ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါ (Acute Coronary Syndrome)ဆိုသည်မှာ နှလုံးအား အထောက်အပံ့ပေးနေသော သွေးစီးဆင်းမှု ရုတ်တရက်လျော့နည်းခြင်း၊ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေးပေါ် အခြေအနေများကို ဆိုလိုသည်။ ထိုအခြေအနေများတွင် နှလုံးသွေးကြော ရုတ်တရက်ပိတ်ပြီး နှလုံးကြွက်သားများပုပ်ခြင်း (Heart attack)နှင့် နှလုံးသို့သွားသော သွေးစီးဆင်းမှု လျော့နည်းသဖြင့် ရင်ဘတ်အောင့်ခြင်း (Unstable angina)တို့ ပါ၀င်သည်။ ထိုအခြေအနေများသည် အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ကုသမှု ခံယူရန် လွန်စွာအရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
နှလုံးကို ကြွက်သားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ၄င်းနှလုံးကြွက်သားများ ပုံမှန်အလုပ်လုပ်နိုင်ရန် နှလုံးသွေးကြော (coronary blood vessels)များမှ ပေးပို့နေသော သွေး၊ အောက်ဆီဂျင်နှင့် အာဟာရတို့ကို လိုအပ်သည်။ ထိုနှလုံးသွေးကြော နံရံများအတွင်းတွင် အဆီခဲလေးများ(plaque) စုပုံလာပြီး သွေးစီးဆင်းမှု နှေးလာသောအခါ နှလုံးသွေးကြောကျဥ်းရောဂါ (myocardial ishaemia) စတင်ဖြစ်ပေါ် လာသည်။ ထိုအဆီခဲများ ပေါက်ကွဲထွက်သောအခါ ၎င်းမှ သွေးခဲလေးများအဖြစ် ပြောင်းလဲသွားသည်။ ထိုသွေးခဲလေးများကြောင့် နှလုံးသွေးလွှတ်ကြောအတွင်း သွေးစီးဆင်းမှု ပိတ်ဆို့နိုင်သဖြင့် နှလုံးကြွက်သားများ အောက်ဆီဂျင်လုံလောက်စွာ မရနိုင်သောကြောင့် ကြွက်သားပုပ်၍ ပျက်စီးသွားခြင်းကို myocardial infarction (heart attack) ဟုခေါ်သည်။ နှလုံးကြွက်သားများ မပျက်စီးသွားသော်လည်း နှလုံးကြွက်သားများ အောက်ဆီဂျင်ကောင်းစွာမရရှိသဖြင့် ကောင်းစွာအလုပ်မလုပ်နိုင်ခြင်းကြောင့် ဖြစ်ပေါ် လာသောအခြေအနေကို unstable angina ဟုခေါ် သည်။
ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေများသူများမှာ
- အသက်အရွယ်ကြီးသူများ (၄၅ နှစ်အထက်)
- အမျိုးသားများ
- မိသားစု (သို့မဟုတ်) မိမိကိုယ်တိုင်တွင် ရင်ဘတ်အောင့်ခြင်း၊ နှလုံးအမောဖောက်ခြင်း (သို့မဟုတ်) လေဖြတ်ခြင်း စသော ရောဂါရာဇဝင်ရှိသူများ
- ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆိပ်တက်ခြင်း၊ ဆီးချိုသွေးချို ရောဂါရှိသူ အမျိုးသမီးများ
- မီးယပ်သွေးဆုံးချိန်စောသူ အမျိုးသမီးများ (အသက် ၄၀ မှ ၄၅ နှစ်အတွင်း သွေးဆုံးခြင်း)
- Covid-19 ရောဂါ ဖြစ်ခဲ့ဖူးသူများ
- သွေးတိုးရောဂါရှိသူများ
- ဆီးချိုသွေးချိုရောဂါရှိသူများ
- အဝလွန်သူများ
