အူကျွံခြင်းကို ကုသရာတွင် ခွဲစိတ်ကုသခြင်းသည် အဓိကကုထုံးဖြစ်သည်။ ဝမ်းဗိုက်ကို ကာရံထားသော ကြွက်သားနံရံများကြားမှ ကိုယ်တွင်းအင်္ဂါများ တိုးထွက်လာခြင်းကို အူကျွံခြင်း (Hernia) ဟုခေါ်ဆိုသည်။ ကျွံထွက်လာနိုင်သော ကိုယ်တွင်းအင်္ဂါများတွင် အူအပြင် ဝမ်းခေါင်းအဆီပြင်မြှေး၊ အစာအိမ်၊ အူမကြီး၊ ဆီးအိမ် စသည့် ကိုယ်တွင်းအင်္ဂါများ ပါဝင်သည်။ အူကျွံခြင်း (Hernia) သည် ဝမ်းဗိုက် သို့မဟုတ် ပေါင်ခြံတွင် အဖြစ်များသည်။
အူကျွံခြင်း အမျိုးအစားများ၊ ဖြစ်ပေါ်ရသည့်အကြောင်းရင်းများ၊ ရောဂါလက္ခဏာများ စသည့်တို့ သိရှိလိုပါက Hernia (အူကျွံခြင်း) ကျန်းမာရေးဆောင်းပါးတွင် ဆက်လက်ဖတ်ရှူနိုင်သည်။
ခွဲစိတ်ကုသခြင်း နည်းလမ်းများ
အူကျွံခြင်းအတွက် အဓိကခွဲစိတ်ကုသမှု နည်းလမ်း (၃) မျိုးရှိသည်။ လူနာအတွက် သင့်တော်သော ခွဲစိတ်ကုသမှုနည်းလမ်း ရွေးချယ်ရာတွင် အူကျွံခြင်း အမျိုးအစား၊ ရောဂါရှုပ်ထွေးမှု အတိမ်အနက်၊ လူနာ၏ ယေဘုယျ ကျန်းမာရေး အခြေအနေများပေါ်တွင် မူတည်သည်။ မည်သည့်နည်းလမ်းကို ရွေးချယ်သည်ဖြစ်စေ အူကျခြင်းတွင် အဓိကပြုလုပ်ရသည့် ခွဲစိတ်မှုလုပ်ငန်းစဥ်မှာ အတူတူပင်ဖြစ်သည်။
ကျွံထွက်နေသော ကိုယ်တွင်းအင်္ဂါများကို ဝမ်းခေါင်းအတွင်းသို့ ပြန်လည်ထည့်သွင်းကာ အူကျွံနေသော အပေါက်နှင့် လမ်းကြောင်းကို ပိတ်ပစ်ခြင်းဖြစ်သည်။ နောက်တစ်ကြိမ် အူကျွံခြင်း ပြန်မဖြစ်စေရန် အားပျော့နေသော ကြွက်သားနေရာအား အထူးပြုလုပ်ထားသည့် စကာ (Surgical mesh) ဖြင့် အားဖြည့်ပေးနိုင်သည်။
- ခွဲကြောင်းပေး၍ ခွဲစိတ်ပြုပြင်ခြင်း (Open Hernia Repair)
- အူကျွံသည့်နေရာတွင် ခွဲကြောင်းရာပေး၍ ခွဲစိတ်ပြုပြင်ခြင်းဖြစ်သည် (ဥပမာ _ ပေါင်ခြံ၌ အူကျွံခြင်းတွင် ပေါင်ခြံနှင့်ကပ်လျက် အထက်ပိုင်းတွင် ခွဲကြောင်းပေး၍ ခွဲစိတ်သည်)
- မှန်ပြောင်းဖြင့် ခွဲစိတ်ပြုပြင်ခြင်း (Laparoscopic Hernia Repair)
- အထူးပြုလုပ်ထားသော မှန်ပြောင်းပါ ခွဲစိတ်ကိရိယာများ၊ ခွဲစိတ်လက်တံများကို အသုံးပြု၍ အရွယ် (၀.၅ မှ ၁) စင်တီမီတာခန့် အပေါက်ငယ်များ (ပုံမှန်အားဖြင့် ၃ခု သို့မဟုတ် ၄ခုခန့်) ဖောက်ကာ ခွဲစိတ်ခြင်းဖြစ်သည် (ဥပမာ _ ပေါင်ခြံ၌ အူကျွံခြင်းတွင် အထက်ပါ အပေါက်ငယ်များကို ချက်နားနှင့် ဝမ်းဗိုက်အောက်ပိုင်းတွင် ဖောက်၍ ခွဲစိတ်သည်)
