Cushing syndrome (ကူးရှင်းရောဂါစု)

Cushing syndrome (ကူးရှင်းရောဂါစု)

ကူးရှင်း‌ရောဂါစု (Cushing syndrome) ဆိုသည်မှာ ခန္ဓာကိုယ်ထဲတွင် ကော်တီစောဟော်မုန်း (Cortisol hormone) ကာလကြာရှည်စွာ များလာသောအခါ ဖြစ်ပေါ်လာသော ဟော်မုန်းဆိုင်ရာရောဂါ ဖြစ်သည်။ ကော်တီစောဟော်မုန်း များလာရခြင်းသည် ခန္ဓာကိုယ်မှ ကော်တီစောဟော်မုန်း များစွာထုတ်ခြင်း သို့မဟုတ် စတီးရွိုက်ဆေးများ ကာလကြာရှည်စွာသောက်ခြင်းကြောင့် ဖြစ်သည်။ အသက် (၂၅)နှစ် မှ (၄၀)ကြားရှိ အမျိုးသမီးများတွင် အဖြစ်များသည်။ အများစုမှာ ထိရောက်စွာကုသလျှင် ပျောက်ကင်းနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကော်တီစောဟော်မုန်းကို ကျောက်ကပ်အပေါ်ပိုင်းတွင်ရှိသော အက်ဒရီနယ် ဂလင်း (Adrenal glands) မှ ထုတ်လုပ်သည်။ ကော်တီစောဟော်မုန်းသည် စိတ်ဖိစီးမှုကို တုံ့ပြန်ရာတွင် ကူညီပေးသည့်အပြင် အောက်ဖော်ပြပါ အရေးကြီးသောတာဝန်များကိုလည်း လုပ်ဆောင်ပေးသည်။

  • သွေးပေါင်ချိန် ထိန်းပေးခြင်း
  • သကြားဓာတ် ထိန်းပေးခြင်း
  • ရောင်ရမ်းမှုကို လျော့ကျစေခြင်း
  • နှလုံးနှင့် သွေးကြောများ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ကူညီပေးခြင်း
  • ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်ကိုထိန်းပေးခြင်းနှင့်
  • အစာများကို စွမ်းအင်အဖြစ်ပြောင်းပေးခြင်းတို့ကို လုပ်ဆောင်ပေးသည်။

