ကာလသားရောဂါသည် လိင်မှတစ်ဆင့်ကူးစက်တတ်ပြီး နာကျင်မှုမရှိသည့်အနာ (ရှန်ကာ “Chancre”) အဖြစ် လိင်အင်္ဂါ၊ စအို (သို့မဟုတ်) ပါးစပ် အနီးတစ်ဝိုက်တွင် စတင်ပေါ်လာလေ့ရှိသည်။ ထိုအနာကို ထိတွေ့ခြင်းမှတစ်ဆင့်လည်း ကူးစက်နိုင်သည်။ ကာလသားရောဂါ ကူးစက်ခံရပြီးနောက်တွင် ဘက်တီးရီးယားပိုးသည် ရောဂါလက္ခဏာမပြဘဲ ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာ နေထိုင်သည်။ ကာလသားရောဂါသည် ပင်နီဆီလင် ပဋိဇီဝပိုးသတ်ဆေးဖြင့် လွယ်ကူစွာ ကုသနိုင်သော်လည်း မကုသဘဲထားပါက ကာလသားရောဂါပိုးသည် မျက်လုံး၊ အရေပြား၊ ဦးနှောက်၊ နှလုံးနှင့် တခြားကိုယ်တွင်းအင်္ဂါများကို ထိခိုက်ပျက်စီးစေနိုင်ပြီး ကုသရခက်ခဲနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကာလသားရောဂါသည် ကာလသားရောဂါပိုး Treponema pallidumဘက်တီရီးယားကြောင့် ဖြစ်သည်။ အဓိက အဖြစ်အများဆုံးမှာ လိင်မှတစ်ဆင့်ကူးစက်ခြင်းဖြစ်သည်။ ကာလသားရောဂါ သည် ပုံမှန်လိင်ဆက်ဆံခြင်း၊ စအိုလမ်းကြောင်းမှလိင်ဆက်ဆံခြင်းနှင့် ပါးစပ်အသုံးပြု၍ လိင်ဆက်ဆံခြင်း တို့မှတစ်ဆင့် ကူးစက်နိုင်သည်။
ကာလသားရောဂါတွင် ရောဂါဖြစ်စဉ် အဆင့်(၄)ဆင့်ရှိသည်။
- ပထမအဆင့် (Primary Syphilis)
- ဒုတိယအဆင့် (Secondary Syphilis)
- ရောဂါအောင်းနေသည့် အဆင့် (Latent Syphilis) နှင့်
- တတိယအဆင့် (Tertiary Syphilis) တို့ဖြစ်ကြသည်။
ကာလသားရောဂါသည် ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် ရောဂါကူးစက်နိုင်ခြေ အများဆုံး ဖြစ်သည်။ကာလသားရောဂါပိုးသည် ကိုယ်ဝန်ဆောင်စဉ် မိခင်မှ ကလေးသို့ ကူးစက်နိုင်သည်။ ကလေးကို နို့တိုက်ခြင်းမှလည်း တစ်ခါတစ်ရံ ကူးစက်နိုင်သည်။ ကာလသားရောဂါပိုးသည် အနာဖြစ်နေသော နှုတ်ခမ်း၊ ပါးစပ်၊ လျှာ၊ ရင်သားနှင့် လိင်အင်္ဂါတို့ကို ထိတွေ့ခြင်း (သို့မဟုတ်) နမ်းရှုံ့ခြင်းမှတစ်ဆင့် တစ်ခါတစ်ရံ ကူးစက်နိုင်သည်။ ကာလသားရောဂါသည် အိမ်သာ၊ တံခါးလက်ကိုင်၊ ရေကူးကန်၊ ရေချိုးကန်၊ အဝတ်အစား (သို့မဟုတ်) ထမင်းစားသည့်ပန်းကန်များ စသည့်တို့ အတူတူအသုံးပြုခြင်းမှ မကူးစက်နိုင်ပါ။
ရောဂါလက္ခဏာများ
ကာလသားရောဂါ လက္ခဏာများသည် ရောဂါအဆင့်ပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ရောဂါလက္ခဏာများသည် တစ်ဆင့်ပြီးမှတစ်ဆင့် အစဉ်လိုက် အမြဲဖြစ်ပေါ်ခြင်းမဟုတ်ပါ။ အချို့လူနာများတွင် ရောဂါကူးစက်ခံရပြီး နှစ်ပေါင်းများစွာကြာအောင် ရောဂါလက္ခဏာမပြတတ်ပါ။
ကာလသားရောဂါအဆင့်ပေါ် မူတည်၍ ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ –
(၁) ပထမအဆင့် (Primary Syphilis)
ကာလသားရောဂါကူးစက်ခံရပြီး ပထမဆုံးဖြစ်ပေါ်သော ရောဂါလက္ခဏာမှာ ကူးစက်ခံရသည့်နေရာတွင် (ရှန်ကာ “Chancre”)ဟုခေါ်သည့် အနာတစ်ခုဖြစ်ခြင်းဖြစ်သည်။ အချို့လူနာများတွင် တစ်ခုထက်ပို၍ အနာဖြစ်နိုင်သည်။ ထိုအနာသည် ရောဂါကူးစက်ခံရပြီး (၃) ပတ်အကြာမှ ဖြစ်ပေါ်လေ့ရှိသည်။ အနာသည် နာကျင်မှုမရှိသောကြောင့် လူအများစုသည် ထိုအနာကို သတိမထားမိကြပါ။ ထိုအနာသည် (၃)ပတ်မှ (၆)ပတ်အတွင်း အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားလေ့ရှိသည်။
