Coronary Artery Bypass Grafting (CABG) (နှလုံးသွေးကြော လမ်းကြောင်းလွှဲခွဲစိတ်ကုသမှု)

Coronary Artery Bypass Grafting (CABG) (နှလုံးသွေးကြော လမ်းကြောင်းလွှဲခွဲစိတ်ကုသမှု)
နှလုံးသွေးကြော လမ်းကြောင်းလွှဲခွဲစိတ်ကုသမှု၏ ရည်ရွယ်ချက်များ
  1. နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) နှင့် ရုတ်တရက် နှလုံးသွေးကြောပိတ်ရောဂါ (Acute Coronary Syndrome/Heart Attack) တို့ကြောင့် နှလုံးသို့ သွေးစီးဆင်းမှု လျော့နည်းပြီး ဖြစ်ပေါ်လာသော ရင်ဘတ်အောင့်ခြင်း (Angina) နှင့် နှလုံးညှစ်အားနည်းခြင်းတို့ကို သက်သာစေရန်
  2. အထက်ပါရောဂါများ၏ နောက်ဆက်တွဲပြဿနာများဖြစ်သည့်
    • နှလုံးကြွက်သားပုပ်ခြင်း (Myocardial Infarction)
    • နှလုံးအဆို့ရှင်ပျက်စီးခြင်း (Valvular Dysfunction)
    • ရုတ်တရက်နှလုံးရပ်ခြင်း (Sudden Cardiac Arrest) များမှ ကာကွယ်ရန် စသည်တို့ဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

နှလုံးသည် လူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများအားလုံးကို သွေးထောက်ပံ့ပေးသော အရေးကြီးအင်္ဂါအစိတ်အပိုင်းဖြစ်သည်။ နှလုံးကိုယ်တိုင်သည်လည်း ၎င်း၏ လုပ်ငန်းများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် သွေးအထောက်အပံ့လိုအပ်သည်။

နှလုံးသို့ သွေးအထောက်အပံ့ပေးသော အဓိကသွေးလွှတ်ကြော သုံးချောင်းရှိသည်။

  1. နှလုံးဘယ်ဘက် အရှေ့သွေးလွှတ်ကြော (Left Anterior Descending Coronary Artery)
  2. နှလုံးဘယ်ဘက် အနောက်သို့ပတ်သွားသော သွေးလွှတ်ကြော (Left circumflex Coronary Artery)
  3. နှလုံးညာဘက် သွေးလွှတ်ကြော (Right Coronary Artery)
CABG Image 1

