးသော မွေးကင်းစကလေးများသည် နာတာရှည်ပြဿနာများ ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ (Asthma)၊ မကြာခဏ ဖျားနာခြင်းနှင့် စားချဥ်ပြန်‌ရောဂါများ ဖြစ်နိုင်ခြေ ပိုများသည်။
  • လသားအရွယ်ကလေး ရုတ်တရက် သေဆုံးခြင်းလက္ခဏာစု (Sudden Infant Death Syndrome – SIDS)
    လမစေ့ဘဲမေးသော မွေးကင်းစကလေးများတွင် ပို၍ အဖြစ်များသည်။ အိပ်ပျော်နေသောအချိန်တွင် အကြောင်းရင်းရှာမရဘဲ ရုတ်တရက် သေဆုံးခြင်းဖြစ်သည်။ ထို့ကြောင့် ကလေးကို သိပ်ချိန်တွင် အမြဲပက်လက်ထား၍ သိပ်ရန်လိုသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ကိုယ်ဝန်ဆောင်မိခင်သည် လမစေ့ဘဲ‌မွေးဖွားနိုင်ခြေရှိပါက ဆေးရုံတွင်မွေးဖွားရန် လိုအပ်သည်သာမက မွေးဖွားလာသော မွေးကင်းစကလေးသည်လည်း မွေးကင်းစ အထူးကြပ်မတ်ကုသဆောင်တွင် တက်ရောက်ကုသရန် လိုအပ်နိုင်သောကြောင့် မွေးကင်းစကလေးကုသမှုနှင့် ဆေးပစ္စည်းများ ပြည့်စုံသည့် ဆေးရုံ၊ ဆေးခန်း၌သာ မဖြစ်မနေ မွေးဖွားရမည်။

ရောဂါရှာဖွေခြင်း

မွေးကင်းစအထူးကုဆရာဝန်မှ မိခင်အား ကိုယ်ဝန်ရက်သတ္တပတ်၊ နောက်ဆုံးရာသီလာသောရက်၊ ကိုယ်ဝန်ရက်သတ္တပတ်ကို အာထရာဆောင်းရိုက်၍ ခန့်မှန်းထားမှုနှင့် ကိုယ်ဝန်ဆောင်စဥ် နောက်ဆက်တွဲပြဿနာများ (သွေးဆိပ်တက်ခြင်း၊ အမြွှာကိုယ်ဝန်ဆောင်ခြင်း၊ ‌ရေမြွှာရည်ပိုးဝင်ခြင်း) ရှိမရှိ စသည်တို့ကို အသေးစိတ်မေးမြန်းမည် ဖြစ်သည်။ ကလေးမွေးပြီးပါက မိခင်အားမေးမြန်းထားသော အချက်အလက်များအပြင် ကလေးအား အသေးစိတ် စမ်းသပ်စစ်ဆေးခြင်း (ကိုယ်အလေးချိန်၊ အရေပြား၊ လိင်အင်္ဂါဖွံ့ဖြိုးမှုနှင့် မွေးကင်းစတွင် ရှိရမည့် တုံ့ပြန်မှု) များ ပြုလုပ်၍ မွေးသောကလေး၏အသက် (ရက်သတ္တပတ်) ကို တွက်ချက်ကာ လမစေ့သော ကလေးဖြစ်ကြောင်း သတ်မှတ်မည်။

