Birth asphyxia (မွေးကင်းစကလေး အောက်ဆီဂျင်ပြတ်တောက်ခြင်း)

Birth asphyxia (မွေးကင်းစကလေး အောက်ဆီဂျင်ပြတ်တောက်ခြင်း)

မွေးကင်းစကလေးငယ်များ မွေးပြီးပြီးချင်း ကောင်းစွာအသက်မရှူနိုင်ဘဲ လုံလောက်သော အောက်ဆီဂျင်မရရှိသည့် အခြေအနေကို Birth Asphyxia (မွေးကင်းစကလေး အောက်ဆီဂျင် ပြတ်တောက်ခြင်း) ဟုခေါ်သည်။ ဤအခြေအနေသည် မမွေးမီ၊ မွေးနေစဉ် သို့မဟုတ် မွေးပြီးချိန်၌ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်သည်။

မွေးကင်းစကလေးသည် မွေးပြီး ငါးမိနစ်ကျော်သည်အထိ အောက်ဆီဂျင် လုံလောက်စွာ မရရှိပါက ဦးနှောက်တစ်ရှူးများ စတင်ပျက်စီးနိုင်ပြီး ဆိုးရွားသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ၎င်းအခြေအနေကို မွေးကင်းစကလေးတွင် အောက်ဆီဂျင်ပြတ်တောက်ခြင်းကြောင့် ဦးနှောက်လုပ်ဆောင်ချက်များ ထိခိုက်ခြင်း (Hypoxic Ischaemic Encephalopathy or HIE) ဟုခေါ်သည်။

HIE ၏ ပြင်းထန်မှုအဆင့်ပေါ် မူတည်၍ ကုသမှုနှင့် နောက်ဆက်တွဲအခြေအနေများ ကွဲပြားသည်။ အနည်းငယ်ထိခိုက်သော အဆင့်တွင် ကလေးငယ်သည် လုံးဝပြန်လည်ကောင်းမွန်နိုင်သော်လည်း ပြင်းထန်သော အဆင့်များတွင်မူ ဦးနှောက်နှင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးတတ်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ဖြစ်နိုင်သောကြောင့် အချိန်မီကုသမှုခံယူရန် အလွန်အရေးကြီးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မွေးကင်းစကလေး အောက်ဆီဂျင်ပြတ်တောက်သည့် အခြေအနေ (Birth Asphyxia) ကို ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အတွေ့ရနည်းပြီး ကလေးအရှင်မွေးဖွားမှု (၁,၀၀၀) တွင် (၂) ဦးခန့်သာရှိသည်။ သို့ရာတွင် စောင့်ရှောက်မှုနည်းပညာနှင့် ဆေးကုသရေး အထောက်အပံ့များ ချို့တဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ဤအခြေအနေကို ကလေးမွေးဖွားမှု (၁,၀၀၀) တွင် (၂၀) ဦးအထိ (ဆယ်ဆခန့်) တွေ့ရှိရသည်။

မွေးကင်းစကလေးတွင် အောက်ဆီဂျင်ပြတ်တောက်စေသော အကြောင်းရင်းများသည်

  • မိခင်အခြေအနေနှင့် သားအိမ်အနေအထား
  • သန္ဓေသား၏ အခြေအနေ
  • ‌ရေမြွှာရည်၊ အချင်းနှင့် ချက်ကြိုးတို့၏ အခြေအနေများပေါ် မူတည်သည်။

