အဆုတ်လေပြွန် ပြည်တည်ရောဂါ (Bronchiectasis) သည် အဆုတ်အတွင်းရှိ လေပြွန်များကျယ်လာပြီး ပိုးဝင်ပျက်စီးသွားခြင်းကြောင့်ဖြစ်သော နာတာရှည် အဆုတ်ရောဂါတစ်မျိုးဖြစ်သည်။ ပျက်စီးသွားသော လေပြွန်များသည် ချွဲသလိပ်များကို ကောင်းစွာ မရှင်းထုတ်နိုင်သည့်အခါ ချွဲသလိပ်များစုပုံလာပြီး ရောဂါပိုးများ မကြာခဏဝင်ရောက်ခြင်း၊ ပြည်တည်လာခြင်း စသည်တို့ကြောင့် အဆုတ်ရောင်ရမ်းပျက်စီးခြင်းကို ဖြစ်ပေါ်စေသည်။ အဆုတ်လေပြွန် ပြည်တည်ရောဂါသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်သော်လည်း ထိရောက်သော ကုသမှုများဖြင့် ရောဂါလက္ခဏာများကို သက်သာစေပြီး ရောဂါအခြေအနေကို ထိန်းချုပ်နိုင်သည်။ သို့သော် ဤရောဂါကို အပြီးတိုင်ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိပါ။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဆုတ်ကို Bronchi ဟုခေါ်သော လေပြွန်ငယ်များဖြင့် ဖွဲ့စည်းထားသည်။ အောက်ဆီဂျင်သည် ထိုလေပြွန်ငယ်များမှ ဝင်ရောက်လာပြီး အဆုတ်လေအိတ်ငယ် (Alveoli) များမှတစ်ဆင့် သွေးကြောထဲသို့ ရောက်ရှိသည်။ ပုံမှန်အားဖြင့် အဆုတ်လေပြွန်ငယ်များ၏အတွင်းနံရံသည် အချွဲများဖြင့် ကာရံထားပြီး ပြင်ပမှ အန္တရာယ်ရှိသော ဖုန်၊ အမှုန်များ၊ ပိုးမွှားများကို ကာကွယ်ပေးခြင်း၊ လေပြွန်များကို စိုစွတ်စေခြင်းစသည့် အရေးကြီးသော လုပ်ဆောင်ချက်များကို ပြုလုပ်ပေးသည်။ သို့သော် ရောဂါအခြေအနေတစ်ခုခုကြောင့် အဆုတ်ပြွန်များ ဖောင်းပွရောင်ရမ်းလာပါက လေပြွန်ငယ်များသည် ပုံမှန်မဟုတ်ဘဲ ကျယ်နေသဖြင့် ချွဲသလိပ်များ ပိုမိုစုဝေးလာသည်။ ရောဂါပိုးများလည်း အလွယ်တကူ ဝင်ရောက်လာနိုင်သည်။ ထိုသို့ မကြာခဏ ရောဂါပိုးဝင်ရောက်ခြင်းကြောင့် လေပြွန်ငယ်များ ထပ်မံပျက်စီးပြီး နောက်ဆုံးတွင် အဆုတ်တဖြည်းဖြည်း ထိခိုက်ပျက်စီးလာသည်။
အဆုတ်လေပြွန် ပြည်တည်ရောဂါ ဖြစ်ပွါးသောလူနာများ၏ (၄၀) ရာခိုင်နှုန်းခန့်တွင် အကြောင်းရင်းကို အတိအကျ မသိရှိကြပါ။ အဆုတ်ပြွန်များ ဖောင်းပွရောင်ရမ်းစေနိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အဆုတ်အတွင်း ရောဂါပိုးမကြာခဏဝင်ခြင်း
- အဆုတ်ရောင်ရောဂါ (Pneumonia)
- ကြက်ညှာချောင်းဆိုးရောဂါ (Whooping cough)
- တီဘီရောဂါ (Tuberculosis)
- တီဘီရောဂါပိုးမဟုတ်သော အခြား Mycobacterial ပိုးများ (Non-tuberculous mycobacterial infection)
- မှိုပိုးဝင်ခြင်း (Fungal infections)
- အဆုတ်၊ အစာခြေစနစ်နှင့် ကိုယ်တွင်းအင်္ဂါများကို ထိခိုက်စေနိုင်သော မျိုးဗီဇရောဂါ (Cystic fibrosis)
- ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းနှင့် ဆိုင်သောရောဂါများ (ဥပမာ – SLE ရောဂါ၊ ရူမတွိုက်အဆစ်ရောင်ရောဂါ၊ နာတာရှည် အူရောင်ရမ်းနာရောဂါများ (Inflammatory bowel disease)
