ခန္ဓာကိုယ်တစ်ခုလုံး နေရာအနှံ့အပြား ကြွက်သားနှင့်တစ်ရှူးများတွင် နာကျင်မှုဝေဒနာကို ဖြစ်ပေါ်စေသော နာတာရှည်ရောဂါဖြစ်သည်။ နာကျင်မှုအပြင် နုံးနယ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသ၍မရသော်လည်း ခံစားရသည့်လက္ခဏာများ သက်သာစေရန် ကုသနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခန္ဓာကိုယ်အနှံ့အပြား နာကျင်မှု ဖြစ်ပေါ်ရသော အကြောင်းရင်းကို အတိအကျ မသိရှိရပါ။ ဦးနှောက်ထဲတွင် အချို့သောဓာတုပစ္စည်းများ ပုံမှန်မဟုတ်ဘဲ ဦးနှောက်နှင့် အာရုံကြောတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်သောကြောင့်ဖြစ်သည်ဟု ယူဆရသည်။ အချို့သူများသည် မိဘများထံမှ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မည်သူမဆို ဖြစ်ပေါ်နိုင်သော်လည်း အသက် (၂၅)နှစ် မှ (၅၅)နှစ်ကြား အမျိုးသမီးများတွင် အဖြစ်များသည်။ မိဘမျိုးရိုးတွင် ရောဂါရှိသူများ၊ ကျီးပေါင်းအဆစ်ရောင်ရောဂါ၊ ရူမတွိုက်အဆစ်ရောင်ရောဂါ၊ SLE ရောဂါရှိသူများတွင် ဖြစ်နိုင်ခြေများသည်။
ဤရောဂါဖြစ်ရန် အားပေးသောအချက်များမှာ_
- စိတ်ဖိစီးမှုများခြင်း
- ဘဝတွင် ကြီးမားသော ပြောင်းလဲမှုများနှင့် ကြုံတွေ့ခြင်း
- အစားအသောက်ပုံစံ ပြောင်းလဲခြင်း
- အာဟာရချို့တဲ့ခြင်း
- ဟော်မုန်းများပြောင်းလဲခြင်း
- အိပ်ရေးမဝခြင်း
- ရာသီဥတု ပြောင်းလဲခြင်း
- ရောဂါပိုးဝင်ခြင်း (သို့မဟုတ်) နေမကောင်းဖြစ်ခြင်းတို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
ထိုရောဂါရှိသူများသည် အခြားသူများထက် နာကျင်မှုကို ပိုမို၍ သိသိသာသာ ခံစားကြရသည်။ အကြောင်းရာတစ်ခုခု (ဥပမာ _ ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်း၊ ရောဂါပိုးဝင်ခြင်း၊ စိတ်ဖိစီးမှုများခြင်း) ဖြစ်ပေါ်ပြီးနောက် ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လေ့ရှိသည်။ အဓိကခံစားရသော ရောဂါလက္ခဏာများမှာ_
- ခန္ဓာကိုယ် ဘယ်၊ ညာနှင့် အပေါ်၊ အောက် တစ်ကိုယ်လုံးတွင် နာကျင်မှု ခံစားရခြင်း (အနည်းဆုံး ၃ လနှင့်အထက် ခံစားနေရခြင်း)
- ကြွက်သားနာကျင် တောင့်တင်းခြင်း
- အားအင်နုံးချည့်ခြင်း
- အိပ်ပျော်ရန် ခက်ခဲခြင်း
- အချိန်ကြာမြင့်စွာ အိပ်သော်လည်း အိပ်ရေးမဝဘဲ အားအင်ကုန်ခမ်းသကဲ့သို့ ခံစားရခြင်း၊ အိပ်ပျော်နေစဥ် နာကျင်မှုကြောင့် နိုးလာခြင်း
- စဥ်းစားတွေးခေါ်ခြင်းနှင့် မှတ်ဉာဏ်စွမ်းအားများ လျော့နည်းလာခြင်း
- အာရုံစူးစိုက်ရန် ခက်ခဲခြင်း
- စိတ်ပူပန်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်ကြသည်။
ထို့အပြင် အခြားသော လက္ခဏာများအနေနှင့် ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ခေါင်းကိုက်ခြင်း၊ အာခြောက်ခြင်း၊ အပူ၊ အအေး၊ အသံနှင့် အလင်းကို မခံနိုင်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ခြေလက်များ ထုံကျဥ်ခြင်း၊ အိပ်ပျော်နေစဥ် အသက်ရှူရပ်ခြင်း၊ ခြေထောက်များလှုပ်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်။
