Diabetes mellitus – acute emergencies (ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ)

Diabetes mellitus – acute emergencies (ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများ)

ဆီးချိုရောဂါ၏ အရေးပေါ်အခြေအနေများတွင် အဓိကအားဖြင့် ဆီးချိုဆိပ်တက်ခြင်းနှင့် သွေးတွင်းသကြားဓာတ်နည်းခြင်းဟူ၍ နှစ်မျိုးရှိသည်။

ဆီးချိုဆိပ်တက်ခြင်း

ဆီးချိုလူနာအနေနှင့် မိမိ၏ရောဂါကို သေချာဂရုမစိုက်မိပါက သွေးတွင်းသကြားဓာတ်များ သတိမပြုမိဘဲ တရိပ်ရိပ်တက်လာပြီး အရေးပေါ်အခြေအနေ ဖြစ်သည်အထိ ဖြစ်လာတတ်သည်။ ဆီးချိုဆိပ်တက်ခြင်းတွင်_

  1. သွေးတွင်း သကြားဓာတ်၊ ကီတုန်း (ketone)နှင့် အက်စစ်ဓာတ်များခြင်း (Diabetic Ketoacidosis)
  2. သွေးတွင်း သကြားဓာတ်များပြီး သွေးပျစ်ခြင်း (hyperglycemic hyperosmolar state) တို့ပါဝင်သည်။
  1. သွေးတွင်း သကြားဓာတ်၊ ကီတုန်းနှင့် အက်စစ်ဓာတ်များခြင်း (Diabetes ketoacidosis, DKA)
    ဆေးပညာနယ်ပယ်တွင် အတိုကောက် DKA ဟုခေါ်လေ့ရှိသည်။ DKA သည် ခန္ဓာကိုယ်တွင်းတွင် အင်ဆူလင် လုံလောက်အောင်မရှိခြင်းကြောင့် သွေးတွင်းသကြားဓာတ်ကို ခန္ဓာကိုယ်ဆဲလ်များမှ ချေဖျက် အသုံးမပြုနိုင်သောအခါ လိုအပ်သောစွမ်းအင် (Calorie)အတွက် သကြားဓာတ်အစား အဆီဓာတ်ကို ဖြိုခွဲရာမှ သွေးထဲတွင် ကီတုန်း (Ketone) များ ထွက်ပေါ်လာသည်။ ၎င်းကီတုန်းများစုမိပြီး အက်ဆစ်ဓာတ် များစေသော အခြေအနေ (Ketoacidosis) ဖြစ်ပေါ်လာပြီး အသက်အန္တရာယ်ဖြစ်စေသည်။
    DKAကို အမျိုးအစား (၁) ဆီးချိုတွင် အတွေ့ရများပြီး အမျိုးအစား (၂) ဆီးချိုနှင့် ကိုယ်၀န်ဆောင်ဆီးချိုတို့တွင်လည်း တစ်ခါတစ်ရံဖြစ်နိုင်သည်။
  2. သွေးတွင်း သကြားဓာတ်များပြီး သွေးပျစ်ခြင်း (Hyperglycemic Hyperosmolar state, HHS)
    ဆေးပညာနယ်ပယ်တွင် အတိုကောက် HHS ဟုခေါ်လေ့ရှိသည်။ HHS ဆိုသည်မှာ DKA ကဲ့သို့ပင် အရေးကြီးသော အခြေအနေတစ်ခုဖြစ်သည်။ HHS ဖြစ်နေသော လူနာသည် အင်ဆူလင်ရှိသော်လည်း ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်းနှင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် သွေးတွင်းသကြားဓာတ် အလွန်တက်လာပြီး သွေးပျစ်နှုန်းများနေသည်။ သွေးတွင်းရှိသကြားဓာတ်များသော်လည်း ကီတုန်းနှင့် အက်စစ်ဓာတ်များခြင်း မရှိပါ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