- ကိုယ်ခံအားကျဆင်းသောရောဂါများ (ဥပမာ – HIV, Hypogammaglobulinemia)
- နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ (COPD)
- လေပြွန်ပိတ်ဆို့၍ အချွဲများကို မရှင်းထုတ်နိုင်သော ကင်ဆာအလုံးအကျိတ်နှင့် ပြန်ရည်ကြောအကျိတ်များ
- မှိုပိုးအမှုန်များဝင်ရောက်၍ ဓာတ်မတည့် အဆုတ်ရောင်ရောဂါ (Allergic bronchopulmonary aspergillosis)
- အစာသီး၍ အစာနှင့်ရေများ အဆုတ်ထဲသို့ ရောက်ရှိခြင်း (Chronic pulmonary aspiration)
- အသက်ရှူလမ်းကြောင်းမှ ချွဲသလိပ်ခပ်ထုတ်ပေးသည့် အမျှင်ငယ်များထိခိုက်သော မျိုးဗီဇရောဂါ (Primary ciliary dyskinesia)
- ဓာတ်ရောင်ခြည်သင့်ခြင်းကြောင့် အဆုတ်တွင်အမာရွတ်ဖြစ်ခြင်း (Fibrosis from radiation)
- မွေးရာပါ Alpha-1 antitrypsin အင်ဇိုင်းချို့တဲ့ခြင်း (Alpha-1 antitrypsin deficiency)
- မွေးရာပါ အဆုတ်တည်ဆောက်ပုံ မူမမှန်သောရောဂါများ စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများ ဖြစ်ပေါ်ရန် လပေါင်းများစွာ သို့မဟုတ် ရက်ပေါင်းများစွာ ကြာတတ်ပြီး၊ အဓိကအဖြစ်အများဆုံးလက္ခဏာမှာ အမြဲတစေ ချောင်းဆိုးသလိပ်ထွက်ခြင်း၊ သလိပ်တွင် ပြည်ပါခြင်းတို့ဖြစ်သည်။ သလိပ်အရောင်မှာ အဖြူရောင်၊ အဝါဖျော့ဖျော့ သို့မဟုတ် စိမ်းဝါရောင်ဖြစ်နိုင်ပြီး ရောဂါပိုးဝင်သောအခါ သလိပ်များပိုထွက်လာပြီး အစိမ်းရောင်ရင့်ရင့်ဖြစ်လာကာ အနံ့ဆိုးများဖြစ်ပေါ်တတ်သည်။ အခြားဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ_
- အသက်ရှူမဝခြင်း
- မောပန်းလွယ်ခြင်း
- အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
- ချောင်းဆိုးလျှင် သွေးပါခြင်း
- ရင်ဘတ်အောင့်ခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- လက်ချောင်းတင်းပုတ် (Clubbing) တို့ဖြစ်ကြသည်။
ရောဂါလက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ဘဲ ရောဂါပိုးဝင်ရောက်သောအခါ ရောဂါထကြွလာပြီး (Infective exacerbation) ရက်အနည်းငယ်အတွင်း လက္ခဏာများ ပိုမိုဆိုးရွားလာသည်။
နောက်ဆက်တွဲပြဿနာများ
အချို့သောသူများတွင် ပြင်းထန်သော အဆုတ်လေပြွန် ပြည်တည်ရောဂါကြောင့် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာပြီး အသက်အန္တရာယ်ထိခိုက်သည်အထိ ဆိုးရွားနိုင်သည်။
- အသက်ရှူလုပ်ငန်းများ ပျက်စီးခြင်း (Respiratory failure)
- ချောင်းဆိုးသွေးပါမှု အလွန်ပြင်းထန်ခြင်း (Massive hemoptysis)
- နှလုံးပြဿနာများ _ အဆုတ်သွေးကြောများတွင် ဖိအားများလာပြီး နှလုံးညာဘက်ခြမ်း ထိခိုက်နိုင်ခြင်း (Right-sided heart failure)
- ကိုယ်အလေးချိန်ကျခြင်းနှင့် အာဟာရချို့တဲ့ခြင်း
