ဘေလုံးသည် လက်သီးဆုပ် အရွယ်အစားရှိသော ကိုယ်တွင်းအင်္ဂါဖြစ်ပြီး ဝမ်းဗိုက်၏ လက်ဝဲဘက် နံရိုးအမှတ် (၉) မှ (၁၁) အောက်တွင်တည်ရှိသည်။ ဘေလုံးသည် ပြန်ရည်ကြောအဖွဲ့အစည်းနှင့် ကိုယ်ခံအားအဖွဲ့အစည်းတွင် ပါဝင်ပြီး အိုဟောင်းပျက်စီးနေသော သွေးဆဲလ်များအား ဖျက်ဆီးခြင်း၊ စစ်ထုတ်ပေးခြင်း၊ စွန့်ပစ်ပစ္စည်းများ ဖယ်ရှားပေးခြင်း၊ ရောဂါပိုးများအား တိုက်ထုတ်ရန် သွေးဖြူဥများ ထုတ်ပေးခြင်း၊ သွေးနီဥများနှင့် သွေးဥမွှားများအား သိမ်းဆည်းခြင်းဖြင့် သွေးခဲရာတွင် ကူညီပေးခြင်းများ ကိုပြုလုပ်သည်။ အကြောင်းရင်းအမျိုးမျိုးကြောင့် (ဥပမာ_ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဆဲလ်ထုတ်လုပ်မှု၊ ဖျက်ဆီးမှုများခြင်း) ဘေလုံးကြီးနိုင်သည်။ ဆရာဝန်များမှ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပုံမှန်စမ်းသပ်ရာတွင် ဘေလုံး ကြီးမကြီး စမ်းသပ်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဘေလုံးကြီးခြင်းသည် ရောဂါပိုးဝင်ခြင်း၊ သွေးရောဂါများ၊ ပြန်ရည်ကြောစနစ် ပြဿနာများနှင့် အခြားသော အကြောင်းအရာများကြောင့် ဖြစ်နိုင်သည်။
ရောဂါပိုးဝင်ခြင်းကြောင့် ဘေလုံးကြီးခြင်း
- ဗိုင်းရပ်စ်ပိုးဝင်ခြင်း (ဥပမာ_Mononucleosis – EBV၊ CMV ကဲ့သို့ ဗိုင်းရပ်စ်ပိုးများ)
- ကပ်ပါးပိုးဝင်ခြင်း (ဥပမာ_ငှက်ဖျားပိုး၊ Toxoplasmosis)
- ဘက်တီးရီးယားပိုးဝင်ခြင်း (ဥပမာ_တိုက်ဖွိုက်၊ ကာလသားရောဂါပိုး၊ နှလုံးအတွင်းမြှေးရောင်ရမ်းခြင်း)
သွေးနှင့် ကင်ဆာရောဂါများကြောင့် ဘေလုံးကြီးခြင်း
- မွေးရာပါသွေးရောဂါများ (သာလာဆီးမီးယား – Thalassemia၊ ဆစ်ကယ်လ်ဆဲလ် သွေးအားနည်းရောဂါ – Sickle Cell Anaemia)
- သွေးကင်ဆာများ
- ပြန်ရည်ကျိတ်ကင်ဆာများ
အခြားရောဂါအခြေအနေများကြောင့် ဘေလုံးကြီးခြင်း
- အသည်းခြောက်ခြင်းနှင့် အခြားသော အသည်းရောဂါများမှတစ်ဆင့် ဖြစ်လာသော အသည်းသွေးပြန်ကြောတွင် ဖိအားများခြင်း
- သွေးနီဥပြိုကွဲမှုများသည့် ဖြစ်စဥ်များ (Hemolytic Anemia)
- ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့် ရောဂါများ (ဥပမာ – SLE လေးဖက်နာ)
- ဘေလုံးတွင် အလုံးအကျိတ်ဖြစ်ခြင်း၊ ဘေလုံးသို့ ကင်ဆာဆဲလ် ပျံ့ခြင်း
- ဘေလုံးတွင် အရည်အိတ်ဖြစ်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း
- ဇီဝဖြစ်စဥ်များအား သက်ရောက်မှုရှိစေသည့် ရောဂါများ (Gaucher Disease and Amyloidosis)
- ဘေလုံးရှိသွေးကြောတွင် သွေးခဲပိတ်ခြင်း
- နှလုံးအမောဖောက်ခြင်း စသည်တို့ကြောင့် ဘေလုံးကြီးနိုင်သည်။
ရောဂါလက္ခဏာများ
