Diplopia (ပုံရိပ်နှစ်ထပ်မြင်ခြင်း)

Diplopia (ပုံရိပ်နှစ်ထပ်မြင်ခြင်း)

ပုံရိပ်နှစ်ထပ်မြင်ခြင်း ဆိုသည်မှာ ကြည့်ရှုလိုက်သော အရာဝတ္ထုတစ်ခုကို ပုံရိပ်နှစ်ခုအဖြစ် မြင်ရခြင်းဖြစ်သည်။ ထိုသို့ ပုံရိပ်နှစ်ထပ်မြင်ခြင်းသည် မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်ပေါ်နိုင်ပြီး မျက်လုံးနှစ်ဖက်လုံးတွင် ဖြစ်ပေါ်ပါက ပို၍ပြင်းထန်နိုင်သည်။ ပုံရိပ်နှစ်ထပ်မြင်ခြင်း အများစုသည် ပြင်းထန်မှုမရှိသော မျက်လုံးပြဿနာများ ဖြစ်လေ့ရှိသော်လည်း အနည်းစုသည် အသက်အန္တရာယ် ထိခိုက်သည်အထိ ပြင်းထန်နိုင်သည်။ ထို့ကြောင့် ပုံရိပ်နှစ်ထပ်မြင်ခြင်း ဖြစ်ပေါ်ပါက မိသားစုဆရာဝန် သို့မဟုတ် မျက်စိအထူးကုဆရာဝန်များနှင့် အမြန်ဆုံးပြသရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ပုံရိပ်နှစ်ထပ်မြင်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများစွာရှိပြီး ၄င်းတို့သည် မျက်လုံးတစ်ဖက် သို့မဟုတ် မျက်လုံးနှစ်ဖက်စလုံး ပါဝင်နေမှုအပေါ်တွင် မူတည်သည်။ ပုံရိပ်နှစ်ထပ်မြင်ခြင်းကို အဓိကအားဖြင့် အမျိုးအစား (၂) မျိုး ခွဲခြားထားသည်။

  1. မျက်လုံးတစ်ဖက်တည်းတွင် ဖြစ်သော ပုံရိပ်နှစ်ထပ်မြင်ခြင်း (Monocular diplopia)
    မျက်လုံးတစ်ဖက်တည်းတွင်ဖြစ်သော ပုံရိပ်နှစ်ထပ်မြင်ခြင်းသည် အတွေ့ရနည်းပြီး မျက်လုံးနှင့် သက်ဆိုင်သော ပြဿနာများကြောင့် အဓိကဖြစ်ပေါ်လေ့ရှိသည်။ ဥပမာအားဖြင့်_
    • မျက်လုံးခြောက်ခြင်း (Dry eyes)
    • မျက်စိ အလင်းဆုံချက်မညီခြင်း (Astigmatism)
    • အတွင်းတိမ်ရောဂါ (Cataracts)
    • မျက်ကြည်လွှာပါးလာပြီး ပုံသဏ္ဌာန်ပြောင်းခြင်း (Keratoconus) တို့ကြောင့် ဖြစ်ပေါ်နိုင်သည်။
  2. မျက်လုံးနှစ်ဖက်စလုံးတွင်ဖြစ်သော ပုံရိပ်နှစ်ထပ်မြင်ခြင်း (Binocular diplopia)
    မျက်လုံးနှစ်ဖက်စလုံးတွင်ဖြစ်သော ပုံရိပ်နှစ်ထပ်မြင်ခြင်းသည် အများအားဖြင့် မျက်စိစွေခြင်း (Squint) ၏ လက္ခဏာတစ်ခုဖြစ်သည်။ မျက်စိစွေခြင်းသည် ကလေးများတွင် အဖြစ်များသော်လည်း ပုံရိပ်နှစ်ထပ်မြင်ခြင်းသည် အမြဲတမ်းဖြစ်ပေါ်လေ့မရှိပါ။ အသက် (၇) နှစ်အောက်တွင် ကုသမှု မခံယူပါက မျက်လုံးအကြောသေ‌ရောဂါ (lazy eye) ဖြစ်ပေါ်လာနိုင်သည်။ ထို့အပြင် ကြွက်သားများ၊ အာရုံကြောများ၊ ဦးနှောက်ဆိုင်ရာ ပြဿနာများကြောင့်လည်း ပုံရိပ်နှစ်ထပ်မြင်ခြင်း ဖြစ်ပေါ်စေနိုင်သည်။

ကြွက်သားဆိုင်ရာ ပြဿနာများ
မျက်လုံးကြွက်သားများသည် မျက်လုံးလှုပ်ရှားမှုများကို ထိန်းချုပ်ပေးပြီး မျက်လုံးနှစ်ဖက်ကို တစ်တန်းတည်းညီအောင် ထိန်းထားပေးသည်။ မျက်လုံးကြွက်သားထိခိုက်သော ပြဿနာများမှာ_