- ပဋိဇီဝပိုးသတ်ဆေးများ မကြာခဏအသုံးပြုခြင်းကြောင့် ဆေးယဥ်ပါးခြင်း (Antibiotics resistance) တို့ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူရန် လိုအပ်သည်။ ချောင်းဆိုးလျှင် သွေးပါလာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူမြန်ခြင်း၊ သတိလစ်ခြင်း၊ ကိုယ်အပူချိန်ကြီးခြင်း၊ ပြင်းထန်သော ရင်ဘတ်အောင့်ခြင်းတို့ ဖြစ်ပေါ်ပါက ဆေးရုံ၊ ဆေးခန်း အရေးပေါ်ဌာနသို့ အမြန်ဆုံးသွားရောက်၍ ဆေးရုံတက် ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
အဆုတ်လေပြွန် ပြည်တည်ရောဂါ ရှာဖွေရန် လူနာ၏ ရောဂါရာဇဝင် သေချာမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ဦးစွာပြုလုပ်ရသည်။ ထို့နောက် ဖြစ်ပေါ်စေသော အကြောင်းရင်းများနှင့် တိကျသေချာစွာ ရောဂါရှာဖွေနိုင်ရန်အတွက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို ထပ်မံပြုလုပ်နိုင်သည်။
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (အရည်အသွေးမြင့် ကွန်ပျူတာဓာတ်မှန် – High resolution CT) – အဆုတ်လေပြွန် ပြည်တည်ရောဂါရှာဖွေရန်အတွက် အဓိကစစ်ဆေးမှုဖြစ်သည်)
- အဆုတ်လုပ်ငန်းများကို စစ်ဆေးခြင်း
- အသက်ရှူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Bronchoscopy)
- သွေးစစ်ဆေးခြင်း
- သလိပ်စစ်ဆေးခြင်း
- မျိုးဗီဇစစ်ဆေးခြင်း
- ချွေးတွင်းရှိ ကလိုရိုက်ပမာဏ စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
အဆုတ်လေပြွန် ပြည်တည်ရောဂါကို ကုသရာတွင် ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းကို ကုသခြင်း၊ ရောဂါပိုးများကို ကုသခြင်း၊ ချွဲသလိပ်များ ရှင်းလင်းအောင်ပြုလုပ်ခြင်း၊ ရောဂါထကြွခြင်း မဖြစ်အောင် တားဆီးခြင်းတို့ပါဝင်သည်။ အဆုတ်လေပြွန် ပြည်တည်ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်သော်လည်း ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် ရောဂါပိုမဆိုးလာစေရန် အောက်ပါနည်းလမ်းတို့ဖြင့် ကုသနိုင်သည်။
- ဆေးဝါးများဖြင့် ကုသခြင်း
- ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
ပဋိဇီဝပိုးသတ်ဆေးများကို အဆုတ်လေပြွန်ရောင်ရမ်းခြင်းကြောင့် မကြာခန အဆုတ်ပိုးဝင်သော အခြေအနေတွင် ပေးလေ့ရှိသည်။ ရောဂါအခြေအနေ ပြင်းထန်မှုအပေါ် မူတည်၍ သောက်ဆေး သို့မဟုတ် ထိုးဆေးများဖြင့် ကုသမှုပေးနိုင်သည်။ ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားသည့် ပမာဏအတိုင်း ရက်ပြည့်အောင် သောက်သုံးရန် အရေးကြီးသည်။ များသောအားဖြင့် ပိုးသတ်ဆေးကို (၁၄) ရက် ပေးလေ့ရှိသည်။ - ချွဲပျော်ဆေးများပေးခြင်း (Expectorant and mucolytics)
Acetylcysteine ကဲ့သို့ ချွဲပျော်ဆေးကို ချောင်းဆိုးပျောက်ဆေးဖြင့် တွဲပေးလေ့ရှိသည်။ - လေပြွန်ကျယ်စေသော ရှူဆေးများပေးခြင်း (Inhaled or nebulized bronchodilators)