နှလုံးသွေးကြောလမ်းကြောင်းလွှဲခွဲစိတ်ကုသမှု (CABG) လိုအပ်သောအခြေအနေများမှာ _

  1. နှလုံးဘယ်ဘက် အဓိကသွေးလွှတ်ကြော (Left main coronary artery) ပိတ်ခြင်း သို့မဟုတ် (၅၀) ရာခိုင်နှုန်းနှင့်အထက် ကျဉ်းခြင်း
  2. နှလုံးသွေးလွှတ်ကြော တစ်ချောင်းနှင့်အထက် ပိတ်ခြင်း သို့မဟုတ် (၇၀) ရာခိုင်နှုန်းအထက် ကျဉ်းခြင်းနှင့် နှလုံးညှစ်အားမကောင်းခြင်း (One or more coronary artery occlusion with poor left ventricular function)
  3. နှလုံးဘယ်ဘက် အရှေ့သွေးလွှတ်ကြောနှင့် နှလုံးဘယ်ဘက် အနောက်သို့ပတ်သွားသော သွေးလွှတ်ကြောတို့၏အရင်း (နှလုံးဘယ်ဘက် အဓိကသွေးလွှတ်ကြောအခွဲနေရာ) ပိတ်ခြင်း သို့မဟုတ် (၇၀) ရာခိုင်နှုန်းအထက် ကျဉ်းခြင်း
  4. နှလုံးသွေးကြောထောက်ကိရိယာကို ပိုက်ငယ်ဖြင့်ထည့်ရန် မသင့်တော်သောလူနာများ (Patients who are not suitable for coronary stenting during primary percutaneous coronary intervention) တို့ဖြစ်သည်။
ကြိုတင်သိရှိထားရမည့်အချက်များ
  • နှလုံးသွေးကြော လမ်းကြောင်းလွှဲခွဲစိတ်ကုသမှုသည် နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) အား တိုက်ရိုက်ကုသသည့် နည်းလမ်းမဟုတ်ဘဲ ပိတ်ဆို့နေသောသွေးကြောကို ကျော်လွှား၍ နှလုံးသို့ သွေးစီးဆင်းမှု ပြန်လည်ကောင်းမွန်စေရန် ပြုလုပ်သော ခွဲစိတ်မှုတစ်ခုဖြစ်သည်
  • ခွဲစိတ်မှုအောင်မြင်သော်လည်း နှလုံးသွေးလွှတ်ကြော၏ အခြားနေရာများတွင် ထပ်မံကျဉ်းလာနိုင်ခြင်း၊ လမ်းကြောင်းလွှဲရာတွင် အသုံးပြုထားသော သွေးကြောများ အချိန်ကြာလာသည်နှင့်အမျှ ပြန်လည်ကျဉ်းလာနိုင်ခြင်းတို့ ရှိနိုင်သည်
  • ခွဲစိတ်ကုသမှု၏ အကျိုးကျေးဇူးများမှာ_
    • ရင်ဘတ်အောင့်ခြင်း သက်သာစေခြင်း _ နှလုံးသို့ သွေးစီးဆင်းမှု ပိုမိုကောင်းမွန်လာသောကြောင့် ရင်ဘတ်အောင့်ခြင်း (Angina) လျော့ပါးသွားသည်
    • လှုပ်ရှားသွားလာမှု ပိုမိုလွယ်ကူခြင်း _ နေ့စဉ်လှုပ်ရှားမှုများ (ဥပမာ _ လမ်းလျှောက်ခြင်း၊ အားကစားလုပ်ခြင်း) ပိုမိုအဆင်ပြေလာသည်
    • ရုတ်တရက်နှလုံးရပ်ခြင်းမှ ကာကွယ်နိုင်ခြင်း _ သွေးကြောပိတ်ဆို့မှုကြောင့် နှလုံးရပ်တန့်ကာ အသက်ဆုံးရှုံးနိုင်ခြေကို လျှော့ချပေးနိုင်သည်

သတိပြုရန်
ဤခွဲစိတ်မှုသည် နှလုံးသွေးကြောကျဉ်းရောဂါကို အပြီးတိုင်ပျောက်ကင်းစေသည်မဟုတ်ဘဲ လူနာ၏ နေထိုင်မှုပုံစံ (ဆေးလိပ်ဖြတ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း) ကို ပြောင်းလဲပါမှ ရေရှည်တွင် အာနိသင်ရှိမည်ဖြစ်သည်။

ခွဲစိတ်ကုသပုံအဆင့်ဆင့်

နှလုံးသွေးကြော လမ်းကြောင်းလွှဲခွဲစိတ်ကုသမှု အဓိကနည်းလမ်းများမှာ_

  • နှလုံး၊ အဆုတ်လုပ်ငန်း အထောက်အကူပြုစက် (Heart-Lung Machine) အသုံးပြု၍ နှလုံးရပ် ခွဲစိတ်ကုသခြင်း (On pump Coronary Artery Bypass Grafting)
  • နှလုံးမရပ်ဘဲ နှလုံးခုန်လျက် ခွဲစိတ်ကုသခြင်း (OPCAB – Off pump Beating Coronary Artery Bypass Grafting)

    CABG Image 2
  • ဘယ်ဘက်ရင်ဘတ်တွင် အပေါက်ငယ်မှတစ်ဆင့် ခွဲစိတ်ကုသခြင်း (MIDCAB – Minimally invasive direct coronary artery bypass grafting) တို့ဖြစ်သည်။

နှလုံးသွေးကြောကျဉ်းသောနေရာနှင့် သွေးကြောအရေအတွက်၊ လူနာ၏ အခြေအနေ၊ နှလုံးခွဲစိတ် ဆရာဝန်၏ အတွေ့အကြုံပေါ်မူတည်၍ အထက်ပါနည်းလမ်းတစ်ခုကို ရွေးချယ်ခွဲစိတ်မည်။