  1. သွေးတွင်း သကြားဓာတ်၊ ကီတုန်းနှင့် အက်စစ်ဓာတ်များခြင်း (Diabetes ketoacidosis, DKA)
    DKA ကို ဖြစ်စေသော အကြောင်းရင်းမှာ_
  2. သွေးတွင်း သကြားဓာတ်များပြီး သွေးပျစ်ခြင်း (Hyperglycemic hyperosmolar state, HHS)
    HHS သည် အမျိုးအစား (၂) ဆီးချိုသမားများ၊ အထူးသဖြင့် အသက် (၆၅) နှစ်နှင့်အထက် လူကြီးများနှင့် ကောင်းမွန်စွာ ဆေးကုသမှု မခံယူသူများတွင် အဖြစ်များသည်။ HHS ကို ဖြစ်စေသော အကြောင်းရင်းများတွင်_
    • ရောဂါပိုး၀င်ခြင်း (အဆုတ်ရောင်နမိုးနီးယား၊ ဆီးလမ်းကြောင်းပိုး၀င်ခြင်းနှင့် သွေးဆိပ်တက်ခြင်း)
    • ဆီးချိုဆေးများကို မိမိသဘောဖြင့် ရပ်လိုက်ခြင်း၊ ဆရာ၀န်ညွှန်ကြားသည့် ပမာဏအတိုင်း မသောက်ခြင်း
    • စတီးရွိုက်၊ သိုင်ယာဇိုက် ဆီးဆေး (Thiazide diuretics)၊ အချို့သော စိတ်ကုထုံးဆိုင်ရာ ဆေး၀ါးများ သောက်နေခြင်း
    • ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းတို့ ပါ၀င်သည်။

ရောဂါလက္ခဏာများ

  1. သွေးတွင်းသကြားဓာတ်၊ ကီတုန်းနှင့် အက်စစ်ဓာတ်များခြင်း (Diabetes ketoacidosis, DKA)
    အချို့တွင် မူလက ဆီးချိုရောဂါအခံကို မသိဘဲ ဆီးချိုဆိပ်တက်ခြင်း (DKA) ဖြစ်သည့်အချိန်တွင်မှ သွေးစစ်ကြည့်သည့်အခါ ဆီးချိုရှိနေမှန်း သိကြရသည်။ ရောဂါလက္ခဏာများမှာ (၂၄) နာရီအတွင်း ရုတ်တရက် ဖြစ်ပေါ်လာတတ်သည်။ အစောပိုင်းတွင် ရေအလွန်ဆာခြင်း၊ ဆီးများများသွားခြင်း၊ အမြင်အာရုံ ‌ဝေဝါးခြင်း၊ အားအင်ကုန်ခန်းခြင်းတို့ ဖြစ်ပေါ်တတ်ပြီး နောက်ပိုင်းတွင် မောပန်းခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ ဗိုက်အောင့်ခြင်းတို့ကို ခံစားရနိုင်သည်။
    DKA ၏ ပြင်းထန်သော လက္ခဏာများမှာ_
    • သွေးပေါင်ကျခြင်း (အပေါ်သွေး 90 mmHg အောက်)
    • နှလုံးခုန်နှုန်းမြန်ခြင်း (သို့မဟုတ်) နှေးခြင်း [နှလုံးခုန်နှုန်း 100 အထက် (သို့မဟုတ်) 60 အောက်]
    • ဆီးနည်းသွားခြင်း
    • မှိန်းခြင်း၊ သတိလစ်ခြင်း
    • သွေးတွင်းအောက်ဆီဂျင် လျော့ကျလာခြင်းတို့ဖြစ်သည်။
  2. သွေးတွင်း သကြားဓာတ်များပြီး သွေးပျစ်ခြင်း (Hyperglycemic hyperosmolar state, HHS)
    အောက်ဖော်ပြပါ ရောဂါလက္ခဏာများမှာ ရက်ပိုင်းအတွင်း တဖြည်းဖြည်း ဖြစ်ပေါ်လာနိုင်သည်။
    • စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ (ဥပမာ _ စိတ်ဂနာမငြိမ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ စိတ်အာရုံခြောက်ခြားခြင်း)
    • သတိလစ်ခြင်း
    • အာခြောက်ခြင်း၊ ရေအလွန်ဆာလောင်ခြင်း
    • ဆီး မကြာခဏသွားခြင်း
    • အမြင်အာရုံဝေဝါးခြင်း
    • ခန္ဓာကိုယ်တစ်ခြမ်း အားနည်းခြင်းတို့ ဖြစ်နိုင်သည်။