လေပြွန်ရောင်ရမ်းကျဥ်းမြောင်း၍ အသက်ရှူကျပ်ခြင်းကို သက်သာစေရန်ပေးသည်။ အသက်ရှူလေ့ကျင့်ခန်း မပြုလုပ်ခင်လည်း အသုံးပြုနိုင်သည်။ - ရောင်ရမ်းခြင်းကို သက်သာစေသော ရှူဆေးများပေးခြင်း (Inhaled corticosteroids)
ပန်းနာရင်ကျပ် သို့မဟုတ် နာတာရှည်လေပြွန်ကျဥ်း အဆုတ်ပွရောဂါများနှင့် တွဲ၍ဖြစ်ပေါ်သော လူနာများတွင်သာ အသုံးပြုလေ့ရှိသည်။ လေပြွန်များ နာတာရှည်ရောင်ရမ်းခြင်းကို သက်သာစေသည်။ ရေရှည်သုံးစွဲရန် လိုမလို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုအပ်သည်။
- ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသခြင်း
- ချွဲသလိပ်များကို ရှင်းလင်းခြင်း
- အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း (Chest physical therapy CPT)
- ချွဲသလိပ်များ လွယ်ကူစွာ ထွက်စေရန် အဆုတ်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း (Physical therapy – breathing exercises, chest percussion) ကို ဆရာဝန်ညွှန်ပြသည့် နည်းလမ်းများအတိုင်း ပြုလုပ်နိုင်သည်
- ခန္ဓာကိုယ်အနေအထား ပြောင်းလဲခြင်းဖြင့် သလိပ်များ အလွယ်တကူထွက်စေခြင်း (Postural drainage)
- အသက်ရှူလမ်းကြောင်း ရှင်းလင်းစေသည့် အသက်ရှူနည်းများ ပြုလုပ်ခြင်း (Airway clearance techniques)
- အသက်ရှူခြင်း၊ ချောင်းဆိုးခြင်းကို နည်းစနစ်ဖြင့် ပြုလုပ်ရန် သင်ကြားပေးခြင်းဖြစ်ပြီး ထိုနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် သလိပ်များကို ပိုထွက်စေပြီး အသက်ရှူခြင်းအား ပိုမိုကောင်းမွန်စေသလို မကြာခန ပိုးဝင်ခြင်းကိုလည်း သက်သာစေနိုင်သည်
- အသက်ရှူထုတ်ချိန်တွင် အားဖြင့်ဆောင့်ရှူထုတ်နည်း (Forced expiration technique) နှင့် အသက်ကို ဖြည်းဖြည်းရှူသွင်းခြင်း၊ အသက်ကို ခပ်ပြင်းပြင်းရှူသွင်း၍ အောင့်ထားခြင်းနှင့် အသက်ရှူအားဖြင့် ဆောင့်ရှူထုတ်ခြင်း အဆင့်များပါဝင်သော ACBT (active cycle of breathing technique) နည်းလမ်းများ ပါဝင်သည်
- စက်ပစ္စည်းကို အသုံးပြု၍ အဆုတ်တွင်းရှိ ချွဲသလိပ်များကို ဆွဲထုတ်ဖယ်ရှားခြင်း (Positive expiratory pressure devices, percussive vests)
- ရေဓာတ်ပြည့်ဝအောင် သောက်သုံးခြင်း
- ရေများများသောက်ခြင်းဖြင့် ရေဓာတ်ပြည့်ဝအောင် ဖြည့်ခြင်းသည် သလိပ်များ၊ ချွဲများကပ်ခြင်းကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းမှ အလွယ်တကူ ဟပ်ထုတ်နိုင်အောင် ကူညီပေးနိုင်သည်
- အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း (Chest physical therapy CPT)
- ရောဂါအခံကို ကုသခြင်း
ရောဂါအခံကြောင့်ဖြစ်သော အဆုတ်လေပြွန် ပြည်တည်ရောဂါတွင် ရောဂါအခံ (ဥပမာ _ တီဘီရောဂါ) ကို ကုသခြင်းဖြင့် သက်သာအောင် ပြုလုပ်ပေးနိုင်သည်။ - အောက်ဆီဂျင်ကုထုံး