- သွေးတွင်း ကိုလက်စထရော အဆီဓာတ် မြင့်မားသူများ
- ဆေးလိပ်သောက်သူများ
- ကိုယ်လက်လှုပ်ရှားမှု မရှိသူများ၊ နည်းသူများ
- ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကို စားသုံးသူများ (အဆီ အစားများခြင်း၊ အငန် အစားများခြင်း၊ အချို အစားများခြင်း၊ အသီးအနှံ စားသုံးမှုနည်းပါးခြင်း)စသည်တို့ ဖြစ်ကြသည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ ရုတ်တရက် ဖြစ်ပေါ်လာလေ့ရှိသည်။
- ရုတ်တရက် ရင်ဘတ်အောင့်ခြင်း (အနည်းဆုံး မိနစ် (၂၀)နှင့်အထက်ကြာခြင်း) သို့မဟုတ် ရင်ဘတ်တွင်း မအီမသာဖြစ်ခြင်း
(ရင်ဘတ်အောင့်သည့်ပုံစံမှာ ဆွဲဆုပ်ထားသလို နာကျင်ခြင်း၊ ဖိထားသလို နာခြင်း၊ တင်းကျပ်ခြင်း (သို့မဟုတ်) ရင်ပူခြင်းအဖြစ် မကြာခဏဖော်ပြတတ်ကြသည်) - ရင်ဘတ်အောင့်ခြင်း၊ နာကျင်ခြင်းသည် ရင်ဘတ်တွင် စတင်ပြီး ပခုံး၊ လက်များ (အထူးသဖြင့် လက်၀ဲဘက်လက်မောင်း အတွင်းပိုင်း)၊ လည်ပင်း၊ မေးရိုးအထိ ပျံ့နှံ့နိုင်သည်။ ၀မ်းဗိုက်အပေါ်ပိုင်းနှင့် နောက်ကျောဘက်သို့လည်း ပျံ့နှံ့နိုင်သည်။
- ပျို့ခြင်း သို့မဟုတ် အော့အန်ခြင်း
- အစာမကြေခြင်း
- အသက်ရှူကျပ်ခြင်း၊ အသက်ရှူရ မဝသလိုဖြစ်ခြင်း
- ရုတ်တရက် မောပန်းနာကျင်ကာ ချွေးအလွန်ထွက်ခြင်း
- နှလုံးခုန် မြန်လာခြင်း၊ ရင်တုန်ခြင်း
- ရုတ်တရက် လေထဲလွင့်သလို ဖြစ်ခြင်း သို့မဟုတ် မူးဝေခြင်းတို့ကို ခံစားရခြင်း
- မူးမေ့လဲခြင်း
- ပုံမှန်မဟုတ်သော ပင်ပန်းနွမ်းနယ်မှုကို ခံစားရခြင်းတို့ ဖြစ်ကြသည်။
ရင့်ဘတ်အောင့်ခြင်းသည် အဖြစ်အများဆုံး လက္ခဏာဖြစ်သော်လည်း အသက်အရွယ်နှင့် အခြားသောရောဂါအခံရှိခြင်းပေါ် မူတည်၍ ကွဲပြားနိုင်သည်။ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် ဆီးချိုရောဂါ ရှိသူများတွင် ရင်ဘတ်အောင့်ခြင်းမရှိဘဲ အခြားသောလက္ခဏာများနှင့် တွေ့ရတတ်သည်။
နောက်ဆက်တွဲပြဿနာများ
- နှလုံးခုန် မမှန်ခြင်း
- သွေးပေါင်ကျခြင်း၊ သွေးလန့်ခြင်း
- နှလုံး အမောဖောက်ခြင်း
- နှလုံး အမြှေးပါးရောင်ရမ်းခြင်း
- ရုတ်တရက် နှလုံးခုန်ရပ်ပြီး အသက်ဆုံးရှုံးခြင်းတို့အထိ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါသည် ဆေးရုံတွင် အရေးပေါ် ချက်ချင်းကုသမှု ခံယူရန် လိုအပ်သောရောဂါ ဖြစ်သည်။ အထက်ဖော်ပြပါရောဂါ လက္ခဏာများ ခံစားနေရပြီး ရုတ်တရက် နှလုံးသွေးကြောပိတ်သည်ဟု ယူဆပါက အရေးပေါ် လူနာတင်ယာဥ်ခေါ် ၍ နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်ရမည်။ လူနာကို တတ်နိုင်သလောက် လှုပ်ရှားခြင်းမပြုစေဘဲ သက်တောင့်သက်သာ နေနိုင်ရန် ပြင်ဆင်ပေးထားရမည်။ ဆေးရုံသို့ မိမိကိုယ်တိုင် ကားမောင်း၍ မသွားရပါ။
