Septic Arthritis (အဆစ်အတွင်းပိုးဝင်ခြင်း)

Septic Arthritis (အဆစ်အတွင်းပိုးဝင်ခြင်း)

အဆစ်အတွင်းပိုးဝင်ခြင်း (Septic arthritis) သည် အဖြစ်နည်းသော်လည်း ပြင်းထန်နိုင်သည့် ရောဂါအခြေအနေတစ်ခုဖြစ်သည်။ အဆစ်တွင်းပိုးဝင်လျှင် အဆစ်အလွန်အမင်းနာကျင်ခြင်း၊ ရောင်ရမ်းခြင်းနှင့် အဆစ်လှုပ်ရှားမှု ခက်ခဲခြင်းတို့ကို ခံစားရနိုင်သည်။ အများအားဖြင့် အဆစ်တစ်ခုတွင်သာ ဖြစ်လေ့ရှိပြီး တစ်ခါတစ်ရံမှသာ အဆစ်တစ်ခုထက် ပိုဖြစ်ပွါးနိုင်သည်။ ပိုးသတ်ဆေးများ အသုံးပြုကုသခြင်း၊ ခွဲစိတ်ကုသခြင်းတို့ဖြင့် သက်သာပျောက်ကင်းနိုင်သည်။ အဆစ်အတွင်းပိုးဝင်ခြင်းသည် အရေးပေါ် အခြေအနေတစ်ခုဖြစ်ပြီး အချိန်မီကုသမှုမရလျှင် အဆစ်၏ အစိတ်အပိုင်းများ ပျက်စီး၍ လှုပ်ရှားသွားလာမှု ထိခိုက်နိုင်ပြီး မသန်စွမ်းသည်အထိ ဖြစ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အဆစ်အတွင်းပိုးဝင်ခြင်းသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုရောဂါ ပိုးမွှားများကြောင့်ဖြစ်နိုင်သည်။ ခန္ဓာကိုယ်တစ်နေရာရာမှ ပိုးမွှားများသည် သွေးကြောများမှတစ်ဆင့် အဆစ်အတွင်းသို့ ရောက်ရှိခြင်းဖြင့် အဆစ်အတွင်း ရောဂါပိုးဝင်နိုင်သည်။ အရေပြားအနာများမှ တိုက်ရိုက်သော်လည်းကောင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် သွေးမှတစ်ဆင့်သော်လည်းကောင်း အဆစ်အတွင်းသို့ ရောဂါပိုးဝင်နိုင်သည်။

အဆစ်အနီးတစ်ဝိုက်တွင် ထိခိုက်ဒဏ်ရာရခြင်း၊ တိရစ္ဆာန်အကိုက်ခံရခြင်းကဲ့သို့ ထိုးသွင်းဒဏ်ရာ ရရှိပါကလည်း အဆစ်ပိုးဝင်နိုင်သည်။ ထိုအခါအဆစ်ရောင်ရမ်းခြင်းကို ဖြစ်စေကာ နာကျင်မှုခံစားရသည်။ ပိုးဝင်ခြင်းသည် အဆစ်ကြီးများဖြစ်သော တင်ပါးဆုံဆစ်၊ ဒူးဆစ်တို့တွင် အဖြစ်များပြီး ပခုံးနှင့် ခြေချင်းဝတ်တို့တွင်လည်း တွေ့နိုင်သည်။ အဆစ်အတွင်း ပိုးဝင်ခြင်းဖြစ်စေသော ဘက်တီးရီးယားပိုးများမှာ_

  • Staphylococcus aureus (အဖြစ်များဆုံးရောဂါပိုးဖြစ်သည်)
  • Methicillin resistant Staphylococcus aureus
  • Group A and B Streptococci
  • Neisseria gonorrhoeae
  • Neisseria meningitides တို့ဖြစ်သည်။

သက်ကြီးရွယ်အိုများနှင့် ဆီးလမ်းကြောင်းပိုးဝင်တတ်သူများတွင် E. coli ကဲ့သို့သော Gram-negative ဘက်တီးရီးယားများကြောင့်လည်း အဖြစ်များသည်။