  1. ခွဲစိတ်ကုသမှု မပြုလုပ်မီ ပြင်ဆင်ခြင်း
    • နှလုံးခွဲစိတ်ကုဆရာဝန်မှ လူနာအား စမ်းသပ်စစ်ဆေးပြီး အောက်ဖော်ပြပါ စစ်ဆေးချက်အဖြေများ သုံးသပ်ခြင်း၊ လိုအပ်ပါက စစ်ဆေးရန် ညွှန်ကြားခြင်းတို့ကို ပြုလုပ်မည်
      • သွေးဖောက်စစ်ဆေးခြင်း
      • အီးစီဂျီ (ECG) စစ်ဆေးခြင်း
      • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (CXR)
      • အသံလှိုင်းသုံးနှလုံးပုံရိပ်ဖော်စက်ဖြင့်စစ်ဆေးခြင်း (Echo)
      • ခြေ သို့မဟုတ် လက်သွေးလွှတ်ကြောမှတစ်ဆင့် ပိုက်ငယ်ထည့်ပြီး ဆေးထိုး၍ နှလုံးသွေးလွှတ်ကြောများကို ပုံရိပ်ဖော်ဓာတ်မှန်ရိုက်ကူးခြင်း (Cardiac Angiogram)
    • လူနာ၏ အခြေအနေနှင့် စစ်ဆေးမှုရလဒ်များ‌ အပေါ်မူတည်၍ အမြန်ဆုံး ခွဲစိတ်ရန်လိုအပ်ပါက အရေး‌ပေါ်ခွဲစိတ်ရန် စီစဉ်ပေးမည် (Urgent CABG)
    • အရေးပေါ်မလိုဘဲ ကြိုတင်ပြင်ဆင်ခွဲစိတ်ခြင်း (Elective CABG) ပြုလုပ်နိုင်ပါက ခွဲစိတ်ရန် နေ့ရက်နှင့် အချိန် သတ်မှတ်မည်ဖြစ်သည်
    • ခွဲစိတ်မှု သဘောသဘာဝများ၊ အကျိုးကျေးဇူးများနှင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သော ပြဿနာများကို ရှင်းပြမည်
    • မေ့ဆေးဆရာဝန်နှင့်လည်း တိုင်ပင်ဆွေးနွေးရန် စီစဉ်မည်
    • သက်ဆိုင်ရာဆရာဝန်များက ခွဲစိတ်မှုမပြုလုပ်မီ အောက်ပါအချက်အလက်များကို ညွှန်ကြားမည်
      • ဆေးလိပ်သောက်သူဖြစ်ပါက ခွဲစိတ်မှုမပြုလုပ်မီ ဆေးလိပ်ဖြတ်ရန် ညွှန်ကြားခြင်း
      • ရောဂါအခြေအနေပေါ်မူတည်၍ ပြုလုပ်ရမည့်လေ့ကျင့်ခန်းများ လမ်းညွှန်ခြင်း (ဥပမာ _ အသက်ရှူလေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်း)
      • သွေးကျဲဆေးများ၊ ဆီးချို‌ရောဂါကုသဆေးများ သောက်သုံးနေပါက ရပ်ရမည့်နေ့ရက် ညွှန်ကြားခြင်း၊ လိုအပ်ပါက ထိုးဆေးသို့ ပြောင်းလဲခြင်း
      • ဆေးရုံတက်ရမည့် နေ့ရက်၊ အချိန် သတ်မှတ်ခြင်း
      • နောက်ဆုံး အစာ၊ အရည် စားသောက်ရမည့်အချိန် ညွှန်ကြားခြင်း
  2. ခွဲစိတ်မည့်နေ့တွင်ပြင်ဆင်ခြင်း
    • ခွဲစိတ်ရန်ဆေးရုံတက်ပါက လူနာအား ပြန်လည်စမ်းသပ်စစ်ဆေးပြီး စစ်ဆေးချက်ရလဒ်များ ပြည့်စုံမှု ရှိမရှိ စစ်ဆေးမည်
    • ခွဲစိတ်စဉ် လိုအပ်သောပိုးသတ်ဆေးနှင့် ဓာတ်တည့်မှု ရှိမရှိ စမ်းသပ်ခြင်း၊ ‌လိုအပ်သော ထိုးဆေး၊ သောက်ဆေးများပေးခြင်း၊ သွေးကြောအတွင်းသို့ ဆေးထိုးရန်ပိုက်ထည့်ခြင်း (IV cannulation) များ ပြုလုပ်မည်
    • ခွဲစိတ်စဉ် လိုအပ်သော သွေးနှင့် သွေးရည်ကြည်များကို ကြိုတင်စီစဉ်မည်
  3. ခွဲစိတ်ကုသခြင်း
    • မေ့ဆေးအသုံးပြု၍ ရင်ဘတ်ရင်ညွန့်ရိုးကို အ‌ထက်မှအောက်သို့ လွှစက်ဖြင့် ဖွင့်၍ ခွဲစိတ်မည်
    • နှလုံးသွေးလွှတ်ကြော လမ်းကြောင်းလွှဲခွဲစိတ်ကုသခြင်း
      • ရင်ဘတ်ရင်ညွန့်ရိုး၏ ဘယ်ဘက်ရှိ Left Internal Mammary Artery ဟုခေါ်သည့် သွေးကြောကို ထုတ်ယူ၍ နှလုံး၏အဓိကသွေးလွှတ်ကြောဖြစ်သော နှလုံးဘယ်ဘက်အရှေ့သွေးလွှတ်ကြော ပိတ်နေသည့်နေရာ၏ အဖျားဘက်ကို ကျော်ဆက်မည်
      • ဘယ်ဘက် သို့မဟုတ် ညာဘက် ခြေထောက်မှ သွေးပြန်ကြော (Long Saphenous Vein) ကို ထုတ်ယူ၍ နှလုံး၏ ပိတ်နေသော အခြားသွေးလွှတ်ကြောများ၏ အဖျားဘက်ကို ကျော်ဆက်ပြီး သွေးရရှိရန် သွေးလွှတ်ကြောမကြီးနှင့် ဆက်သွယ်မည်
      • လူနာ၏ အသက်အရွယ်၊ နှလုံးသွေးကြောကျဉ်းသော ရာခိုင်နှုန်းအပေါ်မူတည်၍ ခြေထောက်မှ သွေးပြန်ကြော (Long Saphenous Vein) အပြင် အောက်ပါ သွေးလွှတ်ကြောများကိုလည်း အသုံးပြုနိုင်သည်
        • လက်ဖျံ သွေးလွှတ်ကြော (Radial artery)
        • ရင်ဘတ်ရင်ညွန့်ရိုး၏ ညာဘက်ရှိ သွေးလွှတ်ကြော (Right Internal Mammary Artery)
        • အစာအိမ်သွေးလွှတ်ကြော (Right Gastroepiploic Artery)

