Ataxia (ဟန်ချက်မထိန်းနိုင်ခြင်း)

Ataxia (ဟန်ချက်မထိန်းနိုင်ခြင်း)

ဟန်ချက်မထိန်းနိုင်ခြင်း (Ataxia) ဆိုသည်မှာ ကြွက်သားများ ပေါင်းစည်းလှုပ်ရှားမှုကို ဟန်ချက်ညီအောင် မထိန်းချုပ်နိုင်သဖြင့်၊ ခန္ဓာကိုယ်လှုပ်ရှားမှုများ ချောမွေ့တိကျစွာ မလုပ်ဆောင်နိုင်သော ရောဂါအခြေအနေကို ခြုံငုံခေါ်ဆိုခြင်းဖြစ်သည်။ ၎င်းကို ဦးနှောက်အာရုံကြောဆိုင်ရာရောဂါများ၏ အဓိကလက္ခဏာတစ်ခုအနေဖြင့် တွေ့ရနိုင်သလို၊ အခြားရောဂါလက္ခဏာများနှင့်လည်း တွဲ၍ဖြစ်ပေါ်တတ်သည်။

ထိုကဲ့သို့ ဟန်ချက်မထိန်းနိုင်ဖြစ်လာသောအခါ ကြွက်သားများ ဟန်ချက်ညီညီ ပေါင်းစည်းလှုပ်ရှားရန် လိုအပ်သော လမ်းလျှောက်ခြင်း၊ ဘယ်ညာဟန်ချက်ထိန်းခြင်း၊ လက်လှုပ်ရှားခြင်း၊ စကားပြောခြင်း၊ မျက်လုံးလှုပ်ရှားခြင်းစသည့် ကိုယ်ခန္ဓာလှုပ်ရှားမှုများကို ခက်ခဲစေသည်။

ပုံမှန်အားဖြင့် ဦးနှောက်၏အစိတ်အပိုင်းတစ်ခုဖြစ်သော ဦးနှောက်ငယ် (Cerebellum) သည် ကြွက်သားများ၏ ပေါင်းစပ်လှုပ်ရှားမှုကို အဓိကထိန်းချုပ်ပေးပြီး၊ အာရုံကြောစနစ်များနှင့် နားတွင်းရှိ ဟန်ချက်ထိန်းဧရိယာများက ဝိုင်းဝန်းကူညီပေးသည်။ ထိုနေရာများတွင် ဖြစ်ပေါ်သော ရောဂါအခြေအနေများနှင့် အချို့သော ဆေးဝါးများသည် Ataxia ကို ဖြစ်စေသည်။

Ataxia အခြေအနေကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ အချို့သောအကြောင်းရင်းများကို ကုသနိုင်ကာ ပြန်လည်သက်သာနိုင်သော်လည်း၊ အချို့အကြောင်းရင်းများကိုမူ ပျောက်ကင်းအောင် မကုသနိုင်ပါ။ ထိုအခါ လှုပ်ရှားမှုများ ချောမွေ့စေရန် အထောက်အကူပြုပစ္စည်းများ အသုံးပြုခြင်းနှင့် ပြန်လည်သန်စွမ်း‌ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့ လိုအပ်သည်။

အမျိုးအစားများ

ရောဂါဖြစ်ပွားသော ခန္ဓာကိုယ်နှင့် ဦးနှောက်အစိတ်အပိုင်းပေါ် မူတည်၍ အဓိကအားဖြင့် (၃) မျိုး ခွဲခြားနိုင်သည်။