အဖြစ်များသော အကြောင်းရင်းများမှာ_

  • ချက်ကြိုးဆိုင်ရာပြဿနာများ
    • ချက်ကြိုးထွက်ကျခြင်း (Umbilical cord prolapse)
    • ချက်ကြိုးတွင်ရှိသော သွေးကြောများပိတ်ခြင်း (Obstruction of umbilical cord blood flow)
  • အချင်းဆိုင်ရာပြဿနာများ
    • ကလေးမမွေးဖွားမီ အချင်းစော၍ကွာခြင်း (Placental abruption)
  • သားအိမ်ဆိုင်ရာပြဿနာများ
    • သားအိမ်ကွဲထွက်ခြင်း (Uterine rupture)
  • ရေမြွှာရည်ဆိုင်ရာပြဿနာများ
    • သန္ဓေသားကလေးမှ ပထမဆုံး စွန့်ထုတ်သော ငယ်ချေး (Meconium) နှင့် ရေမြွှာရည် (Amniotic fluid) ရောစပ်သွားခြင်းကြောင့် ရေမြွှာရည် နောက်၍ အရောင်ပြောင်းခြင်း (Meconium stained amniotic fluid)
  • ထိုရေမြွှာရည်အနောက်ကို သန္ဓေသားမှ အဆုတ်အတွင်း ရှူသွင်းမိသောကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော ရောဂါလက္ခဏာစု (Meconium aspiration syndrome)
    • ကိုယ်ဝန်ဆောင်မိခင်ပြဿနာများ
    • ကိုယ်ဝန်ဆိပ်တက်ခြင်း
    • သွေးပေါင်ချိန်ကျခြင်း
    • သွေးအားနည်းခြင်း
    • မီးဖွားချိန်ကြာမြင့်ခြင်း
    • မီးဖွားရန်ခက်ခဲခြင်း
    • မိခင်ရောဂါပိုးဝင်ခြင်း
    • မီးမဖွားမီနှင့် မီးဖွားနေစဥ် သွေးအလွန်ဆင်းခြင်း
    • ကိုယ်ဝန်ဆောင်ချိန် မူးယစ်ဆေးနှင့် အခြားဆေးဝါးများသုံးစွဲခြင်း
  • သန္ဓေသားပြဿနာများ
    • မီးဖွားနေစဉ် မွေးလမ်းကြောင်းမှ သန္ဓေသားထံ ရောဂါပိုးကူးစက်ခြင်း
    • ကိုယ်ဝန်ဆောင်မိခင်မှရောဂါပိုးများ ချက်ကြိုးမှတစ်ဆင့် သန္ဓေသားထံရောက်ရှိခြင်း
    • သန္ဓေသားတွင် မျိုးဗီဇချို့ယွင်းမှုများ ပါလာခြင်း
    • သန္ဓေသားတွင် မွေးမွေးချင်း အသက်ရှူခြင်းကို ထိခိုက်နိုင်သော ဦးနှောက်၊ အာရုံကြော၊ ကြွက်သားရောဂါများ ပါလာခြင်း
    • လမစေ့ ပေါင်မပြည့်ဘဲ မွေးဖွားလာခြင်း
ဖြစ်နိုင်ခြေများစေသောအချက်များ
  • ကိုယ်ဝန်ဆောင်မိခင်သည် အသက်ငယ်လွန်းခြင်း (၂၀ နှစ်အောက်)၊ အသက်ကြီးလွန်းခြင်း (၃၅ နှစ်အထက်)
  • နှစ်မြွှာ သို့မဟုတ် သုံးမြွှာပူးကဲ့သို့သော အမြွှာမွေးဖွားခြင်း
  • ဆေးရုံ၊ ဆေးခန်းများတွင် ကိုယ်ဝန်စောင့်ရှောက်မှု ကောင်းစွာမခံယူထားခြင်း
  • မွေးကင်းစကလေး ကိုယ်အလေးချိန်နည်းခြင်း၊ ပေါင်မပြည့်ခြင်း
  • မီးဖွားစဉ် သန္ဓေသား၏အနေအထား ပုံမှန်မဟုတ်ခြင်း
  • ကိုယ်ဝန်ဆောင်စဥ် ကိုယ်ဝန်ဆိပ်တက်ခြင်း
  • ယခင်ကလေးမွေးဖွားစဉ်က အလားတူအောက်ဆီဂျင်ပြတ်တောက်မှု အခြေအနေဖြစ်ခဲ့ဖူးခြင်း စသည်တို့ဖြစ်သည်။
အောက်ဆီဂျင်ပြတ်တောက်မှုကိုစစ်ဆေးခြင်း

မွေးကင်းစကလေးတွင် အောက်ဆီဂျင်ပြတ်တောက်ခြင်း ရှိမရှိကို ခန့်မှန်းနိုင်ရန် မီးဖွားပြီးပြီးချင်းတွင် မွေးကင်းစကလေးအခြေအနေအား စစ်ဆေးတိုင်းတာသော အက်ဂါရမှတ် (APGAR score) ဖြင့် စစ်ဆေးနိုင်သည်။ APGAR score တွင် စစ်ဆေးရန် အဓိကအချက်ကြီး (၅) ချက် ပါဝင်သည်။
ကလေးမွေးဖွားပြီးပြီးချင်း တစ်မိနစ်၊ ငါးမိနစ်၊ ဆယ်မိနစ်တို့တွင် တစ်ကြိမ်စီ စစ်ဆေးတိုင်းတာသည်။
အချက်တစ်ချက်စီအတွက် (၀ – ၁ – ၂) မှတ် စသည်ဖြင့် အဆင့်ဆင့်အမှတ်ပေးနိုင်သည်။

