ဆေးပညာအရ Striae ဟုခေါ်သော အကြောပြတ်ရာ (Stretch marks) များသည် အရေပြားပေါ်တွင် အဖြစ်များပြီး အန္တရာယ်မရှိသော ချိုင့်ဝင်အစင်းကြောင်းများဖြစ်သည်။ အရေပြား အလျင်အမြန် ဆွဲဆန့်ခံရခြင်း သို့မဟုတ် ကျုံ့သွားခြင်းတို့အပြီးတွင် ပေါ်လာတတ်သော အမာရွတ်တစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ် ကြီးထွားမှုနှင့် ပြောင်းလဲမှုများ၏ ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်။ သို့ရာတွင် တစ်ခါတစ်ရံ ထိုအကြောပြတ်ရာများသည် Cushing’s syndrome ကဲ့သို့ ဟော်မုန်းဆိုင်ရာ (endocrine) ရောဂါများ၊ တွယ်ဆက်တစ်ရှူးဆိုင်ရာရောဂါများနှင့် အချို့ဆေးဝါးများကြောင့် ဖြစ်ပေါ်သော အဓိကကျသည့် ရုပ်ပိုင်းဆိုင်ရာလက္ခဏာတစ်ခုလည်း ဖြစ်နေနိုင်သည်။
ကျန်းမာသောသူများတွင် အကြောပြတ်ရာများ အလွန်အဖြစ်များသောကြောင့်၊ ပုံမှန် ဇီဝကမ္မဖြစ်စဉ်အရဖြစ်သော အကြောပြတ်ရာများနှင့် ဆေးဘက်ဆိုင်ရာ ရောဂါအခြေအနေတစ်ရပ်ရပ်ကြောင့် ဖြစ်ပေါ်လာသော အကြောပြတ်ရာများအကြား ကွာခြားချက်ကို နားလည်ထားရန် အရေးကြီးသည်။
အကြောပြတ်ရာများသည် ဆေးကုသရန်မလိုဘဲ အချိန်ကြာလာလျှင် အလိုအလျောက် မှေးမှိန်သွားတတ်သော်လည်း လုံးဝပျောက်ကင်းသွားခြင်း မရှိနိုင်ပါ။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတစ်စုံတစ်ရာ မရှိစေသော်လည်း အခြားသူများ၏အမြင်ကို စိုးရိမ်ပူပန်ခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှုနှင့် အပြုအမူပိုင်းဆိုင်ရာများအပေါ် သက်ရောက်မှုရှိစေနိုင်ကာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါကဲ့သို့သော စိတ်ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အရေပြား ရုတ်တရက် ဆွဲဆန့်ခံရခြင်း သို့မဟုတ် ကျုံ့သွားခြင်းကြောင့် အရေပြားအတွင်းရှိ အီလက်စတင် (elastin) နှင့် ကော်လာဂျင် (collagen) တို့ ပြတ်တောက်သွားပြီး အကြောပြတ်ခြင်း ဖြစ်ပွားရခြင်းဖြစ်သည်။ အီလက်စတင်၏ အဓိကလုပ်ဆောင်ချက်မှာ အရေပြားကို ဆန့်ထွက်နိုင်စေရန်ဖြစ်ပြီး၊ ကော်လာဂျင်သည် အရေပြားအတွက် တည်ဆောက်ပုံနှင့် ခိုင်ခံ့မှုကို အထောက်အပံ့ပေးသည်။ အရေပြား ပြန်လည်သက်သာလာချိန်တွင် အီလက်စတင် ပြတ်တောက်သွားသည့်နေရာများ၌ အကြောပြတ်ရာများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပြင်းထန်မှုပမာဏသည် မျိုးဗီဇနှင့် အကြောပြတ်ရာ၏ ဆွဲဆန့်မှုအတိုင်းအတာပေါ်တွင် မူတည်သည်။ ထို့အပြင် ကျောက်ကပ်အပေါ်ရှိ ဂလင်း (adrenal gland) မှ ထုတ်လုပ်သော ကော်တီဆော (cortisol) ဟော်မုန်းပမာဏ မြင့်တက်လာခြင်းသည်လည်း အရေပြားရှိ ဆန့်ထွက်နိုင်စွမ်းရှိသော အမျှင်များကို အားနည်းစေနိုင်ပြီး အတွင်းပိုင်းစုတ်ပြဲမှုများ ပိုမိုဖြစ်ပေါ်စေနိုင်သည်။
