Haemoptysis (Coughing up blood) (ချောင်းဆိုးသွေးပါခြင်း)

Haemoptysis (Coughing up blood) (ချောင်းဆိုးသွေးပါခြင်း)

ချောင်းဆိုးသွေးပါခြင်း (Haemoptysis) ဆိုသည်မှာ အသက်ရှူလမ်းကြောင်း၏ အောက်ဘက်ပိုင်းဖြစ်သော အဆုတ်တွင်းရှိ လေပြွန်များနှင့် အဆုတ်တစ်ရှူးများမှ သွေးထွက်၍ ချောင်းဆိုးချိန်တွင် တံတွေး သို့မဟုတ် သလိပ်နှင့်ရော၍ သွေးစအနည်းငယ်၊ သွေးမျှင်စများ သို့မဟုတ် သွေးခဲအနေဖြင့် ထွက်လာသော အခြေအနေဖြစ်သည်။ ချောင်းဆိုးသွေးပါခြင်းကို ဖြစ်စေသော အကြောင်းရင်းရောဂါများစွာ ရှိပြီး သတိပြုသင့်သော ကျန်းမာရေးအခြေအနေတစ်ခုဖြစ်သည်။ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်တွင်း၌ ပိုးဝင်ခြင်း၊ သွေးကြောဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါများကြောင့် ချောင်းဆိုးသွေးပါနိုင်သကဲ့သို့ ကိုယ်ခန္ဓာရှိ အခြားရောဂါများကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်၍ ချောင်းဆိုးသွေးပါခြင်းကို မပေါ့ဆသင့်ဘဲ ကျန်းမာရေးစစ်ဆေးမှု အမြန်ခံယူသင့်သည်။

အမျိုးအစားများ

ချောင်းဆိုးသွေးပါခြင်း (Haemoptysis) ၏ ပြင်းထန်မှုကို သွေးထွက်သည့် ပမာဏနှင့် အရှိန်အဟုန်၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့နိုင်မှု၊ သွေးတွင်းအောက်ဆီဂျင်ပမာဏနှင့် သွေးလည်ပတ်မှုများ ထိခိုက်သည့် အခြေအနေတို့ကို ပေါင်းစပ်၍ အကဲဖြတ်ရသည်။ ယေဘုယျအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  • ပမာဏအနည်းငယ် သွေးပါခြင်း (Scant haemoptysis) – သလိပ်တွင် သွေးစ သို့မဟုတ် သွေးမျှင်အနည်းငယ် ရောပါလာခြင်းဖြစ်ပြီး အများအားဖြင့် အသက်ရှူလမ်းကြောင်းနှင့် သွေးလည်ပတ်မှုကို ချက်ချင်းထိခိုက်စေခြင်း မရှိပါ
  • အသက်အန္တရာယ်မရှိသော ချောင်းဆိုးသွေးပါခြင်း (Non-life-threatening haemoptysis) – ပမာဏအနည်းငယ်မှ အသင့်အတင့်အထိ သွေးပါနိုင်သော်လည်း အသက်ရှူလမ်းကြောင်း၊ အောက်ဆီဂျင်ရရှိမှု သို့မဟုတ် သွေးလည်ပတ်မှုကို ထိခိုက်စေသည့် အခြေအနေ မရှိသေးခြင်းဖြစ်သည်၊ သို့သော် ဖြစ်ပေါ်စေသော အကြောင်းရင်းကို ရှာဖွေစစ်ဆေးရန် လိုအပ်သည်
  • အသက်အန္တရာယ်ရှိသော ချောင်းဆိုးသွေးပါခြင်း (Life-threatening haemoptysis) – သွေးထွက်မှုကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း၊ အောက်ဆီဂျင်ပမာဏ ကျဆင်းခြင်း သို့မဟုတ် သွေးလည်ပတ်မှု မတည်ငြိမ်ခြင်းတို့ ဖြစ်ပေါ်လာသော အခြေအနေဖြစ်ပြီး သွေးထွက်သည့်ပမာဏ မည်မျှရှိသည်ဖြစ်စေ အရေးပေါ်ကုသမှု ချက်ချင်းခံယူရန် လိုအပ်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ချောင်းဆိုးသွေးပါခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။ အဆုတ်ရောဂါများကြောင့် အဓိကဖြစ်ပေါ်တတ်သော်လည်း အခြားကိုယ်တွင်းအင်္ဂါရောဂါများကြောင့်လည်း ချောင်းဆိုးသွေးပါနိုင်သည်။ အချို့ရှားပါးအခြေအနေများတွင် ဖြစ်စေသော အကြောင်းရင်းကို ရှာမတွေ့ဘဲ အလိုအလျောက် ပြန်သက်သာသွားသည်ကိုလည်း တွေ့ရနိုင်သည်။