Apgar ရမှတ်ဇယား
လက္ခဏာသတ်မှတ်ချက်ရမှတ် – ၀ရမှတ် – ၁ရမှတ် – ၂
အသွင်အပြင် သို့မဟုတ် အရေပြားအရောင်
(Appearance or skin colour)
တစ်ကိုယ်လုံး ပြာနှမ်း၍ ဖြူဖျော့နေခြင်းခန္ဓာကိုယ်ပန်းရောင်သန်းနေသော်လည်း ခြေလက်များ ပြာနေခြင်းတစ်ကိုယ်လုံး ပန်းရောင်သန်းနေခြင်း
သွေးခုန်နှုန်း သို့မဟုတ် နှလုံးခုန်နှုန်း
(Pulse or heart rate)
နှလုံးခုန်နှုန်း လုံးဝမရှိနှလုံးခုန်နှုန်း တစ်မိနစ်လျှင် အကြိမ် ၁၀၀ အောက်နှလုံးခုန်နှုန်း တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှင့်အထက်
မျက်နှာထား သို့မဟုတ် လှုံ့ဆော်မှုကို တုံ့ပြန်မှု
(Grimace or reflex response)
လှုံ့ဆော်မှုကို တုံ့ပြန်မှုမရှိမျက်နှာရှုံ့မဲ့ခြင်းနှာချေခြင်း၊ ချောင်းဆိုးခြင်း
လှုပ်ရှားနိုင်မှု သို့မဟုတ် ကြွက်သားများသန်မာမှု (Activity or muscle tone)ကလေးသည် ပျော့ခွေနေပြီး လှုပ်ရှားမှုလုံးဝမရှိခြေလက်လေးများ အနည်းငယ်လှုပ်ရှားနိုင်ခြင်းခန္ဓာကိုယ်တစ်ခုလုံး ကောင်းစွာ လှုပ်ရှားနိုင်ခြင်း
အသက်ရှူပုံ သို့မဟုတ် အသက်ရှူနှုန်း (Respiration or breathing)အသက်မရှူခြင်းအသက်ရှူနှုန်း နှေးကွေးပြီး ပုံမမှန်ဖြစ်ခြင်းကောင်းစွာအော်ငိုနိုင်၍ အသက်ရှူနိုင်ခြင်း

ကလေးမွေးဖွားပြီး ငါးမိနစ်အကြာတွင် တိုင်းတာသော စကေးရမှတ်များသည် အရေးကြီးဆုံးဖြစ်သည်။

  • ရမှတ် (၇ – ၁၀) မှတ်ကြားရှိပါက ပုံမှန်ဖြစ်သည်
  • ရမှတ် (၄ – ၆) မှတ်သည် အသင့်အတင့်ပြင်းထန်အဆင့်ဖြစ်သည်
  • (၀ – ၃) မှတ်သည် အလွန်ပြင်းထန်သော အောက်ဆီဂျင်ပြတ်တောက်ခြင်းအဆင့်ဖြစ်သည်။

ရမှတ်နည်းသော ကလေးများတွင် အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း ပြဿနာများကြောင့် မွေးဖွားချိန်တွင်လည်း အရေးပေါ်အသက်ကယ်နည်းများ ပြုလုပ်ရသကဲ့သို့ မွေးကင်းစ အထူးကြပ်မတ်ကုသဆောင်တွင် အနီးကပ်စောင့်ကြည့်ကုသမှုများ ဆက်လက်လိုအပ်နိုင်သည်။ သို့သော် အက်ဂါရမှတ် (APGAR score) ကိုကလေးတစ်ဦး၏ ရေရှည်ကျန်းမာရေးအခြေအနေကို ခန့်မှန်းရန်အတွက် အသုံးမပြုနိုင်ပေ။

ရောဂါလက္ခဏာများ

မွေးကင်းစကလေးတွင် အောက်ဆီဂျင်ပြတ်တောက်ခြင်းကြောင့် ဖြစ်ပေါ်လာသောလက္ခဏာများသည် အောက်ဆီဂျင်ပြတ်တောက်မှု ပြင်းထန်ခြင်း ရှိမရှိ၊ အောက်ဆီဂျင်ပြတ်တောက်မှုကို ဖြစ်စေသော ရောဂါအခြေအနေ၊ မည်မျှစောစီးစွာကုသနိုင်ခြင်း ရှိမရှိ စသည်တို့အပေါ်မူတည်သည်။

ဦးနှောက်လုပ်ဆောင်ချက်များ ထိခိုက်ခြင်း (Hypoxic-Ischemic Encephalopathy – HIE)

အလွန်ပြင်းထန်သော အောက်ဆီဂျင်ပြတ်တောက်ခြင်း (severe hypoxia) အခြေအနေတွင် ဦးနှောက်လုပ်ဆောင်ချက်များ ထိခိုက်ခြင်း (Hypoxic-Ischemic Encephalopathy – HIE) ဖြစ်နိုင်ခြေ အလွန်မြင့်မားသည်။ HIE သည် အဓိကအားဖြင့် အဆင့် နှစ်ဆင့်ဖြင့် ဖြစ်ပေါ်လေ့ရှိသည်။

  • ပထမအဆင့် (Primary Phase)
    ဦးနှောက်သို့ သွေးစီးဆင်းမှု လျော့နည်းခြင်း (Ischemia) နှင့် အောက်ဆီဂျင်ပြတ်တောက်ခြင်း (Hypoxia) ကြောင့် မိနစ်ပိုင်းအတွင်း ဦးနှောက်ဆဲလ်များ ချက်ချင်းထိခိုက်ခြင်းဖြစ်သည်။
  • ဒုတိယအဆင့် (Secondary Phase သို့မဟုတ် Reperfusion Injury)
    ဤအဆင့်သည် နာရီပိုင်းအတွင်း စတင်ဖြစ်ပေါ်ပြီး၊ ရက်ပိုင်းမှ ရက်သတ္တပတ်အတွင်း ဆက်လက်ဖြစ်ပွါးနိုင်သည်၊ ဤအဆင့်တွင် သွေးစီးဆင်းမှုနှင့် အောက်ဆီဂျင် ပြန်လည်ရရှိသော်လည်း၊ ကနဦးအဆင့်တွင် ထိခိုက်ပျက်စီးသွားသောဆဲလ်များမှ အန္တရာယ်ရှိသည့် ဓာတုပစ္စည်းများ ထုတ်လွှတ်ခြင်းကြောင့် ဦးနှောက်အနှံ့ အပြန်အလှန် ဓာတ်ပြုမှုများ ဖြစ်ပေါ်ကာ ဆဲလ်များ ဆက်လက်ပျက်စီးခြင်းဖြစ်သည်။