ဖြစ်နိုင်ခြေများစေသော အကြောင်းရင်းများ (Risk Factors)
မည်သူမဆို ဖြစ်နိုင်သော်လည်း အချို့အချက်များသည် ဖြစ်ပွားနိုင်ခြေကို ပိုများစေသည်။
- အခြေခံကျန်းမာရေးအခြေအနေများ
- ဟော်မုန်းဆိုင်ရာရောဂါများ (Endocrine Disorders) – ခန္ဓာကိုယ်တွင် ကော်တီစော (Cortisol) ဟော်မုန်း အလွန်အမင်း များပြားနေသည့် Cushing’s syndrome ကဲ့သို့ ရောဂါများ
- တွယ်ဆက်တစ်ရှူးဆိုင်ရာ မျိုးဗီဇရောဂါများ (Connective Tissue Disorders) – အရေပြား၏ ကြံ့ခိုင်မှုနှင့် ကျုံ့ဆန့်နိုင်စွမ်းကို ထိခိုက်စေသည့် Marfan syndrome သို့မဟုတ် Ehlers-Danlos syndrome ကဲ့သို့သော ရောဂါများ
- ကိုယ်ဝန်ဆောင်ခြင်း – ကိုယ်ဝန်ဆောင်သူများ၏ ၉၀ ရာခိုင်နှုန်းမျှအထိတွင် တွေ့ရှိရသည်၊ ဝမ်းဗိုက်ကြီးထွားလာသဖြင့် ဖြစ်ပေါ်လာပြီး၊ ကိုယ်ဝန် နောက်ဆုံး ၃ လပတ်တွင် ဖြစ်ပေါ်လေ့ရှိသည်
- ဆေးဝါးများ – Corticosteroid ပါသော လိမ်းဆေး သို့မဟုတ် သောက်ဆေးများကို ရေရှည်အလွန်အကျွံသုံးစွဲခြင်းသည် အရေပြားဆန့်နိုင်စွမ်း လျော့ကျစေသည်
- မျိုးဗီဇ – မိဘများတွင် အကြောပြတ်ရာရှိလျှင် မိမိတွင်လည်း ဖြစ်နိုင်ခြေများသည်
- လူပျိုဖော်၊ အပျိုဖော်ဝင်စအရွယ် – ဆယ်ကျော်သက်များ လျင်မြန်စွာကြီးထွားချိန်တွင် ကျော၊ ပခုံး၊ ရင်သား သို့မဟုတ် တင်ပါးဆုံတို့၌ အဖြစ်များသည်
- ကိုယ်အလေးချိန် ရုတ်တရက် ပြောင်းလဲခြင်း – ကိုယ်အလေးချိန် အတက်အကျမြန်ခြင်းနှင့် အလေးမ၍ ကြွက်သားအမြန်ကြီးထွားခြင်းကြောင့် အရေပြားကို ဖိအားဖြစ်စေသည်။
ယှဥ်တွဲလာတတ်သောလက္ခဏာများ
အကြောပြတ်ရာများသည် ကြာချိန်၊ ဖြစ်ပွားရသည့် အကြောင်းရင်း၊ တည်နေရာနှင့် အရေပြားအမျိုးအစားပေါ်မူတည်၍ ကွဲပြားနိုင်ပြီး ၎င်းတို့၏ သဘောသဘာဝအလိုက် အောက်ပါအတိုင်း ခွဲခြားတွေ့ရှိနိုင်သည်။
- ပုံမှန် ဇီဝကမ္မဖြစ်စဉ်အရ တွေ့ရသော လက္ခဏာများ
- အစင်းကြောင်းများ ဖြစ်ခြင်း – ဝမ်းဗိုက်၊ ရင်သား၊ တင်ပါးဆုံ၊ ပေါင်နှင့် တင်ပါး စသည့်နေရာများတွင် ချိုင့်ဝင်နေသော အစင်းကြောင်းများအဖြစ် စတင်ပေါ်လာတတ်သည်
- အရောင်အမျိုးမျိုး ပြောင်းလဲခြင်း – အရေပြားအမျိုးအစားပေါ်မူတည်၍ အစပိုင်းတွင် ပန်းရောင်၊ အနီ၊ အမည်း၊ အပြာ သို့မဟုတ် ခရမ်းရောင် အစင်းကြောင်းများအဖြစ် တွေ့ရတတ်သည်