ချောင်းဆိုးသွေးပါခြင်းကို အများဆုံးဖြစ်စေသော အဆုတ်ရောဂါများမှာ_

  • အဆုတ်လေပြွန်များ ရောင်ရမ်းခြင်း (လတ်တလောဖြစ်ခြင်း သို့မဟုတ် နာတာရှည်ဖြစ်ခြင်း)
  • အဆုတ်ကင်ဆာရောဂါ
  • နမိုးနီးယား အဆုတ်ရောင်ရောဂါ
  • တီဘီရောဂါ
  • နာတာရှည် အဆုတ်ပွရောဂါ (COPD)
  • အဆုတ်လေပြွန် ပြည်တည်ရောဂါ (Bronchiectasis)
  • အဆုတ်ပြည်တည်နာရောဂါ (Lung abscess)
  • မွေးရာပါ အဆုတ်‌ရောဂါတစ်မျိုးဖြစ်သော Cystic fibrosis စသည်တို့ဖြစ်သည်။

အဆုတ်ရောဂါကြောင့်အပြင် ချောင်းဆိုးသွေးပါခြင်းဖြစ်စေနိုင်သော အခြားအကြောင်းများမှာ_

  • နှလုံးညှစ်အားကျ၍ အမောဖောက်ခြင်း (Congestive heart failure)
  • စိတ်ကြွဆေး ကိုကင်း သုံးစွဲခြင်း
  • အသက်ရှူလမ်းကြောင်းတွင်း၌ ပြင်ပအရာဝတ္ထုများ ဝင်ရောက်ပိတ်ဆို့ခြင်း
  • ကိုယ်ခံအားမူမမှန် တုံ့ပြန်သောရောဂါများ (SLE ရောဂါ)
  • အဆုတ်သွေးကြောများ ရောင်ရမ်းသော ရောဂါများ (Granulomatosis with polyangiitis, microscopic polyangiitis, Churg-Strauss syndrome, Goodpasture disease, or Behcet disease)
  • ကင်ဆာမဟုတ်သော အဆုတ်အကျိတ်များ
  • ကပ်ပါးကောင်ရောဂါများ
  • အဆုတ်သွေးကြောငယ်များ မွေးရာပါမူမမှန်ခြင်း (AVMs)
  • အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary embolism)
  • ယာဥ်တိုက်မှု သို့မဟုတ် သေနတ်ဒဏ်ရာများကြောင့် အဆုတ်ထိခိုက်ခြင်း
  • သွေးကျဲဆေးများ သောက်သုံးရခြင်း
  • အဆုတ်တွင်း၌ သားအိမ်တစ်ရှူးများ ဖြစ်ပေါ်ခြင်း (Endometriosis)
  • အဆုတ်သွေးကြောကြီးများ ရောင်ရမ်း၍ သွေးကြောထုံးများဖြစ်ခြင်း (Hughes-Stovin syndrome)
  • ‌မွေးရာပါ သွေးကြောထုံးရောဂါ (Hereditary hemorrhagic telangiectasia)
  • ဆာကွိုက်ဒိုးဆစ်ရောဂါ (Sarcoidosis)
ချောင်းဆိုးသွေးပါခြင်းနှင့် မှားနိုင်သော အခြားအခြေအနေများ

ချောင်းဆိုး၍ သွေးထွက်လာတိုင်း အဆုတ် သို့မဟုတ် အောက်ပိုင်းအသက်ရှူလမ်းကြောင်းမှ သွေးထွက်ခြင်းဟု မဆိုနိုင်ပါ။ သွေးထွက်သည့် မူလနေရာကို ခွဲခြားသိရှိရန် အောက်ပါအခြေအနေများကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

  • အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှ သွေးထွက်ခြင်း (Pseudohaemoptysis)
    • နှာခေါင်း၊ ပါးစပ်၊ သွားဖုံး သို့မဟုတ် လည်ချောင်းမှ သွေးထွက်ပြီး ချောင်းဆိုးစဥ် ထွက်လာခြင်းဖြစ်သည်
    • အဆုတ် သို့မဟုတ် အသက်ရှူလမ်းကြောင်းအောက်ပိုင်းမှ သွေးထွက်ခြင်း မဟုတ်ပါ
  • အစာအိမ်နှင့် အူလမ်းကြောင်းမှ သွေးထွက်၍ သွေးအန်ခြင်း (Hematemesis)
    • ချောင်းဆိုး၍ ထွက်လာခြင်းထက် ပျို့အန်ခြင်းနှင့်အတူ သွေးအန်ခြင်း ဖြစ်တတ်ပြီး သွေးသည် အနီရောင်ဖြစ်နိုင်သကဲ့သို့ အစာအိမ်အက်စစ်နှင့် ထိတွေ့ထားပါက ကော်ဖီမှုန့်ကဲ့သို့ အညိုရင့်ရောင် (Coffee-ground appearance) ဖြစ်နိုင်သည်
    • အစာအကြွင်းအကျန်များနှင့်လည်း ရောနှောပါလာနိုင်သည်
ယှဥ်တွဲတွေ့ရတတ်သော အခြားလက္ခဏာများ

ဖြစ်စေသော အကြောင်းရင်းပေါ် မူတည်၍ ချောင်းဆိုးသွေးပါခြင်းအပြင် အခြားလက္ခဏာများကိုလည်း တွဲ၍ တွေ့ရနိုင်သည်။

  • အသက်ရှူမဝခြင်း (Breathlessness) – နှလုံးရောဂါ၊ နာတာရှည်အဆုတ်ရောဂါများနှင့် သွေးကြောပိတ်ခြင်း၊ သွေးကြောရောင်ခြင်း စသည့်အခြေအနေများတွင် တွေ့ရနိုင်သည်
  • ချောင်းဆိုးခြင်း – အဆုတ်ရောဂါ ဖြစ်ပွားသူများတွင် တွေ့ရနိုင်သည်
  • ဖျားခြင်း – အဆုတ်ရောင်ရောဂါ၊ အဆုတ်တီဘီရောဂါ ရှိပါက ဖျားနိုင်သည်
  • ရင်ဘတ်အောင့်ခြင်း – အဆုတ်ရောင်ခြင်း၊ အဆုတ်သွေးကြောပိတ်ခြင်း အခြေအနေများ ဖြစ်ပါက တွေ့ရနိုင်သည်
  • ကိုယ်အလေးချိန်ကျဆင်းခြင်း – အဆုတ်တီဘီရောဂါ၊ အဆုတ်ကင်ဆာရောဂါများတွင် တွေ့ရနိုင်သည်
  • ညဘက်‌ချွေးထွက်များခြင်း – အဆုတ်တီဘီရောဂါကြောင့် ဖြစ်နိုင်သည်
  • ခန္ဓာကိုယ်အခြားနေရာများမှ သွေးထွက်ခြင်း (ဆီးထဲသွေးပါခြင်း) – သွေးကြောရောင်ရောဂါများတွင် တွေ့ရသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ချောင်းဆိုးသွေးပါခြင်းသည် ပြင်းထန်သော ရောဂါအခြေအနေတစ်ခု (ဥပမာ – အဆုတ်တီဘီရောဂါ၊ အဆုတ်ကင်ဆာရောဂါစသည်) ကို ညွှန်ပြသော လက္ခဏာတစ်ခု ဖြစ်နိုင်သောကြောင့် မပေါ့ဆသင့်ဘဲ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ များသောအားဖြင့် ချောင်းဆိုးသွေးပါခြင်းသည် မပြင်းထန်တတ်ဘဲ ကုသမှု ခံယူပါက ပြန်လည်သက်သာသွားလေ့ရှိသည်။ မိသားစုဆရာဝန်မှ ဖြစ်စေသော အကြောင်းရင်းများကို စစ်ဆေးကုသပေးမည်ဖြစ်ပြီး လိုအပ်ပါက အထူးကုဆရာဝန်များထံ လွှဲပြောင်းပေးမည်ဖြစ်သည်။

