အစာဟောင်းအိမ် (rectum) နှင့် စအိုလမ်းကြောင်း (anal canal) ရောဂါများကို စစ်ဆေးရန် ပြုလုပ်သည့် စမ်းသပ်မှုဖြစ်သည်။ အမျိုးသားများတွင် ဆီးကျိတ်ဂလင်းရောဂါနှင့် အမျိုးသမီးများတွင် မီးယပ်ရောဂါများကို သိရှိနိုင်ရန် စအိုအတွင်း လက်ချောင်းဖြင့် စမ်းသပ်ခြင်းပြုလုပ်သည်။ အထူးသဖြင့် ခွဲစိတ်အထူးကုဆရာဝန်၊ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုသမားတော်၊ သားဖွားမီးယပ် အထူးကုဆရာဝန်၊ မိသားစုဆရာဝန်စသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ ပြုလုပ်သည့် စမ်းသပ်စစ်ဆေးမှုတစ်ခုဖြစ်သည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်ဖော်ပြပါ ရောဂါအခြေအနေများ ရှာဖွေစစ်ဆေးရာတွင် အထောက်အကူပြုသည်။
- လိပ်ခေါင်းရောဂါ (Piles or haemorrhoids)
- စအိုကွဲအနာ (Anal fissure) (စအိုကွဲ အနာသည် နာကျင်နေပါက လက်ညှိုးထည့် စမ်းသပ်လေ့မရှိပါ)
- ဂရင်ဂျီနာ (Fistula in ano)
- အစာဟောင်းအိမ်ကင်ဆာ (Rectal cancer)
- နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory bowel disease)
- ဝမ်းဗိုက်၊ တင်ပါးဆုံကွင်း သို့မဟုတ် ကျောရိုးမကြီး ထိခိုက်ဒဏ်ရာများနှင့် အာရုံကြောဆိုင်ရာ ပြဿနာများ
- ဆီးကျိတ်ဂလင်းရောဂါများ
- မီးယပ်ရောဂါများ စသည်တို့ဖြစ်သည်။
ထို့အပြင်
- ဝမ်းသွားလျှင် သွေးပါခြင်း
- ဝမ်းသွားသည့် အမူအကျင့်ပြောင်းလဲလာခြင်း (Change in bowel habits)
- ဝမ်း မထိန်းနိုင်ခြင်း
- ဆီး မထိန်းနိုင်ခြင်း
- ဆီးတွင် သွေး သို့မဟုတ် အချွဲပါခြင်း စသည့် ရောဂါလက္ခဏာများရှိပါက ဖြစ်ရသည့်အကြောင်းရင်းကို ရှာဖွေရန် စအိုအတွင်း လက်ချောင်းထည့် စမ်းသပ်သည်။
အထက်ပါအခြေအနေများ မရှိသော်လည်း ဆရာဝန်အနေဖြင့် လူနာအား တကိုယ်လုံးစမ်းသပ်ခြင်း (Physical examination) ပြုလုပ်ပြီး၊ စမ်းသပ်တွေ့ရှိချက်များအရ စအိုနှင့် အစာဟောင်းအိမ်တွင် ရောဂါရှိနိုင်သည် (ဥပမာ _ ကင်ဆာ) ဟုယူဆပါက စအိုတွင်းလက်ချောင်းထည့် စမ်းသပ်ရန် လိုအပ်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
စမ်းသပ်စစ်ဆေးရန် ပြင်ဆင်ခြင်း
မစမ်းသပ်မီ ထူးထူးခြားခြား ပြင်ဆင်ရန် မလိုအပ်ပါ။ သို့သော် မိမိစအို အလွန်နာကျင်နေပါက သို့မဟုတ် လိပ်ခေါင်းရောဂါ၊ စအိုကွဲအနာ ရှိပါက ဆရာဝန်အား ကြိုတင်အသိပေးရန် လိုအပ်သည်။
ထို့နောက် ဆရာဝန်မှ စမ်းသပ်စစ်ဆေးပုံကို ရှင်းလင်းပြောပြမည်ဖြစ်ပြီး မိမိသိလိုသည်များကို ပြန်လည်မေးမြန်းရန် လိုအပ်သည်။ သီးသန့်လူနာစမ်းသပ်ခန်း သို့မဟုတ် လုံခြုံစွာကာရံထားသော စမ်းသပ်ခန်းတွင် ပြုလုပ်သည်။
စမ်းသပ်စစ်ဆေးပုံ