ကိုယ်ခန္ဓာအတွင်း ဘေလုံးကြီးနေသော်လည်း မည်သည့်လက္ခဏာမျှ မပြသည်များလည်းရှိသည်။ တွေ့နိုင်သောလက္ခဏာများမှာ
- ဝမ်းဗိုက်ဘယ်ဘက် အပေါ်ပိုင်းတွင် နာခြင်း၊ အောင့်ခြင်း _ အောင့်ခြင်းသည် ဘယ်ဘက်ပခုံးနှင့် အနောက်ဘက်သို့ တစ်ခါတစ်ရံ ရွေ့သွားနိုင်သည်
- ဝမ်းဗိုက်၏ ဘယ်ဘက်အပေါ်ပိုင်းတွင်အလုံးစမ်းမိခြင်း _ ဘေလုံးအလွန်ကြီးလာပါက ချက်ဝန်းကျင်ထိ စမ်းမိနိုင်သည်
- အစာစားချင်စိတ်မရှိခြင်း၊ အလွယ်တကူပြည့်အင့်ခြင်းတို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဘေလုံးကြီးခြင်းအကြောင်းရင်းကို လျင်မြန်စွာ ကုသမှုမခံယူပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်သည်။
- ဘေလုံးအတွင်းရှိ တစ်ရှူးများပျက်စီးခြင်း _ ဘေလုံးအလွန်ကြီးလာသောအခါ သွေးကြောများကို ဖိမိသည့်အတွက် တစ်ရှူးများအား သွေးလုံလောက်စွာ ထောက်ပံ့နိုင်မှု မရှိတော့သောကြောင့်ဖြစ်သည်
- Hypersplenism – ဘေလုံးအလွန်ကြီးမားလာသောအခါ ဘေလုံး၏လုပ်ငန်း လုပ်ဆောင်မှုများသည် အလွန်မြန်ဆန်လာသဖြင့် သွေးနီဥများအား ခန္ဓာကိုယ်မှဖယ်ရှားမှု များလာခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်လာခြင်း၊ သွေးဖြူဥအရေအတွက် နည်းလာခြင်းကြောင့် ပိုးမွှားများ အလွယ်တကူဝင်နိုင်ခြင်း၊ သွေးဥမွှားအရေအတွက် နည်းလာခြင်းကြောင့် သွေးထွက်လွယ်ခြင်းတို့ ဖြစ်လာသည်
- ဘေလုံးကွဲထွက်ခြင်း _ ဘေလုံးသည် အလွန်ကြီးမားလာသောအခါ အနည်းငယ်ထိခိုက်ဒဏ်ရာရရုံနှင့် အလွယ်တကူ ကွဲထွက်နိုင်သည်၊ ဘေလုံးကွဲထွက်ခြင်းကြောင့် သွေးများစွာ ဆုံးရှုံးစေပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ဘေလုံးကြီးသူများသည် ထိခိုက်ဒဏ်ရာရပြီးနောက် ဗိုက်အလွန်အောင့်ခြင်း၊ ဖြူဖျော့လာခြင်းများရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု (သို့မဟုတ်) ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ လိုအပ်သည့် ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။ ထို့အပြင် ရောဂါလက္ခဏာများအပေါ် မူတည်ပြီး အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်းနှင့် ရိုးတွင်းခြင်ဆီစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။
ကုသခြင်း
ဘေလုံးကြီးစေသည့် ရောဂါအခြေအနေပေါ် မူတည်၍ ကုသမှုပေးရမည် ဖြစ်သည်။ ဘေလုံးအလွန်အမင်း ကြီးလာခြင်းဖြစ်စေ၊ ကြီးလာသော ဘေလုံးကြောင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာလျှင်ဖြစ်စေ ဘေလုံးဖြတ်ထုတ်ခြင်းကို ပြုလုပ်ရတတ်သည်။ နောက်ထပ်နည်းလမ်းတစ်ခုမှာ ပမာဏနည်းသော ဓာတ်ရောင်ခြည်ကုထုံးဖြင့် ဘေလုံးအားကျုံ့သွားစေရန် ကုသခြင်းဖြစ်သည်။