(၂) ဒုတိယအဆင့် (Secondary Syphilis)
အနာပျောက်ကင်းချိန် (သို့မဟုတ်) အနာပျောက်ကင်းပြီး (၁-၂)ပတ်အကြာတွင် အရေပြားပေါ်တွင် အနီပြင်ထခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။ ကာလသားရောဂါကြောင့် အနီပြင်ထခြင်းသည် ပုံမှန်အားဖြင့် ယားယံမှု မရှိခြင်း၊ အရေပြားတွင် မချောမွေ့ဘဲ အနီ (သို့မဟုတ်) နီညိုရောင် အစက်လေးများ ဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အနီပြင်ထခြင်းသည် ခန္ဓာကိုယ်အပေါ်ပိုင်းဖြစ်သည့် ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ထိုမှတစ်ဆင့် ကျောဘက်၊ တင်ပါးဆုံအထိ ဖြစ်ပေါ်လေ့ရှိသည်။ ခြေဖဝါးနှင့် လက်ဖဝါးများတွင်လည်း အနီပြင်ထခြင်းများ ဖြစ်ပေါ်နိုင်သည်။ အနီပြင်ထခြင်းနှင့်အတူ အခြားရောဂါလက္ခဏာများလည်း ဖြစ်ပေါ်နိုင်သည်။ ထိုရောဂါလက္ခဏာများမှာ_
- ကြွက်နို့ကဲ့သို့အနာများသည် ပါးစပ် (သို့မဟုတ်) လိင်အင်္ဂါအနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခြင်း
- ဆံပင်ကျွတ်ခြင်း
- ကြွက်သားများကိုက်ခဲခြင်း
- ဖျားနာခြင်း
- လည်ချောင်းနာခြင်း
- အားအင်ကုန်ခန်းခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- ခန္ဓာကိုယ်တွင် အကျိတ်များပေါ်လာခြင်း တို့ဖြစ်သည်။
ဒုတိယအဆင့်ကာလသားရောဂါသည် အလိုလျောက် ပျောက်ကင်းနိုင်သည်။ သို့သော် ကုသမှုမခံယူလျှင် ထိုရောဂါလက္ခဏာများသည် ဖြစ်လိုက်ပျောက်လိုက်နှင့် လပေါင်းများစွာ (သို့မဟုတ်) နှစ်ပေါင်းများစွာ ခံစားရနိုင်သည်။
(၃) ရောဂါအောင်းနေသည့်အဆင့် (Latent Syphilis)
ကာလသားရောဂါကို မကုသဘဲထားပါက ဒုတိယအဆင့်မှာ ရောဂါအောင်းနေသည့်အဆင့်သို့ ကူးပြောင်းနိုင်သည်။ ထိုအဆင့်သည် ရောဂါလက္ခဏာမပြသောကြောင့် ရောဂါအောင်းနေသည့်အဆင့်ဟု ခေါ်ဆိုခြင်းဖြစ်သည်။ သို့သော် ကုသမှုမခံယူပါက ရေရှည်တွင် ကာလသားရောဂါ၏ နောက်ဆက်တွဲ ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်သည်။
(၄) တတိယအဆင့် (Tertiary Syphilis)
ရောဂါအောင်းနေသည့်အဆင့်တွင် လူနာ၏ (၃၀% – ၄၀%) ခန့်သည် တတိယအဆင့်သို့ ကူးပြောင်းနိုင်သည်။ ထိုတတိယအဆင့်တွင် ဦးနှောက်၊ အာရုံကြော၊ မျက်လုံး၊ နှလုံး၊ သွေးကြော၊ အသည်း၊ အရိုးနှင့် အဆစ်အမြစ်များကို ထိခိုက်ပျက်စီးစေနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ကာလသားရောဂါကို သေချာစွာ ကုသမှုမခံယူပါက ခန္ဓာကိုယ်အနှံ့အပြားတွင် တတိယအဆင့်၏ လက္ခဏာများဖြစ်သောနောက်ဆက်တွဲ ပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်သည်။
- အရေပြား၊ အရိုး (သို့မဟုတ်) ကိုယ်တွင်းအင်္ဂါများတွင် Gummaဟုခေါ်သော အနီရောင် အဖုအကျိတ်များ ပေါ်လာခြင်း
