Umbilical Cord Prolapse (ချက်ကြိုးထွက်ကျခြင်း)

Umbilical Cord Prolapse (ချက်ကြိုးထွက်ကျခြင်း)

ချက်ကြိုးသည် ကိုယ်ဝန်ဆောင်စဥ် သန္ဓေသားကလေးအတွက် လိုအပ်သော အောက်ဆီဂျင်နှင့် အာဟာရကို ပို့ဆောင်ပေးသည့် ပျော့ပျောင်းသောပြွန်ပုံသဏ္ဍာန် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပုံမှန်မီးဖွားချိန်တွင် သန္ဓေသားကလေး မွေးဖွားပြီးနောက်မှသာ ချက်ကြိုးသည် ကလေးနှင့် လိုက်ပါလာခြင်းဖြစ်သည်။ ကလေးမမွေးဖွားမီ ချက်ကြိုးသည် သားအိမ်ခေါင်းကို ဖြတ်သန်း၍ မွေးလမ်းကြောင်းထဲသို့ ပြုတ်ကျလာလျှင် ချက်ကြိုးထွက်ကျခြင်း (Umbilical Cord Prolapse) ဟုခေါ်သည်။ ထိုအခါ ချက်ကြိုးသည် သားအိမ်ခေါင်း သို့မဟုတ် ‌မွေးလမ်းကြောင်းထဲ၌ သားအိမ်တစ်ခါညှစ်တိုင်း ကလေးကိုယ်အင်္ဂါအစိတ်အပိုင်းနှင့် ပိမိ၍သော်လည်းကောင်း၊ ပြင်ပလေနှင့် ထိတွေ့၍သော်လည်းကောင်း ကလေးဆီသို့ ပို့ဆောင်ပေးသော အောက်ဆီဂျင်နှင့် သွေးစီးဆင်းမှု ပြတ်တောက်ပြီး ကလေး၌ အလွန်ပြင်းထန်သောအန္တရာယ် ရှိလာနိုင်သည်။ ထိုသို့ဖြစ်လာလျှင် ကလေးကို အလျင်အမြန် မွေးဖွားရန် အရေးကြီးသည်။ ချက်ကြိုးထွက်ကျခြင်းကို ကလေးအယောက် (၁၀၀၀) မွေးလျှင် (၁) ယောက် တွေ့ကြုံရနိုင်ပြီး၊ အဆိုပါချက်ကြိုးထွက်ကျခြင်း၏ (၇) ရာခိုင်နှုန်းတွင် မွေးကင်းစကလေး သေဆုံးခြင်းကို တွေ့ရသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ချက်ကြိုးထွက်ကျခြင်း၏ အတွေ့ရများသော အကြောင်းရင်းများမှာ_

  • သန္ဓေသားကလေးသည် ဆုံပိုင်းဖြင့် ဦးတိုက်နေခြင်း (Breech presentation)
  • အမြွှာကိုယ်ဝန်ဖြစ်ခြင်း (Multiple pregnancy)
  • ရေမြွှာရည်များလွန်းခြင်း (Polyhydramnios)
  • ကလေးအနေအထား ကန့်လန့်ဖြစ်နေခြင်း (Transverse lie) သို့မဟုတ် တစောင်းဖြစ်နေခြင်း (Oblique lie)
  • ကလေးအနေအထား ပုံမှန်မရှိခြင်း (Unstable lie)
  • ကိုယ်ဝန်သက်မစေ့မီ ရေမြွှာရည်ပေါက်ခြင်း (Premature rupture of membrane)
  • မိခင်သည် ကလေး (၅) ယောက်နှင့်အထက် မွေးဖွားဖူးသူဖြစ်ခြင်း (Multiparity)
  • ချက်ကြိုးသည် အချင်း၌ နေရာမှန်ချိတ်ဆက်မှု မရှိခြင်း (Velamentous cord insertion)
  • သန္ဓေသားကလေး၏ ဦးတိုက်ထားသောအပိုင်းသည် တင်ပါးဆုံရိုးကွင်း အပြင်ဘက်၌ ရှိနေခြင်း (High fetal station)
  • ကလေး၏ ကိုယ်ခန္ဓာ ပုံမှန်ထက်ကြီးထွားခြင်း (Macrosomia)
  • ရေမြွှာရည်ဖောက်ခြင်း၊ ဘောလုံးကဲ့သို့ဖောင်းနိုင်သောပိုက် (Balloon catheters) ကို အသုံးပြု၍ သားအိမ်ပွင့်အောင် လှုံ့ဆော်ခြင်း စသည်တို့ဖြစ်သည်။
ချက်ကြိုးထွက်ကျခြင်း၏လက္ခဏာများ
  • ရေမြွှာရည်ဖောက်ပြီး သို့မဟုတ် ပေါက်ပြီးနောက် မိန်းမကိုယ်၌ ချက်ကြိုးမြင်ရခြင်း သို့မဟုတ် စမ်းမိခြင်း
  • သန္ဓေသားကလေး နှလုံးခုန်နှုန်း ကျဆင်းလာခြင်း၊ နှေးလာခြင်း သို့မဟုတ် ရေမြွှာရည်ပေါက်ပြီးနောက် ရုတ်တရက် ကလေးနှလုံးခုန်နှုန်း ပြောင်းလဲလာခြင်း
နောက်ဆက်တွဲပြဿနာများ