- မှန်ပြောင်းဖြင့် ခွဲစိတ်ကုသလျှင် နာကျင်မှု ပိုမိုသက်သာခြင်း၊ အမာရွတ်မကျန်သလောက်ဖြစ်ခြင်း၊ နာလန်ထ ပိုမိုမြန်ဆန်ခြင်းနှင့် နေ့စဥ်ပုံမှန်လုပ်ငန်းဆောင်တာများ ပိုမိုဆောလျင်စွာ ပြန်လည်ဆောင်ရွက်နိုင်ခြင်း စသည့် အားသာချက်များရှိသည်။
- စက်ရုပ်လက်တံ အသုံးပြု ခွဲစိတ်ပြုပြင်ခြင်း (Robotic Hernia Repair Surgery)
- ဤနည်းလမ်းသည် မှန်ပြောင်းဖြင့် ခွဲစိတ်ပြုပြင်သကဲ့သို့ အရွယ် (၀.၅ မှ ၁) စင်တီမီတာခန့် အပေါက်ငယ်များ ဖောက်ကာ စက်ရုပ်လက်တံ ခွဲစိတ်ကိရိယာများ အသုံးပြု၍ ခွဲစိတ်ဆရာဝန်သည် စက်ရုပ်လက်တံ ထိန်းချုပ်ခုံမှတစ်ဆင့် ခွဲစိတ်ခြင်းဖြစ်သည်
- ယေဘုယျအားဖြင့် ခွဲကြောင်းပေး၍ ခွဲစိတ်ခြင်း သို့မဟုတ် မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်းထက် ခွဲစိတ်ချိန် ပိုမိုကြာမြင့်သည်
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အူကျွံခြင်းတိုင်းကို ချက်ချင်း ခွဲစိတ်ရန် မလိုအပ်သော်လည်း အများစုမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာတတ်သောကြောင့် နောက်ဆုံးတွင် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်မည်ဖြစ်သည်။
အောက်ပါ အခြေအနေများတွင် ခွဲစိတ်ကုသမှု လိုအပ်သည်။
- မသက်မသာရောဂါလက္ခဏာပြသော အူကျွံခြင်း
- အူကျွံရာမှ ပြန်ဝင်ရာတွင် ခက်ခဲမှုရှိလာခြင်း၊ အချိန်ပိုယူလာရခြင်း
(အူကျွံခြင်းအစပိုင်းတွင် အလုံးအဖုအဖြစ် ဖောင်း၍ ထွက်လာပြီး၊ ချက်ချင်း လွယ်ကူစွာ သူ့အလိုလိုပြန်ဝင်သွားသည် ကိုတွေ့ရတတ်ပြီး ချက်ချင်းခွဲစိတ်ရန်မလိုအပ်ပါ) - တွန်းဖိထားသကဲ့သို့ သို့မဟုတ် နာကျင်မှုကဲ့သို့သော မသက်မသာ လက္ခဏာများ ခံစားရခြင်း
[ဥပမာ _ အမျိုးသားများတွင် ပေါင်ခြံ၌ အူကျွံခြင်း (Inguinal hernia) သည် ကပ်ပယ်အိတ် (scrotum) အတွင်းသို့ ကျွံဆင်းသွားပါက ရောင်ရမ်းခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာတတ်သည်]
- အူကျွံရာမှ ပြန်ဝင်ရာတွင် ခက်ခဲမှုရှိလာခြင်း၊ အချိန်ပိုယူလာရခြင်း
- နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်သော သို့မဟုတ် ဖြစ်နေသော အူကျွံခြင်း