          CABG Image 3
  4. ခွဲစိတ်ကုသပြီး စောင့်ကြပ်ကြည့်ရှုခြင်း
    • ခွဲစိတ်ပြီးလူနာကို နှလုံးခွဲစိတ်အထူးကြပ်မတ်ကုသခန်းတွင် (၂ – ၃) ရက်ခန့်ထား၍ အနီးကပ်ကြပ်မတ်ကုသမည်
    • ပါးစပ်အတွင်း ထည့်ထားသော အသက်ရှူပိုက်ကို လူနာကောင်းမွန်စွာ နိုးထလာပြီး ကိုယ်တိုင်အသက်ရှူနိုင်သော အချိန်တွင် ထုတ်ပေးမည်
    • အသက်ရှူပိုက်ထုတ်ပြီးနောက် အရည်၊ အစာများ အဆင့်ဆင့် တိုက်ကျွေးမည်
    • ရင်ဘတ်အတွင်း‌ ကျန်ရှိ‌သောသွေးများထုတ်ရန် ထ‌‌ည့်ထားသော ပိုက်များအား ခွဲစိတ်ပြီး (၂) ရက် သို့မဟုတ် (၃) ရက်မြောက်နေ့တွင် ထုတ်မည်
    • အဆုတ်ကောင်းမွန်စွာ အလုပ်လုပ်စေရန်နှင့် အဆုတ်အတွင်းရှိ ချွဲများထွက်စေရန် အသက်ရှူလေ့ကျင့်ခန်းများ သင်ပြပေး၍ ပြုလုပ်စေမည်
  5. အတွင်းလူနာဆောင်သို့ ပြောင်းရွှေ့ကုသခြင်းနှင့် ဆေးရုံဆင်းခြင်း
    • ခွဲစိတ်ပြီး ပြန်လည်နလန်ထလာသောအချိန်၊ ခွဲစိတ်မှု၏အစောပိုင်း နောက်ဆက်တွဲပြဿနာများ (သွေးထွက်များခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း) မရှိဘဲ စိတ်ချရသော အခြေအနေရောက်လျှင် အတွင်းလူနာဆောင်သို့ ပြောင်းရွှေ့ကုသမှုပေးမည်
    • Cardiac Rehabilitation (နှလုံး‌ရောဂါဖြစ်ပြီး သို့မဟုတ် နှလုံးခွဲစိတ်ပြီး လူနာများ ပြန်လည်ထူထောင်ရေး) အတွက်
      • သင့်လျော်သော လေ့ကျင့်ခန်းများသင်ပြခြင်း
      • ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များ လမ်းညွှန်ခြင်း
      • စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများပေးခြင်းတို့ကို ပြုလုပ်မည်
    • သောက်သုံးရမည့်ဆေးဝါးများ
      • အနာသက်သာစေရန် လိုအပ်သောဆေးများ၊ ပိုးသတ်ဆေးများကို အချိန်အတိုင်းအတာတစ်ခုအထိ သောက်ရမည်
      • သွေးကျဲဆေးများဖြစ်သော Aspirin and/or Clopidogrel နှင့် အဆီချဆေးများကို တစ်သက်တာလုံး စွဲသောက်ရန် လိုအပ်သည်
    • နောက်ဆက်တွဲပြဿနာများ မရှိလျှင် ခွဲစိတ်ပြီး (၅)ရက် မှ (၇)ရက်တွင် ဆေးရုံဆင်းနိုင်သည်
နောက်ဆက်တွဲပြဿနာများ