  • ဦး‌နှောက်ငယ် ထိခိုက်ခြင်းကြောင့်ဖြစ်သော Ataxia (Cerebellar Ataxia)
  • အာရုံခံ အာရုံကြောစနစ် ထိခိုက်ခြင်းကြောင့်ဖြစ်သော Ataxia (Sensory Ataxia)
  • အတွင်းနားရှိ ဟန်ချက်ထိန်းနေရာ ထိခိုက်ခြင်းကြောင့်ဖြစ်သော Ataxia (Vestibular Ataxia)
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
  1. မျိုးရိုးလိုက်၍ ဖြစ်ပေါ်သော မွေးရာပါရောဂါများ (Hereditary causes)
    မိဘထံမှ မျိုးဗီဇပြောင်းလဲမှုများကို လက်ဆင့်ကမ်းပြီး မွေးရာပါရောဂါများအနေနှင့် တွေ့ရသည်။
    • Spinocerebellar ataxias
    • Episodic ataxia
    • Friedreich ataxia
    • RFC1-associated ataxia
    • Ataxia-telangiectasia
    • Congenital cerebellar ataxia
    • Wilson’s disease တို့ပါဝင်သည်။
  2. ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်ခြင်း (Acquired causes)
    • အရက်ကို နှစ်ပေါင်းများစွာ အလွန်အကျွံ သောက်ခြင်း
    • အိပ်ဆေးအချို့နှင့် အတက်ကျဆေးအချို့ (Phenytoin)
    • ခဲဓာတ်၊ ပြဒါးဓာတ် အဆိပ်သင့်ခြင်း
    • ဗီတာမင်များ ချို့တဲ့ခြင်း – ဗီတာမင် E, B 12, B 6, B1 စသည်တို့ ချို့တဲ့ခြင်း
    • သိုင်းရွိုက်ဟော်မုန်းနည်းခြင်း
    • လေဖြတ်ခြင်း
    • အာရုံကြောဖုံး အဆီလွှာ ရောင်ရမ်းခြင်း
    • ကိုယ်ခံအားမူမမှန်တုံ့ပြန်ခြင်းကြောင့် ဖြစ်သောရောဂါများ (Coeliac disease, Sarcoidosis)
    • ရောဂါပိုးများ ဝင်ရောက်ခြင်း – HIV ပိုး၊ Lyme disease, Chicken pox
    • ကိုဗစ် – ၁၉ ရောဂါပိုး
    • ဗိုင်းရပ်စ်ပိုးများဝင်ရောက်ပြီးခန္ဓာကိုယ်ခုခံအားနှင့်ဆက်စပ်ဖြစ်ပေါ်လာခြင်း (Acute post viral cerebellar ataxia)
    • ဦးနှောက်တွင်း ကင်ဆာပျံ့ခြင်း
    • ဦးနှောက်အကျိတ်များ (Brain tumors)၊ ပြည်တည်နာများ (Brain abscesses)
    • ဦးခေါင်းထိခိုက်ခြင်း
    • စီပီရောဂါ (Cerebral palsy)
  3. ဦးနှောက်အစိတ်အပိုင်းများ ကျုံ့၍ ပျက်စီးလာခြင်း (Degenerative causes)
    • Multiple system atrophy
ရောဂါဖြစ်နိုင်ခြေများစေသော အချက်များ
  • မိသားစုမျိုးရိုးတွင် ရောဂါရှိခြင်း
  • အရက်အလွန်အကျွံ ကြာကြာသောက်ခြင်း
  • လည်ပင်းကြီးရောဂါများ ရှိခြင်း
  • အာရုံကြောဆိုင်ရာ ရောဂါများရှိခြင်း
  • ကိုယ်ခံအား မူမမှန်တုံ့ပြန်သော ရောဂါများရှိခြင်း
  • ကင်ဆာရောဂါရှိခြင်း
  • အတက်ကျဆေးများ သောက်သုံးရခြင်း
  • ပြဒါးဓာတ်၊ ခဲဓာတ်များ ကိုင်တွယ်လုပ်ကိုင်ရခြင်း
  • ဗီတာမင်ချို့တဲ့ခြင်း
ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများသည် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သကဲ့သို့ အချိန်ကြာမှ ပေါ်လာခြင်းလည်းရှိသည်။ ကြွက်သားများ စုပေါင်းလှုပ်ရှားမှု ချို့ယွင်းခြင်းကြောင့် အောက်ပါလက္ခဏာများ တွေ့နိုင်သည်။