- အူကျွံသည့် တည်နေရာအနီးတစ်ဝိုက်ရှိ ကိုယ်တွင်းအင်္ဂါများအား တွန်းဖိထားခြင်း
- အူကျွံရာမှ ပြန်မဝင်တော့ခြင်း
- အူပိတ်ခြင်း
- အူပုပ်ခြင်း စသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်ခြေများခြင်း သို့မဟုတ် ဖြစ်နေခြင်း
(ဥပမာ _ ကလေးငယ်များတွင် ပေါင်ခြံ၌ အူကျွံခြင်းဖြစ်ပါက အူညပ်နိုင်ခြေများသောကြောင့် အမြန်ဆုံး ခွဲစိတ်ကုသရန် လိုအပ်သည်)
ကြိုတင်သိရှိထားရမည့်အချက်များ
- ဆေးဝါးနှင့်ဓာတ်မတည့်မှုများ
- မခွဲစိတ်မီ လက်ရှိသောက်သုံးနေသော ဆေးဝါးများ (အကိုက်အခဲပျောက်ဆေး၊ ဖြည့်စွက်စာ၊ သွေးကျဲဆေး စသည်) နှင့် ဓာတ်မတည့်မှုရာဇဝင်ကို ဆရာဝန်အား အသေးစိတ်ပြောပြရန်
- ကျန်းမာရေးရာဇဝင်စစ်ဆေးခြင်း
- နာတာရှည်ရောဂါများ (ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသည်း၊ ကျောက်ကပ်စသည်)၊ သွေးမတိတ်ရောဂါ၊ ခွဲစိတ်မှုနှင့် မိသားစုရာဇဝင်ရှိပါက ကြိုတင်အသိပေးရန်
- ယခင်က ခွဲစိတ်ဖူးပါက နောက်ဆက်တွဲပြဿနာများ ရှိမရှိကို ပြောပြဆွေးနွေးရန်
- ကြိုတင်စစ်ဆေးမှုများ
- ခွဲစိတ်မှု၏ အကျိုးကျေးဇူးနှင့်အန္တရာယ်များ
- ခွဲစိတ်ခြင်း၏ ရည်ရွယ်ချက်၊ အောင်မြင်နိုင်ခြေ၊ ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများ (ဥပမာ _ သွေးထွက်လွန်ခြင်း၊ ပိုးဝင်ခြင်း၊ မေ့ဆေးနှင့်ဓာတ်မတည့်ခြင်း၊ အနီးပတ်ဝန်းကျင် အစိတ်အပိုင်းများထိခိုက်ခြင်း)၊ ပြန်လည်နာလန်ထူမည့်ကာလ၊ ပုံမှန်လှုပ်ရှားနိုင်မည့်အချိန် စသည့် ဆရာဝန်မှ ရှင်းပြချက်များနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဆွေးနွေးရန်
- ခွဲစိတ်မှုမတိုင်မီ ပြင်ဆင်ရန် လိုအပ်ချက်များ
- အစားအသောက်နှင့် အချို့သောဆေးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ကြိုတင်ရပ်ရန် [ဥပမာ _ အက်စ်ပရင်၊ အိုင်ဗျူပရိုဖဲင်၊ Warfarin ကဲ့သို့သော ဆေးများကို ခွဲစိတ်မှုမတိုင်မီ (၅) ရက်ခန့် ကြိုတင်ရပ်ထားရန် လိုအပ်သည်]
- ခွဲစိတ်မှုအတွက် သဘောတူညီချက်
- ဆရာဝန်မှ လိုအပ်သည်များရှင်းပြပြီးနောက် လူနာမှ ခွဲစိတ်မှုအတွက် သဘောတူညီချက် ပေးရန်တို့ဖြစ်သည်။
ခွဲစိတ်ကုသပုံအဆင့်ဆင့်
မခွဲစိတ်မီ