ရောဂါရှာဖွေခြင်း
ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း ရှိမရှိ သေချာစေရန် ရောဂါရာဇ၀င်မေးမြန်းခြင်း၊ အီးစီဂျီ (ECG သို့မဟုတ် EKG) ဖြင့် စစ်ဆေးခြင်းနှင့် သွေးစစ်ခြင်းတို့ကို ပထမဦးစွာ တစ်ပြိုင်နက် လုပ်ဆောင်ရမည်ဖြစ်သည်။
အီးစီဂျီဆွဲခြင်းဖြင့် နှလုံးခုန်စည်းချက် မှန်မမှန် နှင့် နှလုံးသွေကြောပိတ်သည့် နေရာများကို သိရှိနိုင်သည်။ လိုအပ်ပါက ထပ်ခါထပ်ခါ ဆွဲရန်လိုသည်။
နှလုံးသွေးကြောပိတ်ခြင်းကြောင့် ပျက်စီးသွားသည့် နှလုံးကြွက်သားများမှ ထွက်လာသည့် နှလုံးပရိုတင်းဓာတ်များဖြစ်သည့် troponinနှင့် CKMBတို့ကိုလည်း စစ်ဆေးရမည်။
ခံစားရသည့် ရောဂါလက္ခဏာများ၊ အီးစီဂျီ စစ်ဆေးချက်နှင့် နှလုံးပရိုတင်းအဖြေများကို ကြည့်၍ ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း ရှိမရှိ ကို သိရှိနိုင်သည့်အပြင် heart attackနှင့် unstable angina တို့ကိုလည်း ခွဲခြားသိရှိနိုင်သည်။ ထို့နောက် ရောဂါကုသရန်အတွက် လိုအပ်သော သွေးစစ်ဆေးခြင်းအပါအ၀င် အောက်ဖော်ပြပါ စမ်းသပ်စစ်ဆေးခြင်းများကို လိုအပ်သလို ထပ်မံပြုလုပ်ရမည်။
- Coronary Angiogram – နှလုံးသွေးကြော ပုံရိပ်ဖော် စစ်ဆေးခြင်းဖြင့် နှလုံးသွေးကြောပိတ်သော နေရာနှင့် ပမာဏကို အတိအကျသိရှိနိုင်သည်။
- Echocardiogram – နှလုံး လုပ်ငန်းစွမ်းရည်နှင့် နှလုံးအဆို့ရှင်များ၏ အခြေအနေကို တွေ့နိုင်သည်။
- Myocardial perfusion imaging – ရေဒီယိုသတ္တိကြွပစ္စည်းကို သွေးကြောထဲထည့်ပြီး နှလုံးသွေးစီးဆင်းမှု နည်းသောနေရာနှင့် နှလုံးထိခိုက်ခြင်းတို့ကို ပုံရိပ်အဖြစ် ကြည့်ရှုနိုင်သည်။
- CT angiogram – ကွန်ပြူတာဓာတ်မှန်ဖြင့် နှလုံးနှင့်သွေးကြောများကို စစ်ဆေးခြင်း
- Chest X ray – ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်းတို့ ဖြစ်သည်။
ကုသခြင်း
စမ်းသပ်စစ်ဆေးချက်များအရ ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါ သေချာပါက နှလုံးကြွက်သားများ ထပ်မံမပျက်စီးစေရန်အတွက် အရေးပေါ်ကုသမှု ခံယူရန် စက္ကန့်နှင့်အမျှ အရေးကြီးသည်။ အရေးပေါ် ကုသမှု အနေဖြင့်
- နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း
- နှလုံးသွေး စီးဆင်းမှုကို ပြန်လည်ကောင်းမွန်စေခြင်း
- နှလုံးလုပ်ဆောင်ချက်ကို အမြန်ဆုံး ပြန်ကောင်းအောင်လုပ်ခြင်း တို့ပါ၀င်သည်။
ရောဂါအခြေအနေနှင့် ရောဂါဖြစ်ပွားမှု ကြာမြင့်ချိန်တို့အပေါ် မူတည်၍ အောက်ဖော်ပြပါ ဆေးဝါးနှင့်ကုသမှုများ အသုံးပြုနိုင်သည်။ - aspirin, clopidogrel အစရှိသည့် သွေးကျဲဆေးများ (antiplatelet)