ကာကွယ်ခြင်း
ဘေလုံးကြီးစေသည့် ရောဂါအခြေအနေအားလုံးကို ကြိုတင်ကာကွယ်ရန်မဖြစ်နိုင်ပါ။ သို့သော် ဘေလုံးဖြတ်ထုတ်ပြီးနောက် ကိုယ်ခံအား ကျဆင်းသွားနိုင်သောကြောင့် ပြင်းထန်သောရောဂါပိုးများ ဝင်ရောက်ပြီး နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် ဘေလုံးမဖြတ်ထုတ်မီ အရေးကြီးသော ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မဖြစ်မနေ ပြုလုပ်ထားသင့်သည်။
- ဘေလုံးမဖြတ်မီ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးများနှင့် ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးများ (Pneumococcal Vaccine, Meningococcal Vaccine, Hib Vaccine)ကို မခွဲစိတ်မီ နှစ်ပတ်အလိုတွင် ထိုးနှံရမည်ဖြစ်သည်။
- ထိခိုက်ဒဏ်ရာကြောင့် အရေးပေါ် ဘေလုံးခွဲစိတ်ရသည့် လူနာများတွင်မူ ဘေလုံးခွဲစိတ်ပြီးနောက် နှစ်ပတ်အတွင်းတွင် ကာကွယ်ဆေးများထိုးနှံရမည်။
- ဘေလုံးဖြတ်ထုတ်ပြီးနောက် ကာကွယ်ဆေးများကို ဆရာဝန်၏ညွှန်ကြားချက်အတိုင်း ပုံမှန်ဆက်လက် ထိုးရန် လိုအပ်သည်။
- ခွဲစိတ်ပြီးနောက် ပဋိဇီဝပိုးသတ်ဆေးများကိုလည်း တောက်လျှောက်သောက်သုံးရမည် ဖြစ်သည်။
- ရောဂါပိုးကူးစက်ခြင်းအား ညွှန်ပြနိုင်သည့် လက္ခဏာတစ်ခုဖြစ်သော အဖျားရှိသည်နှင့် ဆရာဝန်နှင့်ပြသရမည်။
- ငှက်ဖျားရောဂါကဲ့သို့ရောဂါများ အဖြစ်များသည့်ဒေသများသို့ ခရီးသွားခြင်းအား ရှောင်ကြဥ်သင့်သည်။
References:
- Stuart, A. (2024). Enlarged Spleen: Causes, Symptoms, and Treatments. WebMD. Retrieved July 6, 2024, from https://www.webmd.com/digestive-disorders/enlarged-spleen-causes-symptoms-and-treatments
- Enlarged spleen (splenomegaly) – Diagnosis and treatment – Mayo Clinic. (n.d.). Retrieved July 6, 2024, from https://www.mayoclinic.org/diseases-conditions/enlarged-spleen/diagnosis-treatment/drc-20354331
- Luu, S., Spelman, D., & Woolley, I. J. (2019). Post-splenectomy sepsis: preventative strategies, challenges, and solutions, Infection and Drug Resistance, Volume 12, 2839–2851. Retrieved July 6, 2024, from https://doi.org/10.2147/idr.s179902
- ACIP Altered Immunocompetence Guidelines for Immunizations | CDC. (n.d.). Retrieved July 6, 2024, from https://www.cdc.gov/vaccines/hcp/acip-recs/general-recs/immunocompetence.html
Published: 7 October 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.