သွေးခဲမှုဖြစ်စဥ် ကာကွယ်သည့် ဆေးဝါးများ (Blood Thinning Medications) သည် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများအတွင်း သွေးခဲများဖြစ်ပေါ်ခြင်းကို တားဆီးရာတွင် အသုံးပြုသည့်ဆေးဝါးများဖြစ်သည်။ သွေးကြောများအတွင်း သွေးခဲများဖြစ်ပေါ်လျှင် နှလုံး၊ အဆုတ်နှင့် ဦးနှောက်စသည့် သက်ဆိုင်ရာကိုယ်အင်္ဂါများသို့ သွေးစီးဆင်းမှုကို လျော့နည်းပိတ်ဆို့စေသည်။ ထိုအခါ လိုအပ်သော သွေးနှင့်အောက်ဆီဂျင်ကို လုံလောက်အောင် မရရှိသဖြင့် လေဖြတ်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ထိုဆေးများသည် သွေးခဲများဖြစ်ပေါ်ခြင်းနှင့် ပိုမိုကြီးထွားလာခြင်းမှ ကာကွယ်ပေးသော်လည်း ရှိပြီးသားသွေးခဲများကို ချေဖျက်စေနိုင်ခြင်းမရှိပါ။
သွေးခဲမှုဖြစ်စဥ် ကာကွယ်သည့် ဆေးဝါးများတွင် အဓိကအားဖြင့် အမျိုးအစား (၂) မျိုးရှိသည်။
- သွေးမခဲဆေးများ (Anticoagulants)
- သွေးကျဲဆေးများ (Antiplatelets)
သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
- သွေးမခဲဆေးများကို အသုံးပြုရန်လိုအပ်သော အခြေအနေများ
- နှလုံးခုန်စည်းချက် မမှန်ခြင်း (Atrial fibrillation)
- ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း (Deep vein thrombosis)
- အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary embolism)
- နှလုံးအဆို့ရှင် အစားထိုးခွဲစိတ်ကုသမှု ခံယူထားသူများ (Heart valve replacement surgery)
- အရိုးအကြောခွဲစိတ်ကုသခြင်း
- ခွဲစိတ်ကုသမှုခံယူပြီးနောက် သွေးခဲဖြစ်ပေါ်နိုင်ခြေရှိခြင်းတို့ ဖြစ်ကြသည်။
- သွေးကျဲဆေးများကို အသုံးပြုရန်လိုအပ်သော အခြေအနေများ
- နှလုံးသွေးကြောရောဂါများ (ဥပမာ _ နှလုံးသွေးကြောကျဥ်းခြင်း၊ ပိတ်ခြင်း) (Ischemic heart disease, Myocardial infarction)
- နှလုံးသွေးလွှတ်ကြော လမ်းကြောင်းလွှဲခွဲစိတ်ကုသမှု (CABG)
- ခြေ၊ လက် သွေးလွှတ်ကြောကျဥ်းရောဂါ (Peripheral arterial disease)
- လေဖြတ်ခြင်းနှင့် အသေးစားလေဖြတ်ခြင်း (Stroke and TIA) တို့ ဖြစ်ကြသည်။
သုံးစွဲပုံနည်းလမ်းများ
သွေးမခဲဆေးများ (Anticoagulants)
သွေးမခဲဆေးများသည် သွေးခဲစေသောဓာတ်များ (Clotting factors) ထုတ်လုပ်ခြင်းကို တားဆီးခြင်းဖြင့် သွေးခဲခြင်းကို ကာကွယ်ပေးသည်။ သွေးမခဲဆေးအများစုကို သောက်ဆေးအနေဖြင့် ထုတ်လုပ်ထားပြီး အချို့ကို ထိုးဆေးအနေဖြင့် ထုတ်လုပ်ထားကြသည်။
- သွေးမခဲဆေး သောက်ဆေးများ (Oral anticoagulants)
- ရှေးယခင်ကတည်းက အသုံးပြုခဲ့သော သွေးမခဲဆေး သောက်ဆေး – Warfarin (Coumadin)
- အသစ်ထပ်မံ ထွက်ရှိလာသော သွေးမခဲဆေး သောက်ဆေးများ (New oral anticoagulant drugs – NOAC)
- Dabigatran
- Rivaroxaban
- Apixaban
- Edoxaban
- သွေးမခဲဆေး ထိုးဆေးများ (Injectable anticoagulants)
- သွေးကြောအတွင်းထိုးရသော ထိုးဆေး (Unfractionated heparin, Fondaparinux, Bivalirudin)
