Paresthesia – tingling and numbness (ထုံကျဥ်ခြင်း)

Paresthesia – tingling and numbness (ထုံကျဥ်ခြင်း)

အ‌‌ရေပြားတွင် ခံစားမှုမသိရှိခြင်းကို ထုံခြင်း (numbness) ဟုသတ်မှတ်ပြီး၊ အပ်နှင့်ထိုးသကဲ့သို့ ခံစားရခြင်းကို ကျဥ်ခြင်း (Tingling/ pins and needles sensation) ဟုသတ်မှတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အောက်ဖော်ပြပါအခြေအနေများကြောင့် အာရုံကြောလုပ်ငန်းများ ထိခိုက်လျှင် ထုံကျဥ်ခြင်းကို ဖြစ်စေသည်။

  • ရောဂါအခြေအနေတစ်ခုခုကြောင့် အာရုံကြောများ ထိခိုက်ခြင်း
  • တစ်စုံတစ်ခုဖြင့် အာရုံကြောပိမိခြင်း
  • ခန္ဓာကိုယ်တွင်းသတ္တုဓာတ်များ မညီမျှခြင်း

ထုံကျဥ်ခြင်းကို အဓိကအားဖြင့် နှစ်မျိုးခွဲထားသည်။

  1. ခဏတာထုံကျဥ်ခြင်း (transient or temporary paresthesia)
    ခန္ဓာကိုယ်အနေအထားကြောင့် အာရုံကြောကို ဖိမိသောအခါ သွေးစီးဆင်းမှုကို လျော့နည်းစေသောကြောင့် ခဏတာထုံကျဥ်ခြင်း ဖြစ်ပေါ်လာသည်။ ဥပမာအားဖြင့် ထိုင်သောအခါ သို့မဟုတ် အိပ်သောအခါများတွင် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုပေါ်သို့ ကြာရှည်စွာ ဖိမိလျှင် ဖြစ်ပေါ်တတ်ပြီး အနေအထား ပြောင်းလိုက်သောအခါ မိနစ်အနည်းငယ်ကြာလျှင် အလိုအလျောက် သက်သာသွားသည်။
    ထို့ပြင် အောက်ဖော်ပြပါ အခြေအနေများတွင်လည်း ခဏတာထုံကျဥ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
    • အင်းဆက်အကောင်များ ကိုက်ခြင်း (insect bite)
    • ခေါင်းတစ်ခြမ်းကိုက် ရောဂါ (migraine)
    • တံတောင်ဆစ်ကို တစ်စုံတစ်ခုနှင့် တိုက်မိခြင်း (bumping the elbow)
    • အသက်ကို ပြင်းပြင်းနှင့် မြန်မြန် ရှူခြင်း (hyperventilation)
    • ကြောက်လန့်ခြင်း (panic attack)
  2. နာတာရှည်ထုံကျဥ်ခြင်း (persistent or chronic paresthesia)
    ထုံကျဥ်ခြင်းမှာ သက်သာသွားခြင်းမရှိဘဲ ဆက်တိုက်ဖြစ်ပေါ်နေပါက နာတာရှည်ထုံကျဥ်ခြင်းဟု သတ်မှတ်ပြီး အ‌ရေးကြီးသောအခြေအနေ ဖြစ်နိုင်သောကြောင့် အရေးပေါ်ကုသမှု ခံယူရန် လိုအပ်သည်။
    နာတာရှည် ထုံကျဥ်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
    • သွေးစီးဆင်းမှုဆိုင်ရာ အကြောင်းရင်းများ (circulatory causes)
      အာရုံ‌ကြောသို့သွားသော သွေးစီးဆင်းမှု ပြတ်တောက်သောကြောင့် ထုံကျဥ်ခြင်း ဖြစ်ပေါ်လာသည်။ (ဥပမာ – thoracic outlet syndrome, Raynaud’s syndrome)
    • အာရုံကြောစနစ်ဆိုင်ရာ အကြောင်းရင်းများ (nervous system causes)
      • ဦးနှောက်အကျိတ် (brain tumour)
      • ဦးနှောက်သွေးကြောပေါက်ခြင်း (haemorrhage)
      • မွေးရာပါရောဂါများ (ဥပမာ – Charcot-Marie-Tooth disease, Ataxia-telangiectasia)
      • ဦးခေါင်း ထိခိုက်ဒဏ်ရာရခြင်း (head injuries)
      • အာရုံကြောထိခိုက်ခြင်း (peripheral neuropathy)
      • အာရုံကြောညှပ်ခြင်း (pinched nerves)
      • ကျောရိုးမကြီးကျီးပေါင်းတက်၍ အာရုံကြောဖိမိခြင်း (vertebral spondylosis)
      • ကျောရိုးအာရုံကြောမကြီး ကျဥ်းခြင်း (spinal stenosis)
      • လေဖြတ်ခြင်း (stroke) သို့မဟုတ် အသေးစားလေဖြတ်ခြင်း (transient ischaemic attack)
