Splenomegaly (ဘေလုံးကြီးခြင်း)

Splenomegaly (ဘေလုံးကြီးခြင်း)

ဘေလုံးသည် လက်သီးဆုပ် အရွယ်အစားရှိသော ကိုယ်တွင်းအင်္ဂါဖြစ်ပြီး ဝမ်းဗိုက်၏ လက်ဝဲဘက် နံရိုးအမှတ် (၉) မှ (၁၁) အောက်တွင်တည်ရှိသည်။ ဘေလုံးသည် ပြန်ရည်ကြောအဖွဲ့အစည်းနှင့် ကိုယ်ခံအားအဖွဲ့အစည်းတွင် ပါဝင်ပြီး၊ အိုဟောင်းပျက်စီးနေသော သွေးဆဲလ်များအား ဖျက်ဆီးခြင်း၊ စစ်ထုတ်ပေးခြင်း၊ စွန့်ပစ်ပစ္စည်းများ ဖယ်ရှားပေးခြင်း၊ ရောဂါပိုးများအား တိုက်ထုတ်ရန် သွေးဖြူဥများ ထုတ်ပေးခြင်း၊ သွေးနီဥများနှင့် သွေးဥမွှားများအား သိမ်းဆည်းခြင်းဖြင့် သွေးခဲရာတွင် ကူညီပေးခြင်းများကို ပြုလုပ်သည်။ အကြောင်းရင်းအမျိုးမျိုးကြောင့် (ဥပမာ_ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဆဲလ်ထုတ်လုပ်မှု၊ ဖျက်ဆီးမှုများခြင်း) ဘေလုံးကြီးနိုင်သည်။ ဆရာဝန်များမှ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပုံမှန်စမ်းသပ်ရာတွင် ဘေလုံး ကြီးမကြီး စမ်းသပ်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။

ပုံမှန်ဘေလုံးသည် (၁၂) စင်တီမီတာခန့်အရှည်ရှိ၍ (၇၀) ဂရမ်ခန့်အလေးချိန်ရှိသည်။ ကြီးမားလာသော ဘေလုံးသည် (၂၀) စင်တီမီတာခန့်အထိ ရှည်လာနိုင်ပြီး အလေးချိန် (၁၀၀၀) ဂရမ်အထိ ရှိလာနိုင်သည်။ ဘေလုံးကြီးလာခြင်းသည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး အချို့တွင် ယာယီအနေဖြင့် ပြန်လည်သက်သာသွားနိုင်သော်လည်း တစ်ခါတစ်ရံ နာတာရှည် ဘေလုံးကြီးခြင်းလည်း ဖြစ်ပွါးနိုင်သည်။ နာတာရှည်ဘေလုံးကြီးခြင်းကြောင့် ဘေလုံး၏လုပ်ငန်းဆောင်တာများ ထိခိုက်ပျက်စီးခြင်း၊ ဘေလုံး ရုတ်တရက်ကွဲထွက်ခြင်းကြောင့် သွေးအလွန်အကျွံထွက်ခြင်း စသည်တို့ဖြစ်နိုင်သည်။

Splenomegaly image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဘေလုံးကြီးခြင်း (Splenomegaly) သည် ရောဂါပိုးဝင်ခြင်း၊ သွေးရောဂါများ၊ ပြန်ရည်ကြောစနစ် ပြဿနာများနှင့် အခြားသော အကြောင်းအရာများကြောင့် ဖြစ်နိုင်သည်။

ရောဂါပိုးဝင်ခြင်းကြောင့် ဘေလုံးကြီးခြင်း

  • ဗိုင်းရပ်စ်ပိုးဝင်ခြင်း (ဥပမာ _ Mononucleosis – EBV၊ CMV ကဲ့သို့ ဗိုင်းရပ်စ်ပိုးများ)
  • ကပ်ပါးပိုးဝင်ခြင်း (ဥပမာ _ ငှက်ဖျားပိုး၊ Toxoplasmosis)
  • ဘက်တီးရီးယားပိုးဝင်ခြင်း (ဥပမာ _ တိုက်ဖွိုက်ကာလသားရောဂါပိုး၊ နှလုံးအတွင်းမြှေးရောင်ရမ်းခြင်း)

သွေးနှင့် ကင်ဆာရောဂါများကြောင့် ဘေလုံးကြီးခြင်း

  • မွေးရာပါသွေးရောဂါများ (သာလာဆီးမီးယား – Thalassemia၊ ဆစ်ကယ်လ်ဆဲလ် သွေးအားနည်းရောဂါ – Sickle Cell Anaemia)
  • သွေးကင်ဆာများ
  • ပြန်ရည်ကျိတ်ကင်ဆာများ