HIE ကို ပြင်းထန်မှုလက္ခဏာများပေါ် မူတည်၍လည်း အဆင့်သုံးဆင့် ခွဲခြားနိုင်သည်။

အဆင့် ၁ – ဦးနှောက်လုပ်ဆောင်ချက်များ အနည်းငယ်ထိခိုက်ခြင်း (Stage 1 HIE)အဆင့် ၂ – ဦးနှောက်လုပ်ဆောင်ချက်များ အသင့်အတင့် ထိခိုက်ခြင်း (Stage 2 HIE)အဆင့် ၃ – ဦးနှောက်လုပ်ဆောင်ချက်များ ပြင်းထန်စွာ ထိခိုက်ခြင်း (Stage 3 HIE)
ကလေးအလွန်တက်ကြွနေခြင်း (Hyper-alertness)

နှလုံးခုန်နှုန်းမြန်ခြင်း (Tachycardia)

ကြွက်သားများသန်မာမှု အနည်းငယ်လျော့နည်းနေခြင်း (Decreased muscle tone)

အလိုအလျောက်တုံ့ပြန်မှုများ ပိုမိုအားကောင်းနေခြင်း (Stronger deep tendon reflexes)

နို့စို့နည်းခြင်း (Poor feeding)

အလွန်အကျွံငိုခြင်း (Excessive crying)

စိတ်တိုလွယ်ခြင်း (Irritability)

အလွန်အိပ်ခြင်း (Sleepiness)
နုံးချည့်၍ ငြိမ်သက်နေခြင်း (Lethargy)

ကြွက်သားများသန်မာမှု သိသိသာသာ လျော့နည်းနေခြင်း (Decreased muscle tone)

အလိုအလျောက်တုံ့ပြန်မှုများမရှိခြင်း (Lack of deep tendon reflexes)

နို့စို့ခြင်း၊ လက်သီးဆုပ်နိုင်ခြင်း၊ ရုတ်တရက်လှုပ်ရှားလျှင် လန့်သွားခြင်း စသော မွေးရာပါ အလိုအလျောက်တုံ့ပြန်မှုများ (Primitive reflexes) အားနည်းနေခြင်း သို့မဟုတ် လုံးဝမရှိခြင်း

အသက်ရှူရခက်ခဲခြင်း၊ အောက်ဆီဂျင်လိုအပ်ခြင်း

မွေးပြီး ၂၄ နာရီအတွင်း တက်ခြင်း (Seizures)

ရှေ့ရက်များတွင် သက်သာနေရာမှ ရုတ်တရက် အခြေအနေ ဆိုးရွားလာခြင်း

သူငယ်အိမ် ကျဥ်းနေတတ်ခြင်း (Small pupils)

နှလုံးခုန်နှုန်းနှေးခြင်း (Bradycardia)

ဝမ်းလျှောခြင်း (Diarrhoea)
တုံ့ပြန်မှု လုံးဝမရှိခြင်း (Unresponsiveness)

ပြန်လည်နိုးထရန် ခက်ခဲသော သတိလစ်ခြင်း (Coma)

အသက်ရှူမမှန်ခြင်း (Irregular respiration)

အသက်ရှူကူစက် (Ventilator) လိုအပ်ခြင်း

ကြွက်သားများသန်မာမှုသည် တစ်ကိုယ်လုံးတွင် သိသိသာသာ လျော့နည်းနေခြင်း (Decreased muscle tone through the body)

အလိုအလျောက်တုံ့ပြန်မှုများမရှိခြင်း (Lack of deep tendon reflexes)

မွေးရာပါအလိုအလျောက်တုံ့ပြန်မှုများ (Primitive reflexes) လုံးဝမရှိခြင်း

ပုံမှန်မဟုတ်သော မျက်လုံးလှုပ်ရှားမှုများရှိခြင်း

သူငယ်အိမ် ကျယ်နေခြင်း သို့မဟုတ် တုံ့ပြန်မှုမရှိခြင်း (Dilated or unresponsive pupils)

မွေးပြီး (၂၄-၄၈) နာရီအကြာ၌ တက်ခြင်း (Seizures)

ဦးနှောက်ဖိအားမြင့်တက်ခြင်း (Cerebral oedema) ကြောင့် သတိလစ်မေ့မြောမှု ပိုမိုဆိုးရွားလာခြင်း

ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်း (Irregular heartrate)