နောက်ဆက်တွဲပြဿနာများ
DKA ဖြစ်စေ၊ HHS ဖြစ်စေ ထိုအရေးပေါ်အခြေအနေကို ချက်ချင်း ကုသမှုမခံယူပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • သွေးပေါင်ကျခြင်း (Shock)
  • ဦးနှောက်ဖိအားများပြီး သတိလစ်ခြင်း၊ တက်ခြင်း
  • လေဖြတ်ခြင်း
  • သွေးခဲခြင်း
  • သွေးတွင်းပိုတက်ဆီယမ်ဓာတ်များ၍ နှလုံးရပ်ခြင်း
  • ကိုယ်တွင်းအင်္ဂါလုပ်ငန်းများ ပျက်စီးခြင်းနှင့်
  • သေဆုံးခြင်းတို့ဖြစ်သည်။

DKA သည် (၁) မှ (၈) ရာခိုင်နှုန်းခန့် သေဆုံးနိုင်ပြီး၊ HHS သည် (၁၀) မှ (၂၀) ရာခိုင်နှုန်းခန့် သေဆုံးနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်
၎င်းတို့သည် အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ဆေးရုံသို့ အမြန်ဆုံး သွားရောက်၍ အရေးပေါ်ကုသမှု ခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း
သွေးတွင်း သကြားဓာတ်၊ ကီတုန်းနှင့် အက်စစ်များခြင်း (DKA) ကို

  1. သွေးတွင်း သကြားဓာတ်များခြင်း (250 mg/dl နှင့်အထက်)
  2. သွေးနှင့်ဆီးထဲတွင် ကီတုန်းဓာတ် (Ketone bodies) များနေခြင်း
  3. သွေးထဲတွင် အက်ဆစ်များနေခြင်းတို့ဖြင့် အတည်ပြုနိုင်သည်။

သွေးတွင်း သကြားဓာတ်များပြီး သွေးပျစ်ခြင်း (HHS) ကို

  1. သွေးတွင်း သကြားဓာတ် အလွန်အမင်းတက်ခြင်း (600 mg/dl နှင့်အထက်)
  2. သွေးထဲတွင် ကီတုန်းဓာတ်နှင့် အက်စစ်ဓာတ် ပုံမှန်ဖြစ်နေခြင်း
  3. သွေးပျစ်နှုန်းများနေခြင်းတို့ဖြင့် အတည်ပြုနိုင်သည်။

ထို့အပြင် သွေးတွင်းရှိ ဓာတ်များ စစ်ဆေးခြင်း၊ သွေးဆိပ်တက်နေခြင်း ရှိမရှိ စစ်ဆေးခြင်း၊ သွေးပိုးမွေးခြင်း၊ ဆီးပိုးမွေးခြင်း၊ အီးစီဂျီ (ECG) ဆွဲခြင်း၊ ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်းတို့ကို လိုအပ်လျှင် လိုအပ်သလို ဆက်လက်ပြုလုပ်နိုင်သည်။

ကုသခြင်း
၎င်းတို့သည် အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ဆေးရုံ၌ အရေးပေါ် ကုသရာတွင် အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကုသနိုင်သည်။

  1. ရေနှင့် ဆားဓာတ် (ဆိုဒီယမ်၊ ပိုတက်ဆီယမ်) ပြန်လည်ဖြည့်ပေးခြင်း _ ဆေးရုံတက်စဉ်တွင် အကြောဆေးပုလင်းများဖြင့် သတ်မှတ်ထားသော အချိန်ကာလအတွင်း လိုအပ်သည့်ပမာဏကို တွက်ဆ၍ အရည်နှင့်ဆားဓာတ်များကို ဖြည့်သွင်းပေးရန် လိုအပ်သည်။
  2. အင်ဆူလင်ပေးခြင်း _ သကြားဓာတ် ထိန်းညှိရန်နှင့် ကီတုန်းဓာတ်များ ချေဖျက်ရန် အင်ဆူလင်ထိုးဆေးကို စက်ဖြင့် အဆက်မပြတ်သွင်း၍ ကုသရသည်
  3. ဆီးချိုဆိပ်တက်ခြင်းကို ပိုဆိုးစေနိုင်သော အခြေခံအကြောင်းရင်းများကို ကုသခြင်း (ဥပမာ _ ရောဂါပိုးအတွက် ပဋိဇီဝပိုးသတ်ဆေးများထိုးခြင်း၊ နှလုံးသွေးကြောပိတ်ပါက အရေးပေါ်နှလုံးသွေးကြောချဲ့ခြင်း (သို့မဟုတ်) သွေးခဲဖျော်ဆေးများထိုးခြင်း၊ သွေးကျဲဆေးများပေးခြင်း)
  4. လူနာ၏အခြေအနေကို အနီးကပ်စောင့်ကြည့်ခြင်း _ လူနာ၏အသိစိတ် ကောင်းမွန်မှုအဆင့်၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ တစ်နာရီလျှင် ထွက်သည့် ဆီးပမာဏ အစရှိသည်တို့ကို အမြဲစောင့်ကြည့်၍ အပြောင်းအလဲရှိပါက ချက်ချင်းကုသမှုပေးရန် အရေးကြီးသည်။