ချက်ကြိုးထွက်ကျခြင်းသည် အဖြစ်နည်းသော်လည်း ကလေးအသက်သေစေနိုင်သော အရေးပေါ်အခြေအနေဖြစ်သည်။ မီးဖွားချိန် ချက်ကြိုးထွက်ကျလျှင် ချက်ကြိုးပိမိ၍ ကလေးဆီ ပို့ပေးသော အောက်ဆီဂျင် ပြတ်နိုင်သောကြောင့် အသက်အန္တရာယ်ကို ရှောင်လွှဲနိုင်ရန် အရေးပေါ် ကုသမှုရရှိရေးသည် အလွန်အရေးကြီးသည်။ ချက်ကြိုးထွက်ကျလျှင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • သန္ဓေသားကလေးသည် အောက်ဆီဂျင် ကောင်းစွာမရရှိခြင်း (Hypoxia)
  • အောက်ဆီဂျင်ပြတ်တောက်ခြင်းကြောင့် သွေးကြောပိတ်၍ ဦးနှောက်ထိခိုက်ခြင်း (Hypoxic ischemic encephalopathy)
  • စီပီရောဂါ (Cerebral palsy) _ ကိုယ်ခန္ဓာကြွက်သားများ၏ လှုပ်ရှားမှု၊ ခြေလက်များ၏ အနေအထား စသည်တို့ ပုံမှန်ဖွံ့ဖြိုးမှု မရှိခြင်း၊ ကြွက်သားများ အားနည်းခြင်း သို့မဟုတ် ပိုမိုတောင့်တင်းခြင်း၊ ပုံမမှန်လှုပ်ရှားမှုများ ပေါ်လာခြင်း စသည်တို့အပါအဝင် ကလေး၏ အထွေထွေဖွံ့ဖြိုးမှု နောက်ကျခြင်း
  • ဦးနှောက်ပျက်စီးခြင်း (Permanent brain damage)
  • ကလေးအသေမွေးခြင်း (Still birth)
ဆေးရုံ၊ ဆေးခန်းပြသရန်

မိမိနေအိမ်၌ ရေမြွှာရည်ပေါက်ပြီး (ရေပေါင်ခြင်း) မွေးလမ်းကြောင်းတွင် ချက်ကြိုးကို စမ်းမိလျှင် ချက်ချင်း အရေးပေါ်ဝန်ဆောင်မှု (Emergency Services) ကို ဆက်သွယ်ရန် အလွန်အရေးကြီးသည်။ ဆေးရုံကားစောင့်နေစဥ် ချက်ကြိုးပိမိခြင်းမှ ကာကွယ်နိုင်ရန် ခန္ဓာကိုယ်ကို ဘယ်ဘက်ဘေးစောင်းထားပါ။ ဦးခေါင်းကို နှိမ့်ပြီး ဘယ်ဘက်ပေါင်အောက် ခေါင်းအုံးခု၍ ခြေထောက်ကို မြင့်အောင်ထားပါ သို့မဟုတ် ဒူးခေါင်းကို ရင်ခေါင်းထိကွေးသည့်အနေအထား (Knee chest position) ဖြင့်နေပေးပါ။