ကူးရှင်းရောဂါစု အမျိုးအစား (၂) မျိုးရှိသည်။

  1. ပြင်ပမှ စတီးရွိုက်သောက်ခြင်းကြောင့် ဖြစ်ပေါ်သော ကူးရှင်းရောဂါစု (Exogenous Cushing syndrome)
    • နာတာရှည် ရောင်ရမ်းစေသော ရောဂါများ (ဥပမာ – ရူမတွိုက် အဆစ်ရောင်ရောဂါSLE ရောဂါရင်ကျပ်ရောဂါ)
    • နာတာရှည်နာကျင်မှုများကို ကုသရန်အတွက် စတီးရွိုက်ဆေးများကို ပမာဏများစွာ ကာလကြာရှည်စွာ အသုံးပြုခြင်းနှင့်
    • တရားဝင်လိုင်စင်မရှိဘဲ ထုတ်လုပ်ထားသော သောက်ဆေး၊ လိမ်းဆေး၊ စတီးရွိုက်ပမာဏများစွာ ထည့်သွင်းဖော်စပ်ထားသော ဆေးများ စသည်တို့ကို သုံးစွဲမိခြင်းတို့ကြောင့် ခန္ဓာကိုယ်ထဲတွင် ကော်တီစောဟော်မုန်းများလာပြီး ကူးရှင်းရောဂါစု ဖြစ်လာသည်
  2. ခန္ဓာကိုယ်မှ ကော်တီစောဟော်မုန်းလွန်ကဲစွာ ထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်သော ကူးရှင်းရောဂါစု (Endogenous Cushing syndrome)
    ဤကူးရှင်းရောဂါစုအမျိုးအစားကို ဖြစ်စေသောအကြောင်းရင်းများစွာရှိသည်။
    • ACTH ဟော်မုန်း ထုတ်လုပ်သော ပီကျူတရီ ဂလင်းအကျိတ် (ACTH-producing pituitary adenoma)
      • ပီကျူတရီ ဂလင်းအကျိတ်သည် အများအားဖြင့် ကင်ဆာမဟုတ်သော အကျိတ်ဖြစ်ပြီး ထိုအကျိတ်မှ ACTH ဟော်မုန်းများစွာ ထုတ်လုပ်သည်
      • ACTH ဟော်မုန်းများသည် ကျောက်ကပ်အပေါ်ပိုင်းတွင်ရှိသော အက်ဒရီနယ် ဂလင်း (Adrenal gland) မှ ကော်တီစောဟော်မုန်းများ အလွန်အကျွံထွက်စေရန် လှုံ့ဆော်ခြင်းဖြင့် ကူးရှင်း‌ရောဂါဖြစ်လာသည်
      • အမျိုးသမီးများတွင် အများဆုံးတွေ့ရလေ့ရှိသည်
    • ACTH‌ ဟော်မုန်းထုတ်လုပ်သော ပီကျူတရီဂလင်း မဟုတ်သည့် အခြားသော ကိုယ်တွင်းအင်္ဂါအကျိတ်များ (Ectopic ACTH-producing tumors)
      • ပုံမှန်အားဖြင့် ACTH ဟော်မုန်းထုတ်လုပ်ခြင်းမရှိသော ကိုယ်တွင်းအင်္ဂါများတွင် အကျိတ်ရောဂါဖြစ်ပေါ်သောအခါ ထိုအကျိတ်များမှ ACTH ဟော်မုန်းများစွာကို တစ်ခါတစ်ရံတွင် ထုတ်လုပ်သည်
      • ထို ACTH ဟော်မုန်းများသည် Adrenal ဂလင်းမှ ကော်တီစောဟော်မုန်းများ အလွန်အကျွံ ထွက်စေရန် လှုံ့ဆော်ခြင်းဖြင့် ကူးရှင်း‌ရောဂါ ဖြစ်လာသည်
      • ထိုအကျိတ်များသည် အများအားဖြင့် ကင်ဆာအကျိတ်များ ဖြစ်လေ့ရှိပြီး အဆုတ်၊ ပန်ကရိယ၊ သိုင်းရွိုက် သို့မဟုတ် သိုင်းမတ်စ်ဂလင်းများတွင် ဖြစ်ပေါ်လေ့ရှိသည်
    • ကျောက်ကပ်အပေါ်ပိုင်းတွင်ရှိသော ကော်တီစောဟော်မုန်း ထုတ်လုပ်သည့် ဂလင်းအကျိတ် (Adrenal gland tumours)
      • ကျောက်ကပ်အပေါ်ပိုင်းတွင်ရှိသော အက်ဒရီနယ် ဂလင်း (Adrenal gland) တွင် အကျိတ်ဖြစ်သောအခါ ကော်တီစောဟော်မုန်းများစွာ ထုတ်လုပ်သောကြောင့် ကူးရှင်းရောဂါ ဖြစ်လာသည်
      • ထိုအကျိတ်အများစုမှာ ကင်ဆာမဟုတ်သော အကျိတ်များဖြစ်ပြီး အနည်းစုမှာ ကင်ဆာဖြစ်နိုင်သည်
Cushing syndrome image 1
ရောဂါလက္ခဏာများ

ကော်တီစောဟော်မုန်း ပမာဏပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ_

  • လုံးဝန်း၍ လဝန်းသဏ္ဌာန်ရှိသောမျက်နှာ (Rounded moon face)
  • ကိုယ်အလေးချိန်တိုးလာခြင်း (အထူးသဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်း) (Weight gain)
  • လည်ပင်းအောက်ခြေ သို့မဟုတ် နောက်ကျောအပေါ်ပိုင်းတွင် အဆီဖုတက်လာခြင်း (Fat pad-buffalo hump)
  • ပန်းရောင် သို့မဟုတ် ခရမ်းရောင်ရှိသော အကြောပြတ်သကဲ့သို့ ကုတ်ခြစ်ရာပုံစံအမှတ်များ ပေါ်လာခြင်း (Pink or purple striae)
  • အ‌ရေပြားပါးပြီး အလွယ်တကူ သွေးခြည်ဥခြင်း (Thin skin and easy bruising)
  • အနာကျက်နှေးခြင်း (Poor wound healing)
  • ဝက်ခြံထွက်ခြင်း (Acne) တို့ဖြစ်ကြသည်။

အခြားဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ_

  • အလွန်အမင်း နုံးနယ်ခြင်း၊ ကြွက်သား အားနည်းခြင်း
  • စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု ခက်ခဲခြင်း (စိတ်ကျခြင်း၊ စိတ်ကြွခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း)
  • အိပ်မပျော်ခြင်း
  • သွေးပေါင်ချိန် များခြင်း
  • သွေးတွင်းသကြားဓာတ် များခြင်း
  • ရောဂါပိုးဝင်လွယ်ခြင်း
  • အရိုးကျိုးလွယ်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အရေပြား အရောင်ရင့်လာခြင်း
  • ကလေးများတွင် အထက်ပါလက္ခဏာများအပြင် ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေးများ ပေါ်လာခြင်း စသည်တို့ဖြစ်ကြသည်။

ကူးရှင်း‌ရောဂါရှိသော အမျိုးသမီးများတွင် ကြုံတွေ့ရသော လက္ခဏာများမှာ မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွေးများ ပေါ်လာခြင်း (Hirsutism) နှင့် ရာသီစက်ဝန်းမမှန်ခြင်းတို့ဖြစ်ကြသည်။ ကူးရှင်းရောဂါ ရှိသော အမျိုးသားများတွင် ကြုံတွေ့ရသော လက္ခဏာများမှာ လိင်ပိုင်းဆိုင်ရာ တက်ကြွမှုနည်းခြင်းနှင့် မျိုးပွါးနိုင်မှုကျဆင်းခြင်းတို့ ဖြစ်ကြသည်။

Cushing syndrome image2
နောက်ဆက်တွဲပြဿနာများ

ကုသမှု မခံယူလျှင် ‌အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • အရိုးပွပြီး အရိုးကျိုးလွယ်ခြင်း
  • သွေးတိုးရောဂါ
  • ဆီးချိုရောဂါ
  • ပြင်းထန်သော ရောဂါပိုးများဝင်ခြင်း
  • ခြေထောက်နှင့်အဆုတ်ရှိ သွေးကြောများတွင် သွေးခဲခြင်း
  • ရုတ်တရက် နှလုံးထဖောက်ခြင်း
  • သွေးတွင်းအဆီဓာတ် များခြင်း
  • စိတ်ကျရောဂါ
  • အာရုံစူးစိုက်ရန်ခက်ခဲခြင်းတို့ ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင်ဖော်ပြထားသော ရောဂါလက္ခဏာများ ခံစားရလျှင် (အထူးသဖြင့် စတီးရွိုက်ဆေးများကို ကြာရှည်စွာ သောက်သုံးနေရသူများတွင်) မိသားစုဆရာဝန်နှင့် တိုင်ပင်၍ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ ထိရောက်သော ကုသမှုများခံယူရမည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။

ရောဂါရှာဖွေခြင်း

ကူးရှင်းရောဂါကို ရှာဖွေရန် လူနာ၏ ရောဂါရာဇဝင်ကို သေချာစွာ မေးမြန်းခြင်း (ခံစားနေရသော ‌ရောဂါလက္ခဏာများ၊ ရောဂါအခံများ၊ သောက်သုံးနေသော ဆေးများ)နှင့် စမ်းသပ်ခြင်းများကို ပထမဦးစွာ ပြုလုပ်ရမည်။ အကယ်၍ ကူးရှင်းရောဂါစုဟု သံသယရှိလျှင် ခန္ဓာကိုယ်ထဲရှိ ကော်တီစောဟော်မုန်း ပမာဏကို ဆီး၊ သွေးနှင့် တံတွေးတို့တွင် တိုင်းတာနိုင်သည်။ ထိုသို့တိုင်းတာ၍ ကော်တီစောဟော်မုန်း ပမာဏမြင့်မားနေသည်ကို တွေ့ရှိရပါက ‌‌ဟော်မုန်းအထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ဖြစ်ပေါ်ရသော အကြောင်းရင်းကို သိရှိနိုင်ရန် လိုအပ်သော သွေးများထပ်မံစစ်ဆေးခြင်း၊ အလုံးအကျိတ် ကင်ဆာရောဂါများကို ရှာဖွေရန် ကွန်ပျူတာဓာတ်မှန်နှင့် သံလိုက်ဓာတ်မှန်များ ရိုက်ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်သည်။ နောက်ဆက်တွဲပြဿနာများကို သိရှိနိုင်ရန် သွေးတွင်းသကြားဓာတ် တိုင်းတာခြင်း၊ အရိုးသိပ်သည်းဆ တိုင်းတာခြင်းတို့ကိုလည်း ပြုလုပ်ရန် လိုအပ်သည်။