နှလုံးသွေးကြော လမ်းကြောင်းလွှဲခွဲစိတ်ကုသမှုကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ_

  • သွေးထွက်များခြင်း
  • ဖျားခြင်း
  • အဆုတ်ခဲခြင်းကြောင့် အသက်ရှူပိုက်နှင့် အသက်ရှူစက် ပုံမှန်ထက် အချိန်ကြာကြာ အသုံးပြုရနိုင်ခြင်း
  • ခွဲစိတ်ဒဏ်ရာ အနာပိုးဝင်ခြင်း
  • နှလုံးခုန်မမှန်ခြင်း
  • ကျောက်ကပ်အားနည်းခြင်း
  • လေဖြတ်ခြင်း
  • မှတ်ဉာဏ်အားနည်းခြင်း (အများအားဖြင့် ယာယီသာဖြစ်တတ်သည်) တို့ဖြစ်သည်။

အထက်ပါ နောက်ဆက်တွဲပြဿနာများသည် လူနာ၏ အသက်အရွယ်၊ နောက်ခံကျန်းမာရေး အခြေအနေများနှင့် ခွဲစိတ်မှုအတွင်းကြုံတွေ့ရသော အခြေအနေများ (ဥပမာ _ အရေးပေါ်ခွဲစိတ်ကုသမှု၊ သွေးလွှတ်ကြောမကြီး မာနေခြင်း၊ ကျောက်ဖြစ်နေခြင်း) ပေါ်တွင်လည်း များစွာမူတည်သည်။

လိုက်နာဆောင်ရွက်ရမည့်အချက်များ
ခွဲစိတ်ပြီးနောက် လိုက်နာရမည့်အချက်များ

ဆေးရုံမှ ပြန်ဆင်းချိန်တွင် ဆရာဝန် သို့မဟုတ် သူနာပြုမှ သင့်အား အသေးစိတ်ညွှန်ကြားချက်များ ပေးမည်ဖြစ်သည်။