- ငွေရောင်သို့ ပြောင်းလဲခြင်း – ကာလကြာလာသည်နှင့်အမျှ အရေပြားသည် တဖြည်းဖြည်း ပြောင်လက်လာပြီး ငွေရောင် သို့မဟုတ် အဖြူရောင် မျဉ်းကြောင်းများအဖြစ်သို့ မှေးမှိန်ပြောင်းလဲသွားသည်
- ယားယံခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း – အကြောပြတ်ရာအသစ်များ ဖြစ်ပေါ်ချိန် သို့မဟုတ် ကျယ်ပြန့်နေသည့်အဆင့် (Active phase) တွင်သာ အရေပြားဆွဲဆန့်ခံရမှုကြောင့် ယားယံလေ့ရှိသည်၊ ၎င်းသည် သီတင်းပတ်အနည်းငယ်မှ လအနည်းငယ်အထိ ကြာမြင့်တတ်ပြီး၊ အရေပြားအခြေအနေ တည်ငြိမ်သွားပါက ယားယံခြင်း ရပ်တန့်သွားမည်ဖြစ်သည်။
- ဆေးဘက်ဆိုင်ရာ ရောဂါအခံများကြောင့် ဖြစ်သော ထူးခြားလက္ခဏာများ (Pathological Features)
- ကူးရှင်းရောဂါစု (Cushing’s Syndrome) နှင့် စတီးရွိုက် အလွန်အကျွံသုံးစွဲခြင်း – အစင်းကြောင်းများသည် ပုံမှန်ထက် ပိုမိုကျယ်ပြန့်ပြီး (၁ စင်တီမီတာထက် ပိုကျယ်လေ့ရှိသည်) ပိုမိုနက်ရှိုင်းကာ ထင်ရှားသော ခရမ်းရောင် သို့မဟုတ် ရဲရဲနီသောအရောင် ရှိတတ်သည်၊ ကာလကြာသော်လည်း အဖြူရောင်သို့ လွယ်လွယ်နှင့် ပြောင်းလဲမသွားတတ်ဘဲ ဝမ်းဗိုက်နှင့်ခန္ဓာကိုယ်အနှံ့ ဧရိယာကျယ်ပြန့်စွာ ဖုံးလွှမ်းတတ်သည်၊ အရေပြားသည် အလွန်ပါးလွှာပြီး သွေးခြေဥလွယ်သော လက္ခဏာနှင့်လည်း တွဲဖက်တွေ့ရတတ်သည်
- မားဖန်းရောဂါစု (Marfan Syndrome) နှင့် အယ်လာဒန်လော့စ်ရောဂါစု (Ehlers-Danlos Syndrome) – အဆစ်များပျော့ပြောင်းနေပြီး ပုံမှန်မဟုတ်သော နေရာများ (ဥပမာ – ကျောကုန်းအောက်ပိုင်း၊ ပခုံး၊ ဒူးဆစ်နှင့် အဆစ်အမြစ် ပတ်ဝန်းကျင်များ) တွင် အကြောပြတ်ရာများ ထူးထူးခြားခြား ပေါ်လာတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မဖြစ်မနေ ပြသရန် မလိုအပ်သော်လည်း အကြောပြတ်ရာများ ခန္ဓာကိုယ်တွင် ဧရိယာကျယ်ပြန့်စွာ ဖြစ်နေလျှင် သို့မဟုတ် ကုသမှုခံယူလိုလျှင် ပြသသင့်သည်။ အချို့သော လိမ်းဆေးများသည် အရေပြား ဓာတ်မတည့်ခြင်းများကို ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။
- သိသာထင်ရှားသော အကြောင်းရင်း မရှိခြင်း (No Obvious Cause)
- ကျယ်ပြန့်သော သို့မဟုတ် ပုံမှန်မဟုတ်သောပုံစံများ (Widespread or Unusual Patterns) – ထင်ရှားသောအကြောင်းရင်းမရှိဘဲ ကိုယ်လုံး၊ မျက်နှာ သို့မဟုတ် ရင်ဘတ်တို့တွင် အလွန်ကျယ်သော ခရမ်းရင့်ရောင် အကြောပြတ်ရာများ ဖြစ်ပေါ်ခြင်း
