Childhood Obesity (ကလေးဘဝ အဝလွန်ခြင်း)

Childhood Obesity (ကလေးဘဝ အဝလွန်ခြင်း)

ကလေးဘဝ အဝလွန်ခြင်း (Childhood obesity) ဆိုသည်မှာ ကလေး၏ အသက်၊ အရပ်အမြင့်နှင့် လိင်အမျိုးအစား အလိုက်သတ်မှတ်ထားသော ကိုယ်အလေးချိန်ထက် ပိုများနေသည့် အခြေအနေဖြစ်သည်။ ကလေးဘဝနှင့် ကြီးကောင်၀င်စအရွယ်တွင် ဆိုးကျိုးသက်ရောက်မှုများသော ကျန်းမာရေး အခြေအနေတစ်ရပ်ဖြစ်ပြီး ယခင်လူကြီးရောဂါဟု သတ်မှတ်ထားသော နှလုံး၊ သွေးတိုး၊ သွေးတွင်းအဆီဓာတ်များခြင်း၊ အသည်းအဆီဖုံးခြင်းစသည့်ရောဂါများသည် ကလေးများတွင်ပါ ဖြစ်ပေါ်လာစေသည်။ အ၀လွန်ခြင်းကြောင့် စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့လည်း ခံစားရနိုင်သည်။

အဝလွန်ခြင်းကို ကိုယ်အလေးချိန်နှင့် အရပ်အမြင့်ကို တိုင်းတာပြီး ရရှိလာသည့် ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ဖြင့် တွက်ချက်ဖော်ပြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ (၂၀၂၄) ခုနှစ်တွင် (၃၅) သန်းခန့်သော အသက် (၅) နှစ်အောက် က‌လေးများသည် ကိုယ်အလေးချိန် များနေခြင်း အခြေအနေကို ကြုံတွေ့နေရသည်။ အသက် (၅) နှစ် နှင့် (၁၉) နှစ်ကြားရှိ ကလေးများတွင် သန်း (၃၉၀) ကျော်သည် ကိုယ်အလေးချိန်များနေပြီး၊ သန်း (၁၆၀) ခန့်သည် အဝလွန်သည့်အခြေအနေဖြင့် တွေ့ရသည်။

ကလေးကိုယ်အလေးချိန်များခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း ခွဲခြားထားသည်။

  • သာမန် ကိုယ်အလေးချိန်များခြင်း – ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ဇယားတွင် 85th နှင့် 94th centile ကြားတွင် ရှိခြင်း
  • အဝလွန်ခြင်း – ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ဇယားတွင် 95th centile နှင့်အထက်တွင် ရှိခြင်း
  • အလွန်အကျွံ အဝလွန်ခြင်း – ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ဇယားတွင် BMI > 120% of 95th centile ရှိခြင်း
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အဝလွန်ခြင်းသည် စားသုံးသည့် ကယ်လိုရီပမာဏနှင့် သုံးစွဲသည့် ကယ်လိုရီပမာဏ မညီမျှခြင်းကြောင့် ဖြစ်နိုင်သည့်အပြင် အခြေအနေအများစုတွင် လူနေမှုပုံစံပြောင်းလဲခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစာများစားခြင်း၊ ဆေးဝါးများ၊ မျိုးဗီဇ၊ ဟော်မုန်းဓာတ် မမျှတမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများ ပေါင်းစပ်၍ဖြစ်လာသည်။