ဖြစ်ပွါးနိုင်ခြေများသူများ
  • အသက်အရွယ်ကြီးသူများ (ဒူးဆစ်တွင် ဖြစ်ပွါးနှုန်းများသည်)
  • ကလေးများ (တင်ပါးဆုံဆစ်တွင် အတွေ့ရများသည်)
  • မသန့်ရှင်းသော ဆေးထိုးအပ်ကို သုံးစွဲသူများ [တင်ပါးဆုံရိုးနှင့် ခါးအောက်ပိုင်းကျောရိုးတို့ ဆက်သည့်အဆစ် (Sacroiliac joint) နှင့် ရင်ညွန့်ရိုးနှင့် ညှပ်ရိုးတို့ဆက်သည့် အဆစ် (Sternoclavular joint) တွင် အတွေ့ရများသည်]
  • အဆစ်ရောင်ရောဂါရှိသူများ
  • အဆစ်အစားထိုး ခွဲစိတ်ထားသူများ
  • အရေပြားယားနာရှိသူများ
  • ကိုယ်ခံအားကျဆင်းနေသူများ (အသည်း၊ ကျောက်ကပ်ရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ အေအိုင်ဒီအက်စ်ရောဂါရှိသူများ၊ စတီးရွိုက်ဆေး ကြာရှည်သုံးစွဲသူများ) တွင် ရောဂါဖြစ်ပွါးနိုင်သည်။
ရောဂါလက္ခဏာများ

ရောဂါဖြစ်ပွါးသောအဆစ်တွင် နာကျင်မှုခံစားရခြင်း၊ အဆစ်ရောင်ရမ်းခြင်း၊ အဆစ်အပေါ်ရှိ အရေပြားသည် ပူနွေးနေခြင်း၊ အဆစ်အားလှုပ်ရှားလျှင် ပိုမိုနာကျင်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်းတို့ကို ခံစားရသည်။ ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်မရှိခြင်းတို့လည်း ခံစားရနိုင်သည်။ ကလေးငယ်များတွင် ရောဂါဖြစ်ပွါးပါက နာကျင်မှုကြောင့် ခြေ၊ လက်တို့ကို လှုပ်ရှားမှု မပြုလုပ်တော့ဘဲ ငြိမ်နေတတ်သည်။

အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအား အလွန်ကျဆင်းနေသူများတွင် အဆစ်တွင်းပိုးဝင်သော်လည်း ကိုယ်အပူချိန်တက်ခြင်း (ဖျားခြင်း) နှင့် နီရဲရောင်ရမ်းခြင်းများ မရှိဘဲ အဆစ်လှုပ်ရှားသည့်အခါမှသာ နာကျင်ခြင်း သို့မဟုတ် အစားအသောက်ပျက်ပြီး နုံးချည့်နေခြင်းစသည့် မသိမသာလက္ခဏာများသာ ပြတတ်သဖြင့် နောက်ကျမှ ရောဂါသိရှိနိုင်သည်ကို အထူးသတိပြုရမည်။

နောက်ဆက်တွဲပြဿနာများ

အဆစ်အတွင်းပိုးဝင်ခြင်းကို စနစ်တကျ ကုသမှုမခံယူပါက အဆစ်အတွင်း အရိုးနုများ ပျက်စီးပြီး အဆစ်လှုပ်ရှားမှုများကို ထိခိုက်နိုင်သည်။ အဆစ်ခိုင်သွားနိုင်သည်။ ပိုးဝင်သည့်အရိုးအဆစ် တိုသွားပြီး ဘယ်ညာနှစ်ဖက် အတိုအရှည်မညီခြင်း ဖြစ်နိုင်သည်။ အဆစ်အတွင်းမှ ရောဂါပိုးသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ရောက်ရှိကာ ပိုးဆိပ်ပျံ့နှံ့ခြင်း (Sepsis) ခြင်းဖြစ်နိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ အဆစ်တွင်းပိုးဝင်ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်လျှင် မိသားစုဆရာဝန်မှ အရိုးအထူးကုဆရာဝန်များနှင့် ချက်ချင်းလွှဲပြောင်းကုသခြင်း ပြုလုပ်ပေးလိမ့်မည်။

အရေးပေါ်ပြသရန်

အဆစ်မလှုပ်နိုင်အောင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သွေးပေါင်ချိန်ကျခြင်းတို့ကို သတိထားမိပါက အရေးပေါ်ကုသမှု လိုအပ်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင် မေးမြန်းပြီး လူနာအား စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ ရောဂါကို အတည်ပြုနိုင်ရန် အောက်ပါစစ်ဆေးမှုများကို အမြန်ဆုံးလုပ်ဆောင်မည်။