ကာကွယ်ခြင်း
ဆီးချိုဆိပ်တက်သည့် DKA နှင့် HHS အ‌ရေးပေါ်အခြေအနေများကို ကာကွယ်ရန်

  • ဆီးချိုရောဂါကို စနစ်တကျ ကုသမှုခံယူခြင်း
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားခြင်း
  • လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း
  • ဆရာ၀န် ညွှန်ကြားချက်အတိုင်း ဆေးမှန်မှန် သောက်သုံးခြင်း၊ ထိုးခြင်း
  • သွေးတွင်းရှိ သကြားဓာတ်ကို မှန်မှန်တိုင်းတာခြင်း
  • ဆေးရုံ၊ ဆေးခန်း ရက်ချိန်းမှန်မှန်ပြခြင်းများ ပြုလုပ်ရမည်။
ဆီးချိုလူနာများ နေမကောင်းဖြစ်နေစဉ် လိုက်နာရန် အချက်များ (sick day rules)

အောက်ပါအချက်များ လိုက်နာခြင်းဖြင့် နေမကောင်းစဉ်ကာလအတွင်း ဆီးချိုဆိပ်တက်ခြင်းကို ကာကွယ်နိုင်သည်။

  • ဆီးချိုဆေးများကို ပုံမှန်အတိုင်းဆက်သောက်ပါ၊ အင်ဆူလင်ထိုးနေပါက မရပ်ရပါ၊ အကယ်၍ မိမိသောက်နေသော ဆီးချိုဆေးများတွင် metforminနှင့် SGLT- 2 inhibitor (empagliflozin, dapagliflozin, canagliflozin) တို့ပါဝင်ပါက ဆေးချိန်ညှိရန် မိသားစုဆရာဝန်များနှင့် တိုင်ပင်ပါ
  • အချိုမပါသော အရည် (သို့မဟုတ်) ရေကို များများသောက်ပါ (တစ်နာရီလျှင် အနည်းဆုံး ရေ (၁၀၀) စီစီဝင်အောင် သောက်ပါ)
  • အစားကို ပုံမှန်အတိုင်းဝင်အောင် စားသောက်ပါ
  • အစားမစားနိုင်ပါက (သို့မဟုတ်) ပျို့အန်နေပါက ဆေးသောက်၊ ဆေးထိုးခြင်း ညှိရန် မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ
  • အနားယူပါ။ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းမှ ရှောင်ကြဥ်ပါ
  • မိမိ၏ သွေးတွင်းသကြားဓာတ်ကို အကြိမ်ရေများများ (တစ်နေ့လျှင် ၃-၄ ကြိမ်ခန့်) ဖောက်စစ်ပါ၊ သွေးတွင်းသကြားဓာတ် ထိန်းညှိရန် ခက်ခဲပါက မိသားစုဆရာဝန်များနှင့် ပြသတိုင်ပင်ပါ
သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycaemia)

သွေးတွင်းသကြားဓာတ်နည်းခြင်းဆိုသည်မှာ သွေးထဲရှိသကြားဓာတ်သည် 70 mg/dl (သို့မဟုတ်) 3.9 mmol/L အောက်ထက်နည်းခြင်းကို ဆိုလိုသည်။ ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်နည်းခြင်းမှာ အဖြစ်များသောအခြေအနေဖြစ်ပြီး အချိန်မီ ချက်ချင်းမကုသပါက အလွန်အမင်း သကြားဓာတ်ကျပြီး အသက်အန္တရာယ်ရှိတတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဆီးချိုရောဂါရှိသူတို့တွင် သွေးတွင်းသကြားဓာတ် နည်းခြင်းသည် အများ​အားဖြင့် အမျိုးအစား (၁) ဆီးချိုရှိသူများ၊ အင်ဆူလင် ကုထုံးခံယူနေသူများ၊ ဆီးချိုဆေးများ သောက်သုံးနေသူများတွင် တွေ့ရသည်။ အများအားဖြင့်_