- အစာနှင့် အရည် ကြိုတင်ရှောင်ခြင်း
ခွဲစိတ်မှု မပြုလုပ်မီ ဆရာဝန်ညွှန်ကြားချက်အတိုင်း နာရီပိုင်းမျှ အစာနှင့်အရည်များ ဖြတ်ထားရန် လိုအပ်သည် - တစ်ကိုယ်ရေ သန့်ရှင်းရေး
ဆေးရုံသို့ မလာရောက်မီ ရေချိုးခြင်း ပြုလုပ်သင့်သည်
ခွဲစိတ်စဥ်
ခွဲစိတ်မှု လုပ်ငန်းစဉ်သည် ခွဲစိတ်မှု အမျိုးအစားအလိုက် ကွဲပြားနိုင်သည်။
- ကြာချိန်
- ရိုးရှင်းသော ပြုပြင်မှုများအတွက် မိနစ် (၃၀) မှ တစ်နာရီခန့်သာ ကြာမြင့်နိုင်ပြီး ပိုမို ရှုပ်ထွေးသော ခွဲစိတ်ပြုပြင်မှုများအတွက် (၅) နာရီအထိ ကြာမြင့်နိုင်သည်
- မေ့ဆေး (သို့မဟုတ်) ထုံဆေး ပေးခြင်း
- မှန်ပြောင်းဖြင့် ခွဲစိတ်ရာတွင် မေ့ဆေး (general anesthesia) ကို အသုံးပြုရသည်
- ခွဲကြောင်းပေး၍ ခွဲစိတ် (Open Hernia Surgery) ရာတွင် ခါးဆစ်ရိုးထုံဆေးကဲ့သို့ ခွဲစိတ်မည့် ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ထုံဆေး (Regional anaesthesia) ဖြင့် ခွဲစိတ်နိုင်သည်။ လူနာ နိုးနေသော်လည်း ခွဲစိတ်သည့် နေရာတွင် နာကျင်မှု ရှိမည်မဟုတ်ပါ။ နာကျင်မှု ခံစားရပါက ဆရာဝန်အား ချက်ချင်း အသိပေးရမည်။
- ခွဲစိတ်ခြင်း
- ခွဲစိတ်ကုသရာတွင်
- ကျွံထွက်နေသော ကိုယ်တွင်းအင်္ဂါနှင့် တစ်ရှူးများကို မူလတည်နေရာသို့ ပြန်လည် တွန်းသွင်းပေးခြင်း
- အူကျွံသည့်အပေါက် နှင့် လမ်းကြောင်းအား မိမိခန္ဓာကိုယ်မှ အသားတစ်ရှူး (ကြွက်သား) သို့မဟုတ် ချုပ်ကြိုးအသုံးပြု၍ ပိတ်ပစ်ခြင်း
- အားပျော့နေသော ကြွက်သားအား ချုပ်ရိုးများ သို့မဟုတ် အထူးပြုလုပ်ထားသည့် စကာ (surgical mesh) များကို အသုံးပြုကာ အားဖြည့်ပေးခြင်း စသည်ဖြင့် အဆင့်ဆင့် ပြုပြင်ခွဲစိတ်မည်ဖြစ်သည်။
- ခွဲစိတ်ကုသရာတွင် အူညပ်၍ အူပုပ်နေပါက ထိုအပိုင်းကို ဖြတ်ထုတ်ကာ အူပြန်ဆက်ရန် လိုအပ်သည်
- ခွဲစိတ်မှုပြီးပါက ခွဲကြောင်း သို့မဟုတ် ဖောက်ထားသော အပေါက်ငယ်များကို ချုပ်ကြိုး သို့မဟုတ် Stapler ဖြင့် ပြန်ပိတ်မည်ဖြစ်သည်
- ထို့နောက် အနာအပေါ်မှ ပတ်တီး၊ ပလတ်စတာတို့ကို အုပ်မည်ဖြစ်သည်
- ခွဲစိတ်ကုသရာတွင်
ခွဲစိတ်ပြီးနောက်
- လူနာကို စောင့်ကြည့်ခန်းထဲတွင် မေ့ဆေးပျယ်၍ ကောင်းမွန်စွာသတိရသည်အထိ စောင့်ကြပ်ကြည့်ရှု ကုသမှုပေးမည်