  • အပြုအမူပိုင်းဆိုင်ရာ အကြောင်းရင်းများ _ ပမာဏများစွာ စားခြင်း၊ ကယ်လိုရီများ၍ အာဟာရပါဝင်မှုနည်းသော အသင့်စား အစားအသောက်များ စားခြင်း (ဥပမာ _ ကွတ်ကီး၊ ကိတ်မုန့်၊ အချိုရည်များ)၊ တီဗီ သို့မဟုတ် ကွန်ပြူတာရှေ့တွင် အချိန်အသုံးပြုမှု များခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ အိပ်ချိန် လုံလောက်စွာ မရှိခြင်း၊ ‌ဆေးလိပ်‌ငွေ့ရှုရှိုက်မိခြင်း
  • ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ _ နေထိုင်ရာပတ်ဝန်းကျင်တွင် အသင့်စား အစားအသောက်များ အလွယ်တကူရရှိခြင်း၊ အစားအစာ အလွယ်တကူဝယ်ယူ၍ မရနိုင်သောနေရာများတွင် ကြာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ (ဥပမာ _ အသားခြောက်များ၊ ဝက်အူချောင်း) ကို သာစားရခြင်း၊ လေ့ကျင့်ခန်းလုပ်ရန် နေရာများမရှိခြင်း သို့မဟုတ် အခြေအနေ မပေးခြင်း
  • မျိုးရိုးလိုက်ခြင်း _ မိသားစုတွင် အဝလွန်ခြင်းဖြစ်ပါက ကလေးသည်လည်း ကိုယ်အလေးချိန် တက်လာနိုင်သည့် အခြေအနေပိုရှိခြင်း
  • ဆေးဝါးများ (ဥပမာ _ စတီးရွိုက်ဆေးများ၊ အချို့သော စိတ်ရောဂါကုဆေးများကြောင့် ကိုယ်အလေးချိန် တက်လာနိုင်ခြင်း)
  • ရောဂါများ _ အချို့သော မျိုးဗီဇဆိုင်ရာရောဂါများ (ဥပမာ _ ဆင်ဒရုန်းလက္ခဏာစုများ)၊ ဟော်မုန်းဓာတ် (ဥပမာ _ ကော်တီစောလ်နှင့် သိုင်းရွိုက်ဟော်မုန်းများ) မညီမျှသော အခြေအနေများသည်လည်း အဝလွန်ခြင်းကို ဖြစ်စေနိုင်သည်။
ယှဥ်တွဲလာတတ်သောလက္ခဏာများ
  • ရုပ်ပိုင်းဆိုင်ရာ ပြဿနာများပေါ်လာခြင်း – တင်ပါးနှင့် ဝမ်းဗိုက်တွင် အကြောပြတ်သည့်အရာများ (Stretch Marks) ပေါ်လာခြင်း၊ လည်ပင်းပတ်လည်တွင် အမည်းအစင်းများ (Acanthosis Nigricans) ပေါ်လာခြင်း၊ ယောက်ျားလေးများတွင် ရင်သားနေရာတွင် အဆီတစ်ရှူးများ စုလာခြင်း (Gynaecomastia)
  • အမျိုးအစား (၂) ဆီးချို ဖြစ်နိုင်ခြေများခြင်း – အဝလွန်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းတို့ကြောင့် ဆီးချိုဖြစ်နိုင်ခြေ ပိုများခြင်း
  • သွေးတွင်းအဆီဓာတ် များခြင်းနှင့် သွေးပေါင်တက်ခြင်း – ကယ်လိုရီများသော အစာများစားခြင်းဖြင့် အဆီများသည် သွေးကြောများထဲတွင် စုလာခြင်း၊ သွေးကြောများကျဥ်းပြီး မာလာခြင်းကြောင့် သွေးတိုးခြင်း၊ နှလုံး‌ဖောက်ခြင်း၊ လေဖြတ်ခြင်း စသည်တို့ ဖြစ်လာနိုင်ခြင်း
  • အသက်ရှူခြင်းနှင့်သက်ဆိုင်သည့် ပြဿနာများ – ပန်းနာရင်ကျပ်ရောဂါ ဖြစ်နိုင်ခြေများခြင်း၊ အိပ်နေစဥ် အသက်ရှူခဏရပ်ခြင်း စသည်တို့ ဖြစ်လာနိုင်ခြင်း
  • အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ – ဝမ်းချုပ်ခြင်းစားချဥ်ပြန်ရောဂါ ဖြစ်ခြင်း
  • မျိုးပွားမှုဆိုင်ရာ ပြဿနာများ – မိန်းက‌လေးများတွင် အပျို‌ဖော်စောဝင်ခြင်း၊ ရာသီစက်ဝန်း မမှန်ခြင်း၊ ယောကျ်ားလေးများတွင် လူပျိုဖော်ဝင်ချိန် နောက်ကျခြင်း
  • အသည်းပြဿနာများ – အသည်းအဆီဖုံးခြင်း (ယေဘုယျအားဖြင့် လက္ခဏာပြလေ့မရှိပါ)
  • အရိုးအဆစ်ပြဿနာများ – တင်ပါးရိုးနှင့် ဒူးခေါင်းများတွင် ကိုယ်အလေးချိန်၏ ဖိအားနှင့် သက်ရောက်မှု များလာခြင်းကြောင့် ဒူးနာခြင်း၊ ခါးနာခြင်း၊ တင်ပါးဆုံရိုး နာကျင်ခြင်း
  • စိတ်ပိုင်းဆိုင်ရာပြဿနာများ – အဝလွန်ခြင်းကြောင့် လှောင်ပြောင် စနောက်ခံရတတ်ခြင်း၊ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းတို့ကိုလည်း ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သည့်အချိန်တွင် ကြီးထွားမှုဇယား၌ ကိုယ်အလေးချိန်နှင့် အရပ်ကို တိုင်းတာတွက်ချက်၍ အဝလွန်ခြင်းကို သိရှိနိုင်သည်။ သို့‌သော် အဝလွန်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများနှင့် ယှဥ်တွဲဖြစ်ပေါ်တတ်သော ‌ရောဂါလက္ခဏာများ ရှိမရှိကို သက်ဆိုင်ရာဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် ပြုလုပ်မည်ဖြစ်သည်။ ရောဂါလက္ခဏာများအပေါ် မူတည်၍ သွေးစစ်ဆေးမှုများ (ကိုလက်စထရောဓာတ်၊ သွေးတွင်းသကြားဓာတ်နှင့် ‌‌ဟော်မုန်းပမာဏများ) စစ်ဆေးခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း၊ အိပ်နေစဥ် အသက်ရှူရပ်သည့်အခြေအနေ ရှိမရှိ စစ်ဆေးခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းများကို ပြုလုပ်နိုင်သည်။

