အသက် (၅) နှစ်အောက် ကလေးငယ်များတွင် Haemophilus influenzae type B (Hib) ဘက်တီးရီးယားပိုး ဝင်ရောက်ပါက ပြင်းထန်သောရောဂါများကို ဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ဆိုးရွားနိုင်သည်။
၎င်းပိုးသည် ကလေးများတွင် ပြင်းထန်ရောဂါများဖြစ်သော နမိုးနီးယားအဆုတ်ရောင်ခြင်း၊ ပိုးဆိပ်ပျံ့ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ အသံအိုးဖုံးရောင်ရမ်းခြင်း၊ အရေပြားပိုးဝင်ခြင်းနှင့် အဆစ်ရောင်ခြင်း ကဲ့သို့သော ရောဂါမျိုးစုံဖြစ်နိုင်သည်။ ကာကွယ်ဆေးထိုးခြင်းဖြင့် Hib ကြောင့်ဖြစ်သော ဦးနှောက်အမြှေးရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်းကို (၉၀%) အထိ ကာကွယ်နိုင်သည်။ ကာကွယ်ဆေးထိုးထားသော ကလေးများတွင် ၎င်းရောဂါများ၏ ပြင်းထန်မှုကိုလည်း သိသိသာသာ လျော့နည်းစေသည်။
ကာကွယ်ဆေးအမျိုးအစားများ
Hib ကာကွယ်ဆေးများကို အောက်ပါအတိုင်း အဓိကနှစ်မျိုး ခွဲခြားနိုင်သည်။
Haemophilus influenzae ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ရောဂါများကိုသာ ကာကွယ်သောဆေးနှင့် အခြားသောရောဂါပိုးများအတွက်ပါ ပေါင်းစပ်ထားသော ကာကွယ်ဆေးတို့ဖြစ်သည်။
- တစ်မျိုးတည်းသာပါသော Hib ကာကွယ်ဆေးများ (Monovalent Vaccines)
- ပေါင်းစပ်ကာကွယ်ဆေးများ (Combination Vaccines)
တစ်မျိုးတည်းသာပါသော Hib ကာကွယ်ဆေးများ (Monovalent Vaccines)
- ActHIB
- Hiberix
- PedvaxHIB
ဤဆေးများသည် Hib ဘက်တီးရီးယားပိုး တစ်မျိုးတည်းအတွက်သာ ကာကွယ်ပေးသည်။
ပေါင်းစပ်ကာကွယ်ဆေးများ (Combination Vaccines)
ပေါင်းစပ်ကာကွယ်ဆေးများသည် အခြားသောကာကွယ်ဆေးများပါ ပေါင်းစပ်ပါဝင်သောကြောင့် စုစုပေါင်းဆေးထိုးရမည့် အကြိမ်ရေကို လျှော့ချပေးနိုင်ပြီး ကလေးငယ်များအတွက် ပိုမိုအဆင်ပြေစေသည်။ Hib ကာကွယ်ဆေးပါဝင်သည့် ပေါင်းစပ်ကာကွယ်ဆေး (Combination Vaccines) အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
- ခြောက်မျိုးစပ်ကာကွယ်ဆေးများ (Hexavalent vaccines)
- Hexaxim
- Vaxelis
- Infanrix hexa
(ဤဆေးများတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ပိုလီယို၊ အသည်းရောင်အသားဝါ ဘီ နှင့် Hib ကာကွယ်ဆေးများ ပေါင်းစပ်ပါဝင်သည်)
- ငါးမျိုးစပ်ကာကွယ်ဆေးများ (Pentavalent vaccines)
- Pentaxim
- Pentacel
(ဤဆေးများတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ပိုလီယို နှင့် Hib ကာကွယ်ဆေးများ ပေါင်းစပ်ပါဝင်သည်) - Pentavac
- Quinvaxem
(ဤဆေးများတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ ဘီ နှင့် Hib ကာကွယ်ဆေးများ ပေါင်းစပ်ပါဝင်သည်)
- လေးမျိုးစပ်ကာကွယ်ဆေးများ (Tetravalent vaccines)
- TriHIBit
- Tetramune
(ဤဆေးများတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်နှင့် Hib ကာကွယ်ဆေးများ ပေါင်းစပ်ပါဝင်သည်)
ဆေးသယ်ဆောင်သိမ်းဆည်းပုံ
ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_
- ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်။
- ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
- ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
- အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
- ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်
- ကာကွယ်ဆေးများကို ဖောက်ပြီး၊ ဖျော်စပ်ပြီးလျှင် ချက်ချင်း (သို့မဟုတ်) သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်၊ အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည်
- သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
- ကာကွယ်ဆေး သိုလှောင်၊ သယ်ဆောင်၊ သုံးစွဲသည့် အဆင့်တိုင်းတွင် ရောဂါပိုးကူးစက်မှုကာကွယ်ခြင်းနည်းနာများကို အတိအကျ လိုက်နာကျင့်သုံးရမည်
ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံးကာကွယ်မှု ရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။
ဆေးမထိုးမီ သိရမည့်အချက်များ
- ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ကာကွယ်ဆေးကို အခြားသောကာကွယ်ဆေးများနှင့် တစ်ပြိုင်နက်တည်း ထိုးနှံနိုင်သည်
- ကာကွယ်ဆေးထိုးမည့်နေ့တွင် ကလေးဖျားနေပါက ဆေးမထိုးမီ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ဦးစွာတိုင်ပင်သင့်သည်
- အဖျားအနည်းငယ်ရှိနေခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ မအီမသာဖြစ်နေခြင်း စသည့်အခြေအနေများသည် ကာကွယ်ဆေးထိုးနှံခြင်းကို မဖြစ်မနေရွှေ့ဆိုင်းရန် မလိုအပ်ပါ
- သို့သော် အဖျားကြီးသော (အပူချိန် ၃၈.၅ ဒီဂရီစင်တီဂရိတ်အထက်) ကလေးများတွင်မူ အဖျားကောင်းစွာကျ၍ အလုံးစုံသက်သာလာချိန်အထိ ကာကွယ်ဆေးထိုးခြင်းကို ရွှေ့ဆိုင်းသင့်သည်၊ နဂိုနောက်ခံရောဂါရှိနေသော ကလေးများတွင်လည်း လတ်တလောပြင်းထန်ရောဂါလက္ခဏာများ ရှိပါက (ဥပမာ _ အတက်ရောဂါရှိသောကလေးတွင် ဆက်တိုက်တက်နေခြင်း၊ အသိစိတ်ချို့ယွင်းနေခြင်း စသည့်အခြေအနေများ ရှိပါက) ကာကွယ်ဆေးထိုးခြင်းကို ခေတ္တရွှေ့ဆိုင်းသင့်သည်
သုံးစွဲပုံနည်းလမ်းများ
ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ကာကွယ်ဆေးကို ကလေး၏အသက်အရွယ်အပေါ်တွင် မူတည်၍ လက်မောင်း သို့မဟုတ် ပေါင်ရှိ ကြွက်သားနေရာများတွင် ထိုးနှံနိုင်သည်။
ကာကွယ်ဆေးထိုးသင့်သောသူများ
ကမ္ဘာပေါ်ရှိကျန်းမာရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေးပညာရှင်များမှ အသက် (၅) နှစ်အောက် ကလေးများတွင် ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင် ကာကွယ်ဆေးထိုးရန်နှင့် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်တွင် ထည့်သွင်းရန် သတ်မှတ်ထားသည်။
ကလေးငယ်များ
အသက် (၅) နှစ်အောက် ကလေးများတွင် ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ကာကွယ်ဆေးကို အောက်ပါအသက်များတွင် ထိုးရန်သတ်မှတ်ထားသည်။
- အသက် (၂) လ
- အသက် (၄) လ
- အသက် (၆) လ
- အသက် (၁၂) လ မှ (၁၅) လ အတွင်း တစ်ကြိမ်စီ စုစုပေါင်း (၄)ကြိမ် ထိုးနှံသင့်သည်။
မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးစီမံချက်တွင် ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ကာကွယ်ဆေးကို ငါးမျိုးစပ်ကာကွယ်ဆေးအနေဖြင့် ကလေးအသက် (၂) လ၊ (၄) လ၊ (၆) လ နှင့် (၁၈) လတွင် တစ်ကြိမ်စီ စုစုပေါင်း (၄) ကြိမ် ထိုးနှံပေးသည်။
ဆေးထိုးရန် သတ်မှတ်ထားသည့် အသက်အရွယ်အတိုင်း ဆေးမထိုးမိဘဲ နောက်ကျနေပါက
- ကလေးသည် အသက် (၁၅) လ အောက်ဖြစ်လျှင် အနည်းဆုံး ဆေးနှစ်ကြိမ်ကို (၂) လ [၈ ပတ်] ခြား၍ ထိုးပေးနိုင်သည်
- ထိုသို့မဟုတ်ဘဲ အသက် (၁၅) လကျော်သည်အထိ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင် ကာကွယ်ဆေးကို လုံးဝထိုးနှံထားခြင်းမရှိသော ကလေးများတွင် အသက် (၅) နှစ်အောက် ဖြစ်ပါက ယေဘုယျအားဖြင့် တစ်ကြိမ်သာထိုးရန် လိုအပ်သည်
ကလေးကြီးများနှင့် လူကြီးများ
ယေဘုယျအားဖြင့် ကျန်းမာသော အသက် (၅) နှစ်အထက် ကလေးများနှင့် လူကြီးများတွင် ထိုးရန်မလိုပါ။ သို့သော် အောက်ပါအခြေအနေများတွင်မူ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ကာကွယ်ဆေးကို အကြိမ်ပြည့်အောင် ထိုးနှံသင့်သည်။
