အကြောင်းရင်း မသိသေးသော ရက်ရှည်ဖျားခြင်း (PUO) ဟု သတ်မှတ်နိုင်ရေးအတွက် အောက်ပါအချက်များနှင့် ပြည့်စုံရန် လိုအပ်သည်။
- ကိုယ်အပူချိန်မြင့်တက်ခြင်း [(၃၈.၀) ဒီဂရီ ဆဲလ်စီးရပ်စ် သို့မဟုတ် (၁၀၁) ဒီဂရီ ဖာရင်ဟိုက်] အထက်ကို အကြိမ်များစွာ ဖျားခြင်း
- အနည်းဆုံး (၃) ပတ်ကြာ ဖျားနေခြင်း
- လူနာ၏ အသက်အရွယ်၊ ကျား/မ၊ နေထိုင်ရာဒေသ၊ ဖြစ်ပေါ်လာသော လက္ခဏာများအရ စစ်ဆေးသင့်သော အခြေခံစစ်ဆေးမှုများ ပြုလုပ်ပြီးသော်လည်း ရောဂါရှာမရခြင်း
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
အကြောင်းရင်း မသိသေးသော ရက်ရှည်ဖျားခြင်း (PUO) ဖြစ်ပေါ်စေသည့် အကြောင်းရင်းများကို အဓိကအုပ်စု (၄) ခု ခွဲခြားထားသည်။
- ရောဂါပိုးဝင်ခြင်း (Infections)
အဓိကအကြောင်းရင်းများ၏ (၃၀%) မှာ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်သည်။ အောက်တွင် ဖော်ပြထားသော ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုး၊ ကပ်ပါးပိုးစသော ပိုးအမျိုးမျိုး ဝင်ရောက်ခြင်းကြောင့် ရက်ရှည်ဖျားနေနိုင်သည်။ ပိုးအချို့မှာ စစ်ဆေးရလွယ်သော်လည်း အချို့မှာ မည်သို့ပင်စစ်ဆေးသော်လည်း အလွယ်တကူ ရှာမတွေ့ဘဲ ရှိနေနိုင်သည်။- အဆုတ်ရောင်ရောဂါ (Pneumonia)
- တီဘီရောဂါ (Tuberculosis)
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (Urinary Tract Infection-adult)
- ဆဲလ်တစ်ရှူးများရောင်ခြင်း (Cellulitis)
- အရိုးအတွင်း ပိုးဝင်ပြီးရောင်ရမ်းခြင်း (Osteomyelitis)
- အဆစ်အတွင်း ပိုးဝင်ခြင်း (Septic Arthritis)
- ဝမ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း (Intra-abdominal Abscess)
- နှလုံးအတွင်းနံရံ ပိုးဝင်ခြင်း (Infective Endocarditis)
- ဦးနှောက်အမြှေးရောင်ခြင်း (Meningitis)
- နား၊ နှာခေါင်း၊ လည်ချောင်းအတွင်း ပိုးဝင်ခြင်း (Ear, Nose, Throat Infection)
- အစာအိမ်နှင့် အူလမ်းကြောင်း ပိုးဝင်ခြင်း (Gastroenteritis)
- အသည်းရောင် အသားဝါရောဂါ (Hepatitis)
- ငှက်ဖျားရောဂါ (Malaria)
- အိတ်ချ်အိုင်ဗွီရောဂါ၊ အေအိုင်ဒီအက်စ်ရောဂါ (HIV/ AIDS)
- တိရစ္ဆာန်များနှင့် ထိတွေ့မှုရှိသူများတွင် ဖြစ်နိုင်ခြေများသော ရောဂါပိုးများ (ဥပမာ – Q fever, Brucellosis, Leptospirosis, Toxoplasmosis, Rickettsial diseases)
- ရောဂါပိုးမဟုတ်ဘဲ ရောင်ရမ်းခြင်းကို ဖြစ်စေသောရောဂါများ (Non-infectious Inflammatory Diseases)
- သွေးကြောရောင်ရမ်းခြင်း (ဥပမာ – Giant Cell Arteritis, Polyarteritis Nodosa)
- ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများ – (Autoimmune diseases – SLE, Rheumatoid arthritis)
- နာတာရှည် အူရောင်ရမ်းနာရောဂါ (Inflammatory Bowel Disease)
- ကလေးဘဝတွင် အကြောင်းရင်းမဲ့ အဆစ်ရောင်ခြင်း (Juvenile Idiopathic Arthritis)