အခြားရောဂါအခြေအနေများကြောင့် ဘေလုံးကြီးခြင်း

  • အသည်းခြောက်ခြင်းနှင့် အခြားအသည်းရောဂါများမှတစ်ဆင့် ဖြစ်လာသော အသည်းသွေးပြန်ကြောတွင် ဖိအားများခြင်း (Portal hypertension)
  • သွေးနီဥပြိုကွဲမှုများခြင်းကြောင့်ဖြစ်သော သွေးအားနည်းရောဂါ (Hemolytic Anemia)
  • ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါများ (ဥပမာ – SLE)
  • ဘေလုံးတွင် အလုံးအကျိတ်ဖြစ်ခြင်း၊ ဘေလုံးသို့ ကင်ဆာဆဲလ် ပျံ့ခြင်း
  • ဘေလုံးတွင် အရည်အိတ်ဖြစ်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း
  • ဇီဝဖြစ်စဥ်များအား သက်ရောက်မှုရှိစေသည့် ရောဂါများ (Gaucher Disease and Amyloidosis)
  • ဘေလုံးရှိသွေးကြောတွင် သွေးခဲပိတ်ခြင်း
  • နှလုံးအမောဖောက်ခြင်း စသည်တို့ကြောင့် ဘေလုံးကြီးနိုင်သည်။
ရောဂါလက္ခဏာများ

ဘေလုံးကြီးနေသော်လည်း မည်သည့်လက္ခဏာမျှ မပြသည်များလည်းရှိသည်။ ဘေလုံးကြီးခြင်းကြောင့် တွေ့နိုင်သောလက္ခဏာများမှာ_

  • ဝမ်းဗိုက်ဘယ်ဘက် အပေါ်ပိုင်းတွင် နာခြင်း၊ အောင့်ခြင်း _ အောင့်ခြင်းသည် ဘယ်ဘက်ပခုံးနှင့် အနောက်ဘက်သို့ တစ်ခါတစ်ရံ ရွေ့သွားနိုင်သည်
  • ဝမ်းဗိုက်၏ ဘယ်ဘက်အပေါ်ပိုင်းတွင် အလုံးစမ်းမိခြင်း _ ဘေလုံးအလွန်ကြီးလာပါက ချက်ဝန်းကျင်ထိ စမ်းမိနိုင်သည်
  • အစာစားချင်စိတ်မရှိခြင်း၊ အလွယ်တကူ ပြည့်အင့်ခြင်းတို့ ခံစားရခြင်း _ ကြီးနေသောဘေလုံးမှ အစာအိမ်ကို ဖိမိနိုင်သောကြောင့်ဖြစ်သည်
  • ဘေလုံး၏ လုပ်ဆောင်ချက်များ ထိခိုက်လာခြင်း _ သွေးအားနည်း၍ နုံးချည့်ခြင်း၊ သွေးခြည်ဥလွယ်ခြင်း၊ မကြာခဏဖျား၍ ရောဂါပိုးဝင်ခြင်းများ စတင်ခံစားရတတ်သည်။
နောက်ဆက်တွဲပြဿနာများ

ဘေလုံးကြီးခြင်းအကြောင်းရင်းကို လျင်မြန်စွာ ကုသမှုမခံယူပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်သည်။

  • ဘေလုံးအတွင်းရှိ တစ်ရှူးများပျက်စီးခြင်း (Splenic infarct) _ ဘေလုံးအလွန်ကြီးလာသောအခါ သွေးကြောများကို ဖိမိသည့်အတွက် တစ်ရှူးများအား သွေးလုံလောက်စွာ ထောက်ပံ့နိုင်မှု မရှိတော့သောကြောင့်ဖြစ်သည်
  • Hypersplenism – ဘေလုံးအလွန်ကြီးမားလာသောအခါ ဘေလုံး၏ လုပ်ငန်းလုပ်ဆောင်မှုများ အလွန်မြန်ဆန်လာသဖြင့် သွေးနီဥများအား ခန္ဓာကိုယ်မှဖယ်ရှားမှု များလာခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်လာခြင်း၊ သွေးဖြူဥအရေအတွက် နည်းလာခြင်းကြောင့် ပိုးမွှားများ အလွယ်တကူ ဝင်နိုင်ခြင်း၊ သွေးဥမွှားအရေအတွက် နည်းလာခြင်းကြောင့် သွေးထွက်လွယ်ခြင်းတို့ ဖြစ်လာသည်
  • ဘေလုံးကွဲထွက်ခြင်း _ ဘေလုံးသည် အလွန်ကြီးမားလာသောအခါ အနည်းငယ်ထိခိုက်ဒဏ်ရာရရုံနှင့် အလွယ်တကူ ကွဲထွက်နိုင်သည်၊ ဘေလုံးကွဲထွက်ခြင်းကြောင့် သွေးများစွာ ဆုံးရှုံးစေပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ဘေလုံးကြီးသူများသည် ထိခိုက်ဒဏ်ရာရပြီးနောက် ဗိုက်အလွန်အောင့်ခြင်း၊ ဖြူဖျော့လာခြင်းများရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး၊ အသက်အန္တရာယ်ရှိသဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်သည့် ဓာတ်ခွဲစစ်ဆေးမှုများ၊ ပုံရိပ်ဖော်စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။