လေပြွန်များ နာတာရှည်ပျက်စီးခြင်းကြောင့် အဆုတ်အားနည်းပြီး အောက်ဆီဂျင်မလုံလောက်သော လူနာများတွင် ရေရှည်အောက်ဆီဂျင်ပေးရန် လိုအပ်နိုင်သည်။ - ခွဲစိတ်ကုသခြင်း
- အဆုတ်လေပြွန် ပြည်တည်ရောဂါတွင် အောက်ဖော်ပြပါအချက်များ ရှိပါက ခွဲစိတ်ကုသခြင်း ပြုလုပ်နိုင်သည်
- အဆုတ်၏ အစိတ်အပိုင်းတစ်ခုတည်းတွင်သာ ဖြစ်ခြင်း
- ရောဂါလက္ခဏာများသည် အထက်တွင် ဖော်ပြခဲ့သော ကုသမှုများဖြင့် မသက်သာခြင်း
- ပြန်လည်ဖြစ်ပေါ်စေနိုင်သော အခြေခံအကြောင်းရင်း မရှိခြင်း
- ခွဲစိတ်ကုသရာတွင် လေအိတ်များကို ဖြတ်ထုတ်ခြင်း၊ သွေးထွက်သောနေရာကို ထိန်းချုပ်ခြင်းနှင့် ပြင်းထန်သော လူနာများတွင် အဆုတ်အစားထိုးခြင်းစသည့် နည်းလမ်းများရှိသည်။
- အဆုတ်လေပြွန် ပြည်တည်ရောဂါတွင် အောက်ဖော်ပြပါအချက်များ ရှိပါက ခွဲစိတ်ကုသခြင်း ပြုလုပ်နိုင်သည်
ကာကွယ်ခြင်း
အောက်ပါအချက်များကို လိုက်နာ၍ အဆုတ်ကျန်းမာရေး ကောင်းမွန်အောင် ထိန်းသိမ်းခြင်းဖြင့် အဆုတ်လေပြွန် ပြည်တည်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
- ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးခြင်း
- ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပေးခြင်း
- ဆေးလိပ်ငွေ့များနှင့် ခန္ဓာကိုယ်အတွက် ထိခိုက်စေနိုင်သော အငွေ့များရှူရှိုက်ခြင်းများကို ရှောင်ကြဉ်ခြင်း
- ကျန်းမာရေးကောင်းမွန်စေရန် အာဟာရပြည့်ဝသည့် အစားအသောက်များစားခြင်း၊ ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းခြင်း၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းတို့ဖြင့် ရောဂါဖြစ်ပွါးခြင်းအန္တရာယ်ကို လျှော့ချနိုင်သည်
References:
- Cleveland Clinic. (2026). Bronchiectasis. Retrieved March 3, 2026, from https://my.clevelandclinic.org/health/diseases/21144-bronchiectasis#diagnosis-and-tests
- American Lung Association. (2026). Learn about bronchiectasis. Retrieved March 3, 2026, from https://www.lung.org/lung-health-diseases/lung-disease-lookup/bronchiectasis/learn-about-bronchiectasis
- National Health Service. (2025). Bronchiectasis. Retrieved March 3, 2026, from https://www.nhs.uk/conditions/bronchiectasis/
- National Heart, Lung, and Blood Institute. (2023). Bronchiectasis causes and risk factors. Retrieved March 3, 2026, from https://www.nhlbi.nih.gov/health/bronchiectasis/causes
Published Date: 19 March 2025
Last updated: 18 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.