ကုသခြင်း

ကူးရှင်း‌ရောဂါစုသည် ဆေးကုသလျှင် သက်သာနိုင်ပြီး အချိန်ကြာမြင့်စွာ ကုသမှုခံယူရန် လိုအပ်သော်လည်း အများစုမှာ လုံးဝသက်သာ ပျောက်ကင်းနိုင်သည်။ ကုသမှုမှာ ဖြစ်ပေါ်ရသော အကြောင်းရင်းပေါ်မူတည်၍ အောက်ပါအတိုင်းဖြစ်သည်။

  1. စတီးရွိုက်ဆေးများကြောင့်ဖြစ်လျှင် နားလည်တတ်ကျွမ်းသောဆရာဝန်များနှင့် တိုင်ပင်၍ သောက်နေသော စတီးရွိုက်ပမာဏကို တဖြည်းဖြည်းချင်း လျှော့ချပြီး ရပ်ရန်လိုအပ်သည်
  2. အလုံးအကျိတ်၊ ကင်ဆာရောဂါကြောင့်ဖြစ်လျှင် အောက်ပါအတိုင်း ကုသနိုင်သည်
    • အလုံးအကျိတ် ကင်ဆာကို ဖယ်ရှားရန် ခွဲစိတ်ကုသခြင်း
    • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း
    • ကင်ဆာဆေးသွင်း ကုသခြင်း
    • ခန္ဓာကိုယ်ထဲတွင် ကော်တီစောဟော်မုန်း လျော့ကျစေသော ဆေးများပေးခြင်း (ဥပမာ _ Ketoconazole, Mitotane, Metyrapone, Mifepristone) တို့ဖြင့် ကုသမှုခံယူနိုင်သည်
  3. နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာရန် လိုအပ်သည်
    • ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားသောက်ခြင်းနှင့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
    • ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
    • အရက်ဖြတ်ခြင်း
    • သွေးတွင်းသကြားဓာတ် ထိန်းပေးခြင်း
    • အငန်များသော အစားအသောက်များကို ကန့်သတ်စားသောက်ခြင်း
    • အရိုးကျိုးခြင်းမှ ကာကွယ်ရန်နှင့် အရိုးများသန်မာစေရန် ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ လုံလောက်အောင် ဖြည့်စွက်ခြင်းတို့ကို ပြုလုပ်ရန် လိုအပ်သည်
ကာကွယ်ခြင်း

အကယ်၍ စတီးရွိုက်ဆေးများကို ရောဂါအခံတစ်ခုခုကြောင့် အချိန်ကာလကြာမြင့်စွာ သောက်သုံးရန် လိုအပ်လျှင် မိမိသဘောအရ သောက်သုံးခြင်းမပြုဘဲ နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် တိုင်ပင်၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကုသမှုခံယူခြင်းဖြင့် ကူးရှင်းရောဂါစုကို တတ်နိုင်သမျှ ကာကွယ်နိုင်မည်ဖြစ်သည်။ အခြားသော ကူးရှင်းရောဂါစုကို ဖြစ်စေသည့် အလုံးအကျိတ် ကင်ဆာရောဂါများကို ကာကွယ်နိုင်သော နည်းလမ်း ယနေ့အထိ မရှိသေးပါ။

References:

  1. Mayo Clinic. (n.d.). Cushing syndrome: Symptoms and causes. Retrieved March 19, 2026, from https://www.mayoclinic.org/diseases-conditions/cushing-syndrome/symptoms-causes/syc-20351310
  2. National Health Service. (n.d.). Cushing’s syndrome. Retrieved March 19, 2026, from https://www.nhs.uk/conditions/cushings-syndrome/
  3. Cleveland Clinic. (n.d.). Cushing syndrome. Retrieved March 19, 2026, from https://my.clevelandclinic.org/health/diseases/5497-cushing-syndrome
  4. WebMD. (n.d.). Cushing syndrome. Retrieved March 19, 2026, from https://www.webmd.com/a-to-z-guides/cushing-syndrome

Published: 31 March 2025

Last updated: 18 April 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.