  3. ဇီဝဖြစ်ပျက်မှုနှင့် ဟော်မုန်းဆိုင်ရာ အကြောင်းရင်းများ (metabolic and endocrine causes)
    • ဆီးချို‌ရောဂါကြောင့် အာရုံကြောအားနည်းခြင်း (diabetes related neuropathy)
    • သတ္တုဓာတ် မညီမျှခြင်း (electrolyte imbalance)
    • ဥပမာ _ ကယ်လစီယမ်ဓာတ်နည်းခြင်း (hypocalcemia)၊ မဂ္ဂနီစီယမ်ဓာတ်နည်းခြင်း (hypomagnesemia)
    • သွေးတွင်းသကြားဓာတ် နည်းခြင်း (low blood sugar – hypoglycemia)
    • သိုင်းရွိုက်နှင့် ပါရာသိုင်းရွိုက်ဟော်မုန်း ပမာဏနည်းခြင်း (Hypothyroid, hypoparathyroid)
    • သွေးဆုံးခြင်း (Menopause)
    • ဗီတာမင် B 1, B 5, B 6, B 12 ချို့တဲ့ခြင်း
  4. ရောဂါပိုးဝင်ခြင်း (infectious disease)
    • မူမမှန်တုံ့ပြန်ကိုယ်ခံအားစနစ်ကြောင့် ရုတ်တရက်လမ်းမလျှောက်နိုင်ခြင်း (Guillain-Barre syndrome)
    • အနာကြီးရောဂါ (Hansen’s disease – leprosy)
    • ရေယုန်ဗိုင်းရပ်စ် ရောဂါပိုးများ (Herpes simplex virus, Herpes zoster virus)
    • အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ် (HIV)
    • ကာလသားရောဂါ (Syphilis)
  5. ကိုယ်ခံအားနှင့် ‌ရောင်ရမ်းခြင်းဆိုင်ရာ အကြောင်းရင်းများ (autoimmune and inflammatory diseases)
    • SLE ရောဂါ
    • ရူမတွိုက် အဆစ်‌ရောင်ရောဂါ (Rheumatoid arthritis)
    • အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ (Multiple sclerosis)
    • ခန္ဓာကိုယ်တွင် အရည်ခမ်းခြောက်သောရောဂါ (Sjogren’s syndrome)
    • ကျောရိုးအာရုံကြောမကြီး ရောင်ခြင်း (Transverse myelitis)
  6. အဆိပ်သင့်ခြင်း (toxic effects)
    • အာဆင်းနစ်အဆိပ်သင့်ခြင်း (arsenic poisoning)
    • ခဲဆိပ်သင့်ခြင်း (lead poisoning)
    • မာကျူရီအဆိပ်သင့်ခြင်း (mercury poisoning)
    • ကင်ဆာဆေးသွင်းကုသခြင်း (chemotherapy)
    • အရက်အလွန်အကျွံသောက်ခြင်း (alcohol use disorder)
    • မြွေဆိပ်သင့်ခြင်း (snake bite)
ယှဥ်တွဲလာတတ်သောရောဂါလက္ခဏာများ
  • နုံးနယ်ခြင်း
  • အမြင်အာရုံချို့တဲ့ခြင်း
  • ကြွက်သားအားနည်းခြင်း
  • ကြွက်တက်ခြင်း
  • ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း
  • နာကျင်ခြင်း
  • ခါးနာခြင်း၊ လည်ပင်းနာခြင်း
  • အစားအသောက်ပျက်ခြင်း အစရှိသော လက္ခဏာများအပြင် အထက်တွင်ဖော်ပြခဲ့သော ဖြစ်ပေါ်ရသော အကြောင်းရင်းတစ်ခုချင်းစီ၏ ရောဂါလက္ခဏာများလည်း တွေ့ရှိနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ထုံကျဥ်ခြင်းသည် မကြာခဏ သို့မဟုတ် ဆက်တိုက်ဖြစ်ပေါ်လျှင် နေ့စဥ်လူနေမှုဘဝကို များစွာထိခိုက်နိုင်သဖြင့် မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ရောဂါရှာဖွေကုသရန် လိုအပ်သည်။ သွေးစီးဆင်းမှုဆိုင်ရာ အကြောင်းရင်းများနှင့် အာရုံကြောဆိုင်ရာအကြောင်းရင်းများကို ထိရောက်သော ကုသမှုမခံယူခဲ့လျှင် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သောကြောင့် အောက်ဖော်ပြပါ လက္ခဏာများနှင့် တွဲဖက်၍ဖြစ်ပေါ်လျှင် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွား‌ရောက် ကုသမှုခံယူရမည်။