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ ဖြစ်ခြင်း
- ခေါင်းကိုက်ခြင်း
- လေဖြတ်ခြင်း
- ဦးနှောက်အမြှေးရောင်ခြင်း
- အာရုံရှုပ်ထွေးခြင်း
- သတိမေ့ခြင်း
- အကြောသေခြင်း
- ပန်းသေပန်းညှိုးဖြစ်ခြင်း
- ဆီးအိမ်ရောဂါဖြစ်ခြင်း
- မျက်လုံးရောဂါဖြစ်ခြင်း
- မျက်လုံးနာကျင်ခြင်း (သို့မဟုတ်) မျက်လုံးနီခြင်း
- အမြင်ဝါးခြင်း
- အမြင်ကွယ်ခြင်း
- နားရောဂါဖြစ်ခြင်း
- နားမကြားခြင်း
- နားအူခြင်း
- ချာချာလည်အောင် မူးဝေခြင်း
- နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါဖြစ်ခြင်း
- နှလုံးသွေးကြောမကြီးနှင့် တခြားသွေးကြောကြီးများ ရောင်ရမ်းခြင်း
- နှလုံးအဆို့ရှင်ထိခိုက်ပျက်စီးခြင်း
- အိတ်ချ်အိုင်ဗွီ (HIV) ရောဂါကူးစက်ခြင်း
- လိင်အင်္ဂါအနီးတစ်ဝိုက်ရှိ ကာလသားရောဂါအနာသည် ထိခိုက်ပွန်းပဲ့လွယ်သောကြောင့် ထိုအနာမှတစ်ဆင့် အိတ်ချ်အိုင်ဗွီ (HIV) ရောဂါကူးစက်နိုင်ခြေ များနိုင်သည်။
- ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးချိန်တွင် ဆိုးကျိုးများဖြစ်ခြင်း
- ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ကာလသားရောဂါ ကူးစက်ခံထားရပါက မိခင်မှတစ်ဆင့် ကလေးသို့ ကူးစက်နိုင်ပါသည်။ ကလေးတွင် မွေးရာပါ ကာလသားရောဂါ ဖြစ်နိုင်သောကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း (သို့မဟုတ်) မွေးဖွားပြီး ရက်အနည်းငယ်အကြာတွင် ကလေးသေဆုံးခြင်း စသည်တို့ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားရပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ပဋိဇီဝပိုးသတ်ဆေးပေးခြင်းတို့ဖြင့် ကုသနိုင်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ကာလသားရောဂါကို စောစောစီးစီး ကုသမှုခံယူပါက ကုသရလွယ်ကူသကဲ့သို့ နောက်ဆက်တွဲပြဿနာများလည်း မဖြစ်ပေါ်နိုင်ပါ။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် လူနာ၏ရောဂါရာဇဝင်ကိုမေးမြန်းခြင်း (အထူးသဖြင့် လိင်ဆက်ဆံခြင်းဆိုင်ရာ အကြောင်းအရာများ မေးမြန်းခြင်း၊ နောက်ဆက်တွဲပြဿနာများအကြောင်း မေးမြန်းခြင်းနှင့် အခြားလိုအပ်သည်များကို မေးမြန်းခြင်း)၊ လူနာကိုစမ်းသပ်ခြင်းတို့ ဦးစွာပြုလုပ်ပေးလိမ့်မည်။ ထိုနောက် သွေးစစ်ခြင်း (ကာလသားရောဂါပိုးကို သွေးစစ်၍ အလွယ်တကူ ရှာဖွေနိုင်သည်)၊ အနာမှ အရည်များကို ဓာတ်ခွဲစစ်ဆေးခြင်း၊ လိုအပ်ပါက ဦးနှောက်နှင့်ကျောရိုးမကြီးအတွင်းရှိ အရည်ကြည်ကိုယူ၍ ရောဂါပိုးရှာဖွေခြင်းစသည်တို့ ပြုလုပ်ပြီး ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