  1. ခွဲစိတ်ဒဏ်ရာကို ဂရုစိုက်ခြင်း
    • ခွဲစိတ်ထားသောဒဏ်ရာကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ
    • ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း ပုံမှန် အနာဆေးထည့်ပါ
    • ခွဲစိတ်ဒဏ်ရာတစ်ဝိုက်တွင် နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း သို့မဟုတ် အရည်များထွက်ခြင်းရှိပါက ဆရာဝန်အား ချက်ချင်းအကြောင်းကြားပါ
    • ဆရာဝန်ခွင့်ပြုချက်မရှိဘဲ အနာကို ရေမစိုပါနှင့်၊ ရေချိုးလိုပါက ရေစိုခံပတ်တီးဖြင့် အုပ်ထားပါ
  2. နာကျင်မှုကို သက်သာစေခြင်း
    • ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း နာကျင်မှုသက်သာဆေးများကို ပုံမှန်သောက်ပါ
    • ခွဲစိတ်ဒဏ်ရာနှင့် ရင်ဘတ်တွင် မခံမရပ်နိုင်အောင်နာကျင်ပါက ဆရာဝန်ကို အကြောင်းကြားပါ
  3. ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း
    • ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကိုယ်လက်လှုပ်ရှားမှုများကို ဖြည်းဖြည်းချင်းစတင်ပါ
    • ခွဲစိတ်ပြီး သုံးလအတွင်း ရှောင်ကြဉ်ရန်
      • လေးလံသောအရာများ မ ခြင်းကို ရှောင်ကြဥ်ပါ
      • လက်မောင်းကို ဆန့်တန်းခြင်း သို့မဟုတ် ရုတ်တရက် လှုပ်ရှားခြင်း၊ အားပြုခြင်းများကို ရှောင်ကြဉ်ပါ
    • လမ်းလျှောက်ခြင်းသည် ကောင်းမွန်သော လေ့ကျင့်ခန်းဖြစ်သည်၊ ဖြည်းဖြည်းချင်း စတင်ပြီး လမ်းလျှောက်ချိန်ကို တိုးမြှင့်ပါ
    • ကားမောင်းခြင်းကို ခွဲစိတ်ပြီး သုံးလ သို့မဟုတ် နာကျင်မှုလုံးဝသက်သာမှ ပြန်လည်စတင်ပါ
  4. အစားအသောက်
    • ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ (ဥပမာ _ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ) ကို ပိုစားပေးပါ
    • ဆား၊ အငန် လျှော့စားပါ
    • ရေများများသောက်ပါ
    • ဝမ်းချုပ်ခြင်းကို ရှောင်ရှားရန် အမျှင်ဓာတ်များသော အစားအစာများကို စားပါ
  5. ဆေးဝါးများ
    • ဆရာဝန်ညွှန်ကြားထားသည့် ဆေးဝါးများအားလုံး (သွေးကျဲဆေး၊ အဆီချဆေး၊ သွေးပေါင်ထိန်းညှိဆေး၊ ဆီးချိုရောဂါကုသဆေး) ကို မှန်မှန်သောက်ပါ
    • ဆရာဝန်နှင့်မတိုင်ပင်ဘဲ ဆေးဝါးများကို ရပ်တန့်ခြင်း သို့မဟုတ် အပြောင်းအလဲ မလုပ်ပါနှင့်
  6. အခြားအရေးကြီးသောအချက်များ
    • ဆေးလိပ်၊ ဆေးရွက်ကြီး အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ
    • အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ
    • စိတ်ဖိစီးမှုကို လျှော့ချရန် အနားယူခြင်းနှင့် တရားထိုင်ခြင်းတို့ကိုပြုလုပ်ပါ
    • လုံလောက်စွာ အိပ်စက်အနားယူပါ
    • ကိုယ်အလေးချိန်ထိန်းပါ
    • သွေးတိုးရောဂါကို စနစ်တကျ ထိန်းချုပ်ပါ
    • သွေးတွင်း ကိုလက်စထရောဓာတ်ကို ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းပါ
    • သက်ဆိုင်ရာဆရာဝန်နှင့် ရက်ချိန်းအတိုင်း ပုံမှန်ပြန်လည်ပြသပါ
  7. အောက်ပါလက္ခဏာများရှိပါက ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ
    • အဖျားကြီးခြင်း (38°C သို့မဟုတ် 100.4°F ထက်ပိုခြင်း)
    • ချမ်းတုန်ခြင်း
    • ခွဲစိတ်ထားသောဒဏ်ရာမှ အရည်များထွက်ခြင်း၊ နီရဲခြင်း သို့မဟုတ် နာကျင်ခြင်း
    • ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မောခြင်း၊ အသက်ရှူရခက်ခဲခြင်း
    • ခြေထောက်များ ရောင်ရမ်းခြင်း
    • မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်း
    • နှလုံးခုန်နှုန်း မမှန်ခြင်း

References:

  1. Mayo Clinic. (n.d.). Coronary bypass surgery. Retrieved May 2, 2026, from https://www.mayoclinic.org/tests-procedures/coronary-bypass-surgery/about/pac-20384589
  2. Cleveland Clinic. (n.d.). Coronary artery bypass surgery. Retrieved May 2, 2026, from https://my.clevelandclinic.org/health/treatments/16897-coronary-artery-bypass-surgery
  3. Kulik, A., Ruel, M., Jneid, H., Ferguson, T. B., Hiratzka, L. F., Ikonomidis, J. S., & American Heart Association Council on Cardiovascular Surgery and Anesthesia. (2018). Secondary prevention after coronary artery bypass graft surgery: A scientific statement from the American Heart Association. Journal of the American Heart Association, 7(6), e008151. https://doi.org/10.1161/jaha.117.008151

Published: 5 June 2026

Share

26 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.