- ကင်ဆာရောဂါများ (Neoplastic)
- သွေးကင်ဆာရောဂါများ (Leukaemia, Lymphoma and Multiple Myeloma)
- ကိုယ်တွင်းအင်္ဂါကင်ဆာများ
- အသည်း ကင်ဆာရောဂါ (Liver cancer)
- အူမကြီး ကင်ဆာရောဂါ (Colon cancer)
- အစာအိမ် ကင်ဆာရောဂါ (Stomach cancer)
- ပန်ကရိယ ကင်ဆာရောဂါ (Pancreatic cancer)
- ကျောက်ကပ် ကင်ဆာရောဂါ (Renal cell carcinoma)
- အခြားသော အကြောင်းရင်းများ (Miscellaneous)
- နှလုံးတွင် ကင်ဆာမဟုတ်သော အလုံးအကျိတ် (Atrial Myxoma)
- သွေးကြောမကြီး ပေါက်ခြင်း (Aortic Dissection)
- အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary Embolism)
- ပန်ကရိယရောင်ခြင်း (Pancreatitis)
- အသည်းခြောက်ရောဂါ (Cirrhosis of Liver)
- သိုင်းရွိုက်ဟော်မုန်းများပြီး အဆိပ်တက်ခြင်း (Thyrotoxicosis)၊ သိုင်းရွိုက်ဂလင်းရောင်ခြင်း (Thyroiditis)
- အချို့သောဆေးများ (Drug Reactions – Antibiotics Fever, Hypersensitivity Reactions)
နောက်ဆုံးအဆင့် အကြောင်းရင်း ရှာတွေ့ချိန်တွင် တွေ့ရသောရောဂါများမှာ အဖြစ်များသောရောဂါများပင် ဖြစ်နေတတ်သည်။ အစောပိုင်းတွင် ရှာမတွေ့ရခြင်းမှာ ထိုရောဂါများသည် တချို့လူများတွင် ပုံမှန်ဖြစ်ပေါ်လေ့ရှိသော ရောဂါလက္ခဏာများ မပြသောကြောင့် ဖြစ်သည်။ ထို အကြောင်းရင်းများထဲတွင် ကင်ဆာရောဂါ၊ ကိုယ်ခံအားမူမမှန်တုံ့ပြန်သည့် ရောဂါများနှင့် ကူးစက်ရောဂါများ (ဥပမာ _ တီဘီရောဂါ၊ အိတ်ချ်အိုင်ဗွီရောဂါ) တို့သည် အဖြစ်များသော အကြောင်းရင်းများ ဖြစ်လေ့ရှိကြသည်။
အကြောင်းရင်းမသိသေးသော ရက်ရှည်ဖျားခြင်း အဖြစ်များသူများမှာ_
- အရက်သောက်သူများ
- လူမှုစီးပွားစနစ် နိမ့်ကျသူများ
- ကာကွယ်ဆေး မထိုးထားသူများ
- မကြာခဏ ခရီးသွားနေရသူများ
- ကိုယ်ခံအားနည်းသူများ
- ရောဂါပိုးဝင်ထားသူနှင့် ထိတွေ့မှုရှိသူများဖြစ်ကြသည်။
ရောဂါလက္ခဏာများ
- ကိုယ်အပူချိန် (၃၈.၀) ဒီဂရီ ဆဲလ်စီးရပ်စ် သို့မဟုတ် (၁၀၁) ဒီဂရီ ဖာရင်ဟိုက် အထက်ဖျားခြင်း
- ရက်ရှည်ဖျားခြင်းနှင့်အတူ တွဲဖက်ဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးထွက်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ထို့အပြင် ဖြစ်စေနိုင်သော အကြောင်းရင်းများ၏ သက်ဆိုင်ရာ ရောဂါလက္ခဏာအချို့ကိုလည်း အောက်ပါအတိုင်း တွေ့ရနိုင်သည်။
- လည်ချောင်းနာခြင်း
- နားကိုက်ခြင်း
- မျက်လုံးနာခြင်း
- ချောင်းဆိုး၊ သလိပ်ထွက်ခြင်း
- ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
- ဆီးကျဥ်ခြင်း၊ ဆီးထဲသွေးပါခြင်း
- အနီကွက်ထွက်ခြင်း
- နှလုံးအမောဖောက်ခြင်း၊ နှလုံးအသံပို အသစ် ကြားခြင်း
- အလုံးအကျိတ်ပေါ်ခြင်း
- အရိုး၊ အဆစ်၊ ကြွက်သားများ ရောင်ရမ်းနာကျင်ခြင်း