တွဲဖက်၍ တွေ့ရှိရသော အခြေအနေများမှာ_
- အူလမ်းကြောင်း လှုပ်ရှားမှု မမှန်သော ရောဂါ (Irritable bowel syndrome)
- နာတာရှည် ပင်ပန်းနွမ်းနယ်သော ရောဂါ (Chronic fatigue syndrome)
- ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) နှင့် အခြားသော ခေါင်းကိုက်ခြင်း အမျိုးအစားများ
- ဆီးအိမ်ရောင်ခြင်း (Interstitial cystitis)
- စိတ်ဖိစီးမှု များခြင်း (Anxiety)
- စိတ်ကျရောဂါ (Depression) တို့ ပါဝင်သည်။
နောက်ဆက်တွဲပြဿနာများ
နာကျင်ခြင်း၊ နုံးနယ်ခြင်းနှင့် အိပ်ရေးပျက်ခြင်းတို့ကြောင့် အိမ် (သို့မဟုတ်) လုပ်ငန်းခွင်များတွင် လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ကျရောဂါ အစရှိသော နောက်ဆက်တွဲပြသနာများ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများကို အချိန်ကာလကြာမြင့်စွာ ခံစားနေရခြင်း၊ နာကျင်မှုဝေဒနာကို အလွန်ပြင်းထန်စွာခံစားရခြင်း၊ ရောဂါလက္ခဏာအသစ်များ ဖြစ်ပေါ်လာခြင်း၊ နေ့စဥ်လုပ်ငန်းဆောင်တာများ မလုပ်ဆောင်နိုင်ဘဲ လူနေမှုဘဝထိခိုက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရခြင်းတို့ ဖြစ်ပေါ်လာလျှင် မိသားစုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်သင့်သည်။ လိုအပ်လျှင် ရောဂါရှာဖွေစစ်ဆေးမှုများပြုလုပ်၍ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် ရောဂါရာဇဝင်များကို သေချာစွာမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် ရောဂါလက္ခဏာ တူညီသော အခြားသောရောဂါများ မဟုတ်ကြောင်းကို ဖယ်ရှားခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။ ထိုသို့အခြားသောရောဂါများကို ဖယ်ရှားနိုင်ရန် သွေးစစ်ဆေးခြင်း [ဥပမာ_သွေးအားစစ်ဆေးခြင်း (CBC)၊ ရောင်ရမ်းစေသော ဓာတ်များ (CRP) စစ်ဆေးခြင်း၊ သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း၊ ခုခံအားဆိုင်ရာရောဂါများအတွက် စစ်ဆေးခြင်း] နှင့် ဓာတ်မှန်ရိုက်ခြင်းတို့ကို လိုအပ်လျှင် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြုလုပ်နိုင်သည်။
နာတာရှည် ကြွက်သားနာကျင်သောရောဂါ သတ်မှတ်ရန် လိုအပ်ချက်များမှာ_
- ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် နာကျင်ခြင်းသည် အနည်းဆုံး (၃) လကြာရန် လိုအပ်သည်
- နာကျင်ခြင်းသည် အောက်ဖော်ပြပါ နေရာ (၅) ခုအနက် အနည်းဆုံး (၄) နေရာတွင် နာကျင်မှုရှိရမည်
- ဘယ်ဘက်အပေါ်ပိုင်းနေရာရှိ ပခုံး၊ လက်မောင်းအပေါ်ပိုင်း၊ လက်မောင်းအောက်ပိုင်း၊ မေးရိုး
- ညာဘက် အပေါ်ပိုင်းနေရာရှိ ပခုံး၊ လက်မောင်းအပေါ်ပိုင်း၊ လက်မောင်းအောက်ပိုင်း၊ မေးရိုး
- ဘယ်ဘက်အောက်ခြမ်းရှိ တင်ပါးဆုံ/တင်ပါး၊ ခြေထောက်အပေါ်ပိုင်း၊ ခြေထောက်အောင်ပိုင်း