သွေးတိုးခြင်း (Hypertension)

နောက်ဆုံး နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုများကြောင့် အသက်သေဆုံးခြင်း (Cardiorespiratory failure)
ဤအဆင့်သည် (၁ -၃) ရက်ခန့် ကြာနိုင်ပြီး ထိုအခြေအနေတွင် ဦးနှောက်လှိုင်းပုံဖော်စစ်ဆေးခြင်း (EEG) ပြုလုပ်ပါက အဖြေသည် ပုံမှန်ဖြစ်နေလေ့ရှိသည်။ အများအားဖြင့် (၂၄) နာရီအကျော်တွင် သက်သာသွားလေ့ရှိပြီး အချို့တွင် အဆင့် (၂) သို့ ကူးပြောင်းသွားနိုင်သည်ဤအဆင့်ရှိသော ကလေးများ၏ (၂၅%) မှ (၇၅%) ခန့်တွင် ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ကိုယ်ကာယ မသန်စွမ်းမှုများ ခံစားရနိုင်သည့်အပြင် အသက်ဆုံးရှုံးနိုင်သည်အထိ ပြင်းထန်နိုင်သည်

လက္ခဏာများသည် အများအားဖြင့် (၂ – ၁၄) ရက်အထိ ကြာမြင့်တတ်သည်

အဆင့် (၂) လက္ခဏာများအဖြစ် ပထမဆုံး တွေ့ရှိနိုင်သကဲ့သို့ အဆင့် (၁) မှ ကူးပြောင်းလာသည်လည်းရှိသည်

အချို့ကလေးများတွင်မူ အပြင်းထန်ဆုံး အဆင့် (၃) အဖြစ် ကူးပြောင်းသွားနိုင်သည်
ဤအဆင့်သည် အလွန်ပြင်းထန်ပြီး နာရီအနည်းငယ်မှ ရက်သတ္တပတ်အထိ ကြာမြင့်နိုင်သည်

အဆင့် (၃) အထိ ပြင်းထန်ခဲ့သောကလေးများ၏ (၇၅%) သည် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများနှင့် ကိုယ်ကာယ မသန်စွမ်းမှုများ ခံစားရနိုင်သည့်အပြင် စောစီးစွာအသက်ဆုံးရှုံးနိုင်ခြေ ပိုမြင့်မားသည်
နောက်ဆက်တွဲပြဿနာများ

ဦးနှောက်လုပ်ဆောင်ချက်များ ထိခိုက်ခြင်း (HIE) ၏နောက်ဆက်တွဲအနေဖြင့် ဦးနှောက်သာမက အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ထိခိုက်ပျက်စီးမှုများဖြစ်နိုင်သည်။

လတ်တလောဖြစ်ပေါ်နိုင်သော ပြဿနာများ
  • နှလုံးဆိုင်ရာ – အရေပြားအရောင်မကောင်းခြင်း၊ သွေးပေါင်ကျခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှေးခြင်း
  • အဆုတ်ဆိုင်ရာ – အသက်ရှူရခက်ခဲခြင်း၊ အောက်ဆီဂျင်ပမာဏနည်းခြင်း
  • ကျောက်ကပ်ဆိုင်ရာ – ဆီးထွက်နည်းခြင်း၊ ဆီးလုံးဝမထွက်ခြင်း
  • အသည်းဆိုင်ရာ – သွေးခဲရန် လိုအပ်သော ပရိုတင်းဓာတ်များ ထုတ်လုပ်မှုနည်းခြင်း
  • အူလမ်းကြောင်းဆိုင်ရာ – နို့စို့နည်းခြင်း၊ သောက်သုံးသောနို့ကို အစာချေဖျက်ရန် ခက်ခဲခြင်း
  • သွေးတွင်းဆိုင်ရာ – သွေးဥမွှားအရေအတွက်နှင့် သွေးခဲဓာတ်များ လျော့နည်းပြီး သွေးထွက်လွယ်ခြင်း၊ သွေးတွင်းအက်ဆစ်ဓာတ်များအလွန်များနေခြင်း စသည်တို့ဖြစ်သည်။
ရေရှည်နောက်ဆက်တွဲပြဿနာများ

ကလေးအချို့တွင် (အထူးသဖြင့် အဆင့် ၂ နှင့် အဆင့် ၃ တွင်) ရေရှည်နောက်ဆက်တွဲပြဿနာများလည်း ဖြစ်ပေါ်နိုင်သည်။ ၎င်းတို့မှာ_

  1. စီပီရောဂါ (Cerebral palsy)
  2. အတက်ရောဂါ (Epilepsy)
  3. အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲသောရောဂါ (ADHD)
  4. အကြားအာရုံချို့ယွင်းခြင်း
  5. အမြင်အာရုံချို့ယွင်းခြင်း
  6. အထွေထွေ ဖွံ့ဖြိုးမှုနောက်ကျခြင်း
  7. ကျောင်းသင်ခန်းစာသင်ယူလေ့လာနိုင်စွမ်း ချို့ယွင်းခြင်းအပြင်