  1. ပုံရိပ်ဖော်စစ်ဆေးခြင်း
    ဘေလုံးကြီးခြင်းကို သိရှိရန် ဝမ်းဗိုက်အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်းအပြင် ဘေလုံးအတွင်းသွေးစီးဆင်းမှု ပမာဏကို သိရှိရန် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းများ ပြုလုပ်နိုင်သည်။ ဘေလုံးကြီးခြင်းအပြင် ဖြစ်စေသော ရောဂါအကြောင်းရင်းကိုပါ သိရှိနိုင်သည်။
  2. သွေးစစ်ဆေးခြင်း
    Hypersplenism အခြေအနေတွင် သွေးဓာတ်ခွဲစစ်ဆေးခြင်း (Complete blood count – CBC) ၌ သွေးဆဲလ်သုံးမျိုးစလုံး လျော့နည်းနေသည်ကို တွေ့နိုင်သည့်အပြင် သွေးရောဂါ၊ အသည်းရောဂါနှင့် ကင်ဆာများအတွက် အခြားသွေးစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
  3. ရိုးတွင်းခြင်းဆီစစ်ဆေးခြင်း (Bone marrow examination and biopsy)
    ရောဂါအကြောင်းရင်းကို ရှာဖွေရန် ရိုးတွင်းခြင်ဆီစစ်ဆေးခြင်း တို့ကိုလည်း ပြုလုပ်နိုင်သည်။ ဘေလုံးမှ အသားစယူစစ်ဆေးခြင်း (Spleen needle biopsy) ကိုမူ သွေးထွက်နိုင်ခြေများသောကြောင့် ပြုလုပ်လေ့မရှိသော်လည်း အလွန်ကြီးမားလာသောဘေလုံးကို အခြေအနေအမျိုးမျိုးကြောင့် ခွဲစိတ်ဖယ်ရှားခြင်း (Splenectomy) ပြုလုပ်ရပါက ထိုဘေလုံးမှ အသားစတစ်ရှူးများကိုယူပြီး အဏုကြည့်မှန်ပြောင်းဖြင့် အသေးစိတ်စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း

ဘေလုံးကြီးစေသည့် ရောဂါအခြေအနေပေါ် မူတည်၍ ကုသမှုပေးရမည်ဖြစ်သည်။

  • ရောဂါပိုးဝင်ခြင်းများအတွက် ပဋိဇီဝပိုးသတ်ဆေးများ၊ ငှက်ဖျားဆေးများဖြင့် ကုသခြင်း
  • အသည်းရောဂါများအတွက် ကုသခြင်းစသည်တို့ဖြင့် ကုသနိုင်သည်
  • ဘေလုံးကြီးနေသော်လည်း ဖြစ်စေသည့်အကြောင်းရင်းကို ရှာမတွေ့လျှင် ဖြစ်စေ၊ ဘေလုံး၏ လုပ်ဆောင်ချက်များ ထိခိုက်ခြင်းမရှိလျှင် ဖြစ်စေ သက်ဆိုင်ရာဆရာဝန်မှ ဘေလုံးကို ခွဲစိတ်ဖယ်ရှားခြင်းမပြုသေးဘဲ (၆)လ မှ (၁)နှစ်ခန့်ထိ စောင့်ကြည့်နေမည်ဖြစ်သည်။ (Watchful waiting)
  • ထိုသို့မဟုတ်ဘဲ ဘေလုံးအလွန်အမင်း ကြီးလာခြင်းဖြစ်စေ၊ ကြီးလာသော ဘေလုံးကြောင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာလျှင်ဖြစ်စေ အကြောင်းရင်းကို ရှာဖွေတွေ့ရှိခြင်းမရှိလျှင်ဖြစ်စေ ဘေလုံးကို ခွဲစိတ်ဖယ်ရှားခြင်းကို ပြုလုပ်ရတတ်သည်
  • နောက်ထပ်နည်းလမ်းတစ်ခုမှာ ပမာဏနည်းသော ဓာတ်ရောင်ခြည်ကုထုံးဖြင့် ဘေလုံး ကျုံ့သွားစေရန် ကုသခြင်းနည်းလမ်းဖြစ်သည်။
  • ဘေလုံးဖယ်ရှားပြီးနောက်ပိုင်းတွင် ကိုယ်ခံအား ကျဆင်းသွားနိုင်သောကြောင့် ရောဂါပိုးများ အလွယ်တကူမဝင်နိုင်စေရန် သတိပြု၍ နေထိုင်သင့်သည်
ကာကွယ်ခြင်း