  • လှုပ်ရှားမှုများကို ပြေပြစ်ချောမွေ့စွာ မလုပ်ဆောင်နိုင်ခြင်း
  • ဘယ်ညာ ဟန်ချက်မထိန်းနိုင်တော့သဖြင့် ယိုင်ထိုးနေခြင်း (Imbalance)
  • မတ်တပ်ရပ်စဥ်တွင် ဟန်ချက်ညီ‌အောင် ခြေထောက်နှစ်ဘက်ကား၍ ရပ်နေရခြင်း (wide based gait)
  • လမ်းလျှောက်စဥ် ဒယီးဒယိုင်လျှောက်ခြင်း၊ ဟန်ချက်ညီအောင် ခြေထောက်နှစ်ဖက်ကား၍ ထိန်းလျှောက်ရခြင်း (Waddling gait)
  • ထိုင်နေချိန်တွင် ကိုယ်ခန္ဓာကို ငြိမ်အောင် မထိန်းနိုင်ဘဲ ယိုင်နေခြင်း (Trunk swaying)
  • အသေးစိတ်လှုပ်ရှားမှုများ ဖြစ်သော အစားစားခြင်း၊ စာရေးခြင်း သို့မဟုတ် အင်္ကျီကြယ်သီးတပ်ခြင်းတို့ကို ပြုလုပ်ရာတွင် ခက်ခဲလာခြင်း
  • စကားပြောကြွက်သားများ ထိခိုက်ခြင်းကြောင့် စကားသံပြောင်းလာခြင်း၊ လုံးထွေးလာခြင်း (Dysarthria)
  • မျက်လုံးလှုပ်ရှားမှုများ ထိခိုက်ပြီး မျက်လုံးဘယ်ညာ တုန်နေခြင်း (Nystagmus)
  • လှုပ်ရှားမှုများ ပြုလုပ်ရာတွင် နှေးကွေးခြင်း သို့မဟုတ် လွန်ကဲသွားခြင်း
  • အစာများ မျိုချရာတွင် ခက်ခဲလာခြင်း
  • မျက်စိပိတ်လိုက်ပါက ဟန်ချက်လုံးဝပျက်သွားပြီး လဲကျခြင်း
နောက်ဆက်တွဲပြဿနာများ
  • နေ့စဥ်လှုပ်ရှားသွားလာမှုများကို ကောင်းစွာမလုပ်နိုင်ခြင်းကြောင့် နေ့စဥ်ဘဝနေထိုင်မှုတွင် ခက်ခဲခြင်း
  • ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမနေနိုင်တော့ခြင်း၊ စိတ်ဓာတ်ကျခြင်း
  • မကြာခဏ ချော်လဲကျခြင်း
  • အသက်ရှူရခက်ခဲခြင်း
  • အစာနင်ခြင်း၊ သီးခြင်း
  • အရိုးအဆစ်များ ပုံပြောင်းလာခြင်း (ခါးစောင်းလာခြင်း၊ ခြေဖဝါးခုံးလာခြင်း)
  • နောက်ခံ မျိုးရိုးလိုက်သောရောဂါများကြောင့် သက်တမ်းတိုခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ဟန်ချက်မထိန်းနိုင်ခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ ခြေလက်လှုပ်ရှားမှုများ မထိန်းနိုင်ဘဲ ‌ချော်ထွက်သွားခြင်း၊ အစာမျိုချရ ခက်ခဲခြင်း သို့မဟုတ် စကားပြောလုံးထွေးခြင်း စသည့်လက္ခဏာများ ရုတ်တရက် ဖြစ်ပေါ်လာခြင်း သို့မဟုတ် တဖြည်းဖြည်းဖြစ်ပေါ်ကာ ပိုဆိုးလာခြင်းတို့ဖြစ်ပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက ဦးနှောက်အာရုံကြောအထူးကုထံသို့ လွှဲပြောင်းပေးမည်ဖြစ်သည်။ ထို့အပြင် လေဖြတ်လက္ခဏာများဖြစ်သော ကိုယ်တစ်ခြမ်း ရုတ်တရက်မလှုပ်နိုင်တော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းတို့ တွဲ၍ဖြစ်ပေါ်ပါက အရေးပေါ် ပြသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