- အရေပြားအောက်ထိုးသော ထိုးဆေး (Low molecular weight heparin – Enoxaparin, Dalteparin, Nadroparin, Fondaparinux, Danaparoid)
သွေးမခဲဆေးများအားလုံးကို သောက်သုံးရမည့် ဆေးပမာဏ၊ သုံးစွဲရမည့် အချိန်ကာလနှင့် ဆေးသောက်နေစဥ် လိုအပ်သည့် သွေးစစ်ဆေးခြင်းတို့ကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိကျစွာ အသုံးပြုရန် အလွန်အရေးကြီးသည်။ သွေးမခဲဆေးများကို ဆေးအမျိုးအစားအလိုက် တစ်ရက်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သောက်သုံးရန် လိုအပ်ပြီး အချိန်မှန်မှန်သောက်သုံးရန် အရေးကြီးသည်။ ဆေးကို နေ့စဥ်ပုံမှန် သောက်သုံးရန် လိုအပ်သဖြင့် ဆေးသောက်ရန် မေ့လျော့သွားပါက ဆရာဝန်ထံသို့အကြောင်းကြား၍ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပါ။ မိမိသဘောဆန္ဒအလျောက် ဆေးများကို နှစ်ဆသောက်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ရပါ။
Warfarin (Coumadin) သွေးမခဲဆေး
Warfarin သည် သွေးခဲမှုဖြစ်စဥ်တွင် အဓိကပါဝင်သော ဗီတာမင် ကေ (vitamin K) ၏လုပ်ဆောင်ချက်ကို ဆန့်ကျင်၍ သွေးခဲဖြစ်ပေါ်မှုကို တားဆီးပေးသည်။ Warfarin ကို အသုံးပြုမည်ဆိုပါက သိထားသင့်သော အချက်များမှာ_
- သွေးခဲမှုနှုန်းကို သိရှိနိုင်စေရန် ဆရာဝန် ညွှန်ကြားသည့်အတိုင်း သွေးစစ်ဆေးခြင်း (INR) ကို ပုံမှန်ပြုလုပ်ရန် လိုအပ်သည်
- INRကို သတ်မှတ်ထားသော ပမာဏအတွင်း ထိန်းသိမ်းထားရန် ရည်ရွယ်၍ Warfarin ဆေးပမာဏကို အတိုးအလျှော့ပြုလုပ်ရန် လိုအပ်သည်
- INR ပမာဏများလွန်းလျှင် သွေးအကျဲလွန်၍ သွေးထွက်နိုင်ခြေမြင့်မားနိုင်သည်၊ INR ပမာဏ နည်းလွန်းလျှင်လည်း သွေးအလွယ်တကူခဲစေပြီး သွေးခဲများဖြစ်ပေါ်စေနိုင်သည်
- ထို့ကြောင့် Warfarin ဆေး၏ တုံ့ပြန်မှုကို စစ်ဆေးရန်၊ ဆေးပမာဏကို ထိန်းညှိရန်၊ ဆေး၏နောက်ဆက်တွဲဆိုးကျိုးများကို ရှောင်ကြဥ်ရန် INR ပမာဏကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်စစ်ဆေးရန် လွန်စွာအရေးကြီးသည်
- Warfarin ဆေး၏ အာနိသင်အပြည့်အဝ ရရှိနိုင်ရန် အချိန် (၄-၅) ရက်စောင့်ဆိုင်းရန် လိုအပ်ပြီး ဆေးရပ်လိုက်သောအခါ ဆေး၏ အာနိသင်ကုန်ဆုံးစေရန် အချိန် (၄-၅) ရက်ကြာမြင့်နိုင်သည်
အသစ်ထပ်မံ ထွက်ရှိလာသော သွေးမခဲဆေး သောက်ဆေးများ (NOAC)
အသစ်ထပ်မံ ထွက်ရှိလာသော သွေးမခဲဆေး သောက်ဆေးများ (NOAC) ကို အသုံးပြုလျှင် နေ့စဥ် သောက်သုံးရမည့် ဆေးပမာဏအပြောင်းအလဲ ပြုလုပ်ရန် မလိုအပ်သကဲ့သို့ သွေးစစ်ဆေးခြင်း ပြုလုပ်ရန်လည်းမလိုအပ်ပါ။ သို့သော် အဆိုပါဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲသင့်သည်။ ကျောက်ကပ်နှင့်အသည်း မကောင်းသူများတွင် ဆေးပမာဏချိန်ဆရန် လိုအပ်နိုင်သည်။
သွေးမခဲဆေး ထိုးဆေးများ (Injectable anticoagulants)