  • အဆစ်အတွင်းမှ အရည်ကို ထုတ်ယူစစ်ဆေးခြင်း (Synovial fluid aspiration cytology and C&S)
    အဆစ်အတွင်းမှ အရည်ကို စစ်ဆေးခြင်းနှင့် ပိုးမွေးမြူခြင်း ပြုလုပ်ခြင်းဖြင့် မည်သည့်ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွါးသည်ကို သိရှိနိုင်ကာ သင့်တော်သည့် ပိုးသတ်ဆေးကိုလည်း သိရှိနိုင်သည်။
  • သွေးစစ်ဆေးခြင်း (CP, ESR, CRP, Uric acid,RA factor, Blood C&S)
    အဆစ်အတွင်း ရောဂါပိုး ရှိမရှိကို သိရှိနိုင်ပြီး အခြားရောဂါများ ရှိမရှိကိုလည်း သိရှိနိုင်သည်၊ ကုသမှု၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့ကို ညွှန်ပြပေးနိုင်သည်။
  • ဓာတ်မှန်ရိုက်ခြင်း (X-ray)
    အဆစ်အတွင်းပိုးဝင်ခြင်း အစောပိုင်းတွင် အဆစ်၏ အရိုးများပျက်စီးမှုကို မသိရှိနိုင်သော်လည်း အရိုးများကြားရှိ ကွက်လပ်ကျယ်နေခြင်း၊ အဆစ်ကို ထုပ်ပိုးထားသည့် အလွှာ ဖောင်းနေခြင်းများတွေ့ရှိလျှင် အဆစ်အတွင်း အရည်စုပြီး ပိုးဝင်နေနိုင်သည်။
  • အာထရာဆောင်းရိုက်ခြင်း (USG) _ အဆစ်အတွင်း အရည် ရှိမရှိသိနိုင်သည်
  • အဆစ်ကို သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
    အဆစ်အတွင်းရှိ အရိုးနု၊ အရိုးမာ၊ အရွတ်နှင့် ကြွက်သားတို့၏ အခြေအနေကို ပိုမိုသိရှိနိုင်သည်၊ အဆစ်အတွင်း ပိုးဝင်ခြင်းအခြေအနေကို စောစီးစွာသိရှိနိုင်သည်။
ကုသခြင်း

အဆစ်အတွင်းပိုးဝင်ခြင်းကို စနစ်တကျ ကုသမှု ခံယူရမည်။ အစပိုင်းတွင် ဆေးရုံတက်၍ ကုသမှု ခံယူရန် လိုအပ်သော်လည်း သက်သာလာပါက ပြင်ပလူနာအနေဖြင့် ဆက်လက်ကုသမှုပြုနိုင်သည်။