လူကြီးဘဝတွင်

  1. စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia) နှင့်
  2. စိတ်ဖောက်ပြန်ရောဂါများ (Psychotic disorders) စသည့် စိတ်ကျန်းမာရေးပြဿနာများပါ ဖြစ်ပေါ်လာနိုင်သည်။

ထို့ကြောင့် မွေးကင်းစအရွယ်တွင် အောက်ဆီဂျင်ပြတ်တောက်ခြင်းဖြစ်ခဲ့သော ကလေးများကို ရက်ချိန်းပုံမှန် ခေါ်ယူ၍ ဖွံ့ဖြိုးမှုမှတ်တိုင်များကို စစ်ဆေးပေးသင့်သည်။ သို့မှသာ လိုအပ်သော ကုသမှုများ (ဥပမာ – ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ၊ စကားပြောလေ့ကျင့်ခန်းများနှင့် နေ့စဥ်သုံးစွမ်းရည် လေ့ကျင့်ခန်းများ) အတွက် သက်ဆိုင်ရာပညာရှင်များထံသို့ အချိန်မီ လွှဲပြောင်းကုသပေးနိုင်မည်ဖြစ်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

မွေးကင်းစကလေးတွင် အောက်ဆီဂျင်ပြတ်တောက်ခြင်းဖြစ်ပေါ်နိုင်ခြေများသော အခြေအနေများရှိပါက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် မိခင်နှင့် မွေးကင်းစကလေးအတွက် လိုအပ်သော အထူးကုဆရာဝန်များ၊ စက်ပစ္စည်းများနှင့် ဆေးဝါးများပြည့်စုံသည့် ဆေးရုံများတွင်သာ ကလေးမွေးဖွားသင့်သည်။ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံးတွင်လည်း သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာဝန်များဖြင့် ကိုယ်ဝန်စောင့်ရှောက်မှု ပုံမှန်ခံယူသင့်သည်။ အကယ်၍ အိမ်တွင် မီးဖွားသော မိခင်များတွင်လည်း ကလေးသည် မွေးပြီးပြီးချင်းမှ ငါးမိနစ်ကျော်သည်အထိ ကောင်းစွာအသက်မရှူနိုင်ဘဲဖြစ်နေပါက နီးစပ်ရာဆေးရုံသို့ ချက်ချင်းပို့ဆောင်ရမည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

မွေးကင်းစကလေးများတွင် အောက်ဆီဂျင်ပြတ်တောက်မှုကို မွေးဖွားပြီး ငါးမိနစ်တွင် တိုင်းတာသော အက်ဂါရမှတ် (APGAR score) အရ ခန့်မှန်းသိရှိနိုင်သည်။ ရမှတ်အနည်းဆုံးအဆင့်သည် အလွန်ပြင်းထန်သောအဆင့်ဖြစ်ပြီး ထိုအခြေအနေတွင် ကလေး၏ ဦးနှောက်လုပ်ဆောင်ချက်များထိခိုက်ခြင်း (HIE) ရှိမရှိကို ဆက်လက်ရှာဖွေစစ်ဆေးသင့်သည်။

  1. သွေးလွှတ်ကြောအတွင်းရှိ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားဓာတ်များစစ်ဆေးခြင်း (Arterial blood gas)
    သွေးလွှတ်ကြောအတွင်းမှ သွေးနမူနာယူ၍ သွေးတွင်းအောက်ဆီဂျင်ဓာတ် ကျဆင်းမှုပမာဏနှင့် သွေးတွင်းအက်ဆစ်ဓာတ်များခြင်းကို စစ်ဆေးနိုင်သည်။
  2. အသည်းလုပ်ဆောင်ချက်များ စစ်ဆေးခြင်း (Liver function test)
    အသည်းမှ ထုတ်လုပ်သော ပရိုတင်းဓာတ်များ၊ သွေးခဲဓာတ်များ (coagulation factors) အပြင် သွေးခဲနှုန်းကျဆင်းခြင်းကို INR, D-dimer စသည့်စစ်ဆေးမှုများဖြင့် တိုင်းတာနိုင်သည်။
  3. နှလုံးလုပ်ဆောင်ချက် စစ်ဆေးခြင်း
    Troponin နှင့် creatine kinase MB အင်ဇိုင်းဓာတ်များကို စစ်ဆေး၍ နှလုံးထိခိုက်မှု (Myocardial insult) ရှိမရှိ သိရှိနိုင်သည်။
  4. ကျောက်ကပ်လုပ်ဆောင်ချက်များ စစ်ဆေးခြင်း (Kidney function test)
    ကျောက်ကပ်ဓာတ်များ (Creatinine, blood urea and electrolytes) တိုင်းတာစစ်ဆေးခြင်းဖြင့် ကျောက်ကပ်ပျက်စီးမှုကို သိရှိနိုင်သည်။
  5. သွေးတွင်းသကြားဓာတ် မကြာခဏစစ်ဆေးခြင်း
    မွေးကင်းစကလေးငယ်များတွင် ပြင်ပမှ အကြောင်းရင်းတစ်ခုခုကြောင့် ဖိစီးမှုများလာသောအချိန်တွင် စွမ်းအင်အဖြစ်အသုံးပြုသော ဂလူးကို့စ် သကြားဓာတ်များ အလျင်အမြန်ကုန်ဆုံးသွားပြီး သွေးတွင်းသကြားဓာတ်ကျခြင်း (Hypoglycemia) ကို ခံစားရနိုင်သဖြင့် သွေးတွင်းသကြားဓာတ်မကြာခဏစစ်ဆေးပေး၍ ပြန်လည်ဖြည့်တင်းပေးရန် အရေးကြီးသည်။
  6. အတက်လက္ခဏာများနှင့် အခြားအာရုံကြောလက္ခဏာများကို စောင့်ကြည့်ခြင်း
    မွေးကင်းစကလေးတွင် အတက်လက္ခဏာများ ရှိနေပါက ဦးနှောက်လှိုင်းပုံဖော်စစ်ဆေးခြင်း (EEG) ပြုလုပ်နိုင်သည်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အခြားလက္ခဏာများအတွက် လိုအပ်ပါက ကလေးအသက် (၅ – ၁၀) ရက်အတွင်း သံလိုက်ဓာတ်မှန် (MRI) ရိုက်ကူးနိုင်သည်။ HIE ပြင်းထန်မှုအဆင့်ပေါ် မူတည်၍ ဓာတ်မှန်တွင် တွေ့နိုင်သော အခြေအနေများ ကွဲပြားနိုင်ပြီး ထိုတွေ့ရှိချက်များပေါ်အခြေခံ၍ ကလေး၏နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်ခန့်မှန်းနိုင်သည်။
ကုသခြင်း
အရေးပေါ်ကုသခြင်း