သွေးကြောအတွင်း ထိုးရသော Unfractionated heparin (UFH) ထိုးဆေးများသည် အာနိသင်ကို လျင်မြန်စွာရရှိနိုင်သောကြောင့် အရေးပေါ်လိုအပ်သော အခြေအနေများတွင် အသုံးပြုလေ့ရှိသည်။ အသုံးပြုနေစဥ် သွေးခဲနှုန်းကို သိရှိနိုင်ရန် သွေးစစ်ဆေးခြင်း (APTT) ကို ပုံမှန်ပြုလုပ်ပေးပြီး ဆေးပမာဏ ထိန်းညှိပေးရန် လိုအပ်သည်။ အရေပြားအောက်ထိုးသော Enoxaparin ထိုးဆေးသည် UFH ထိုးဆေးများထက် ဆေးအာနိသင် ပိုတည်ငြိမ်ကာ ပိုမိုကြာရှည်ခံသည်။ ဆေးထိုးပြီးနောက် သွေးစစ်ဆေးခြင်း ပုံမှန်ပြုလုပ်၍ စောင့်ကြည့်ရန် မလိုအပ်ပါ။
သွေးကျဲဆေးများ (Antiplatelets)
သွေးကျဲဆေးများသည် သွေးဥမွှားများ စုပေါင်းကပ်ငြိခြင်းကို တားဆီးပေးခြင်းဖြင့် သွေးခဲဖြစ်ပေါ်ခြင်းကို ရပ်တန့်စေသည်။ သွေးကျဲဆေးများသည် အဓိကအားဖြင့် သွေးလွှတ်ကြောအတွင်း သွေးခဲများဖြစ်ပေါ်ခြင်းကို တားဆီးရာတွင် ပို၍အထောက်အကူပြုသည်။ အထူးသဖြင့် နှလုံးသွေးကြောရောဂါများ (နှလုံးသွေးကြောပိတ်ခြင်း၊ ကျဥ်းခြင်း၊ နှလုံးသွေးကြော အစားထိုးကုသမှု ပြုလုပ်ထားခြင်း)၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း အစရှိသောရောဂါများတွင် သွေးကျဲဆေးများဖြင့် ကုသမှုခံယူရန် လိုအပ်သည်။ သွေးကျဲဆေး အမျိုးအစားများမှာ_
- Aspirin
- Dipyridamole
- Adenosine diphosphate receptor inhibitors: Clopidogrel and Prasugrel
- Direct-acting P2Y
- GP IIb/IIIa inhibitors: Abciximab, Eptifibatide, Tirofibanတို့ ဖြစ်ကြသည်။
နောက်ဆက်တွဲဆိုးကျိုးများ
သွေးထွက်ခြင်းသည် သွေးမခဲဆေးများ၊ သွေးကျဲဆေးများ၏ အဓိကအဖြစ်အများဆုံး နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။
- နှာခေါင်းသွေးလျှံခြင်း
- သွားဖုံးသွေးယိုခြင်း
- ချောင်းဆိုးသွေးပါခြင်း
- အစာအိမ်သွေးကြောများတွင် သွေးထွက်ခြင်းကြောင့် ကော်ဖီရောင်အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း
- ထိခိုက်ဒဏ်ရာမရဘဲ ရုတ်တရက် အရေပြားတွင် သွေးခြည်ဥခြင်း
- ထိခိုက်ရှနာဖြစ်ပြီးနောက် သွေးမတိတ်ခြင်း
- ဦးနှောက်အတွင်း သွေးထွက်ခြင်း
- သွေးကျဲဆေးကြောင့် သွေးဥမွှားနည်းခြင်း (Heparin-induced thrombocytopenia)
- ဆီးထဲတွင် သွေးပါခြင်း
- အမျိုးသမီးများတွင် ပုံမှန်ထက် ရာသီသွေးဆင်းများခြင်း အစရှိသည့် ခန္ဓာကိုယ်အနှံ့အပြားတွင် သွေးထွက်ခြင်းများ ဖြစ်ပေါ်နိုင်သည်၊ ထို့အပြင် ခေါင်းမူးခြင်း၊ အားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းဗိုက်နာခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်၊ Heparin ကို အချိန်တစ်လထက်ပို၍ ကြာရှည်စွာအသုံးပြုသူများတွင် အရိုးပွခြင်း ဖြစ်ပေါ်နိုင်သည်
သွေးမခဲဆေး၊ သွေးကျဲဆေးသောက်သုံးနေစဥ် လိုက်နာရန်အချက်များ
ဘေးထွက်ဆိုးကျိုးအနေဖြင့် သွေးထွက်ခြင်း ဖြစ်ပေါ်နိုင်သောကြောင့် ထိုအန္တရာယ်ကို လျှော့ချနိုင်ရန် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာရန် လိုအပ်သည်။