စအိုတွင်းသို့ လက်ထည့်စမ်းသပ်စစ်ဆေးမှုသည် မိနစ်ပိုင်းမျှသာ ကြာမြင့်ပြီး ပုံမှန်အားဖြင့် နာကျင်မှုမရှိပါ။ သို့သော် အနည်းငယ် သက်သောင့်သက်သာမဖြစ်ခြင်းနှင့် အချို့သူများတွင် ဆီးသွားချင်သကဲ့သို့ ခံစားရခြင်းများ ဖြစ်နိုင်သည်။
မိသားစုဝင်၊ မိတ်ဆွေသူငယ်ချင်း သို့မဟုတ် သူနာပြု တစ်ဦးဦးကို လူနာအဖော်အဖြစ် ထားရှိနိုင်သည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်မှာ_
- ပုံမှန်အားဖြင့် လူနာခုတင်ပေါ်တွင် ဘယ်ဘက်သို့ ဘေးတစ်စောင်းလှဲကာ ဒူးနှစ်ဖက်ကို ရင်ဘတ်ထိသည်အထိ ကွေးထားပြီး တင်ပါးကို ခုတင်အစွန်းတွင် တင်ထားသည့်အနေအထားဖြင့် စမ်းသပ်လေ့ရှိသည်၊ လိုအပ်ပါက လူနာ သက်သောင့်သက်သာရှိစေရန် အခြားအနေအထားဖြင့်လည်း စမ်းသပ်နိုင်သည်
- တင်ပါးနှစ်ဖက်ကို ဟ၍ စအိုဝအပြင်ဘက်တစ်ဝိုက်ကို ကြည့်ရှုစစ်ဆေးသည်
- ထို့နောက် ထုံဆေးချောဆီ သုတ်လိမ်းထားသည့် လက်အိတ်ဝတ်ထားသော လက်ညိုးကို စအိုဝအတွင်းသို့ ဖြည်းညင်းစွာ ထည့်သွင်းမည်
- ဝမ်းညှစ်သကဲ့သို့ ပြုလုပ်ရန် ညွှန်ကြားပြီး စအိုပတ်လည်ရှိ ဝမ်းထိန်းကြွက်သားများ အခြေအနေ၊ ညှစ်အားစသည်တို့ကို စမ်းသပ်နိုင်သည်
- အစာဟောင်းအိမ်နှင့် စအိုအတွင်း အလုံး၊ အကျိတ်၊ အဖုများ၊ အနာများ ရှိမရှိ စမ်းသပ်သည်၊ အမျိုးသားများတွင် ဆီးကျိတ်ဂလင်းကို ဆက်လက်စမ်းသပ်သည်
စမ်းသပ်မှုပြီးနောက်
စအိုအတွင်း လက်ညှိုးဖြင့် စမ်းသပ်ခြင်း ပြီးဆုံးပါက နေ့စဥ် ပုံမှန်လုပ်ငန်းဆောင်တာများကို ချက်ချင်း ပြန်လည်ဆောင်ရွက်နိုင်သည်၊ တစ်ခါတစ်ရံ စအိုဝမှ သွေးအနည်းငယ် ယိုစိမ့်နိုင်သည်၊ သွေးအထွက်များလျှင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားရမည်
“အမရဲ့ အဘွားက ဝမ်းအရမ်းလျှောပြီး အသက်အန္တရယ်နဲ့ ကြုံနေရတဲ့ အချိန်မှာ Stool C&S အဖြေရဖို့ကို ၃ရက် ၄ရက် စောင့်ဖို့ အချိန်မရတော့ Right Lab မှာ Stool PCR ရလို့ စစ်လိုက်တာ ရက်ချင်းတွင်း အဖြေရပြီး အချိန်မီ ကုသမှုရသွားတဲ့ အတွက် Stool PCR service ပေးတဲ့ Right Lab ကို အရမ်း ကျေးဇူးတင်ပါတယ်။”
ဒေါ်ကေခိုင်ဝင်း ၊ ၃၇ နှစ် ၊ လမ်းမတော်
နောက်ဆက်တွဲဆိုးကျိုးများ
ပုံမှန်အားဖြင့် လက်ညှိုးဖြင့် စအိုအတွင်းစမ်းသပ်မှုသည် အနည်းငယ် မသက်မသာဖြစ်ခြင်းမှလွဲ၍ အလွန်စိတ်ချရပြီး အန္တရာယ်ကင်းသည်။ အဖြစ်များသော နောက်ဆက်တွဲပြဿနာများမှာ_
- နာကျင်မှု – ထုံဆေးချောဆီ သုတ်လိမ်းထားသော လက်ညှိုးထည့်သွင်းချိန်တွင် အနည်းငယ်နာကျင်နိုင်သည်၊ ယင်းနာကျင်မှုသည် ခဏတာမျှဖြစ်ပြီး စမ်းသပ်မှုပြီးချိန်တွင် ချက်ချင်း သက်သာသွားမည်