ကုသခြင်း

လမစေ့ဘဲမွေးသော မွေးကင်းစကလေးများသည် မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) တွင် ထား၍ ကုသမှုခံယူရန် လိုအပ်သည်။ ကလေး၏ ရောဂါလက္ခဏာများ၊ အသက်၊ ကျန်းမာရေးအခြေအနေနှင့် ရောဂါပြင်းထန်မှု စသည်တို့ပေါ်တွင် မူတည်၍ လိုအပ်သော ကုသမှုများပေးသည်။ အချို့သော ကလေးများသည် ရက်သတ္တပတ် သို့မဟုတ် လပေါင်းများစွာ NICU တွင် ကုသမှု ခံယူရနိုင်သည်။ လမစေ့ဘဲမွေးသော မွေးကင်းစကလေးများ၏ ကုသမှုတွင် အသက်ရှူနိုင်ခြင်း၊ နို့စို့နိုင်ခြင်းနှင့် အပူချိန်ထိန်းညှိနိုင်ခြင်းကို ကလေးကိုယ်တိုင် ‌ကောင်းစွာပြုလုပ်နိုင်သည်အထိ ပြုစုစောင့်ရှောက်ခြင်းသာမက ကိုယ်အလေးချိန်တိုးတက်စေရန် ကုသမှုများအထိ ပါဝင်သည်။ ကုသမှုများတွင် သန္ဓသား၏ အဆုတ်နှင့်အခြားကိုယ်အင်္ဂါများ ဖွံ့ဖြိုးစေရန် လမစေ့မီ မီးဖွားရမည့် ကိုယ်ဝန်ဆောင်မိခင်အား စတီးရွိုက်ထိုးဆေး ကြိုတင်ထိုးပေးခြင်းလည်း ပါဝင်သည်။

လမစေ့သောကလေး မွေးပြီးပြီးချင်းတွင် အသက်ရှူနိုင်ခြင်း မရှိပါက မွေးကင်းစကလေး အရေးပေါ် အသက်ရှူကူခြင်း (Neonatal resuscitation) ကို အလျင်အမြန် ပြုလုပ်ပြီး ကလေး၏ အပူချိန်ကို ထိန်းညှိရန် အပူပေးစက် (Warmer) ပေါ် တွင်ထားရမည်။ ထို့နောက် ကလေး၏ အပူချိန်၊ သွေးပေါင်ချိန်၊ နှလုံးနှင့် အသက်ရှူနှုန်း၊ အောက်ဆီဂျင်ပမာဏတို့ကို စောင့်ကြည့်ပြီး အခြေအနေပေါ် မူတည်၍ နှာခေါင်းပိုက်၊ မျက်နှာဖုံး၊ အသက်ရှူအားကူစက် (CPAP) သို့မဟုတ် အသက်ရှူစက်ဖြင့် အောက်ဆီဂျင်ပေးရနိုင်သည်။

မွေးကင်းစအထူးကြပ်မတ်ကုသဆောင်တွင် ကလေးအား ဖန်ပေါင်းချောင် (Incubator) ထဲတွင် ထားရှိပြီး အနီးကပ်စောင့်ကြည့်ကုသမှုများ ပေးမည်။ ကုသမှုများတွင်

  • အစာအာဟာရများ ရရှိစေရန် သွေးကြောမှ ဆေးရည်များ သွင်းခြင်း
  • မျိုချနိုင်ပါက အစာပိုက်ဖြင့် မိခင်နို့ရည်ထည့်ခြင်း၊ နို့စို့နိုင်ပါက မိခင်နို့ကို စို့စေခြင်း
  • ရောဂါပိုးဝင်ရောက်ခြင်းရှိပါက ပဋိဇီဝပိုးသတ်ဆေးထိုးဆေးများ သွင်းခြင်း
  • အဆုတ်နှင့် အစာခြေခြင်းပြဿနာများအတွက် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
  • နှလုံးပြဿနာများအတွက် အသံလှိုင်းသုံးနှလုံးပုံရိပ်​ဖော်စက်ဖြင့် စစ်​ဆေးခြင်း
  • ဦးနှောက်ပြဿနာများအတွက် ဦးခေါင်းအာထရာဆောင်းရိုက်ခြင်း (Cranial ultrasound)
  • မိခင်၏အရေပြားနှင့် ထိတွေ့မှုပေးခြင်း (Kangaroo care) စသည်တို့ ပါဝင်သည်။