- အခြားသော ကိုယ်ခန္ဓာဆိုင်ရာ လက္ခဏာများနှင့် တွဲနေခြင်း (Systemic Symptoms) – အကြောင်းမဲ့ ကိုယ်အလေးချိန်တက်ခြင်း (အထူးသဖြင့် ခါးနှင့် ဝမ်းဗိုက်တစ်ဝိုက်) သွေးခြေဥလွယ်ခြင်း၊ သွေးတိုးခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်းတို့ အကြောပြတ်ရာများနှင့် တွဲဖြစ်ခြင်း
- ဆေးဝါးကြောင့်ဖြစ်ခြင်း (Medication-Related) – Corticosteroid သောက်ဆေး သို့မဟုတ် ပြင်းအားမြင့်လိမ်းဆေးများ ရေရှည်သုံးပြီးနောက် ပေါ်လာခြင်း
ရောဂါရှာဖွေခြင်း
အဆိုပါ အခြေအနေကို လွယ်ကူစွာ စစ်ဆေးသိရှိနိုင်သောကြောင့် ဆရာဝန်နှင့် ပြသရန် မလိုအပ်ပါ။ အကြောပြတ်ရာများ (striae) ကို ဆရာဝန် သို့မဟုတ် အရေပြားအထူးကုဆရာဝန်က ၎င်းတို့၏ ထူးခြားသော လက္ခဏာဖြစ်သည့် မျဉ်းကြောင်းပုံသဏ္ဌာန်ရှိပြီး ချိုင့်ဝင် သို့မဟုတ် ပါးလွှာနေသော အရေပြား အစင်းကြောင်းများကို မျက်မြင်စစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေ ဖော်ထုတ်လေ့ရှိသည်။
အကြောပြတ်ရာများအတွက် သီးသန့် စံသတ်မှတ်ထားသော စမ်းသပ်စစ်ဆေးမှုများ မရှိသော်လည်း၊ ယင်း၏ အခြေခံအကြောင်းရင်းများဖြစ်သည့် ဟော်မုန်း သို့မဟုတ် မျိုးဗီဇဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပွားခြင်း ရှိမရှိကို စိစစ်ရန်အတွက်မူ တိကျသော ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများကို ဆောင်ရွက်နိုင်သည်။
ကုသခြင်း
အကြောပြတ်ရာများသည် ကျန်းမာရေးအတွက် အန္တရာယ်မရှိသလို ဆေးကုသရန်လည်း မလိုဘဲ အချိန်ကြာလာပါက အလိုလိုမှေးမှိန်သွားတတ်သည်။ သို့သော် ကုသရန်ခက်ခဲပြီး မည်သည့်ကုသမှုကမျှ လုံးဝပျောက်ကင်းအောင် မလုပ်နိုင်ပါ။ စတင်ပေါ်လာချိန်တွင် ကုသခြင်းသည် အကောင်းဆုံးရလဒ်ကို ရရှိစေနိုင်သည်။
အောက်ဖော်ပြပါ ကုထုံးများသည် အကြောပြတ်ရာများ၏ အသွင်သဏ္ဍာန်နှင့် အရေပြားအခြေအနေကို တိုးတက်ကောင်းမွန်စေရန် ရရှိနိုင်သော ဆေးဝါးကုသမှုအချို့ဖြစ်သည်။
- လေဆာဖြင့် ကုသခြင်း (Laser Therapy)
- သွေးကြောဆိုင်ရာ လေဆာများ (အစောပိုင်း အကြောပြတ်ရာများအတွက်) [Vascular Lasers]
- Pulsed Dye Laser (PDL) စက်များသည် ဟီမိုဂလိုဘင် (hemoglobin) စုပ်ယူသော အလင်းလှိုင်းဖြင့် အရေပြားအတွင်းပိုင်းသို့ အပူပေးပို့ကာ ကော်လာဂျင်ကို လှုံ့ဆော်ပေးပြီး ပတ်ဝန်းကျင်အရေပြားကို မထိခိုက်စေဘဲ သွေးကြောများကို ကျုံ့ပိတ်စေသည်
- ၎င်းသည် ချိုင့်ဝင်မှုကို မသက်သာစေသော်လည်း အနီရောင် သို့မဟုတ် ခရမ်းရောင်ကို လျင်မြန်စွာ မှေးမှိန်စေသည်