- ပျော့ပျောင်းသော သွားတိုက်တံများကိုသာ အသုံးပြုရန်
- မုတ်ဆိတ်ရိတ်ဓားကို အသုံးပြုမည့်အစား လျှပ်စစ်မုတ်ဆိတ်ရိတ်စက်ကို အသုံးပြုရန်
- ခြေဖနောင့် အသားမာဖြစ်ခြင်းကို ဖြတ်တောက်ခြင်း မပြုလုပ်ရန်
- ဥယျာဥ်လုပ်ငန်း လုပ်သည့်အခါ သို့မဟုတ် ချွန်ထက်သော ကိရိယာများ အသုံးပြုသည့်အခါ အကာအကွယ်လက်အိတ် အသုံးပြုရန်
- စက်ဘီးစီးသည့်အခါ ဦးထုပ်ဆောင်းရန်
- လေ့ကျင့်ခန်းပြုလုပ်သည့်အခါ ထိခိုက်ဒဏ်ရာ နည်းနိုင်သော လမ်းလျှောက်ခြင်း သို့မဟုတ် ရေကူးခြင်းတို့ကိုသာ ပြုလုပ်ရန်
- ဆေးရုံ၊ ဆေးခန်းပြသည့်အခါတိုင်း သွေးမခဲဆေး၊ သွေးကျဲဆေးများ သောက်နေရကြောင်း ဆရာဝန်ကို အသိပေးရန်
သတိပြုသင့်သည့်အချက်များ
ဗီတာမင် ကေ (vitamin K) သည် သွေးခဲမှုဖြစ်စဥ်တွင် အလွန်အရေးကြီးသော ဗီတာမင်တစ်မျိုးဖြစ်သည်။ ထို့ကြောင့် သွေးမခဲဆေး၊ သွေးကျဲဆေးသောက်သုံးနေသူများသည် နေ့စဥ် ဗီတာမင် ကေ စားသုံးမှုကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းထားရမည်။ ထို့ပြင် သွေးမခဲဆေး၊ သွေးကျဲဆေးများသည် အချို့သော ဆေးဝါးများ၊ အစားအစာများနှင့် ဓာတ်ပြုမှုများ ဖြစ်ပေါ်၍ သွေးထွက်လွန်ခြင်း သို့မဟုတ် သွေးခဲခြင်း အန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည်။
သွေးမခဲဆေး၊ သွေးကျဲဆေး သောက်သုံးနေစဥ် ရှောင်ရှားသင့်သောအရာများ
- အရက်
- ဗီတာမင် ကေ ပါဝင်မှုများသော အစိမ်းရောင်ရှိသည့် ဟင်းသီးဟင်းရွက်များ (ဥပမာ _ ဂေါ်ဖီပန်းပွင့် အစိမ်း၊ ဆလတ်ရွက်၊ ဟင်းနုနွယ်ရွက်၊ လက်ဖက်စိမ်း) (အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဥ်ရန်)
- ဗီတာမင် အီး ပါဝင်မှုများသော မြေပဲထောပတ်၊ နေကြာဆီ၊ ပဲပိစပ်ဆီ အစရှိသောအစားအသောက်များ
- ဆေးဘက်ဝင်အပင်များနှင့် သဘာဝဖြည့်စွက်စာများ (ဥပမာ _ ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း၊ ဂျင်ဆင်း)
- သွေးကျဲစေသောအာနိသင်ရှိသည့် သစ်သီးများ (ဥပမာ _ ခရမ်ဘယ်ရီ၊ သလဲသီး)
- အချို့သောဆေးဝါးများ
- အကိုက်အခဲပျောက်ဆေးများ၊ အအေးမိသက်သာဆေးများ
- သိုင်းရွိုက်ဟော်မုန်း ဆေးဝါးများ
- ပိုးသတ်ဆေးများ (ဥပမာ – Clarithromycin, Ciprofloxacin, Metronidazole and Trimethoprim)
- မှိုပိုးသတ်ဆေးများ (ဥပမာ – Ketoconazole or Itraconazole)
- ဗီတာမင် ဖြည့်စွက်စာများ (ဥပမာ – vitamin K, vitamin E)
သို့ဖြစ်၍ သွေးမခဲဆေး၊ သွေးကျဲဆေးသောက်သုံးနေသူများသည် မည်သည့်ဆေးအသစ် သို့မဟုတ် ဖြည့်စွက်စာကိုမဆို မသောက်သုံးမီ ဆရာဝန်နှင့် တိုင်ပင်၍ ညွှန်ကြားချက်များအတိုင်း လိုက်နာရန် လိုအပ်သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရနိုင်ခြေများသော အားကစားနည်းများကိုလည်း ရှောင်ရှားသင့်သည်။
Warfarin နှင့် ကိုယ်ဝန်ဆောင်ကာလ