  • အင်ဆူလင်ပမာဏ ပို၍အသုံးပြုမိခြင်း
  • အင်ဆူလင် ထိုးချိန်နှင့် အစာစားချိန် ပုံမှန်မဖြစ်ခြင်း
  • ဆီးချိုဆေး လိုအပ်သောပမာဏထက် ပိုသောက်သုံးမိခြင်း
  • အစာစားချိန် ပုံမှန်ထက် နောက်ကျခြင်း၊ အစာလျှော့စားခြင်း
  • ​အစာမစားဘဲ အရက် အလွန်အကျွံသောက်ခြင်း
  • ပုံမှန်ထက်ပို၍ လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ကြောင့်ဖြစ်သည်။

ရောဂါလက္ခဏာများ
သွေးတွင်းသကြားဓာတ်ကျလျှင် ချွေးစေးပြန်ခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ ဗိုက်ဆာခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံစူးစိုက်ရခက်ခဲခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ အသားအရေဖြူဖျော့လာခြင်း၊ နှုတ်ခမ်း၊ လျှာ (သို့မဟုတ်) ပါးထုံကျဥ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

သွေးတွင်းသကြားဓာတ် အလွန်အမင်းကျပါက

  • အမြင်အာရုံဝေဝါးခြင်း
  • စကားပြောလျှင် မပီသခြင်း
  • လမ်းတည့်တည့် မလျှောက်နိုင်ခြင်း
  • တက်ခြင်း
  • သတိလစ်ခြင်းတို့ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ လက္ခဏာများကို မိမိဘာသာ သတိထားမိပါက မုန့်အချိုများ စားခြင်း၊ ဖျော်ရည်များ သောက်ခြင်းဖြင့် ပြန်လည်သက်သာအောင် ပြုလုပ်နိုင်သည်။ အစားအစာနှင့် ဖျော်ရည်များ သောက်သုံးသော်လည်း မသက်သာလျှင် (သို့မဟုတ်) အလွန်အမင်း သွေးတွင်းသကြားဓာတ်ကျသော လက္ခဏာများ ဖြစ်ပွါးလျှင် မိမိ၏ မိသားစုဆရာ၀န်နှင့် အမြန်ဆုံးပြသ ကုသမှု ခံယူရန်လိုသည်။ လိုအပ်ပါက အရေးပေါ်ကုသနိုင်ရန် ဆေးရုံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။

နောက်ဆက်တွဲပြဿနာများ
သွေးတွင်းသကြားဓာတ် နည်းခြင်းကို အချိန်မီ ကုသမှု မခံယူခဲ့လျှင်

  • ကိုယ်တွင်းအင်္ဂါလုပ်ငန်းများ ပျက်စီးခြင်း
  • နှလုံးခုန်စည်းချက် မမှန်ဘဲ ရုတ်တရက် နှလုံးအလုပ် မလုပ်တော့ခြင်း
  • ဦးနှောက် ထိခိုက်ပျက်စီးပြီး သတိလစ်ခြင်း၊ တက်ခြင်း
  • သေဆုံးခြင်းထိ ဖြစ်နိုင်သည်။

ရောဂါရှာဖွေခြင်း
သွေးတွင်းသကြားဓာတ် နည်းခြင်းမှာ Glucometer သွေးချိုတိုင်းစက်ဖြင့် လက်ချောင်းထိပ်မှ သွေးတွင်းသကြားဓာတ် တိုင်းတာရုံဖြင့် သိရှိနိုင်သည်။