ရောဂါရှာဖွေခြင်း

မွေးလမ်းကြောင်းမှ ထွက်ကျနေသောချက်ကြိုးကို စမ်းမိခြင်းဖြင့် ချက်ကြိုးထွက်ကျခြင်းကို သိနိုင်သည်။ အကယ်၍ ရေမြွှာရည်ဖောက်ပြီး သို့မဟုတ် ရေပေါင်ပြီးနောက် သန္ဓေသားကလေးနှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း၊ နှလုံးခုန်နှုန်း (၁၂၀) အောက်ကျလာခြင်း (Fetal bradycardia) ဖြစ်လျှင် ချက်ကြိုးထွက်ကျခြင်း ဖြစ်နိုင်သောကြောင့် သားဖွားမီးယပ် အထူးကုဆရာဝန်မှ မိန်းမကိုယ်ထဲစမ်းသပ်ပြီး အတည်ပြုနိုင်သည်။

ကုသခြင်း

ချက်ကြိုးထွက်ကျခြင်းသည် သန္ဓေသားကလေး အသက်အန္တရာယ်ထိခိုက်စေနိုင်သော အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ချက်ကြိုးထွက်ကျသည်ဟု သိသည့်အချိန်မှစပြီး အချိန်မီ မိနစ် (၃၀) အတွင်း ကလေးမွေးဖွားရမည်။ အမြန်ဆုံးမွေးဖွားနိုင်မည့်နည်းလမ်းသည် အရေးပေါ်ခွဲစိတ်မွေးဖွားသည့် နည်းလမ်းဖြစ်သည်။ အရေးပေါ်ခွဲစိတ်မွေးဖွားရန် ပြင်ဆင်နေချိန်အတွင်း ချက်ကြိုးပိမိခြင်းမှ ကာကွယ်ရန်

  • ဦးတိုက်ထားသော သန္ဓေသားကလေး၏ အစိတ်အပိုင်း (ဥပမာ _ ကလေးဦးခေါင်း) ကို ပိုးသန့်ထားသော လက်အိတ်ဝတ်ထားသည့် လက်ဖြင့်ပင့်တင်ထားခြင်း သို့မဟုတ် ဆီးအိမ်ကို ဆီးပိုက်ထည့်၍ ဆားရည် (Normal saline) ဖြင့် ဖြည့်တင်းထားခြင်း
  • ခန္ဓာကိုယ်ကို ဘယ်ဘက်ဘေး စောင်းထားကာ ဦးခေါင်းကိုနှိမ့်ပြီး ဘယ်ဘက်ပေါင်အောက် ခေါင်းအုံးခု၍ ခြေထောက်ကို မြင့်အောင်ထားခြင်း သို့မဟုတ် ဒူးခေါင်းကို ရင်ခေါင်းထိကွေးသည့် အနေအထားဖြင့်ထားခြင်း (Knee chest position) စသည်တို့ကို ပြုလုပ်ပေးရမည်၊ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် ချက်ကြိုးပိမိခြင်းမှ လွတ်ပြီး ကလေးဆီသို့ အောက်ဆီဂျင်နှင့် သွေးစီးဆင်းမှု မပြတ်အောင် ယာယီပြုလုပ်ပေးနိုင်သည်၊ ကလေးမွေးဖွားမှုနောက်ကျလျှင် မွေးလာသောကလေးတွင် နောက်ဆက်တွဲပြဿနာများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်သည်
ကာကွယ်ခြင်း

ချက်ကြိုးထွက်ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းမရှိပါ။ ချက်ကြိုးထွက်ကျနိုင်ခြေရှိသူ ကိုယ်ဝန်ဆောင်မိခင်များ [ဥပမာ_ကလေးအနေအထား ကန့်လန့်ဖြစ်ခြင်း (Transverse lie)] ကို ကိုယ်ဝန်သက် (၃၇) ပတ်ပြည့်လျှင် ဆေးရုံတင်ထားခြင်းဖြင့် စောင့်ကြည့်နိုင်သည်။ သို့မှသာ ချက်ကြိုးထွက်ကျခြင်းဖြစ်လျှင် နောက်ဆက်တွဲပြဿနာများ မဖြစ်စေရန်အတွက် အလျင်အမြန် ကလေးမွေးဖွားပေးနိုင်မည်ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Umbilical cord prolapse. Retrieved June 11, 2026, from https://my.clevelandclinic.org/health/diseases/12345-umbilical-cord-prolapse
  2. Royal College of Obstetricians and Gynaecologists. (2014). Umbilical cord prolapse (Green-top Guideline No. 50). Retrieved June 11, 2026, from https://www.rcog.org.uk/media/3wykswng/gtg-50-umbilicalcordprolapse-2014.pdf
  3. WebMD. (n.d.). What is umbilical cord prolapse? Retrieved June 11, 2026, from https://www.webmd.com/baby/what-is-umbilical-cord-prolapse

Published: 11 June 2025

Last updated: 20 July 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.