- ခွဲစိတ်မှုပြုလုပ်သည့် အမျိုးအစားပေါ်မူတည်၍ နေ့ချင်းပြန်ခွဲစိတ်မှုပြုလုပ်နိုင်သကဲ့သို့ ဆေးရုံတက်ရောက်ရသည်များလည်းရှိသည်
- နာကျင်မှု သက်သာစေရန် ရက်အနည်းငယ် မှ ရက်သတ္တပတ် အနည်းငယ်အထိ အကိုက်အခဲပျောက်ဆေးများ သောက်သုံးရန် လိုအပ်နိုင်သည်
- ဒဏ်ရာတစ်ဝိုက်တွင် နာကျင်ခြင်း (ရက်အနည်းငယ်)၊ သွေးထွက်ခြင်း (၂ ရက်ခန့်)၊ ဒဏ်ရာ သို့မဟုတ် လိင်အင်္ဂါတစ်ဝိုက်တွင် သွေးခြည်ဥ၍ အညိုအမည်းစွဲခြင်း သို့မဟုတ် ရောင်ရမ်းခြင်း (၂ ပတ်ခန့်) တို့ ဖြစ်ပေါ်နိုင်သည်၊ အမျိုးသားများတွင် အညိုအမည်းစွဲခြင်းသည် ကပ်ပယ်အိတ်အထိ ရောက်ရှိနိုင်သည်
- မှန်ပြောင်းဖြင့် ခွဲစိတ်ထားပါက ဝမ်းခေါင်းအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်လေ သွင်း၍ ခွဲစိတ်ရသောကြောင့် ဝမ်းဗိုက်ဖောင်းခြင်း သို့မဟုတ် ပခုံးနာကျင်ခြင်း (၂ ရက်ခန့်) ဖြစ်နိုင်သည်၊ ဒဏ်ရာအောက်ပိုင်း ထုံကျဥ်နေခြင်းလည်း ဖြစ်နိုင်ပြီး အများအားဖြင့် ပြန်ကောင်းလာမည်ဖြစ်သည်
နောက်ဆက်တွဲဆိုးကျိုးများ
ယေဘုယျအားဖြင့် အူကျွံရောဂါ ခွဲစိတ်ကုသခြင်းသည် အန္တရာယ်ကင်းသော ခွဲစိတ်မှု ဖြစ်သော်လည်း အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေ အနည်းငယ်ရှိသည်။
- ခွဲစိတ်ဒဏ်ရာတွင် ပိုးဝင်ခြင်း
- အနာ မန်းရည်စုခြင်း (Seroma)
- ခွဲစိတ်အနာ အနီးတစ်ဝိုက်တွင် သွေးခဲစုခြင်း
- အနီးနားရှိ တစ်ရှူးများ၊ ကိုယ်တွင်းအင်္ဂါများ သို့မဟုတ် သွေးကြောများ ခွဲစိတ်စဥ် ထိခိုက်ဒဏ်ရာရခြင်း
- ဆီးသွားရန် ခက်ခဲခြင်း (အချိန်တိုအတွင်း ပိုက်သွင်းရန် လိုအပ်နိုင်သည်)
- အထူးပြုလုပ်ထားသည့် စကာ ထည့်သွင်းထားသော အတွင်းပိုင်း တစ်ရှူးများ၌ ပိုးဝင်ခြင်း
- ခွဲစိတ်ဒဏ်ရာတွင် အဖု သို့မဟုတ် ရောင်ရမ်းမှု ဖြစ်ပေါ်နေခြင်း (ရက်သတ္တပတ် သို့မဟုတ် လများစွာ ကြာနိုင်သည်)
- ထပ်မံ အူကျွံခြင်း (Recurrence)
- အူ ထပ်မံကျွံနိုင်ခြေ အလွန်နည်းပါးသော်လည်း ပထမအကြိမ် ခွဲစိတ်ပြီးနောက် (၁၀) နှစ်အတွင်း လူနာ (၁၆%) ခန့်သည် ထပ်မံခွဲစိတ်ရန် လိုအပ်နိုင်ကြောင်း လေ့လာမှုများအရ သိရသည်
- နာတာရှည် နာကျင်မှု ခံစားရခြင်း (Post-herniorrhaphy neuralgia)