- ညာဘက်အောက်ခြမ်းရှိ တင်ပါးဆုံ/တင်ပါး၊ ခြေထောက်အပေါ်ပိုင်း၊ ခြေထောက်အောက်ပိုင်း
- ကိုယ်ထည်ပိုင်း (axial region) တွင် ပါဝင်သော လည်ပင်း၊ ကျောကုန်းအပေါ်ပိုင်း၊ ကျောကုန်းအောက်ပိုင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်နေရာ
- နာကျင်မှုနေရာ အရေအတွက်ကို အမှတ်ပေးစနစ်ဖြင့် တွက်ချက်ခြင်း (Widespread Pain Index – WPI) နှင့် ရောဂါလက္ခဏာပြင်းထန်မှုတို့ကို အမှတ်ပေးစနစ်ဖြင့် တွက်ချက်ခြင်း (Symptom Severity Score – SSS) များအရ နာတာရှည်ကြွက်သားနာကျင်သောရောဂါနှင့် ကိုက်ညီမှုရှိခြင်းတို့ဖြစ်သည်။
ကုသခြင်း
နာတာရှည် ကြွက်သားနာကျင်သော ရောဂါသည် လူတစ်ဦးနှင့်တစ်ဦး ခံစားရသော လက္ခဏာများ မတူညီနိုင်သဖြင့် ကုသမှုနည်းလမ်းများလည်း ကွာခြားနိုင်သည်။ ဤရောဂါကို ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း ရောဂါလက္ခဏာများ သက်သာစေရန် အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကုသနိုင်သည်။
- ဆေးဝါးများဖြင့်ကုသခြင်း
နာကျင်မှုကို သက်သာစေရန်နှင့် အိပ်ပျော်စေရန် အသုံးပြုနိုင်သောဆေးများမှာ_- အနာသက်သာသောဆေးများ (paracetamol, ibuprofen, naproxen)
- စိတ်ကျရောဂါတွင် အသုံးပြုသောဆေးများ (duloxetine, milnacipran, amitriptyline)
- အတက်ရောဂါတွင် အသုံးပြုသောဆေးများ (gabapentin, pregabalin) တို့ဖြစ်ကြသည်။
- စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူခြင်း
စိတ်ကျန်းမာရေး အထူးကုဆရာဝန်များနှင့် တိုင်ပင်၍ စိတ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ ထိန်းချုပ်နိုင်ရန် အသိအမြင်၊ အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive Behavioural Therapy – CBT) တို့ဖြင့် ကုသမှုခံယူနိုင်သည်။ ထို့အပြင် စိတ်အာရုံငြိမ်းချမ်း၍ စိတ်ဖိစီးမှုများလျော့နည်းစေရန် တရားထိုင်ခြင်းနည်းလမ်းများကိုလည်း ပြုလုပ်နိုင်သည်။ - ရောဂါလက္ခဏာများ သက်သာစေရန် လိုက်နာကျင့်သုံးရမည့်အချက်များ
နာတာရှည် ကြွက်သားနာကျင်သောရောဂါရှိလျှင် ရောဂါလက္ခဏာများ သက်သာစေရန်နှင့် နေ့စဉ်လူမှုဘဝအရည်အသွေးမြင့်မားစေရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်သည်။- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
ကြွက်သားနှင့်အဆစ်များ သန်မာလှုပ်ရှားလွယ်ကူစေရန် နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်သင့်သည်။ ပြန်လည်သန်စွမ်းရေး ကျွမ်းကျင်သူများထံမှ မိမိနှင့်သင့်တော်သော လေ့ကျင့်ခန်းများကို စနစ်တကျသင်ယူပြီး ပုံမှန်လုပ်ဆောင်ပါ။ ယောဂ (Yoga and health)၊ ထိုက်ချိ၊ လမ်းလျှောက်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းများသည် အိပ်စက်မှု ပိုမိုကောင်းမွန်စေခြင်း၊ နာကျင်မှု လျော့ပါးစေခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်းနှင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်းစသော အကျိုးကျေးဇူးများရှိသည်။ - လုံလောက်စွာအနားယူခြင်း