Ataxia ကို ဖြစ်စေသော‌ အကြောင်းရင်းရောဂါများကို ရှာဖွေရန်အတွက် ဆရာဝန်မှ ရောဂါလက္ခဏာများ မေးမြန်းခြင်း၊ ကိုယ်ခန္ဓာ စမ်းသပ်ခြင်း၊ အာရုံကြောစနစ်များ စမ်းသပ်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။

ထို့အပြင် အမြင်အာရုံနှင့် မျက်လုံးအိမ်လှုပ်ရှားမှု၊ ကိုယ်ခန္ဓာဟန်ချက်ထိန်းနိုင်မှု၊ လှုပ်ရှားမှု ထိန်းချုပ်နိုင်စွမ်းနှင့် အလိုအလျောက် တုံ့ပြန်မှု (Reflexes) များကို စစ်ဆေးမည်ဖြစ်သည်။ ထို့နောက် ကုသ၍ ရနိုင်သော အကြောင်းရင်းရောဂါများကို ရှာဖွေနိုင်ရန်အတွက် အောက်ပါစစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်မည်ဖြစ်သည်။

  • သွေးစစ်ခြင်း (Blood tests)
    ကုသ၍ ရနိုင်သော အကြောင်းရင်းများ (ဥပမာ_ သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း၊ သွေးတွင်း ပြဒါးဓာတ်၊ ခဲဓာတ်များ စစ်ဆေးခြင်း၊ ဆေးဝါးပမာဏ တိုင်းတာခြင်း) ကို ရှာဖွေရာ၌ အထောက်အကူပြုသည်။
  • သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
    ဦးနှောက်ကို သံလိုက်ဓာတ်မှန်ရိုက်၍ ပုံရိပ်ဖော်စစ်ဆေးခြင်းဖြင့် ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများကို ရှာဖွေနိုင်သည်။ ထိုစစ်ဆေးမှုသည် ဦးနှောက်ငယ် (cerebellum) နှင့် အခြားဦးနှောက်တည်ဆောက်ပုံများ ကျုံ့သွားခြင်းကို ဖော်ပြပေးနိုင်သလို ကုသ၍ ရနိုင်သော သွေးခဲများ သို့မဟုတ် အလုံးအကျိတ်များကို (benign tumor) ကိုလည်း တွေ့စေနိုင်သည်။
  • ခါးရိုးဆစ်မှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)
    ခါးအောက်ပိုင်းရှိ ခါးဆစ်ရိုးနှစ်ခု ကြားသို့ အပ်ငယ်ထည့်ကာ ဦးနှောက်နှင့် အာရုံကြောမကြီးကို ဝန်းရံကာကွယ်ပေးထားသည့် အရည် (cerebrospinal fluid) နမူနာအနည်းငယ်ကို ထုတ်ယူပြီး ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခြင်းဖြစ်သည်။ ရောဂါပိုးများ ကူးစက်ခြင်း၊ ဦးနှောက်နှင့် ဦးနှောက်အမြှေးပါးများ ရောင်ရမ်းခြင်း (inflammation) သို့မဟုတ် အခြားအာရုံကြောရောဂါများ (ဥပမာ _ Multiple sclerosis) ရှာဖွေရန် အထောက်အကူပြုသည်။
  • မျိုးဗီဇစစ်ဆေးခြင်း (Genetic testing)
    မျိုးရိုးလိုက်သောရောဂါဟု သံသယရှိသူအချို့တွင် စစ်ဆေးနိုင်သည်။
ကုသခြင်း

ဟန်ချက်မထိန်းနိုင်သည့် အခြေအနေကို ကုသခြင်းသည် ဖြစ်ပွားစေသည့် အကြောင်းရင်းများပေါ်တွင် မူတည်သည်။ ကုသ၍ရနိုင်သော အကြောင်းရင်းများရှိပါက ပျောက်ကင်းအောင် ကုသရန် အဓိကရည်ရွယ်ပြီး၊ အကြောင်းရင်းကို ကုသ၍မရနိုင်သော လူနာများတွင်မူ လက္ခဏာများကို သက်သာစေခြင်းနှင့် ကြွက်သားများ လှုပ်ရှားမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန် လေ့ကျင့်ခန်းကုထုံးများဖြင့် ကုသခြင်းတို့ကို အဓိကရည်ရွယ်ကုသသည်။ တစ်ခါတစ်ရံ ကုသမှုများ ခံယူနိုင်ရန်အတွက် Ataxia organization ကဲ့သို့ အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ပံ့ပိုးမှုများ ရရှိနိုင်သည်။