ကုသခြင်း

အဝလွန်ခြင်းကို ကုသရာတွင် ကလေး၏ အသက်၊ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကုသမှုပေးရမည်။ အဝလွန်ခြင်းကို ကုသခြင်း၏ ပန်းတိုင်မှာ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှု ပုံစံသို့ပြောင်းလဲရန်နှင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ရောက်ရှိရန်ဖြစ်သည်။ အဝလွန်ခြင်းကို ကုသသည့်အစီအစဥ်တွင် က​လေးအထူးကုဆရာဝန်များ၊ အာဟာရပညာရှင်များ၊ လေ့ကျင့်ခန်း သင်ကြား​ပေးမည့်သူများ၊ မိသားစုဆရာဝန်၊ သူနာပြုနှင့် က​လေးစိတ်ပညာရှင်များ၊ စိတ်ကျန်းမာရေးဆရာဝန်များ အစရှိသည့် ကျန်းမာ​ရေးဝန်ထမ်းအမျိုးစုံ ပါဝင်သင့်သည်။

ကုသမှုပေးနိုင်သည့်နည်းလမ်းများ

  1. အစားအသောက်ပုံစံ ပြောင်းလဲစေခြင်း
    • ကျန်းမာ​ရေးနှင့် ညီညွတ်သည့် အစားအသောက်များဖြစ်သော အသီးအနှံ၊ အရွက်၊ ပဲမျိုးစုံ၊ အစေ့အဆန်များကို ပိုမိုစားသုံးစေခြင်း
    • ကလေးနှင့် သင့်တော်သည့် ပမာဏကိုသာ ကျွေးခြင်း
    • ကယ်လိုရီများသော အစာများဖြစ်သည့် ကွတ်ကီးများ၊ အသင့်စားအစာများကို ရှောင်ကြဥ်စေခြင်း
    • အချိုရည်များ သောက်သုံးလိုပါက သကြားမပါသော၊ ဓာတုပစ္စည်းများ ရောနှောထားခြင်းမရှိသော အသီးစစ်စစ်ဖြင့် ပြုလုပ်ထားသည့် ဖျော်ရည်များကို ပမာဏအသင့်အတင့်သာ သောက်သုံးစေခြင်း
    • တီဗီ၊ ကွန်ပြူတာတို့၏ ရှေ့တွင်ထိုင်၍ အစားစားခြင်းကို ရှောင်ကြဥ်စေခြင်း
    • မိသားစုနှင့် အတူတကွ စားသောက်စေခြင်း စသည်တို့ဖြင့် လေ့ကျင့်ပေးနိုင်သည်။
  2. ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်စေခြင်း
    • ကျန်းမာသော ကိုယ်အလေးချိန်ရရှိရန်နှင့် ထိန်းသိမ်းရန်အတွက် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည် အရေးကြီးသည်
    • လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကယ်လိုရီများအား လောင်ကျွမ်းစေခြင်း၊ အရိုးနှင့် ကြွက်သားများအား သန်မာစေခြင်း၊ ညဖက်တွင် ကောင်းစွာအိပ်ပျော်စေခြင်း စသည့်အကျိုးများ ရနိုင်သည်
    • ကလေးများတွင် တစ်ရက်လျှင် အနည်းဆုံး (၁) နာရီခန့် ကိုယ်လက်လှုပ်ရှားမှု (ပြေးလွှားဆော့ကစားခြင်း၊ ကြိုးခုန်ခြင်းစသည်) ပြုလုပ်သင့်သည်၊ မိသားစုနှင့်အတူ ပန်းခြံများတွင် စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ လမ်းလျှောက်ခြင်းများ အတူတကွလုပ်ဆောင်၍ အပန်းဖြေနိုင်သည်
    • ထို့ပြင် ကလေးဝါသနာပါသော အားကစား တစ်မျိုးမျိုး (ဥပမာ _ ကြက်တောင်ရိုက်၊ ဘောလုံး၊ ဘက်စကက်ဘော၊ ရေကူးစသည်)ကို ရွေးချယ်လေ့ကျင့် ကစားစေသင့်သည်၊ ကိုယ်လက်လှုပ်ရှားမှုများသော တောင်တက်ခြင်း၊ အပင်စိုက်ခြင်း စသည်တို့ကိုလည်း ရံဖန်ရံခါ ပြုလုပ်ပေးသင့်သည်
    • ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ချိန်ကို ပုံမှန်ဖြစ်စေရန် ထိန်းသင့်သည့်အပြင် ဖုန်း၊ ကွန်ပြူတာနှင့် တီဗီကြည့်ချိန်များ (Screen time) ကိုလည်း လျှော့ရန်လိုအပ်သည်
    • ထိုကဲ့သို့ အလေ့အကျင့်ကောင်းများ တည်‌ဆောက်ခြင်းဖြင့် အရွယ်ရောက်ချိန်တွင် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားရန် အထောက်အကူပြုသည်
  3. ဆေးဝါးများဖြင့်ကုသခြင်း
    • ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ဇယားတွင် 95th centile နှင့်အထက်တွင်ရှိပြီး နောက်ဆက်တွဲ ရောဂါအခြေအနေများ တွဲ၍ရှိနေသည့် အသက် (၁၂) နှစ်အထက် ကလေးများ
    • ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ဇယားတွင် 95th centile နှင့်အထက်တွင်ရှိပြီး နောက်ဆက်တွဲ ရောဂါအခြေအနေများ မရှိသော်လည်း အစားအသောက်ပုံစံ ပြောင်းလဲခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ကိုယ်အလေးချိန် ပြောင်းလဲခြင်းမရှိသော အသက် (၁၂) နှစ်အထက် ကလေးများတွင်မူ တစ်ခါတစ်ရံ ဆေးဝါးများဖြင့် ကုသရနိုင်သည်
    • သို့ရာတွင် ထိုဆေးဝါးများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးရမည်ဖြစ်ပြီး၊ ဘေးထွက်ဆိုးကျိုးများလည်း ရှိသောကြောင့် မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် စနစ်တကျ တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူသင့်သည်
  4. ခွဲစိတ်ကုသခြင်း (Bariatric Surgery)
    လူနေမှုပုံစံပြောင်းလဲခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်ခြင်းမရှိသော အလွန်အကျွံ အဝလွန်နေသည့်ကြီးကောင်ဝင်စ ကလေးများတွင် ကိုယ်အလေးချိန် လျှော့ချရန် ခွဲစိတ်ကုသခြင်းသည် ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်။ သို့သော် ခွဲစိတ်မှုတိုင်းသည် နောက်ဆက်တွဲဆိုးကျိုးများ ရှိသည့်အတွက် ခွဲစိတ်ခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကို သေချာစွာ ဆွေးနွေးတိုင်ပင်ရန်လိုအပ်သည်။ ဤခွဲစိတ်မှုများသည် အစာခြေစနစ်ကို ပြောင်းလဲခြင်းဖြင့် ကိုယ်အလေးချိန်ကို သိသိသာသာနှင့် ရေရှည် လျှော့ချနိုင်ရန် ကူညီပေးသည်။
ကာကွယ်ခြင်း

ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများသည် ကာကွယ်၍ရသော အခြေအနေများဖြစ်သည်။ ကလေးအဝလွန်ခြင်းကို တားဆီးရန်အတွက် ကလေးနှင့်မိသားစု၏ တာဝန်သာမက ကျောင်းများ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ၏ ပူးပေါင်းလုပ်ဆောင်မှုတို့ ပါဝင်သည်။