အဓိကပြဿနာမှာ သက်ဆိုင်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးတွင် ရောဂါဖြစ်လျှင် ပုံမှန်တွေ့ရလေ့ရှိသော လက္ခဏာများ (ဥပမာ_အဆုတ်တီဘီဖြစ်လျှင် ချောင်းဆိုးခြင်း၊ ဆီးပိုးဝင်လျှင် ဆီးကျဥ်ခြင်း) စသည်တို့ကို မတွေ့ရဘဲ အဖျားလက္ခဏာ တစ်ခုတည်းသာရှိနေခြင်းဖြစ်သည်။
ရောဂါရှာဖွေခြင်း
အကြောင်းရင်းမသိသေးသော ရက်ရှည်ဖျားခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းကို ရှာဖွေရာတွင် အရေးအကြီးဆုံးမှာ အောက်ဖော်ပြပါအတိုင်း ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာကို သေချာစွာစမ်းသပ်ခြင်းဖြစ်သည်။ ရောဂါရာဇဝင်ကို အထပ်ထပ်မေးမြန်းခြင်းနှင့် အကြိမ်ကြိမ်စမ်းသပ်ခြင်းတို့ လိုအပ်နိုင်သည်။
- ခံစားရသော ရောဂါလက္ခဏာများကို မေးမြန်းခြင်း
- ယခင်က ခံစားခဲ့ရသော ရောဂါများအကြောင်း မေးမြန်းခြင်း
- မိသားစုဝင်များ၏ ရောဂါရာဇဝင်များ မေးမြန်းခြင်း
- ခရီးသွားရာဇဝင်များ မေးမြန်းခြင်း
- တိရစ္ဆာန်များနှင့် ထိတွေ့မှု ရှိမရှိ မေးမြန်းခြင်း
- လတ်တလော ခွဲစိတ်ထားခြင်း ရှိမရှိ မေးမြန်းခြင်း
- လက်ရှိသောက်နေသော ဆေးဝါးများအကြောင်း မေးမြန်းခြင်း အစရှိသည်တို့ကို အသေးစိတ်မေးမြန်းရန် လိုအပ်သည်။
ရောဂါရာဇဝင်မေးမြန်း၍ စမ်းသပ်ပြီး တွေ့ရှိချက်များပေါ် မူတည်၍ ဖြစ်နိုင်သော အကြောင်းရင်းများကို ဆက်လက်ရှာဖွေနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်သည်။
- သွေးစစ်ဆေးခြင်း
- ဓာတ်မှန်ရိုက်ခြင်း (X-ray)
- အာထရာဆောင်းရိုက်ခြင်း (Ultrasound)
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (Computed Tomography – CT scan)
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (Magnetic Resonance Imaging – MRI)
- 18-Fluorodeoxyglucose–Positron Emission Tomography (18-FDG PET/CT) Scan
- PUO ကို ရှာဖွေရာတွင် အရေးပါသော တိုးတက်မှုတစ်ခုဖြစ်သည်၊ ၎င်းသည် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းနေသော နေရာများ (ပိုးဝင်ခြင်း၊ ကင်ဆာ သို့မဟုတ် ရောင်ရမ်းရောဂါများ) ကို အစောပိုင်းအဆင့်မှာပင် တိကျစွာ ဖော်ပြနိုင်စွမ်းရှိသည်
- အခြား စစ်ဆေးမှုများဖြင့် ရောဂါရှာမတွေ့သောအခါ PET/CT scan ကို စောစီးစွာ အသုံးပြုခြင်းသည် ရောဂါရှာဖွေနိုင်မှုနှုန်းကို မြှင့်တင်ပေးပြီး၊ မလိုအပ်သော စစ်ဆေးမှုများနှင့် ဆေးရုံတက်ရမည့် အချိန်ကို လျှော့ချပေးနိုင်သည်
ထို့နောက် ဆီး၊ ဝမ်း၊ သွေး၊ သလိပ်တို့ကို ပိုးမွေးစစ်ဆေးခြင်း၊ မှန်ပြောင်းကြည့်ခြင်း၊ အသားစယူ စစ်ဆေးခြင်း (Biopsy)၊ ရောဂါပိုးမွှားများ၏ ပဋိပစ္စည်း (antibody) သို့မဟုတ် မျိုးဗီဇ (DNA/RNA) တို့ကို ရှာဖွေသော စစ်ဆေးမှုများ (ဥပမာ – PCR tests) တို့ကို လိုအပ်သလို ဆက်လက်လုပ်ဆောင်နိုင်သည်။ အဆိုပါ စမ်းသပ်စစ်ဆေးမှုများကိုလည်း လိုအပ်ပါက နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခြင်းဖြင့် တစ်ချိန်ကမပေါ်ခဲ့သော ရောဂါ၏သက်သေအပိုင်းအစများ ပေါ်လာနိုင်သည်။