အရေးပေါ်ပြသရန်
အောက်ပါအချက်များရှိပါက ဆေးရုံ၊ ဆေးခန်း အရေးပေါ်ဌာနသို့ အမြန်သွားရောက် ကုသမှုခံယူသင့်သည်။

  • သွေးပမာဏများခြင်း (လက်ဖက်စားဇွန်း ၁ ဇွန်းခန့်ထက်များခြင်း)
  • ရုတ်တရက် သွေးပမာဏများများ ပါလာခြင်း
  • ရက်ရှည်ဖြစ်လာခြင်း
  • အဖျားကြီးခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ညဘက်ချွေးထွက်များခြင်း
  • အသက်ရှူရခက်၍ မောလာခြင်း
  • ကိုယ်အလေးချိန် ကျဆင်းလာခြင်း
  • ‌သွေးအားနည်း၍ ခေါင်းမူးခြင်း
  • အခြားနေရာများတွင် သွေးထွက်ခြင်း (ဆီးနှင့် ဝမ်းထဲတွင် သွေးပါခြင်း)
ရောဂါရှာဖွေခြင်း

ဖြစ်စေသော အကြောင်းရင်းရောဂါကို ရှာဖွေရန်အတွက် ဆရာဝန်မှ အောက်ပါအချက်များအတိုင်း စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။

  • ရောဂါရာဇဝင်မေးမြန်းခြင်း – လက္ခဏာများ ဖြစ်ပေါ်သော ကြာမြင့်ချိန်၊ သွေးပမာဏ၊ သလိပ်နှင့် တံတွေးများနှင့် ရော၍ ထွက်ခြင်း၊ အခြားလက္ခဏာများ ဖြစ်ပေါ်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း စသည့်အချက်များကို မေးမြန်းမည်ဖြစ်သည်
  • ခန္ဓာကိုယ် စစ်ဆေးစမ်းသပ်ခြင်း – အဖျားရှိခြင်း၊ သွေးအားနည်းခြင်း၊ ကိုယ်အလေးချိန် နည်းခြင်းတို့ကို စစ်ဆေးသလို အဆုတ်နှင့် အသက်ရှူလမ်းကြောင်း စမ်းသပ်စစ်ဆေးခြင်း၊ လက်ချောင်းထိပ် အောက်ဆီဂျင်တိုင်းတာခြင်းတို့ကို ပြုလုပ်မည်
  • ဓာတ်ခွဲစစ်ဆေးမှုများ – သွေးအားစစ်ဆေးခြင်း (CBC)၊ ကိုယ်ခန္ဓာ သတ္တုဓာတ်များ၊ အသည်းလုပ်ငန်း၊ ကျောက်ကပ်လုပ်ငန်းနှင့် ဆီးစစ်ဆေးခြင်း၊ သွေးခဲဓာတ်များ စစ်ဆေးခြင်းနှင့် သွေးတွင်း အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ စစ်ဆေးခြင်း၊ ကိုယ်ခံအားမူမမှန် တုံ့ပြန်သော ရောဂါများအတွက် ပဋိပစ္စည်းများ (Autoimmune antibodies) များ စစ်ဆေးခြင်း၊ သလိပ်ကို ပိုးမွေးခြင်း၊ တီဘီပိုး စစ်ဆေးခြင်း၊ သလိပ်မှ ကင်ဆာဆဲလ်များ ရှာဖွေခြင်း စသည်တို့ကို လိုအပ်ပါက ဆက်လက် ပြုလုပ်မည်ဖြစ်သည်
  • ပုံရိပ်ဖော်စစ်ဆေးမှုများ – ဖြစ်စေသော အကြောင်းရင်းအလိုက် စစ်ဆေးရန် လိုအပ်သော ပုံရိပ်ဖော်စမ်းသပ်မှုများ ပြုလုပ်မည်ဖြစ်သည်
    • ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray) – အဆုတ်ရောင်ခြင်း၊ အဆုတ်တီဘီ၊ အဆုတ်ကင်ဆာတို့ကို စစ်ဆေးရန်
    • ရင်ဘတ်ကွန်ပျူတာဓာတ်မှန် (CT chest) – အဆုတ်ကို ပိုမိုအသေးစိတ် စစ်ဆေးနိုင်ခြင်း၊ အဆုတ်ကင်ဆာအတွက် ကင်ဆာအဆင့် သတ်မှတ်ရန် စစ်ဆေးခြင်း
    • အဆုတ်သွေးကြောဓာတ်မှန် (Pulmonary arteriography) – အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းကို စစ်ဆေးရန်
  • မှန်ပြောင်းဖြင့် စစ်ဆေးခြင်း – အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy) ဖြင့် အဆုတ်နှင့် လေပြွန်များကို မျက်မြင်စစ်ဆေးနိုင်သလို အသားစလည်း တစ်ပြိုင်နက်ယူ၍ စစ်ဆေးနိုင်သည်
ကုသခြင်း