- Laser skin resurfacing/ Fractional လေဆာများ (ရင့်နေသော သို့မဟုတ် ကြာနေသော အကြောပြတ်ရာများအတွက်)
- Fractional လေဆာများ (ဥပမာ – Fraxel) သည် microneedling ကဲ့သို့ အရေပြားလယ်လွှာ (dermis) အနက်ပိုင်း၌ အပူလမ်းကြောင်းများ ဖန်တီးကာ အကြောပြတ်ရာ အမာရွတ်ဟောင်းများကို ဖြိုခွဲပြီး ကော်လာဂျင် (collagen) အသစ်များဖြင့် အစားထိုးလာစေရန် တွန်းအားပေးသည်
- ကျန်းမာသော အရေပြားကို မထိခိုက်စေဘဲ အနာကျက် မြန်စေသည်
- လေဆာဖြင့် ကုသခြင်းသည် အရေပြားလွှာများကို ဖယ်ရှား၍ ကော်လာဂျင်အသစ် ထွက်စေသော်လည်း လုံးဝဖျက်ပစ်နိုင်ခြင်း မရှိပါ၊ အခြေအနေ ပိုကောင်းမွန်လာစေရန် သီတင်းပတ် အနည်းငယ်စီခြား၍ ၃ကြိမ် မှ ၆ကြိမ်အထိ ကုသရန် လိုအပ်နိုင်ပြီး ရည်ရွယ်ချက်မှာ လုံးဝကင်းစင်သွားစေရန် မဟုတ်ပါ
- သွေးကြောဆိုင်ရာ လေဆာများ (အစောပိုင်း အကြောပြတ်ရာများအတွက်) [Vascular Lasers]
- အရေပြားဆဲလ်သေများဖယ်ရှားခြင်း (Dermabrasion)
သီးသန့်ကိရိယာဖြင့် အရေပြားကို ခြစ်ထုတ်ကာ အရေပြားအသစ်ကို ချောမွေ့စေသည်။ အနာကျက်ရန် အနည်းဆုံး ၂ ပတ်ခန့် အချိန်ယူရသည်။ - အပ်ငယ်လေးများဖြင့် ကုသခြင်း (Microneedling)
အပ်ငယ်လေးများဖြင့် အရေပြားတွင် အပေါက်ငယ်များဖန်တီးကာ သဘာဝအနာကျက်ခြင်းကို လှုံ့ဆော်ပြီး ကော်လာဂျင်နှင့် အီလက်စတင်အသစ်များ ထွက်ရှိစေသည်။ ၃ကြိမ် မှ ၆ကြိမ် ကုသရန်လိုပြီး ၄လ မှ ၆လအတွင်း ရလဒ်အပြည့်အဝ တွေ့ရနိုင်သည်။ (ဘေးထွက်ဆိုးကျိုး – ယားယံခြင်း၊ အရောင်ပြောင်းခြင်း၊ ရောင်ရမ်းခြင်း) - ရက်တီနော (Retinol)
ဗီတာမင် A မှထုတ်လုပ်သော Tretinoin လိမ်းဆေးသည် ကော်လာဂျင် တည်ဆောက်ပေးခြင်းဖြင့် လအနည်းငယ်သာရှိသေးသည့် အကြောပြတ်ရာအသစ်များ သက်သာစေသည်။ အနည်းဆုံး ၆ လခန့် ပုံမှန်လိမ်းမှ ရလဒ်သိသာနိုင်သည်။ သို့သော် အရေပြား နီမြန်းယားယံခြင်း ဖြစ်စေနိုင်ပြီး ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်များတွင် ကလေးကို ထိခိုက်စေနိုင်သဖြင့် အသုံးမပြုမီ ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
ထို့အပြင် နောက်ခံရောဂါများကြောင့်ဖြစ်ပါက လိုအပ်သောကုသမှုများ ပူးတွဲပေးရန် လိုအပ်သည်။
ကာကွယ်ခြင်း
အကြောပြတ်ရာများသည် မျိုးဗီဇနှင့် ဟော်မုန်းများအပေါ် များစွာမူတည်နေသဖြင့် (၁၀၀) ရာခိုင်နှုန်း အပြည့်အဝ ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်ဘဲ၊ မျိုးဗီဇရှိပါကလည်း ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။ သို့သော်လည်း အရေပြားကျန်းမာပြီး ဆန့်ထွက်နိုင်စွမ်းရှိအောင် ဂရုစိုက်ခြင်းဖြင့် ဖြစ်ပွားနိုင်ခြေနှင့် ဆိုးရွားမှုကို လျှော့ချနိုင်သည့် ထိရောက်သော ဆေးဘက်ဆိုင်ရာ ကာကွယ်နည်းများမှာ_