- သွေးမခဲဆေးများ (anticoagulant)
- ထိုးဆေးကို အသုံးပြု၍ ပိတ်နေသော သွေးခဲကိုဖျော်ခြင်း (thrombolytics)
- နှလုံးသွေးကြော ကျယ်စေရန် ကူညီပေးသော Nitroglycerin ဆေးများ
- နှလုံးသက်သာစေရန်နှင့် သွေးမတိုးစေရန် ပေးသော Beta Blockers ဆေးများ
- နှလုံးသွေးလှည့်ပတ်မှု ကောင်းစေရန်နှင့် သွေးမတိုးစေရန် သွေးကျဆေးများ
- သွေးကြောအတွင်းရှိ ကိုလက်စထရော အဆီကျစေရန်ပေးသော သွေးတွင်းအဆီကျဆေးများ
- percutaneous coronary intervention (PCI) ဟုခေါ်သည့် ခွဲစိတ်စရာ မလိုဘဲ ပေါင်သွေးကြောမှတစ်ဆင့် သေးငယ်သော သွေးကြောချဲ့ ပြွန်ငယ်ပိုက်ချောင်းကို ထည့်သွင်း၍ နှလုံးရှိ ပိတ်နေသောသွေးကြောကို ချဲ့ခြင်း
- coronary artery bypass graft ဟုခေါ်သော အကြီးစား ခွဲစိတ်မှုပြုလုပ်၍ နှလုံးသွေးကြော အစားထိုးကုသခြင်းတို့ အမျိုးမျိုးရှိကြသည်။
ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါ ခံစားရသူများသည် ထိုအရေးပေါ်ကုသမှုများအပြင် နောက်ထပ်နှလုံးထိခိုက်မှု ထပ်မံမဖြစ်စေရန် ဆရာ၀န်များနှင့် အချိန်မှန် ရက်ချိန်း ဆက်လက်ပြသပြီး ရေရှည် ကုသမှုများကို ဆက်လက်ခံယူရန် အလွန်အရေးကြီးသည်။ ထို့အပြင် နှလုံးပြန်လည်သန်စွမ်းရေး အစီအစဥ် (Cardiac Rehabilitation Program)ကို ဆက်လက်လုပ်ဆောင်ရမည်။ အဆိုပါ နှလုံးပြန်လည်သန်စွမ်းရေး အစီအစဉ်တွင် –
- လူနာနှင့်သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများ လေ့ကျင့်ပေးခြင်း
- လူနာနှင့်သင့်လျော်သော ဆေးဝါးများပေးခြင်းနှင့် အခြားလက်တွေ့ အကြံဉာဏ်များအား ပညာပေးဆွေးနွေးခြင်း
- စိတ်ဖိစီးမှုနည်းပါးအောင် အပန်းဖြေနည်းများနှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲနည်းများ လေ့ကျင့်လမ်းညွှန်ပေးခြင်း
- စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျခြင်းအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း တို့ပါ၀င်သည်။
ကာကွယ်ခြင်း
ကျန်းမာသော နေထိုင်မှုပုံစံ (healthy lifestyle)အဖြစ်သို့ ပြောင်းလဲခြင်းသည် ရုတ်တရက် နှလုံး သွေးကြောပိတ်ရောဂါကို ကာကွယ်ရန် အရေးကြီးဆုံးအချက်ဖြစ်သည်။ ကျန်းမာသော နေထိုင်မှုပုံစံ ရရှိစေရန် အောက်ပါအချက်များကို လိုက်နာရမည်။
- ဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်သောက်နေလျှင် ဖြတ်လိုက်ပါ။ ဆေးလိပ်သောက်သူများ အနီးတွင် ရှိနေ၍ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူနေရခြင်းကိုလည်း ရှောင်ကြဥ်ပါ