ထို့နောက် ကလေးအသက်အလိုက် ကိုယ်အလေးချိန်၊ ဘီလီရူဘီ အဝါဓာတ်နှင့် သွေးအားနည်းခြင်းများကိုလည်း စစ်ဆေး၍ လိုအပ်ပါက အာဟာရများတိုးပေးခြင်း၊ မီးချောင်းပြကုသခြင်းနှင့် သွေးသွင်းခြင်း စသည့် သက်ဆိုင်ရာ ကုသမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ လမစေ့ဘဲ မွေးဖွားသော မွေးကင်းစကလေးများသည် ကြီးထွားမှုနှင့် ဖွံ့ဖြိုးမှုနှစ်ခုစလုံးတွင် ပုံမှန်အတိုင်း တိုးတက်ကောင်းမွန်စေရန် အချိန်လိုအပ်သည်။ ထို့ပြင် ဆေးရုံမဆင်းမီ လမစေ့ဘဲမွေးသော ကလေးများကို မျက်စိစစ်ဆေးခြင်းနှင့် အကြားအာရုံစစ်ဆေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် လမစေ့ဘဲမွေးဖွားခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ပြဿနာများကို ကြိုတင်သိရှိပြီး ကုသမှုပေးနိုင်သည်။

အချို့သောကလေးများသည် ‌ဆေးရုံမှဆင်းနိုင်သော အနေအထားရှိသော်လည်း အိမ်တွင် အောက်ဆီဂျင်အနည်းငယ် လိုနိုင်ခြင်းနှင့် အစာပိုက်ဖြင့် နို့တိုက်ကျွေးခြင်း ကဲ့သို့သော အပိုဆောင်းလိုအပ်ချက်များ ရှိနိုင်သောကြောင့် ဆရာဝန်၊ ဆရာမများမှ မိခင်အား ဆေးရုံမဆင်းမီ စနစ်တကျ ကြိုတင်၍ လေ့ကျင့်သင်ကြားပေးထားရန် လိုသည်။ ထို့နောက် သက်ဆိုင်ရာ မွေးကင်းစကလေးအထူးကု ဆရာဝန်မှ ကလေးဆေးရုံမဆင်းမီ မိဘများအတွက် လမစေ့မွေးသော ကလေးများတွင် ဖြစ်တတ်သော နောက်ဆက်တွဲပြဿနာတစ်ခု ဖြစ်သည့် ရုတ်တရက် ကလေးသေဆုံးခြင်းလက္ခဏာစု (Sudden Infant Death Syndrome) ကို ကာကွယ်ရန် ကလေးကို အိပ်ပါက ပက်လက်အနေအထားဖြင့် သိပ်ရန်၊ ကလေးအခြေအနေကို အမြဲစောင့်ကြည့်၍ လိုအပ်ပါက မွေးကင်းစကလေး CPR အချိန်မီပြုလုပ်တတ်စေရန် ကူညီသင်ကြားပေးမည်ဖြစ်သည်။ ထို့သို့ပြုလုပ်ခြင်းဖြင့် မိဘများသည် မိမိကလေး၏ ဘေးကင်းရေးကို နားလည်သိရှိပြီး အိမ်သို့ခေါ်ဆောင်သွားရန် ပိုမိုယုံကြည်မှုရှိလာမည်ဖြစ်သည်။

ဆေးရုံဆင်းပြီးနောက် မွေးကင်းစ ကလေးအထူးကုဆရာဝန်သည် ကလေး၏ နောက်ဆက်တွဲပြဿနာများနှင့် ကြီးထွားဖွံ့ဖြိုးမှုများကို စောင့်ကြည့်စစ်ဆေးရန် ကလေးအသက်အလိုက် ရက်ချိန်းများ ခေါ်ယူမည်။ ထို့ပြင် ထိုးနှံရမည့် ကာကွယ်ဆေးများကိုလည်း ဆွေးနွေးပြောပြမည်ဖြစ်သည်။