ချောင်းဆိုးသွေးပါခြင်းကို ကုသရာတွင် သွေးထွက်သည့်ပမာဏနှင့် ဖြစ်စေသော ရောဂါအကြောင်းရင်းများပေါ် မူတည်၍ ကွာခြားနိုင်သည်။

အရေးပေါ်ကုသခြင်း
ရုတ်တရက် သွေးပမာဏများစွာထွက်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်သော ချောင်းဆိုးသွေးပါခြင်းကို အရေးပေါ်ကုသရန် လိုအပ်သည်။ သွေးဆုံးရှုံးမှုကြောင့် ‌ရှော့ခ်ဖြစ်နိုင်သလို အသက်ရှူလမ်းကြောင်းတွင် သွေးများဖြင့် ပိတ်ဆို့၍ အသက်ရှူပိတ်နိုင်သည်။ လူနာကို အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသရန် လိုအပ်ပြီး အရေးပေါ်အခြေအနေတွင်_

  • အသက်ရှူလမ်းကြောင်း ပိတ်မသွားစေရန် အသက်ရှူပိုက်ထည့်ခြင်း
  • လိုအပ်သလို အောက်ဆီဂျင် များများပေးခြင်း
  • သွေးထွက်နေသော အဆုတ်ခြမ်းကို အောက်ဘက်သို့ရောက်စေရန် ခန္ဓာကိုယ်အနေအထားကို ပြောင်းပေးခြင်း
  • သွေးပေါင်ချိန်ကျ၍ ရှော့ခ်ဖြစ်သော လူနာများကို အရည်ဓာတ်ပြန်လည် ဖြည့်တင်းခြင်း၊ လိုအပ်ပါက သွေးသွင်းခြင်း၊ သွေးခဲဓာတ်များ ပြန်လည်ဖြည့်ပေးခြင်း စသည်တို့ကို အမြန်ပြုလုပ်ရန် လိုအပ်သည်။

သွေးတိတ်စေရန် ပြုလုပ်သော ကုထုံးများ
အရေးပေါ်ကုသမှုများ ပြုလုပ်ပြီးနောက်တွင် သွေးထွက်နေသော နေရာကို သွေးတိတ်စေရန် အောက်ပါကုထုံးများကို အသုံးပြုနိုင်သည်။

  • သွေးခဲဆေးများ ပေးခြင်း (Tranexamic acid)
  • သွေးကြောကျဥ်းစေသောဆေးများ ပေးခြင်း (Epinephrine or vasopressin)
  • မှန်ပြောင်းမှတစ်ဆင့် ကြည့်၍ ခဲထားသော အကြောဆေးသွင်းရည်များကို ဖျန်းပေးခြင်း၊ ဘောလုံးငယ်များ သုံး၍ သွေးထွက်နေသည့်နေရာကို ဖိထားခြင်း၊ လေဆာလှိုင်းများဖြင့် ပစ်ခြင်း၊ အာဂွန်သွေးခဲနည်းလမ်းကို သုံးခြင်း၊ အအေးဓာတ်ဖြင့် သွေးကိုခဲစေခြင်း၊ သွေးထွက်နေသည့် သွေးကြောကို ပိတ်ဆို့ခြင်း