  1. အကြောင်းရင်းရောဂါများကို ကုသခြင်း
    • ဗီတာမင်များ ချို့တဲ့ခြင်းအတွက် ပြန်လည်ဖြည့်တည်းခြင်း
    • ဂလူတန်ပရိုတင်း ဓာတ်မတည့်သော Coeliac ရောဂါရှိသူများတွင် ဂလူတန်ပရိုတင်းကို ရှောင်ကြဥ်စားသောက်ခြင်း ‌
    • အရက်ကြောင့် ဖြစ်ပွားပါက အရက်ဖြတ်ခြင်း
    • ဆေးဝါးများကြောင့် ဖြစ်ပွားပါက ဆေးဝါးများကို ရပ်ခြင်း၊ အခြားဆေးဝါးများ အစားထိုးခြင်းတို့ဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။
    • ရေကျောက်ဗိုင်းရပ်စ်နှင့် အခြားဗိုင်းရပ်စ်များကြောင့် ဖြစ်ပါက လက္ခဏာများသည် ဆေးကုသမှုမလိုဘဲ အလိုအလျောက် ပြန်လည်သက်သာသွားလေ့ရှိသည်။
    • ထို့အပြင် မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်သော အမျိုးအစားတစ်ခုဖြစ်သည့် Friedreich ataxia လူနာများတွင် Omaveloxolone ဆေးဝါးကို အသက် (၁၆) နှင့်အထက် လူကြီး၊ လူငယ်များတွင် အသုံးပြုနိုင်ကြောင်း အတည်ပြုထားသည်၊ ဆေးသောက်သူများတွင် ဘေးထွက်ဆိုးကျိုးများနှင့် အသည်းအင်ဇိုင်းများ၊ သွေးတွင်း ကိုလက်စထရောဓာတ်များကို ပုံမှန်စစ်ဆေးရန် လိုအပ်သည်။
  2. ရောဂါလက္ခဏာများ သက်သာစေရန် ကုသခြင်း
    • ကြွက်သားများ တောင့်တင်းခြင်း၊ တုန်ရီခြင်းနှင့် ခေါင်းမူးခြင်း စသည့်လက္ခဏာများကို လိုအပ်သော ဆေးဝါးများပေးခြင်းဖြင့် သက်သာစေနိုင်သည်။
  3. အထောက်အကူပြုပစ္စည်းများ အသုံးပြုခြင်း (Adaptive devices)
    အာရုံကြောဖုံးအဆီလွှာ ပျက်စီးသော Multiple sclerosis ရောဂါ သို့မဟုတ် စီပီရောဂါ (Cerebral palsy) ရောဂါများကြောင့် Ataxia ဖြစ်ပါက ပျောက်ကင်းအောင် ကုသ၍မရနိုင်သော်လည်း အထောက်အကူပြုပစ္စည်းများ အသုံးပြုခြင်းဖြင့် သွားလာလှုပ်ရှားမှုများ ပိုမိုအဆင်ပြေစေရန် ကူညီပေးနိုင်သည်။ ၎င်းတို့တွင်_
    • လမ်းလျှောက်တုတ်များ (Walking sticks) သို့မဟုတ် လမ်းလျှောက်တွန်းလှည်းများ (Walkers)
    • အစားအစာစားရာတွင် သုံးနိုင်ရန် ပြုပြင်မွမ်းမံထားသော ဇွန်း၊ ခက်ရင်းများ (Modified utensils)
    • စကားပြောရာတွင် ကူညီပေးသည့် ဆက်သွယ်ရေး အထောက်အကူပြုကိရိယာများ စသည်တို့ ပါဝင်သည်။
  4. လေ့ကျင့်ခန်းကုထုံးများ (Therapies)
    ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်ရန်နှင့် ကြွက်သားလှုပ်ရှားမှုများ ပိုမိုသန်မာစေရန် အောက်ပါ လေ့ကျင့်ခန်းကုထုံးများ ခံယူနိုင်သည်။
    • ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ လေ့ကျင့်ခန်းများ (Physical therapy) – ကိုယ်လက်လှုပ်ရှားမှု ဟန်ချက်ညီစေရန်နှင့် လှုပ်ရှားမှုများ ပိုမိုသွက်လက်လာစေရန် ကူညီပေးသည်။
    • နေ့စဥ်လှုပ်ရှားမှုစွမ်းရည်ဆိုင်ရာ လေ့ကျင့်ခန်းများ (Occupational therapy) – မိမိဘာသာ အစားအစာစားခြင်းကဲ့သို့သော နေ့စဉ်လူမှုဘဝ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်စေရန် ကူညီပေးသည်။
    • စကားပြောစွမ်းရည်ဆိုင်ရာ လေ့ကျင့်ခန်းများ (Speech therapy) – စကားပြောဆိုမှု ကောင်းမွန်စေပြီး အစာမျိုရလွယ်ကူအောင် ကူညီပေးသည်။
    • ထို့အပြင် အေရိုးဗစ် (aerobic) နှင့် ကြွက်သားသန်မာစေသော လေ့ကျင့်ခန်းများသည် အချို့လူနာများတွင် အကျိုးရှိနိုင်ကြောင်း တွေ့ရှိရသည်။
ကာကွယ်ခြင်း

မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်သော အကြောင်းရင်းများကို ကာကွယ်၍ မရသော်လည်း ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်ပွားသော Ataxia ကို ကာကွယ်နိုင်ရန်အတွက် အောက်ပါအချက်များကို လိုက်နာသင့်သည်။

  • အရက် လုံးဝမသောက်ခြင်း သို့မဟုတ် အသင့်အတင့်သာ သောက်ခြင်း
  • အငွေ့ပျံလွယ်သော ဓာတုပစ္စည်းများ (ရေနံဆီ၊ သင်္ဘောဆေးများ) ကို ထိတွေ့ခြင်းမှ ရှောင်ကြဥ်ခြင်း
  • ဗီတာမင်ချို့တဲ့မှု မရှိစေရန် အာဟာရပြည့်ဝစွာ စားသောက်ခြင်း
  • လေဖြတ်ခြင်းမဖြစ်အောင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါများကို ထိရောက်စွာကုသခြင်း
  • ခေါင်းထိခိုက်မှုမရှိအောင် ဆိုင်ကယ်ဦးထုပ်၊ လုပ်ငန်းခွင်ဦးထုပ်များကို ဆောင်းခြင်း
  • အဆိပ်သင့်စေသော သတ္တုပစ္စည်းများ ကိုင်တွယ်ပါက ကာကွယ်ရေးအင်္ကျီများ၊ လက်အိတ်များ၊ မျက်မှန်များ ဝတ်ဆင်အသုံးပြုခြင်း
  • ရောဂါပိုးဝင်ခြင်း၊ နားပြည်ယိုခြင်းများကို ထိ‌ရောက်သော ကုသမှုများ ခံယူခြင်း
  • ကာကွယ်ဆေးများထိုးနှံခြင်း

References:

  1. Ataxia UK. (n.d.). What is ataxia? Retrieved June 23, 2026, from https://www.ataxia.org/what-is-ataxia/
  2. Cleveland Clinic. (n.d.). Ataxia. Retrieved June 23, 2026, from https://my.clevelandclinic.org/health/symptoms/17748-ataxia
  3. Mayo Clinic. (n.d.). Ataxia: Diagnosis and treatment. Retrieved June 23, 2026, from https://www.mayoclinic.org/diseases-conditions/ataxia/diagnosis-treatment/drc-20355655
  4. Mayo Clinic. (n.d.). Ataxia: Symptoms and causes. Retrieved June 23, 2026, from https://www.mayoclinic.org/diseases-conditions/ataxia/symptoms-causes/syc-20355652
  5. National Health Service. (n.d.). Ataxia. Retrieved June 23, 2026, from https://www.nhs.uk/conditions/ataxia/

Published: 29 June 2026

Share

Category

29 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.