ကုသခြင်း
သကြားဓာတ်နည်းခြင်းမှာလည်း အ‌ရေးပေါ် အခြေအနေဖြစ်ပြီး သကြားဓာတ်ကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းရမည်။ ဂလူးကို့စ်ဖျော်ရည်၊ သကြားခဲ၊ သစ်သီး (သို့မဟုတ်) သစ်သီးဖျော်ရည်၊ သကြားတစ်ဇွန်း (သို့မဟုတ်) ပျားရည်တစ်ဇွန်း တစ်ခုခုကို ချက်ချင်းစားသောက်ပြီး (၁၅) မိနစ်အကြာတွင် သကြားဓာတ်ကို ထပ်တိုင်းပါ။ သကြားဓာတ် ပြန်မတက်လာသေးလျှင် သကြားဓာတ်ကို ထပ်မံဖြည့်တင်းပြီး (၁၅) မိနစ်ခြား တစ်ခါ သကြားဓာတ်ပြန်စစ်ပါ။ သကြားဓာတ် ပြန်တက်လာပြီးနောက် သက်သာလာပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်၍ အစားအသောက်နှင့် ဆီးချိုဆေးဝါးများ ထိန်းညှိခြင်း ပြုလုပ်ရန် လိုအပ်သည်။ ထိုသို့ (၁၅) မိနစ်ခြား သုံးကြိမ် စစ်ပြီးနောက် သကြားဓာတ် ပြန်မတက်လာပါက ဆေးရုံသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူရမည်။

လူနာမှာ သတိမရဘဲ သကြားဓာတ်ကို ပါးစပ်မှ မဖြည့်တင်းနိုင်လျှင် သကြားဓာတ် အလွန်အမင်း ကျသောအခြေအနေ (severe hypoglycemia) သို့ ရောက်ရှိနေသဖြင့် ထိုလူနာကို ဆေးရုံသို့ အမြန်ဆုံးခေါ်ဆောင်သွားပြီး ဂလူးကို့စ်ကို သွေးကြောထဲမှ သွင်းပေးရန် လိုအပ်သည်။ သကြားဓာတ် ပုံမှန်ပြန်ဖြစ်ပြီးနောက်တွင် ဆရာဝန်မှ အင်ဆူလင်နှင့် ဆီးချိုဆေးများကို ချိန်ညှိခြင်း ပြုလုပ်ပေးလိမ့်သည်။

ကာကွယ်ခြင်း

  • အင်ဆူလင်နှင့် ဆီးချိုသောက်ဆေးများကို ဆရာ၀န်ညွှန်ကြားသည့် ပမာဏအတိုင်း အချိန်မှန်မှန် ထိုးခြင်း၊ သောက်ခြင်း
  • အစာစားချိန်နှင့် စားသည့်ပမာဏကို ပုံမှန်သတ်မှတ်ခြင်း
  • သွေးတွင်း သကြားဓာတ်ကျခြင်း၏ လက္ခဏာများကို မှတ်သားထားပြီး ထိုလက္ခဏာများရှိလျှင် အချိုဓာတ်ကို ချက်ချင်းပြန်လည်ဖြည့်တင်းခြင်း
  • လေ့ကျင့်ခန်းများကို အလွန်အကျွံမပြုလုပ်ဘဲ ပုံမှန်သာပြုလုပ်ခြင်း
  • သွေးတွင်းရှိ သကြားဓာတ်ကို ပုံမှန်တိုင်းတာခြင်း
  • ဆေးရုံ၊ ဆေးခန်း ရက်ချိန်းမှန်မှန်ပြခြင်းတို့ကို ပြုလုပ်ရမည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (2025). Hypoglycemia: Symptoms & causes. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/hypoglycemia/symptoms-causes/syc-20373685
  2. Mayo Clinic. (2025). Hyperglycemia in diabetes: Symptoms & causes. Retrieved August 26, 2025, from https://www.mayoclinic.org/diseases-conditions/hyperglycemia/symptoms-causes/syc-20373631
  3. Cleveland Clinic. (n.d.). Hypoglycemia (low blood sugar). Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/11647-hypoglycemia-low-blood-sugar
  4. WebMD. (2024). Diabetes emergencies: What to do. Retrieved August 26, 2025, from https://www.webmd.com/diabetes/diabetes-emergencies-what-to-do
  5. Cleveland Clinic. (n.d.). Hyperosmolar hyperglycemic state. Retrieved August 26, 2025, from https://my.clevelandclinic.org/health/diseases/21147-hyperosmolar-hyperglycemic-state

Published: 30 August 2024

Last updated: 17 September 2025


Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.