- ပိုးကူးစက်နိုင်ခြေများသော ရောဂါအခံရှိသူများ
- ဆစ်ကယ်ဆဲလ်သွေးအားနည်းရောဂါရှိသူများ
- ဘေလုံး (spleen) ထုတ်ထားသူများ
- အိတ်ချ်အိုင်ဗွီရောဂါပိုးရှိသူများ
- ကင်ဆာရောဂါရှိသူများ
- ကင်ဆာဆေးဝါးဖြင့် ကုသမှု သို့မဟုတ် ဓာတ်ရောင်ခြည်ကုထုံး ခံယူထားသူများ
- ရိုးတွင်းခြင်ဆီအစားထိုးထားသူများ
ကာကွယ်ဆေးမထိုးသင့်သောသူများ
- အသက် (၆) ပတ်အောက်ကလေးငယ်များ
- ပထမအကြိမ် Hib ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်ဆေးနှင့် ပြင်းထန်ဓာတ်မတည့်ဖြစ်ဖူးသူများ
- ပါဝင်ပစ္စည်းများတူညီသော အခြားကာကွယ်ဆေးများနှင့် ဓာတ်မတည့်သူများ (ဥပမာ _ ဆုံဆို့ကာကွယ်ဆေး)
ကာကွယ်ဆေး၏ အကျိုးအာနိသင်
ကာကွယ်ဆေးများသည် Haemophilus influenzae ဘက်တီးရီးယားကို ခုခံနိုင်စွမ်းထုတ်ရာတွင် အလွန်ထိရောက်မှုရှိသည်။ ကာကွယ်ဆေး (၂) ကြိမ် သို့မဟုတ် (၃) ကြိမ်ထိုးပြီးပါက ကလေးများ၏ (၉၅) ရာခိုင်နှုန်းခန့်တွင် အကာကွယ်ပေးနိုင်သော ပဋိပစ္စည်းပမာဏ ထွက်ရှိသည်။
ဘေးထွက်ဆိုးကျိုးများ
ယေဘုယျအားဖြင့် ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လေ့မရှိဘဲ ကာကွယ်ဆေးများ၏ သာမန်ဘေးထွက်ဆိုးကျိုးများသာ ဖြစ်နိုင်ပြီး အများအားဖြင့် (၂) ရက်အတွင်း သက်သာသွားနိုင်သည်။
ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများမှာ_
- ကာကွယ်ဆေးထိုးထားသောနေရာတွင် နီခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- အစားအသောက်ပျက်ခြင်း
- ကလေးငယ်များတွင် မအီမသာဖြစ်တတ်ခြင်း အစရှိသည်တို့ ဖြစ်နိုင်သည်။
ကလေးသည် နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းများရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ပါရာစီတမောကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ ပေးနိုင်သည်။ ကာကွယ်ဆေးထိုးထားသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သက်သာစေရန် အေး၍စိုစွတ်သောအဝတ်ဖြင့် ကပ်ပေးခြင်း၊ ရေခဲဝတ်ကပ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးနိုင်သည်။ တစ်ခါကပ်လျှင် (၁၅) မိနစ်ခန့်ဖြင့် တစ်နေ့လျှင် (၃) ကြိမ်ခန့် ကပ်ပေးနိုင်သည်။
အဖျားကြီးခြင်း၊ ဆေးထိုးထားသည့်နေရာတွင် ပြည်ထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း မသက်သာပါက မိသားစုဆရာဝန်ဖြင့် ချက်ခြင်းပြသပါ။
References:
- Centers for Disease Control and Prevention. (2024). Hib vaccine recommendations. Retrieved April 14, 2026, from https://www.cdc.gov/hi-disease/vaccines/types.html
- Centers for Disease Control and Prevention. (2025). Hib vaccination. Retrieved April 14, 2026, from https://www.cdc.gov/hi-disease/vaccines/index.html
- MSD Manuals. (n.d.). Haemophilus influenzae type b vaccine. Retrieved April 14, 2026, from https://www.msdmanuals.com/home/infections/immunization/haemophilus-influenzae-type-b-vaccine
- National Centre for Immunisation Research and Surveillance. (2023). Hib factsheet. Retrieved April 14, 2026, from https://ncirs.org.au/sites/default/files/2023-06/Hib%20factsheet%20June%202023.pdf
- Nemours KidsHealth. (2025). Hib vaccine for kids. Retrieved April 14, 2026, from https://kidshealth.org/en/parents/hib-vaccine.html
Published: 30 April 2025
Last updated: 8 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.