ဘေလုံးကြီးစေသည့် ရောဂါအခြေအနေအားလုံးကို ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်ပါ။ နောက်ဆက်တွဲပြဿနာများ မပေါ်ပေါက်မီ ဘေလုံးကြီးခြင်းကို စောစီးစွာ သိရှိရန်လိုသည်။ အချိန်မီသိရှိလျှင် ဘေလုံးကြီးစေသည့် အကြောင်းရင်းကို ကုသရုံဖြင့် ပျောက်ကင်းနိုင်သည်။ ဘေလုံး အဆမတန်ကြီးလျှင်မူ ဖြတ်ထုတ်ရနိုင်သည်။

ဘေလုံးဖြတ်ထုတ်ထားသော လူနာများအတွက် ကာကွယ်ရေးနည်းလမ်းများ
  • ဘေလုံးဖြတ်ထုတ်ပြီးနောက် ကိုယ်ခံအား ကျဆင်းသွားနိုင်သောကြောင့် ပြင်းထန်သောရောဂါပိုးများ ဝင်ရောက်ပြီး နောက်ဆက်တွဲပြဿနာ များစွာဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် ဘေလုံးမဖြတ်ထုတ်မီ အရေးကြီးသော ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မဖြစ်မနေ ပြုလုပ်ထားသင့်သည်။
  • ဘေလုံးမဖြတ်မီ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးများနှင့် ဦး‌နှောက်အမြှေးရောင် ကာကွယ်ဆေးများ (Pneumococcal vaccine, Meningococcal vaccine, Hib vaccine) ကို မခွဲစိတ်မီ နှစ်ပတ်အလိုတွင် ထိုးနှံရမည်
  • ထိခိုက်ဒဏ်ရာကြောင့် အရေးပေါ် ဘေလုံးခွဲစိတ်ရသည့် လူနာများတွင်မူ ဘေလုံးခွဲစိတ်ပြီးနောက် နှစ်ပတ်အတွင်းတွင် ကာကွယ်ဆေးများ ထိုးနှံရမည်
  • ဘေလုံးဖြတ်ထုတ်ပြီးနောက် ကာကွယ်ဆေးများကို ဆရာဝန်၏ညွှန်ကြားချက်အတိုင်း ပုံမှန်ဆက်လက်ထိုးရန် လိုအပ်သည်
  • ခွဲစိတ်ပြီးနောက် ပဋိဇီဝပိုးသတ်ဆေးများကိုလည်း တောက်လျှောက် သောက်သုံးရမည်
  • ရောဂါပိုးကူးစက်ခြင်းအား ညွှန်ပြနိုင်သည့် လက္ခဏာတစ်ခုဖြစ်သော အဖျားရှိသည်နှင့် ဆရာဝန်နှင့်ပြသရမည်
  • ငှက်ဖျားရောဂါကဲ့သို့ရောဂါများ အဖြစ်များသည့်ဒေသများသို့ ခရီးသွားခြင်းအား ရှောင်ကြဥ်သင့်သည်

References:

  1. Cleveland Clinic. (n.d.). Enlarged spleen. Retrieved October 18, 2025, from https://my.clevelandclinic.org/health/diseases/17829-enlarged-spleen
  2. Centers for Disease Control and Prevention. (n.d.). General recommendations on immunocompetence. Retrieved October 18, 2025, from https://www.cdc.gov/vaccines/hcp/acip-recs/general-recs/immunocompetence.html
  3. Mayo Clinic. (n.d.). Enlarged spleen: Diagnosis and treatment. Retrieved October 18, 2025, from https://www.mayoclinic.org/diseases-conditions/enlarged-spleen/diagnosis-treatment/drc-20354331
  4. National Center for Biotechnology Information. (2019). Splenomegaly. StatPearls. Retrieved October 18, 2025, from https://www.ncbi.nlm.nih.gov/pmc/articles/PMC6748314/
  5. WebMD. (n.d.). Enlarged spleen: Causes, symptoms, and treatments. Retrieved October 18, 2025, from https://www.webmd.com/digestive-disorders/enlarged-spleen-causes-symptoms-and-treatments

Published: 7 October 2024

Last updated: 4 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.