စိတ်ဖိစီးမှုများခြင်းသည် ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သဖြင့် စိတ်ရောလူပါ ကောင်းမွန်စွာ အပြည့်အဝ အနားယူရန် အရေးကြီးသည်။ နေ့စဉ်အချိန်ဇယားဆွဲကာ စာဖတ်ခြင်း၊ ဂီတနားထောင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းစသည့် မိမိစိတ်ဝင်စားသော အနားယူနည်းများကို ပုံမှန်လုပ်ဆောင်ပါ။ - အိပ်စက်မှုအလေ့အထများ ပြုပြင်ခြင်း
အိပ်စက်ခြင်းဆိုင်ရာပြဿနာများ ဖြစ်ပေါ်နေလျှင် အောက်ပါအချက်များကို လိုက်နာပါ။ - နေ့စဉ်အချိန်မှန်အိပ်ရာဝင်ပါ
- အိပ်ခါနီးတွင် စိတ်ကိုငြိမ်သက်စေမည့် အလေ့အထများ (စာဖတ်ခြင်း၊ တေးဂီတနားထောင်ခြင်း) ပြုလုပ်ပါ
- တိတ်ဆိတ်ငြိမ်သက်ပြီး အလင်းရောင်မစူးရှသော အိပ်ခန်းတွင် သက်တောင့်သက်သာရှိသော အိပ်ရာဖြင့် အိပ်စက်ပါ
- အိပ်ယာမဝင်မီ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ
- ညစာကို အလွန်အကျွံမစားမိစေရန် ဂရုပြုပါ
- အိပ်မပျော်သည့်အခါ နာရီကို အလွန်အမင်းစိုက်ကြည့်ခြင်းမှ ရှောင်ကြဉ်ပါ
- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
- ကူညီပံ့ပိုးပေးနိုင်သည့်အဖွဲ့များတွင် ပါဝင်ခြင်း (Help and support group)
နာတာရှည် ကြွက်သားနာကျင်သောရောဂါ ရှိသူများအတွက် ထိုအဖွဲ့များတွင် ပါဝင်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရှိသည်။ မိမိရောဂါအခြေအနေကို နားလည်သူအချင်းချင်း စကားပြောဆိုခြင်းဖြင့် စိတ်သက်သာရာ ရစေနိုင်သည်။ အတွေ့အကြုံများ ဖလှယ်ခြင်းဖြင့် အချင်းချင်း ကောင်းမွန်သော အကြံပြုချက်များ ပေးနိုင်သည်။ အထီးကျန်သော ခံစားချက်များကို လျော့ပါးစေနိုင်သည်။
ကာကွယ်ခြင်း
ဤရောဂါကို ကာကွယ်နိုင်သောနည်းလမ်း ယနေ့ထိ မရှိသေးပါ။
References:
- Mayo Clinic. (2025). Fibromyalgia – symptoms & causes. Mayo Clinic. Retrieved June 21, 2025, from https://www.mayoclinic.org/diseases-conditions/fibromyalgia/symptoms-causes/syc-20354780
- Cleveland Clinic. (2025). Fibromyalgia. Cleveland Clinic. Retrieved June 21, 2025, from https://my.clevelandclinic.org/health/diseases/4832-fibromyalgia
- Morgan, K. (n.d.). Kendall Morgan, PhD. WebMD. Retrieved June 21, 2025, from https://www.webmd.com/bio/kendall-morgan
- Physiopedia. (n.d.). The American College of Rheumatology 2010 preliminary diagnostic criteria for fibromyalgia. Retrieved June 21, 2025, from https://www.physio-pedia.com/The_American_College_of_Rheumatology_2010_preliminary_diagnostic_criteria_for_fibromyalgia
Published: 15 July 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.