မွေးဖွားပြီး ငါးမိနစ်အတွင်း အက်ဂါရမှတ်စကေး (APGAR score) သည် (၇) မှတ်အောက် ဖြစ်ပါက မည်သည့်အကြောင်းရင်းကြောင့် ဖြစ်သည်ဖြစ်စေ ကလေးအား အရေးပေါ်အသက်ကယ်ရန် ချက်ချင်းလုပ်‌ဆောင်ရမည်ဖြစ်သည်။ အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်း အလွန်နှေးနေပါက ရင်ဘတ်ဖိနှိပ်နှလုံးနှိုးဆွ၍ အသက်ရှူကူနည်း (CPR) ပြုလုပ်ခြင်း၊ အောက်ဆီဂျင်ပေးခြင်းစသည်တို့ကို အမြန်ဆုံးပြုလုပ်ရမည်။ သွေးလှည့်ပတ်စီးဆင်းမှုနည်းသောကြောင့် သွေးလန့်ခြင်း (Shock) ဖြစ်နိုင်သဖြင့် ကလေး၏ ချက်ကြိုးသွေးကြောမှ ဖြစ်စေ၊ လက်သွေးကြောမှ ဖြစ်စေ ဆားရည်သွင်းခြင်းတို့ကိုလည်း ဆက်လက်ပြုလုပ်ရမည်။

ဆက်လက်ကုသခြင်း

ထိုမွေးကင်းစကလေးများကို မွေးကင်းစအထူးကြပ်မတ်ကုသဆောင် (NICU) တွင် အနီးကပ်ဆက်လက်‌ စောင့်ကြည့်ကုသရမည်ဖြစ်ပြီး ပြင်းထန်မှုအဆင့်ပေါ် မူတည်၍ ကုသနည်းများ ကွဲပြားသည်။

ခန္ဓာကိုယ်အပူချိန်လျှော့ချသော ကုထုံး (Therapeutic Hypothermia)

အဆင့် (၂) နှင့် အဆင့် (၃) ဦးနှောက်ထိခိုက်သော မွေးကင်းစကလေးများတွင် ပြုလုပ်နိုင်ပြီး ကိုယ်ဝန်သက် (၃၅) ပတ်နှင့်အထက်တွင် မွေးဖွားပြီး ပေါင်ချိန် (၁၈၀၀ ဂရမ်) အထက်ရှိသော ကလေးများအတွက် သင့်လျော်သည်။ ကုထုံး၏ ရည်ရွယ်ချက်မှာ ကလေး၏ ခန္ဓာကိုယ်အပူချိန်ကို ထိန်းချုပ်လျှော့ချထားပေးခြင်းဖြင့် ဦးနှောက်ထိခိုက်မှုကို တတ်နိုင်သမျှလျော့နည်းစေရန် ဖြစ်သည်။ မွေးဖွားပြီး (၆) နာရီအတွင်း စတင်လေ့ရှိပြီး ကနဦးထိခိုက်ပျက်စီးသွားသော ဆဲလ်များမှ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ထုတ်လုပ်ခြင်း၏နောက်ဆက်တွဲ ထိခိုက်မှုများကို လျှော့ချပေးနိုင်သည်။ ကိုယ်ခန္ဓာအပူချိန်ကို ပုံမှန် (၃၆.၈) ဒီဂရီမှ (၃၃.၅) ဒီဂရီအထိ တဖြည်းဖြည်းချင်းလျှော့ချသွားခြင်းဖြစ်ပြီး ကုထုံးကြာမြင့်ချိန်သည် (၇၂) နာရီဖြစ်သည်။ ထိုသို့ကိုယ်အပူချိန် လျှော့ချရန် ကလေးကို သီးသန့်အခန်းတွင် ထားရန်လိုပြီး အပူချိန်လျှော့ချပေးသော အအေးဓာတ်ထုတ်ပေးသည့် စောင်များ၊ ရေခဲကပ်များကိုအသုံးပြုကြသည်။ ထို (၇၂) နာရီအတွင်း၌လည်း ကလေး၏ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ အသက်ရှူနှုန်းနှင့် ဦးနှောက်လှိုင်းများပြောင်းလဲမှုကို စက်ကိရိယာများတပ်ဆင်၍ အနီးကပ်‌စောင့်ကြည့်နေရမည်ဖြစ်သည်။