ကာလသားရောဂါသည် စောစောစီးစီးသိရှိလျှင် လွယ်ကူစွာကုသနိုင်သည်။ ကုသမှုခံယူခြင်း နောက်ကျသွားပါက နှလုံးနှင့် ဦးနှောက်ထိခိုက်ပျက်စီးခြင်းတို့ကို မကာကွယ်နိုင်တော့ပါ။ ကာလသားရောဂါ၏ အဆင့်တိုင်းကို ပင်နီဆီလင် (Penicillin) ပဋိဇီဝပိုးသတ်ဆေးဖြင့် ကုသ၍ရသည်။ ပထမအဆင့်၊ ဒုတိယအဆင့်နှင့် အစောပိုင်းရောဂါအောင်းနေသည့် အဆင့်တွင် ပင်နီဆီလင် ပိုးသတ်ဆေးကို တစ်ကြိမ်ထိုးရုံဖြင့် လွယ်ကူစွာကုသ၍ ရနိုင်သည်။ ကာလသားရောဂါကို နှစ်ရှည်လများ ခံစားနေရပါက ပင်နီဆီလင်ကို ထပ်မံထိုးနှံရန် လိုအပ်နိုင်သည်။ ပင်နီဆီလင်နှင့် ဓာတ်မတည့်ပါက အခြားပိုးသတ်ဆေးတစ်မျိုးဖြင့် အစားထိုးကုသနိုင်သည်။ ထိုကြောင့် ဆရာဝန်ညွှန်ကြားသည့် ပိုးသတ်ဆေးများကို သတ်မှတ်ရက်အထိ သောက်သုံးရန် အရေးကြီးသည်။ ကာလသားရောဂါ ကုသနေစဉ် ကာလအတွင်း လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရမည်။ မိမိနှင့် လိင်ဆက်ဆံသည့်အဖော် [လွန်ခဲ့သော (၂)နှစ်အတွင်း လိင်ဆက်ဆံခဲ့သည့် အဖော်]ကိုလည်း ကာလသားရောဂါ ရှိမရှိ စစ်ဆေးသင့်သည်။ ကာလသားရောဂါ ပျောက်ကင်းကြောင်းကို သွေးပြန်စစ်၍ သိရှိနိုင်သည်။
ကာကွယ်ခြင်း
ကာလသားရောဂါကို ကာကွယ်ရန် အရေးကြီးသောနည်းလမ်းမှာ ဘေးကင်းစိတ်ချရသော လိင်ဆက်ဆံခြင်းကို ကျင့်သုံးရန်ဖြစ်သည်။ လိင်ဆက်ဆံချိန်တွင် ကွန်ဒုံးကို သေချာစွာအသုံးပြုခြင်း၊ စအို (သို့မဟုတ်) ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း စသည့်တို့ လုပ်ဆောင်ခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။ မိမိ၏အဖော်ကို ကာလသားရောဂါပိုး ရှိမရှိ ကြိုတင်စစ်ဆေးခြင်းဖြင့်လည်း ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
ကာလသားရောဂါသည် သေချာစွာကုသမှုခံယူလျှင် ၁၀၀% ပျောက်ကင်းနိုင်သည်။ ထို့ကြောင့် မိမိတွင် ကာလသားရောဂါလက္ခဏာများ ခံစားရပါက ဆေးရုံ၊ ဆေးခန်းပြသရန် မရှက်ကြောက်သင့်ပါ။ ရောဂါဖြစ်လျှင် စောစောစီးစီး ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲ ပြဿနာများဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။ ကာလသားရောဂါသည် တစ်ကြိမ်ဖြစ်ပြီးလျှင်လည်း နောက်တစ်ကြိမ် ထပ်မံကူးစက်နိုင်သည်။ ထို့ကြောင့် လိင်ဆက်ဆံသည့်အခါ ကွန်ဒုံးကို သေချာစွာ အသုံးပြု၍ ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
References:
- Syphilis. (2024). Cleveland Clinic. Retrieved July 6, 2024, from https://my.clevelandclinic.org/health/diseases/4622-syphilis
- Syphilis – Symptoms and causes. (n.d.). Mayo Clinic. Retrieved July 6, 2024, from https://www.mayoclinic.org/diseases-conditions/syphilis/symptoms-causes/syc-20351756
- Syphilis – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved July 6, 2024, from https://www.mayoclinic.org/diseases-conditions/syphilis/diagnosis-treatment/drc-20351762
- Schwartz, A. A. (2024). Syphilis. WebMD. Retrieved July 6, 2024, from https://www.webmd.com/sexual-conditions/syphilis
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.