  • မျက်လုံးကြွက်သားများကို ထိန်းချုပ်ပေးသော ဦးခေါင်းပိုင်းဆိုင်ရာအာရုံကြောများ (အာရုံကြော နံပါတ် ၃၊ ၄၊ ၆) နှင့်သက်ဆိုင်သော ပြဿနာများ
  • မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ (Myasthenia Gravis)
  • ကိုယ်ခံအားမူမမှန် တုံ့ပြန်ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ရောဂါ (Grave’s disease)

အာရုံ‌ကြောဆိုင်ရာ ပြဿာနာများ
ဦးနှောက်မှ မျက်စိသို့ သတင်းအချက်အလက် သယ်ဆောင်ပေးသည့် အောက်ဖော်ပြပါ အာရုံကြောဆိုင်ရာ ပြဿနာများကြောင့် ပုံရိပ်နှစ်ထပ်မြင်ခြင်း ဖြစ်‌ပေါ်နိုင်သည်။

  • အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ (Multiple Sclerosis)
  • မူမမှန်တုံ့ပြန် ကိုယ်ခံအားစနစ်ကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း (Guillain-Barre Syndrome)
  • ဆီးချို‌ရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း

ဦးနှောက်နှင့် သက်ဆိုင်သော ပြဿနာများ
မျက်လုံးများကို ထိန်းချုပ်သော အာရုံကြောများသည် ပုံရိပ်များကို ခံစားထိန်းချုပ်သော ဦးနှောက်အစိတ်အပိုင်းနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။ ထို့ကြောင့် ပုံရိပ်နှစ်ထပ်မြင်ခြင်းသည် ဦးနှောက်နှင့်သက်ဆိုင်သော အောက်ဖော်ပြပါ အကြောင်းရင်းများစွာကြောင့် ဖြစ်ပေါ်နိုင်သည်။

  • လေဖြတ်ခြင်း (Strokes)
  • သွေးကြောဖောင်းများ ရှိခြင်း (Aneurysms)
  • ဦးနှောက် ထိခိုက်ဒဏ်ရာရခြင်း၊ သွေးထွက်ခြင်း သို့မဟုတ် ရောဂါပိုးဝင်ခြင်းတို့ကြောင့် ဖိအားမြင့်တက်လာခြင်း
  • ဦးနှောက်အကျိတ်များ
  • ခေါင်းတစ်ခြမ်းကိုက်‌ရောဂါ (Migraine)

ဖြစ်ပေါ်နေသော ပုံရိပ်နှစ်ထပ်မြင်ခြင်း အမျိုးအစားပေါ်တွင် မူတည်၍ မြင်တွေ့ရသည့် ပုံရိပ်နှစ်ထပ်သည် အောက်ဖော်ပြပါအတိုင်း မြင်တွေ့ရနိုင်သည်။

  • အလျားလိုက် ပုံရိပ်နှစ်ထပ်မြင်ခြင်း (Horizontal diplopia)
    ပုံရိပ်နှစ်ထပ်ကို ဘေးချင်းကပ်လျက် မြင်တွေ့ရသည်။
  • ဒေါင်လိုက် ပုံရိပ်နှစ်ထပ်မြင်ခြင်း (Vertical diplopia)
    ပုံရိပ်နှစ်ထပ်ကို အပေါ်အောက် မြင်တွေ့ရခြင်းဖြစ်သည်။
  • ထောင့်ဖြတ် ပုံရိပ်နှစ်ထပ်မြင်ခြင်း (Diagonal diplopia)
    ပုံရိပ်နှစ်ထပ်သည် အလျားလိုက်ရော ‌ဒေါင်လိုက်ပါဖြစ်ပေါ်နေပြီး တစ်ခုနှင့်တစ်ခု ထောင့်ဖြတ်အနေအထားဖြင့် မြင်တွေ့ရသည်။
ယှဥ်တွဲလာတတ်သော လက္ခဏာများ