- နှလုံးကို ကျန်းမာစေသော အစားအသောက်ကို စားပါ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များကို ရွေးချယ်ပါ၊ အဆီနည်းသော နို့ထွက်ပစ္စည်းများနှင့် အသားများကို ရွေးချယ်စားသုံးပါ
- ယေဘုယျအားဖြင့် တစ်ပတ်လျှင် အနည်းဆုံး ငါးရက်၊ တစ်ရက်တွင် အနည်းဆုံး မိနစ် (၃၀)အကြာ (တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့်)ကို ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်သည်။
- အဆီဓာတ်များသော၊ ကိုလက်စထရောများသော အသားများနှင့် နို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ
- သွေးပေါင်ချိန်ကို ထိန်းသိမ်းပါ၊ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပါ၊ လိုအပ်ပါက ဆရာ၀န်ညွှန်ကြားသည့်အတိုင်း သွေးပေါင်ကျဆေးကို နေ့စဉ်သောက်ပါ
- ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
- စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပါ
- အရက်ကို အလွန်အကျွံ မသောက်ပါနှင့်
- ကောင်းမွန်သော အိပ်စက်ခြင်း အလေ့အထကို လိုက်နာပါ
References:
- World Health Organization: WHO. (2021). Cardiovascular diseases (CVDs). Retrieved June 7, 2024, from https://www.who.int/news-room/fact-sheets/detail/cardiovascular-diseases-(cvds)?gad_source=1&gclid=CjwKCAjwxLKxBhA7EiwAXO0R0A3lO77hSpk5XdrBD9i6erfscU592j6WvR1qRme37PkHb3EupDltDBoCXBsQAvD_BwE
- Acute coronary syndrome – Symptoms and causes. (n.d.). Mayo Clinic. Retrieved June 7, 2024, from https://www.mayoclinic.org/diseases-conditions/acute-coronary-syndrome/symptoms-causes/syc-20352136
- Acute Coronary Syndrome. (2024). Cleveland Clinic. Retrieved June 7, 2024, from https://my.clevelandclinic.org/health/diseases/22910-acute-coronary-syndrome
- Ricci, B., Cenko, E., Vasiljevic, Z., Stankovic, G., Kedev, S., Kalpak, O., Vavlukis, M., Zdravkovic, M., Hinic, S., Milicic, D., Manfrini, O., Badimon, L., & Bugiardini, R. (2017). Acute Coronary Syndrome: The Risk to Young Women. Journal of the American Heart Association, 6(12). Retrieved June 7, 2024, from https://doi.org/10.1161/jaha.117.007519
- Website, N. (2024). Recovery. nhs.uk. Retrieved June 7, 2024, from https://www.nhs.uk/conditions/coronary-heart-disease/recovery/
Published: 30 August 2024
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.