  • ပိုးသတ်ဆေးဖြင့်ကုသခြင်း
    • အဆစ်တွင်းပိုးဝင်ခြင်းကို ဖြစ်စေသည့် ပိုးများအား တိုက်ခိုက်ရန်နှင့် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် သင့်တော်သည့် ပဋိဇီဝပိုးသတ်ဆေးများဖြင့် ချက်ချင်းကုသမှုပေးရန်လိုသည်
    • လက္ခဏာစတင်ပြီး (၂၄)နာရီ မှ (၄၈)နာရီအတွင်း ဆောလျင်စွာ ကုသမှုစတင်နိုင်လျှင် အဆစ်ပျက်စီးမှုကို ကောင်းစွာကာကွယ်နိုင်သည်
    • ပဋိဇီဝပိုးသတ်ဆေးများကို သွေးပြန်ကြောအတွင်း တိုက်ရိုက်ရောက်စေမည့် ထိုးဆေးများဖြင့် ဦးစားပေးကုသရမည်
    • ပိုးမွေးမြူသည့်အဖြေရရှိသည့်အချိန်တွင် တွေ့ရှိသည့် ပိုးမွှားနှင့်ကိုက်ညီ၍ တိကျသောပဋိဇီဝပိုးသတ်ဆေးဖြင့် ပြောင်းလဲကုသမှုပေးရသည်
    • ပိုးသတ်ဆေး ထိုးဆေး၊ သောက်ဆေးတို့ဖြင့် (၄-၆) ပတ်အထိ ကုသမှု ခံယူရန်လိုသည်
  • အဆစ်အတွင်းမှ အရည်စုပ်ထုတ်ခြင်း
    • ပိုးဝင်နေသော အဆစ်အတွင်းမှ အရည်ကို ဆေးထိုးအပ်အသုံးပြု၍ စုပ်ထုတ်ခြင်းကို နေ့စဉ် သို့မဟုတ် လိုအပ်သလို ပြုလုပ်နိုင်သည်
    • အဆစ်အတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ရှုကာ အဆစ်အတွင်း သန့်ရှင်းရေးလုပ်ခြင်း၊ အရည်စုပ်ထုတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်
    • ဤနည်းလမ်းဖြင့် တိုးတက်မှုမရှိပါက ခွဲစိတ်ကုသသည့် နည်းလမ်းကို အသုံးပြုမည်
  • ခွဲစိတ်ကုသခြင်း
    • အဆစ်အတွင်းရှိ ရောင်ရမ်းနေသော တစ်ရှူးများကို ခွဲစိတ်ဖယ်ရှားခြင်း၊ အဆစ်အတွင်း ပိုးကင်းစင်စေရန် ဆေးကြောသန့်ရှင်းခြင်းများ ပြုလုပ်သည်
    • အဆစ်တုအစားထိုးထားသည့် အဆစ်တွင် ပိုးဝင်ပါက အဆစ်အစားထိုးပစ္စည်းများကို ဖယ်ထုတ်ရန် လိုအပ်နိုင်သည်
  • နာကျင်မှုသက်သာစေရန်ကုသခြင်း
    • အဆစ်ကို အနားပေးခြင်း၊ အကိုက်အခဲပျောက်ဆေးများပေးခြင်းဖြင့် ကုသသည်
  • ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်း ပြုလုပ်ခြင်း
    • အဆစ်အတွင်း ပိုးဝင်ခြင်းအခြေအနေကို ထိန်းချုပ်နိုင်ပါက အဆစ်လှုပ်ရှားမှု ကောင်းမွန်စေရန်၊ အဆစ်ခိုင်မှုကို ကာကွယ်ရန် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို စောစောစတင်ပြုလုပ်ရမည်
ကာကွယ်ခြင်း
  • အဆစ်ကို ထိခိုက်ဒဏ်ရာမရရှိအောင် သတိပြုနေထိုင်ရမည်၊ အထူးသဖြင့် အဆစ်အနီးတစ်ဝိုက်တွင် ဒဏ်ရာ၊ ပြည်တည်နာ ရှိပါက စနစ်တကျကုသမှုခံယူပါ
  • သွေးကြောမှတစ်ဆင့် အဆစ်အတွင်းပိုးဝင်ခြင်း ဖြစ်စေသော အရေပြားအနာ၊ ယားနာ၊ အဆုတ်ရောင်ရောဂါနှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါတို့ကို စနစ်တကျကုသရမည်
  • အဆစ်အတွင်း ဆေးထိုးခြင်း၊ မှန်ပြောင်းကြည့်ခြင်း၊ အဆစ်အစားထိုး ခွဲစိတ်ခြင်းများတွင် ပိုးမဝင်စေရန် စနစ်ကျသည့် နည်းလမ်းများသုံးခြင်း၊ ပဋိဇီဝပိုးသတ်ဆေး ကြိုတင်ထိုးခြင်းတို့ကို ပြုလုပ်ရမည်
  • ကိုယ်ခံအားကျဆင်းစေသည့် ရောဂါများရှိလျှင် ပုံမှန်ကုသမှုခံယူရမည်
  • တစ်ကိုယ်ရေသန့်ရှင်းရေးကို အမြဲဂရုစိုက်ရမည်

References:

  1. Cleveland Clinic. (2026). Septic arthritis. Retrieved March 26, 2026, from https://my.clevelandclinic.org/health/diseases/22418-septic-arthritis
  2. Mayo Clinic. (2025). Bone and joint infections (septic arthritis): Symptoms and causes. Retrieved March 26, 2026, from https://www.mayoclinic.org/diseases-conditions/bone-and-joint-infections/symptoms-causes/syc-20350755
  3. Bruce, D. F. (2026). Septic arthritis: Symptoms, diagnosis, and treatment. Retrieved March 26, 2026, from https://www.webmd.com/arthritis/septic-arthritis-symptoms-diagnosis-and-treatment

Published: 22 March 2025

Last updated: 19 April 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.