ကာကွယ်ခြင်း

လမစေ့ဘဲ ကလေးမွေးခြင်းကို ကာကွယ်ရန် တိကျသေချာသော နည်းလမ်းမရှိပါ။ သို့သော် ဖြစ်ပွါးစေသော အကြောင်းအရာများကို လျော့ချခြင်းဖြင့် လမစေ့ဘဲ ကလေးမွေးခြင်းကို ကာကွယ်နိုင်သည်။

  • ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးဝါးသုံးခြင်းကို ရှောင်ကြဉ်ပါ
  • ကိုယ်ဝန်ဆောင်စဉ် အာဟာရပြည့်ဝပြီး မျှတသော အစားအစာများကို စားသုံးပါ
  • ကိုယ်ဝန်ဆောင် ပထမသုံးလပတ်မှစ၍ ကိုယ်ဝန်ဆောင်ကျန်းမာရေး စောင့်ရှောက်မှုခံယူပါ
  • ကိုယ်ဝန်ဆောင်ကာလတွင် သွေးတိုး၊ ဆီးချို အစရှိသော နာတာရှည်ရောဂါများကို သက်ဆိုင်ရာ ဆရာဝန်နှင့် သေချာစွာတိုင်ပင်‌၍ ထိန်းသိမ်းကုသပါ
  • ကိုယ်ဝန်ဆောင်ကာလ ရက်ချိန်းများကို ပုံမှန်ပြပါ
  • စိတ်ဖိစီးမှုကို လျှော့ချပါ
  • ကိုယ်ဝန်တစ်ခုနှင့် တစ်ခုကြား အနည်းဆုံး (၁၈) လခြားပြီးမှ ကိုယ်ဝန်ယူပါ

References:

  1. Nationwide Children’s Hospital. (n.d.). Prematurity. Retrieved September 26, 2025, from https://www.nationwidechildrens.org/conditions/health-library/prematurity
  2. Boston Children’s Hospital. (n.d.). Prematurity. Retrieved September 26, 2025, from https://www.childrenshospital.org/conditions/prematurity
  3. World Health Organization (WHO). (n.d.). Preterm birth. Retrieved September 26, 2025, from https://www.who.int/news-room/fact-sheets/detail/preterm-birth
  4. Cleveland Clinic. (n.d.). Premature birth. Retrieved September 26, 2025, from https://my.clevelandclinic.org/health/diseases/21479-premature-birth
  5. Mayo Clinic. (n.d.). Premature birth: Symptoms and causes. Mayo Foundation for Medical Education and Research. Retrieved September 26, 2025, from https://www.mayoclinic.org/diseases-conditions/premature-birth/symptoms-causes/syc-20376730
  6. Stanford Children’s Health. (n.d.). Prematurity. Retrieved September 26, 2025, from https://www.stanfordchildrens.org/en/topic/default?id=prematurity-90-P02401

Published: 11 October 2025

Share

11 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Intellectual Disability – ID (ဉာဏ်ရည်မသန်စွမ်းမှု)
Oct 16, 2025
Diseases and Conditions

Intellectual Disability – ID (ဉာဏ်ရည်မသန်စွမ်းမှု)

ဉာဏ်ရည်မသန်စွမ်းမှု (ID) သည် သင်ယူနိုင်စွမ်းနှင့်...

Marfan Syndrome (မားဖန်းရောဂါလက္ခဏာစု)
Oct 16, 2025
Diseases and Conditions

Marfan Syndrome (မားဖန်းရောဂါလက္ခဏာစု)

မားဖန်းရောဂါလက္ခဏာစုသည် တွယ်ဆက်တစ်ရှူးများ၏ မျိုးဗီဇပြောင်းလဲမှုကြောင့်...

Kidney Stones (ကျောက်ကပ်ကျောက်တည်ခြင်း)
Oct 16, 2025
Diseases and Conditions

Kidney Stones (ကျောက်ကပ်ကျောက်တည်ခြင်း)

ကျောက်ကပ်ကျောက်တည်ခြင်း၏ အဓိကလက္ခဏာမှာ ခါးအောက်ပိုင်းမှ ပေါင်ခြံသို့ ...