Warfarin ကို ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းတွင် သောက်သုံးမိပါက သန္ဓေသားတွင် ထိခိုက်ခြင်း ဖြစ်ပေါ်နိုင်သည်။ ကလေးမွေးဖွားခါနီးအချိန်တွင် အသုံးပြုမိပါက မွေးဖွားနေစဥ် သွေးထွက်များခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် အခြားသော သွေးမခဲဆေးထိုးဆေးများကိုသာ ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း အသုံးပြုခြင်းဖြင့် Warfarinကြောင့် ဖြစ်ပေါ်နိုင်သည့် ပြဿနာများကို ရှောင်ကြဥ်နိုင်သည်။
ခွဲစိတ်ကုသခြင်း၊ သွားနှုတ် သွားစိုက်ခြင်း
သွေးမခဲဆေး၊ သွေးကျဲဆေးများကို သောက်သုံးနေရသူများသည် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်ပါက ခွဲစိတ်မှုအတွင်း သွေးထွက်လွန်ခြင်းအန္တရာယ်ကို ကာကွယ်ရန် ထိုဆေးများ ယာယီရပ်ဆိုင်းခြင်း လိုမလိုဆိုသည်ကို ဆရာဝန်များမှ အောက်ပါအချက်များပေါ် မူတည်၍ ဆုံးဖြတ်နိုင်သည်။
- သောက်နေသော ဆေးအမျိုးအစားများ
- ကျန်းမာရေးရာဇဝင်
- ပြုလုပ်မည့် ခွဲစိတ်ကုသမှု အမျိုးအစား
သို့သော် ဆေးရပ်ထားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော သွေးခဲခြင်းအန္တရာယ်အတွက် အခြားကာကွယ်ရေးနည်းလမ်းများ (ဥပမာ _ သွေးမခဲဆေး ထိုးဆေးများ ပြောင်းထိုးခြင်း) တို့ကို ပြုလုပ်ပေးရန် လိုအပ်သည်။ သတိပြုရမည့် အချက်မှာ ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မရပ်ရန်နှင့် ခွဲစိတ်မှုမတိုင်ခင် သက်ဆိုင်ရာဆရာဝန်များနှင့် အသေးစိတ်တိုင်ပင်ရန် လိုအပ်သည်။ သွားနှုတ်ခြင်း၊ သွားစိုက်ခြင်း၊ သွားနှင့်ပတ်သတ်၍ တစ်ခုခုပြုလုပ်မည်ဆိုပါက သွားဘက်ဆိုင်ရာ ဆရာဝန်ကို ဆေးသောက်နေရကြောင်း အသိပေးရန် လိုအပ်သည်။
References:
- Cleveland Clinic. (n.d.). Anticoagulants. Retrieved April 4, 2026, from https://my.clevelandclinic.org/health/treatments/22288-anticoagulants
- Drugs.com. (n.d.). Blood thinner medications. Retrieved April 4, 2026, from https://www.goodrx.com/classes/anticoagulants/blood-thinner-medications
- Healthdirect Australia. (n.d.). Blood thinners. Retrieved April 4, 2026, from https://www.healthdirect.gov.au/blood-thinners
- Healthline. (n.d.). Blood thinners. Retrieved April 4, 2026, from https://www.healthline.com/health/heart-disease/blood-thinners
- MedlinePlus. (n.d.). Blood thinners. Retrieved April 4, 2026, from https://medlineplus.gov/bloodthinners.html
- Queensland Health. (n.d.). Blood thinners. Retrieved April 4, 2026, from https://www.health.qld.gov.au/consent/bloodthinner
- WebMD. (2024). Blood thinners: Uses and safety tips. Retrieved April 4, 2026, from https://www.webmd.com/dvt/dvt-treatment-tips-for-taking-heparin-and-warfarin-safely
Published: 30 April 2025
Last updated: 2 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.