- ကိုယ်အလေးချိန်ကို တဖြည်းဖြည်းချင်း ထိန်းချုပ်ပါ
အရေပြား ကော်လာဂျင်ထုတ်လုပ်မှုထက် မြန်ဆန်စွာ ဆွဲဆန့်/ကျုံ့ခြင်းကြောင့် အကြောပြတ်ခြင်းဖြစ်တတ်သဖြင့် ခန္ဓာကိုယ် ရုတ်တရက် ပြောင်းလဲမှုများကို ရှောင်ရှားသင့်သည်။- ပြင်းထန်သော အစားအသောက်လျှော့ချခြင်း (Crash diets) ကို ရှောင်ပါ – ကိုယ်အလေးချိန်မြန်မြန်ကျခြင်းက အရေပြားဆန့်နိုင်စွမ်း လျော့ကျစေပြီး အကြောပြတ်ရာများကို ပိုသိသာစေသည်
- အဆီအဆိမ့်စား၍ ကိုယ်အလေးချိန် အမြန်တင်ခြင်း (Dirty bulking) ကို ရှောင်ပါ – ကြွက်သားများကို ရုတ်တရက် မဟုတ်ဘဲ တဖြည်းဖြည်းချင်း ကြီးထွားစေရန် ရည်မှန်းပါ
- ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်ကို ထိန်းညှိပါ – ကိုယ်အလေးချိန် တစ်ဟုန်ထိုး တက်မလာဘဲ တဖြည်းဖြည်းချင်း တက်လာစေရန် ဆရာဝန်နှင့် တိုင်ပင်ပါ
- အရေပြားအတွက် အထောက်အကူပြုသော အစားအစာများကို စားသုံးပါ
အာဟာရပြည့်ဝသော အစားအစာများက ကော်လာဂျင်နှင့် အီလက်စတင် (elastin) အမျှင်များ ထုတ်လုပ်မှုကို ထောက်ပံ့ပေးပြီး အရေပြားကို အတွင်းမှအပြင်သို့ တည်ဆောက်ပေးသည်။- ဇင့်ဓာတ် (အခွံမာသီး၊ ငါး)၊ ဗီတာမင် A, C, D (မုန်လာဥနီ၊ ရှောက်/သံပုရာသီး၊ နွားနို့) နှင့် ပရိုတင်း (ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်း၊ အမဲသား၊ ကြက်သား) ကြွယ်ဝသော အစားအစာများကို စားသုံးပါ။
- ရေဓာတ်ကို ပုံမှန်ဖြည့်တင်းပေးပါ
ခြောက်သွေ့သောအရေပြားသည် ထိခိုက်ပျက်စီးလွယ်ပြီး ရေဓာတ်ပြည့်ဝပါက ပျော့ပျောင်းကာ ဆွဲဆန့်ခံရမှုကြောင့် စုတ်ပြဲနိုင်ခြေ နည်းပါးသည်။- ရေများများသောက်ပါ – တစ်နေ့တာလုံး ရေလုံလောက်စွာ သောက်ပါ
- ကဖိန်းဓာတ်ကို ထိန်းညှိပါ – ကော်ဖီနှင့် လက်ဖက်ရည်များသည် ဆီးအလွန်သွားစေပြီး ရေဓာတ်ခန်းခြောက်စေနိုင်သဖြင့် သောက်သုံးပါက ရေပိုသောက်ပါ
- လေ့ကျင့်ခန်းလုပ်ခြင်း
သွေးလှည့်ပတ်မှုကောင်းစေပြီး ကော်လာဂျင်ထွက်ရှိမှုကို အားပေးကာ အရေပြားကို ကျန်းမာကြံ့ခိုင်စေသည်။ - အစိုဓာတ်ထိန်းပါ (Moisturize)
အစိုဓာတ်ထိန်းခရင်မ် (gentle, heavy moisturizer)၊ ကိုကိုးထောပတ် (cocoa butter) သို့မဟုတ် အကြောပြတ်လိမ်းဆေးများသည် အကြောပြတ်ရာများကို မှေးမှိန်၊ ကာကွယ်ပေးနိုင်ခြင်း မရှိသော်လည်း အရေပြားကို စိုပြေစေပြီး ယားယံမှုကို သက်သာစေသည်။ - Hyaluronic Acid