- ခွဲစိတ်ပြီးနောက် သုံးလထက် ပိုကြာအောင် ခွဲစိတ်ဒဏ်ရာတစ်ဝိုက်တွင် နာကျင်မှု ခံစားရတတ်သည်
- ဖြစ်ပွါးပါက ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် မသက်သာပါက ခွဲစိတ်မှု ထပ်မံလိုအပ်နိုင်သည်
လိုက်နာဆောင်ရွက်ရမည့်အချက်များ
- ကိုယ်လက်လှုပ်ရှားမှု
- ခွဲစိတ်ပြီး နောက်တစ်နေ့မှစ၍ လမ်းလျှောက်ခြင်းကဲ့သို့သော ပေါ့ပါးသော လေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်နိုင်ပြီး တဖြည်းဖြည်းချင်း လှုပ်ရှားမှုကို အဆင့်မြှင့်တင်ပါ၊ လှုပ်ရှားမှုသည် အနာကျက်ခြင်းကို ပိုမိုမြန်ဆန်စေပြီး ကြွက်သားများ တောင့်တင်းခြင်းကို လျော့ပါးစေသည်
- အနည်းဆုံး (၄)ပတ် မှ (၆)ပတ် သို့မဟုတ် (၃) လခန့်အထိ လေးလံသောအရာများကို မ ခြင်း သို့မဟုတ် အားစိုက်ရသော လှုပ်ရှားမှုများကို ရှောင်ပါ
- အလုပ်ပြန်ဝင်ခြင်း
- စားပွဲခုံတွင် ထိုင်ရသော ပေါ့ပါးသည့် အလုပ်များအတွက် ရက်အနည်းငယ် သို့မဟုတ် (၁)ပတ် မှ (၃)ပတ်အတွင်း ပြန်ဝင်နိုင်သည်။ လေးလံသော အရာများကို မ ရသော အလုပ်မျိုးအတွက် ရက်သတ္တပတ် အနည်းငယ် သို့မဟုတ် (၄)ပတ် မှ (၆)ပတ်အထိ အနားယူရန် လိုအပ်သည်
- ခွဲစိတ်အနာအား ဂရုပြုစောင့်ရှောက်ခြင်း
- ဒဏ်ရာ သို့မဟုတ် ပတ်တီးကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ
- ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ရယ်မောခြင်း၊ မတ်တတ်ရပ်ခြင်း သို့မဟုတ် ထိုင်ချခြင်း ပြုလုပ်သည့်အခါ နာကျင်မှု သက်သာစေရန် ဒဏ်ရာပေါ်တွင် လက်ဖြင့် အုပ်၍ ထိန်းထားပေးပါ [ဘောင်းဘီတိုပုံစံ အတွင်းခံ သို့မဟုတ် အားကစားသမားများ အသုံးပြုသည့် အတွင်းခံ (athletic supporter) ဝတ်ဆင်ခြင်းသည် ခွဲစိတ်ပြီးနောက် မသက်မသာဖြစ်မှုကို လျော့နည်းစေနိုင်သည်]
- ဒဏ်ရာကို ပွတ်တိုက်ခြင်း၊ ကုတ်ခြစ်ခြင်း မပြုလုပ်ရ၊ ဒဏ်ရာပေါ်တွင် ဆီမလိမ်းရ၊ အမှုန့် သို့မဟုတ် အရေပြားအတွက်သုံးသော လိုရှင်း (lotion) များ မလိမ်းရ
- တစ်ကိုယ်ရေ သန့်ရှင်းမှု
- အနာကျက်ရန် (၂) ပတ်ခန့် ကြာမြင့်နိုင်သောကြောင့် ရေချိုးကန်ထဲတွင် ရေစိမ်ခြင်း၊ ရေကူးခြင်း သို့မဟုတ် ရေပူစည်များ (hot tubs) ကို ရှောင်ပါ