ကုသခြင်း
ဖြစ်ပေါ်စေသောအကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့လျှင် ထိုအကြောင်းရင်းကို ကုသခြင်းဖြင့် အဖျားသက်သာနိုင်သည်။ အထက်တွင်ဖော်ပြခဲ့သည့် နည်းလမ်းများဖြင့် ရောဂါရှာဖွေသော်လည်း ဖြစ်ပေါ်သော အကြောင်းရင်းကို ရှာမတွေ့ဘဲ လူနာ၏အခြေအနေမှာလည်း ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနေရလျှင် သို့မဟုတ် တဖြည်းဖြည်းပိုဆိုးလာလျှင် ဖြစ်နိုင်ခြေရှိသော ရောဂါများကို မှန်းဆကုသခြင်း (Empirical therapy) ပြုလုပ်ရန် လိုအပ်သည်။ ဥပမာအားဖြင့်_
- ရောဂါပိုးဝင်ခြင်းကို သံသယရှိပါက ပဋိဇီဝပိုးသတ်ဆေးများ (Broad-spectrum antibiotics) ဖြင့် ကုသခြင်း
- တီဘီရောဂါကို သံသယရှိပါက တီဘီဆေးများပေး၍ ကုသခြင်း (empirical anti-tuberculous therapy)
- ရောဂါပိုးမဟုတ်ဘဲ ရောင်ရမ်းခြင်းကြောင့် ဖြစ်ပွါးသောရောဂါဟု သံသယရှိလျှင် စတီးရွိုက်ဆေးများ ပေးခြင်း (Corticosteroids) အစရှိသည့် ဆေးဝါးများကို ပေး၍ မှန်းဆပြီး ကုသကြည့်နိုင်သည်။
သို့သော် ရောဂါမသေချာဘဲ ပဋိဇီဝပိုးသတ်ဆေးများ၊ စတီးရွိုက်အရောင်ကျဆေးများ ပေးခြင်းသည် ရောဂါလက္ခဏာများကို အတန်အသင့် ထိန်းချုပ်ထားနိုင်သဖြင့် ရောဂါရှာဖွေရာတွင် အခက်အခဲဖြစ်စေသည်။ ခန္ဓာကိုယ်မှ အဆိုပါဆေးများကို တုံ့ပြန်မှုကြောင့် အဖျားလည်း ထပ်မံတက်နိုင်သည်။
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ရောဂါရှာဖွေပြီး တိကျသောရောဂါကို ရှာမတွေ့သော်လည်း လူနာ၏ အခြေအနေတည်ငြိမ်ပြီး ရောဂါလက္ခဏာပြင်းထန်မှု မရှိခဲ့လျှင် အဖျားကျဆေးများကိုသာပေးပြီး အခြေအနေကို သေချာစွာ စောင့်ကြည့်နိုင်သည်။ ထို့အပြင် လိုအပ်လာပါက အချိန်မရွေး ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် သက်ဆိုင်ရာ ကုသမှုများပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။
References:
- Pace Hospital. (n.d.). Pyrexia of unknown origin (PUO): Causes, types, symptoms, risk factors, and treatment. Retrieved October 22, 2025, from https://www.pacehospital.com/pyrexia-of-unknown-origin-causes-types-symptoms-risk-factors-treatment
- British Medical Journal. (2010). Fever of unknown origin. BMJ, 341, c5470. Retrieved October 22, 2025, from https://www.bmj.com/content/341/bmj.c5470
- Soffia, S., Monge, F., Monetti, L., et al. (2023). [18F]FDG PET/CT for identifying the causes of fever of unknown origin (FUO). Journal of Clinical Medicine, 13(1), 175. Retrieved October 22, 2025, from https://www.mdpi.com/2077-0383/13/1/175
First Published on: 30 October 2024
Last Updated on: 3 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.