ခွဲစိတ်ကုသမှုများ
အထက်ပါကုထုံးများဖြင့် မသက်သာပါက ခွဲစိတ်ကုသမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။

  • အဆုတ်၏ အချို့အစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်း
  • အဆုတ်တစ်ခြမ်း တစ်ခုလုံးကို ထုတ်ပစ်ခြင်း စသည့်နည်းလမ်းများ ရှိသည်။

လိုအပ်နိုင်သော အခြားကုသမှုများ

  • ပဋိဇီဝပိုးသတ်ဆေးများ၊ တီဘီဆေးများ – နမိုးနီးယားရောဂါ၊ အဆုတ်တီဘီရောဂါတို့အတွက်
  • ကင်ဆာဆေးဝါးများ – အဆုတ်ကင်ဆာရောဂါအတွက်
  • စတီးရွိုက်ဆေးဝါးများ – သွေးကြောရောင်ရမ်းသော ရောဂါများအတွက်

အကြောင်းရင်းပေါ် မူတည်၍ ကုသခြင်း
မပြင်းထန်သော ချောင်းဆိုးသွေးပါခြင်းအတွက် ဖြစ်စေသော အကြောင်းရင်းခံ‌ရောဂါများကို ကုသမှုပေးရန် လိုအပ်သည်။ ဥပမာအားဖြင့် – အဆုတ်လေပြွန်ရောင်ခြင်းအတွက် သင့်လျော်သော ပဋိဇီဝပိုးသတ်ဆေးများကို ပေးရန်လိုအပ်သည်။ ချောင်းဆိုးသက်သာစေသော ဆေးဝါးများလည်း ပေးနိုင်သည်။ အကယ်၍ ဆေးလိပ်သောက်သော လူနာများတွင် နောက်တစ်ကြိမ် ထပ်မဖြစ်စေရန်နှင့် အဆုတ်ထိခိုက်နိုင်ခြေကို လျော့နည်းစေရန် ဆေးလိပ်ကို လုံးဝဖြတ်ရန် အကြံပြုနိုင်သည်။

ကာကွယ်ခြင်း

ချောင်းဆိုးသွေးပါခြင်းကို တိုက်ရိုက်ကာကွယ်၍ မရနိုင်သော်လည်း အဆုတ်ရောဂါအခံများ ရှိပါက ရောဂါကို သေချာစွာ ရှာဖွေစစ်ဆေး၍ ထိရောက်စွာ ကုသမှု ခံယူထားခြင်း၊ ပုံမှန် ပြသစစ်ဆေးမှု ခံယူခြင်း၊ လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံခြင်းနှင့် ဆေးလိပ်ကို လုံးဝမသောက်ခြင်း၊ ဆေးလိပ်သောက်သူများတွင် ဆေးလိပ်ဖြတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Coughing up blood (hemoptysis). Retrieved August 31, 2026, from https://my.clevelandclinic.org/health/symptoms/17696-coughing-up-blood
  2. Ishikawa, H., Hara, Y., Ota, M., & Kobayashi, K. (2020). Management of life-threatening hemoptysis in the ICU. Journal of Intensive Care, 8, 23. https://doi.org/10.1186/s40560-020-00441-8
  3. Mayo Clinic. (n.d.). Coughing up blood: Definition. Retrieved August 31, 2026, from https://www.mayoclinic.org/symptoms/coughing-up-blood/basics/definition/sym-20050934
  4. Mayo Clinic. (n.d.). Coughing up blood: Causes. Retrieved August 31, 2026, from https://www.mayoclinic.org/symptoms/coughing-up-blood/basics/causes/sym-20050934
  5. WebMD. (n.d.). Coughing up blood (hemoptysis). Retrieved August 31, 2026, from https://www.webmd.com/lung/coughing-up-blood

Published: 21 October 2026

Share

Category

17 September 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.