အရေပြားပေါ် တိုက်ရိုက်လိမ်းခြင်းဖြင့် ရေဓာတ်ကို ထိန်းသိမ်းပေးပြီး အရေပြားကို ပြည့်ဖြိုးကာ ဆန့်ထွက်နိုင်စွမ်း ရှိစေသည်။ - မြင်းခွာရွက် (Centella Asiatica)
ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးကာ ကိုယ်ဝန်ဆောင်ကာလအတွင်း အကြောပြတ်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ အထောက်အထားရှိသည်။
References:
- American Academy of Dermatology. (n.d.). Stretch marks: Why they appear and how to get rid of them. Retrieved July 8, 2026, from https://www.aad.org/public/cosmetic/scars-stretch-marks/stretch-marks-why-appear
- Cleveland Clinic. (2022). Stretch marks. Retrieved July 8, 2026, from https://my.clevelandclinic.org/health/diseases/10785-stretch-marks
- Ghasemi, A., Gorouhi, F., Rashighi-Firoozabadi, M., Jafarian, S., & Firooz, A. (2007). Striae gravidarum: Associated factors. Journal of the European Academy of Dermatology and Venereology, 21(6), 743–746. https://doi.org/10.1111/j.1468-3083.2007.02149.x
- Hague, A., & Bayat, A. (2017). Therapeutic targets in the management of striae distensae: A systematic review. Journal of the American Academy of Dermatology, 77(3), 559–568. https://doi.org/10.1016/j.jaad.2017.02.048
- Mayo Clinic. (2023). Stretch marks: Symptoms and causes. Retrieved July 8, 2026, from https://www.mayoclinic.org/diseases-conditions/stretch-marks/symptoms-causes/syc-20351139
- Mysore, V., & Lokhande, A. J. (2019). Striae distensae treatment review and update. Indian Dermatology Online Journal, 10(4), 380–395. https://doi.org/10.4103/idoj.IDOJ_336_18
- Ud-Din, S., McGeorge, D., Bayat, A., et al. (2016). Topical management of striae distensae (stretch marks): Prevention and therapy of striae rubrae and striae albae. Journal of the European Academy of Dermatology and Venereology, 30(2), 211–222. https://doi.org/10.1111/jdv.13223
Published: 24 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.