ပုံရိပ်နှစ်ထပ်မြင်ခြင်းနှင့်အတူ ယှဥ်တွဲလာတတ်သော လက္ခဏာများမှာ_

  • ခေါင်းကိုက်ခြင်း
  • ပျို့အန်ခြင်း
  • ခေါင်းမူးခြင်း
  • မျက်လုံးတစ်ဝိုက်တွင် နာကျင်ခြင်း၊ မျက်လုံးလှုပ်ရှားမှု ပြုလုပ်သည့်အချိန် နာကျင်ခြင်း
  • မျက်ခွံတွဲကျခြင်း
  • မျက်စိစွေခြင်း
  • ပုံရိပ်နှစ်ထပ် ပျောက်ကင်းစေရန် မျက်လုံးတစ်ဖက်ကို မှိတ်ထားတတ်ခြင်း သို့မဟုတ် ခေါင်းကို စောင်းထားတတ်ခြင်းတို့ ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကလေးတွင်ဖြစ်စေ ပုံရိပ်နှစ်ထပ်မြင်ခြင်း ဖြစ်ပေါ်နေပါက ၄င်းသည် ဖြစ်လိုက်၊ ပျောက်လိုက် ဖြစ်နေသည့်တိုင်အောင် မိသားစုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီး လိုအပ်လျှင် မျက်စိအထူးကုဆရာဝန်၊ ဦးနှောက်အာရုံကြော အထူးကုဆရာဝန်များနှင့် လွှဲပြောင်းကုသခြင်းများ ဆက်လက်ပြုလုပ်ပေးလိမ့်မည်။ ပုံရိပ်နှစ်ထပ်မြင်ခြင်းသည် အသက်အန္တရာယ်ရှိသော လေဖြတ်ခြင်း (Stroke) သို့မဟုတ် ဦးနှောက်ဆိုင်ရာ အရေးပေါ် အခြေအနေများ၏ လက္ခဏာ ဖြစ်နိုင်သောကြောင့်၊ အောက်ပါတို့ ဖြစ်ပေါ်လာပါက ချက်ချင်း ဆေးရုံ/ဆေးခန်းသို့ သွားရောက်ပြသသင့်သည်။

  • ရုတ်တရက် ပုံရိပ်နှစ်ထပ် ဖြစ်ပေါ်လာခြင်း
  • ရုတ်တရက် ကိုယ်တစ်ခြမ်း ထုံကျဉ်ခြင်း၊ အားနည်းခြင်း၊ စကားပြောရခက်ခဲခြင်းစသည့် လေဖြတ်သည့် လက္ခဏာများ တွဲပါလာခြင်း
  • မျက်လုံးနာကျင်ခြင်း၊ ဖျားခြင်း သို့မဟုတ် မျက်လုံးဖူးရောင်လာခြင်း
  • ပုံရိပ်နှစ်ထပ်သည် အချိန်ကြာမြင့်စွာ မပျောက်ဘဲ ဆက်လက်ဖြစ်ပေါ်နေခြင်း
ရောဂါရှာဖွေခြင်း

ပုံရိပ်နှစ်ထပ်မြင်ခြင်း ဖြစ်‌ပေါ်ရသော အကြောင်းရင်းများကို ရှာဖွေရာတွင် မျက်စိကို သေချာစွာ စမ်းသပ်စစ်ဆေးခြင်းနှင့် မြင်နိုင်စွမ်းကို စစ်ဆေးခြင်းများ ဦးစွာပြုလုပ်ရန် လိုအပ်သည်။ အကယ်၍ မျက်လုံးနှစ်ဖက်လုံးတွင်ဖြစ်သော ပုံရိပ်နှစ်ထပ်မြင်ခြင်းနှင့် ဦးနှောက်အာရုံကြော ကြွက်သားရောဂါများကို သံသယရှိပါက အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။

  • သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
  • ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
  • သွေးစစ်ဆေးခြင်း (ဥပမာ _ သိုင်းရွိုက်ဟော်မုန်း စစ်‌ဆေးခြင်း) တို့ကို ဆက်လက်ပြုလုပ်၍ ဖြစ်ပေါ်ရသော အကြောင်းရင်းများကို ရှာဖွေနိုင်သည်။
ကုသခြင်း

ကုသမှုသည် ပုံရိပ်နှစ်ထပ်မြင်ခြင်း၏ အဓိကအကြောင်းရင်းပေါ်တွင် မူတည်သည်။

  • အကြောင်းရင်းကို ကုသခြင်း
    ဆီးချို၊ သိုင်းရွိုက် သို့မဟုတ် Myasthenia Gravis စသည့် ရောဂါများကို ဆေးဝါးဖြင့် ထိန်းချုပ်ကုသခြင်းသည် Diplopia ကို ပျောက်ကင်းစေနိုင်သည်။
  • မျက်လုံးပိုင်းဆိုင်ရာကုသခြင်းများ
    • မျက်စိ အလင်းဆုံချက်မညီခြင်း (Astigmatism) ကို မျက်မှန် သို့မဟုတ် မျက်ကပ်မှန် တပ်ဆင်အသုံးပြုခြင်း (Corrective glasses or Contact lenses)၊ လေဆာဖြင့် ခွဲစိတ်ကုသခြင်း (Laser surgery)
    • အတွင်းတိမ် ရောဂါ (Cataracts) ကို ခွဲစိတ်ကုသခြင်း
    • မျက်လုံးခြောက်ခြင်းဖြစ်ပေါ်လျှင် မျက်ရည်တုခပ်ပေးခြင်း
    • မျက်လုံးလေ့ကျင့်ခန်းများပြုလုပ်ခြင်း
    • မျက်လုံးတစ်ဖက်ကိုခေတ္တပိတ်ထားခြင်း (Occlusion Therapy)
ကာကွယ်ခြင်း