- စအိုနှင့်အစာဟောင်းအိမ်မှ သွေးယိုစိမ့်ခြင်း – လိပ်ခေါင်းရောဂါ သို့မဟုတ် စအိုကွဲအနာရှိပါက ပိုမို၍ သွေးယိုစိမ့်နိုင်သည်
- ပိုးဝင်ခြင်း – ကိုယ်ခန္ဓာအတွင်းသို့ ထည့်သွင်းစမ်းသပ်ရသော စစ်ဆေးမှုတိုင်းတွင် ပိုးဝင်နိုင်သည်၊ ပိုးသတ်ထားသောလက်အိတ်ကို အသုံးပြုခြင်းဖြင့် ဖြစ်ပွါးမှုကို လျှော့ချနိုင်သည်
သိရှိနိုင်သော အဖြေများ
တွေ့ရှိချက်များကို စမ်းသပ်မှုပြီးချိန်တွင် ဆရာဝန်မှ ချက်ချင်းရှင်းလင်းပြောကြားမည်။
- ပုံမှန်ရလဒ်
- ဆရာဝန်မှ ရောဂါသံသယဖြစ်စရာ မရှိပါက မရှိကြောင်း၊ စအိုနှင့် အစာဟောင်းအိမ်အောက်ပိုင်းနံရံ၊ ကြွက်သားအနေအထား၊ ညှစ်အားတို့ ပုံမှန်ရှိနေကြောင်း ရှင်းပြမည်
- သို့သော် ရောဂါရှာဖွေရန်အတွက် အခြားစစ်ဆေးမှုများ ထပ်မံလိုအပ်ပါက ညွှန်ကြားလိမ့်မည်
- မူမမှန်ရလဒ်
- ဥပမာ _ သွေးပါခြင်း၊ အလုံးအကျိတ် တွေ့ရှိခြင်း၊ အနာ၊ လိပ်ခေါင်းရှိခြင်း သို့မဟုတ် မခံမရပ်နိုင်အောင် နာကျင်ခြင်း စသည်တို့ဖြစ်သည်၊ တွေ့ရှိချက်အလိုက် လိုအပ်သည်များ ဆက်လက်စစ်ဆေးရန် သက်ဆိုင်ရာဆရာဝန်မှ ဆွေးနွေးပြောကြားမည်
ကြိုတင်သိရှိထားသင့်သည့် အချက်များ
- သက်သောင့်သက်သာမရှိခြင်း – စမ်းသပ်နေစဥ် မသက်မသာ ခံစားရခြင်းနှင့် ရှက်ရွံ့စိုးထိတ်ခြင်းများ ခံစားရနိုင်သည် (မစမ်းသပ်မီ ကြိုတင်ရှင်းပြထားပါက ထိုလက္ခဏာများ ခံစားရလေ့မရှိတတ်ပါ)
- လူနာအခြေအနေ – ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်ရှိသူများတွင် စအိုအတွင်း လက်ညှိုးဖြင့် စမ်းသပ်ရန် ခက်ခဲသည်
- ရောဂါရှာဖွေနိုင်မှု – အစာအိမ်နှင့် အူလမ်းကြောင်းအထက်ပိုင်းရှိ ရောဂါများ၊ သေးငယ်သော အလုံးအကျိတ်များ၊ အစာဟောင်းအိမ်အထက်ပိုင်းရှိ ကင်ဆာအကျိတ်များနှင့် အသားပိုများစသည့် ရောဂါအခြေအနေများကို စအိုအတွင်း လက်ချောင်းဖြင့် စမ်းသပ်ရုံဖြင့် မသိရှိနိုင်ပါ
References:
- Cleveland Clinic. (n.d.). Digital rectal exam. Retrieved January 10, 2026, from https://my.clevelandclinic.org/health/diagnostics/24212-digital-rectal-exam#test-details
- Mayo Clinic. (n.d.). Digital rectal exam (image). Retrieved January 10, 2026, from https://www.mayoclinic.org/diseases-conditions/prostate-cancer/multimedia/digital-rectal-exam/img-20006434
- National Health Service (NHS). (n.d.). Rectal examination. Retrieved January 10, 2026, from https://www.nhs.uk/conditions/rectal-examination
Published: 26 December 2024
Last updated: 15 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