- ရေလုံပလတ်စတာ အုပ်ထားပါက ခွဲစိတ်ပြီး (၂၄) နာရီအကြာတွင် ရေမွှေးမပါသော ဆပ်ပြာအပျော့စားဖြင့် ရေချိုးနိုင်ပြီး နူးညံ့သော အဝတ်ဖြင့် ဒဏ်ရာနေရာကို ညင်သာစွာ ခြောက်အောင် သုတ်ပါ
- ဝမ်းချုပ်ခြင်း
- ဝမ်းမချုပ်စေရန် အစိမ်းရောင်ရှိသောအရွက်များ၊ သစ်သီးများနှင့် ဂျုံ၊ ကောက်ပဲသီးနှံများကဲ့သို့ အမျှင်ဓာတ်များသော အစားအစာများကို စားသုံးပါ
- တစ်နေ့လျှင် ရေ (၈) ခွက်ခန့် သောက်ပါ
- လိင်ဆက်ဆံခြင်း
- အနာသက်သောင့်သက်သာ ရှိပါက (၂)ပတ် မှ (၄)ပတ်အတွင်း ပြန်လည်စတင်နိုင်သည် သို့မဟုတ် ဆရာဝန်၏ အကြံပေးချက်အတိုင်း လိုက်နာပါ
- ယာဉ်မောင်းခြင်း
- ခွဲစိတ်ပြီး ပထမတစ်ပတ်အတွက် ယာဉ်မောင်းခြင်းကို ရှောင်ပါ၊ ယာဉ်မောင်းရန် ခွင့်ပြုချိန်ကို သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ထံ မေးမြန်းပါ
- ဝတ်စားဆင်ယင်မှု
- ဒဏ်ရာကို ထိခိုက်စေနိုင်သည့် ကျပ်လွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ပါ
- ဆေးလိပ်သောက်ခြင်း
- ဆေးလိပ်သောက်ခြင်းသည် သွေးလည်ပတ်မှုကို ထိခိုက်စေပြီး အနာကျက်နှုန်းကို နှေးစေနိုင်သောကြောင့် ရှောင်ပါ
- ဆီးညှစ် ဝမ်းညှစ်ခြင်း
- ဆီးသွားသည့်အခါ သို့မဟုတ် ဝမ်းသွားသည့်အခါ အားစိုက် ညှစ်ခြင်းကို ရှောင်ပါ
ခွဲစိတ်ဒဏ်ရာမှ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ ပူခြင်း၊ နီခြင်း၊ အဖျားကြီးခြင်း၊ အသက်ရှူရခက်ခြင်း စသည့်အခြေအနေများသည် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
References:
- Cleveland Clinic. (2023). Hernia repair surgery. Retrieved October 8, 2025, from https://my.clevelandclinic.org/health/procedures/17967-hernia-repair-surgery
- NHS. (2025). Inguinal hernia repair. Retrieved October 8, 2025, from https://www.nhs.uk/tests-and-treatments/inguinal-hernia-repair/
- Singapore General Hospital. (n.d.). Preparing for hernia surgery. Retrieved October 8, 2025, from https://www.sgh.com.sg/our-specialties/upper-gastrointestinal-and-bariatric-surgery/preparing-for-hernia-surgery
Published: 15 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.