ပုံရိပ်နှစ်ထပ်မြင်ခြင်း (Diplopia) ကို ဖြစ်စေသော အကြောင်းရင်းများစွာရှိသည့်အတွက် အပြည့်အဝ ကာကွယ်ရန် မဖြစ်နိုင်သော်လည်း၊ အန္တရာယ်ကို လျှော့ချရန်အတွက် အောက်ပါနည်းလမ်းများကို လိုက်နာသင့်သည်။

  • ဆီးချို၊ သွေးတိုး၊ ကိုလက်စထရော မြင့်မားခြင်းနှင့် သိုင်းရွိုက်ရောဂါ (Thyroid Disease) တို့ကဲ့သို့သော မျက်လုံးအာရုံကြောနှင့် ကြွက်သားများကို ထိခိုက်စေနိုင်သည့် ရောဂါများကို ဆေးဝါးများနှင့် နေထိုင်မှုပုံစံဖြင့် စနစ်တကျ ထိန်းချုပ်ကုသပါ
  • အားကစားပြုလုပ်စဉ် သို့မဟုတ် အန္တရာယ်ရှိသော အလုပ်များ လုပ်ကိုင်စဉ်တွင် ဦးထုပ် (Helmets) နှင့် ကာကွယ်ရေးမျက်မှန် (Safety Glasses) များကို ဝတ်ဆင်ပါ
  • မျက်စိအထူးကုဆရာဝန်ထံတွင် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် မျက်စိအတွင်းတိမ် (Cataracts) နှင့် မျက်ကြည်လွှာ ပြဿနာများကဲ့သို့သော Monocular Diplopia ဖြစ်စေနိုင်သည့် အကြောင်းရင်းများကို အစောပိုင်းအဆင့်တွင် ကုသပါ
  • အရက်သောက်ထားစဉ် သို့မဟုတ် အိပ်ငိုက်နေစဉ် ယာဉ်မမောင်းပါနှင့်
  • မျက်လုံးကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသည့် အစားအစာများကို စားသုံးပါ
  • ဆေးလိပ်နှင့် အရက်ရှောင်ကြဉ်ပါ
  • ကွန်ပျူတာ၊ ဖုန်း စသော screen များကို အချိန်ကြာမြင့်စွာ ကြည့်ရှူသုံးစွဲရလျှင် မကြာခဏ မျက်လုံးကို အနားပေးပါ။

References:

  1. WebMD. (2024). Double vision (diplopia): Causes, symptoms, diagnosis, treatment. Retrieved September 22, 2025, from https://www.webmd.com/eye-health/double-vision-diplopia-causes-symptoms-diagnosis-treatment
  2. NHS. (2024). Double vision. Retrieved September 22, 2025, from https://www.nhs.uk/symptoms/double-vision/
  3. Cleveland Clinic. (2024). Diplopia (double vision). Retrieved September 22, 2025, from https://my.clevelandclinic.org/health/diseases/22203-diplopia-double-vision
  4. Yale Medicine. (n.d.). Double vision. Retrieved September 22, 2025, from https://www.yalemedicine.org/conditions/double-vision
  5. Medical News Today. (2024). Double vision: What it looks like, causes, diagnosis & treatment. Retrieved September 22, 2025, from https://www.medicalnewstoday.com/articles/170634#what-it-looks-like

Published: 17 October 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

Category

17 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Aphasia (စကားပြောဆိုဆက်သွယ်မှု ချို့ယွင်းခြင်း)
Jan 26, 2026
Symptoms

Aphasia (စကားပြောဆိုဆက်သွယ်မှု ချို့ယွင်းခြင်း)

စကားပြောဆိုဆက်သွယ်မှု ချို့ယွင်းခြင်းသည် ဦးနှောက်ထိခိုက်စေသော...

Eye Pain (မျက်လုံးနာကျင်ကိုက်ခဲခြင်း)
Jan 26, 2026
Symptoms

Eye Pain (မျက်လုံးနာကျင်ကိုက်ခဲခြင်း)

မျက်လုံးနာကျင်ကိုက်ခဲခြင်းသည် သာမန်မျက်စိညောင်းညာခြင်းမှသည်...

Amnesia (မှတ်ဉာဏ်ချို့ယွင်းခြင်း)
Jan 23, 2026
Symptoms

Amnesia (မှတ်ဉာဏ်ချို့ယွင်းခြင်း)

မှတ်ဉာဏ်ချို့ယွင်းခြင်း (Amnesia) သည် သာမန်မေ့လျော့ခြင်းထက်...