ကလေးများတွင် ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်ရန်အတွက် အောက်ပါတို့ကို ပြုလုပ်နိုင်သည်။ လိုအပ်ပါက အာဟာရပညာရှင်နှင့် ​ဆွေး​နွေးရမည်။

  • ကလေးအသက် ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ခြင်းနှင့် မိခင်နို့ကို အနည်းဆုံး ကလေး အသက် (၂) နှစ်အထိတိုက်ခြင်း
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ပိုစားခြင်း (ဥပမာ _ ပဲ၊ ဟင်းသီးဟင်းရွက်များ အစေ့အဆန်)
  • ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဥ်ပြုလုပ်ခြင်း
  • အထိုင်များသော အခြေအနေများကို လျှော့ချခြင်း
  • ဖုန်း၊ ကွန်ပျူတာကြည့်ချိန် ကန့်သတ်ခြင်း
  • သကြားပါသော အချိုရည်များနှင့် ကယ်လိုရီများသော အစာများစားခြင်းကို လျှော့ချခြင်းနှင့်
  • အိပ်ရေးဝအောင် အိပ်စက်ခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

ထို့အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ ရရှိနိုင်စေရန်၊ လက်လှမ်းမီစေရန် ပြုလုပ်ပေးခြင်း၊ ကလေးများနှင့် ဆယ်ကျော်သက်များအတွက် ရည်ရွယ်၍ထုတ်ထားသော အချို၊ အငန် များသော၊ အဆီများသော အစားအစာများ ရောင်းချခြင်းကို တားမြစ်ခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခြင်းကို အားပေးခြင်းတို့ဖြစ်သည်။

ကလေးကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် ဆရာဝန်နှင့် ပြသစစ်ဆေးရန် လိုအပ်သည်။ ထိုစစ်ဆေးမှုများတွင် ကလေး၏ ကြီးထွားမှုကိုပြသည့် အရပ်နှင့်ကိုယ်အလေးချိန် တိုင်းတာခြင်းတို့ကို ပြုလုပ်၍ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်းများကို တွက်ချက်ရမည်။ ထိုညွှန်းကိန်းတွက်ချက်မှုသည် တစ်နှစ်အတွင်း သိသာစွာတက်လာပါက အဝလွန်နိုင်ခြေရှိသော လက္ခဏာတစ်ခုဖြစ်ကြောင်း ကြိုတင်သိရှိနိုင်သောကြောင့် ကာကွယ်ရန် နည်းလမ်းများကို ဆောလျင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

References:

  1. Children’s Hospital. (n.d.). Childhood obesity. Retrieved October 15, 2025, from https://www.childrenshospital.org/conditions/childhood-obesity
  2. Cleveland Clinic. (n.d.). Obesity in children. Retrieved October 15, 2025, from https://my.clevelandclinic.org/health/diseases/9467-obesity-in-children
  3. Healthdirect Australia. (n.d.). Obesity in children. Retrieved October 15, 2025, from https://www.healthdirect.gov.au/obesity-in-children
  4. Mayo Clinic. (n.d.). Childhood obesity: Diagnosis and treatment. Retrieved October 15, 2025, from https://www.mayoclinic.org/diseases-conditions/childhood-obesity/diagnosis-treatment/drc-20354833
  5. World Health Organization. (n.d.). Obesity and overweight. Retrieved October 15, 2025, from https://www.who.int/news-room/fact-sheets/detail/obesity-and-overweight

Published: 9 October 2024

Last updated: 4 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

See also
Amnesia (မှတ်ဉာဏ်ချို့ယွင်းခြင်း)
Jan 23, 2026
Symptoms

Amnesia (မှတ်ဉာဏ်ချို့ယွင်းခြင်း)

မှတ်ဉာဏ်ချို့ယွင်းခြင်း (Amnesia) သည် သာမန်မေ့လျော့ခြင်းထက်...

Eye Strain (မျက်စိညောင်းညာခြင်း)
Dec 24, 2025
Symptoms

Eye Strain (မျက်စိညောင်းညာခြင်း)

မျက်လုံးကို ပုံမှန်အနားပေးခြင်း၊ အလုပ်ပတ်ဝန်းကျင်၊ ဖန်သားပြင်နှင့်...

Vomiting of Blood (သွေးအန်ခြင်း)
Nov 27, 2025
Symptoms

Vomiting of Blood (သွေးအန်ခြင်း)

သွေးအန်ခြင်းသည် အရေးပေါ် အခြေအနေဖြစ်ပြီး အသက်အန္တရာယ် ရှိနိုင်သဖြင့်...