အခြားသောကုသမှုများ
  • နှလုံးလုပ်ဆောင်ချက်နှင့် အသက်ရှူခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးရန် ဆေးဝါးများနှင့် အသက်အသက်ရှူကူစက် (CPAP and Mechanical ventilator) များဖြင့် ကုသခြင်း
  • သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကို ထိန်းညှိရန် ဆေးဝါးများ ပေးခြင်း
  • ကျောက်ကပ်ပျက်စီးခြင်းရှိပါက ခန္ဓာကိုယ်ထဲမှ မစွန့်ထုတ်နိုင်သည့် အဆိပ်အတောက်ပစ္စည်းများကို ဖယ်ရှားရန် ကျောက်ကပ်ဆေးခြင်း (Dialysis)
  • အတက်လက္ခဏာကို ထိန်းချုပ်ရန် အတက်ကျဆေးများ ပေးခြင်း
  • သကြားဓာတ်နှင့် ရေဓာတ်များ ရရှိစေရန် သွေးကြောထဲသို့ ဂလူးကို့စ်နှင့် ဆားရည်များကို တွက်ချက်ဖြည့်သွင်းခြင်း (IV fluid and glucose infusion)
  • သွေးအားနည်းခြင်း၊ သွေးခဲဓာတ်များလျော့နည်းခြင်းအတွက် သွေးသွင်းပေးခြင်းစသည့် ကုသနည်းများလည်း ရှိသည်။
ကာကွယ်ခြင်း

ဖြစ်ပေါ်စေသော အကြောင်းရင်းခံများစွာရှိသည့်အပြင် ရုတ်တရက်ဖြစ်ပွါးနိုင်‌သော အခြေအနေဖြစ်သောကြောင့် ကာကွယ်ရန် နည်းလမ်းအတိအကျ မရှိပါ။ သို့သော် ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ်ဝန်စောင့်ရှောက်မှု စနစ်တကျခံယူခြင်း၊ ဖြစ်နိုင်ခြေများသော အခြေအနေများတွင် စောင့်ရှောက်မှုနည်းလမ်းများနှင့် ကျွမ်းကျင်ဆရာဝန်များ ပြည့်စုံသော ဆေးရုံ၊ ဆေးခန်းများ၌သာ မီးဖွားခြင်းတို့ကို လုပ်ဆောင်သင့်သည်။ ဆရာဝန် ဆရာမများအနေဖြင့်လည်း ထိရောက်၍ မှန်ကန်သော မွေးကင်းစအသက်ကယ်နည်းလမ်းများ (Neonatal resuscitation) ကို အမြဲမပြတ် လေ့လာမှတ်သားထားကာ လိုက်နာကျင့်သုံးခြင်းဖြင့် ကလေးမွေးဖွားချိန် အောက်ဆီဂျင်ပြတ်တောက်မှုများတွေ့ရှိသည့်တိုင်အောင် နောက်ဆက်တွဲပြဿနာများ နည်းပါးအောင် ကူညီနိုင်မည်ဖြစ်သည်။

References:

  1. MSD Manuals. (n.d.). Birth asphyxia. Retrieved August 12, 2025, from https://www.msdmanuals.com/home/children-s-health-issues/general-problems-in-newborns/birth-asphyxia
  2. Medical News Today. (n.d.). Birth asphyxia. Retrieved August 12, 2025, from https://www.medicalnewstoday.com/articles/birth-asphyxia
  3. Seattle Children’s Hospital. (n.d.). Birth asphyxia. Retrieved August 12, 2025, from https://www.seattlechildrens.org/conditions/birth-asphyxia/
  4. StatPearls. (n.d.). Birth asphyxia. In StatPearls [Internet]. National Center for Biotechnology Information. Retrieved August 12, 2025, from https://www.ncbi.nlm.nih.gov/books/NBK430782/
  5. Levin & Perconti. (n.d.). Stages of HIE. Retrieved August 12, 2025, from https://www.levinperconti.com/blog/stages-of-hie/

Published: 11 September 2025

Share

11 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.