  • ခြေ၊ လက်များ အားနည်းခြင်း
  • ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း
  • သတိလစ်ခြင်း၊ စကားပြောရန် ခက်ခဲခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ဖျားခြင်း
  • ပျို့အန်ခြင်း
  • လည်ပင်း တောင့်တင်းခြင်း
ရောဂါရှာဖွေခြင်း

ထုံကျဥ်ခြင်းဖြစ်ပေါ်စေသော အကြောင်းရင်းကို ရှာဖွေရန် ‌ရောဂါရာဇဝင် မေးမြန်းခြင်း၊ လူနာကိုစမ်းသပ်ခြင်းနှင့် လိုအပ်သည့် အောက်ဖော်ပြပါ စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။

သွေးစစ်ဆေးခြင်း

  • စီဘီစီ သွေးစစ်ဆေးခြင်း (Complete blood count)
  • သွေးတွင်း သတ္တုဓာတ်များ စစ်ဆေးခြင်း (serum electrolytes)
  • အသည်းလုပ်ငန်းစွမ်းဆောင်ရည် စစ်ဆေးခြင်း (liver function tests)
  • သိုင်းရွိုက်ဟော်မုန်းများ စစ်ဆေးခြင်း (thyroid function tests)
  • သွေးတွင်း ဗီတာမင်ပမာဏ စစ်ဆေးခြင်း (measurement of vitamin levels)
  • အဆိပ်သင့်သည်ဟု သံသယဖြစ်လျှင် သွေးတွင်း အဆိပ်ရှိမရှိ စစ်ဆေးကြည့်ခြင်း (Toxicology screening)

ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging tests)
ပုံရိပ်ဖော်စစ်ဆေးခြင်းကို ပြုလုပ်ခြင်းဖြင့် အာရုံကြောများနှင့် ကျောရိုးအာရုံကြောမကြီးတို့တွင် ဖြစ်ပေါ်နိုင်သော ပြဿနာများ [ဥပမာ _ ခါးရိုးဆစ်ပြားကျွံခြင်း (Herniated disk)၊ အလုံးအကျိတ် ကင်ဆာ (Tumor)] ကို ရှာဖွေနိုင်သည်။ ထို့အပြင် လေဖြတ်ခြင်း (Stroke)၊ အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ (Multiple Sclerosis)၊ ဦးနှောက်အကျိတ်များ (Brain tumor)နှင့် အခြားသော ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာများကို ရှာဖွေရာတွင်လည်း အသုံးပြုနိုင်သည်။

  • ဓာတ်မှန်ရိုက်ခြင်း (X – ray)
  • ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း (CT scan)
  • သံလိုက်ဓာတ်မှန် ရိုက်ခြင်း (MRI)
  • သွေးကြောဓာတ်မှန်ရိုက်ခြင်း (Angiogram)

အခြားသော စစ်ဆေးမှုများ

  • အာရုံကြော လှုံ့‌ဆော်စမ်းသပ်ခြင်း (Nerve conduction studies)
    စမ်းသပ်စစ်ဆေးမည့် အာရုံကြောနှင့် ထိုအာရုံကြောမှ ထောက်ပံ့ပေးထားသော ကြွက်သားများအပေါ်တွင် လျှပ်ကူးပြား (electrodes) များ တပ်ဆင်ပေးထားပြီး အလွန်တိုတောင်းသော လျှပ်စစ်လှိုင်းကို ပို့လွှတ်လိုက်သည်။ အာရုံကြောများမှ အချက်ပြမှုကို စနစ်တကျနှင့် ပုံမှန်အမြန်နှုန်းအတိုင်း ထုတ်လွှတ်နိုင်ခြင်း ရှိမရှိပေါ်မူတည်ပြီး အာရုံကြောများ ထိခိုက်ပျက်စီးခြင်း ရှိမရှိကို သိရှိနိုင်သည်။
  • လျှပ်စစ်ဖြင့် ကြွက်သားစစ်ဆေးခြင်း (ELectromyography)
    လျှပ်ကူးပြားတပ်ထားသော အပ်ချောင်းကို ကြွက်သားအတွင်းသို့ ထိုးသွင်း၍ စက်မှ ကြွက်သားများ အနားယူနေချိန်နှင့် ကြွက်သားညှစ်ထားချိန်တို့တွင် လျှပ်စစ်လှုပ်ရှားမှုစွမ်းရည်ကို မှတ်တမ်းတင်ထားသည်။ ထိုစစ်ဆေးမှုကို အာရုံကြော လှုံ့ဆော်စမ်းသပ်ခြင်းနှင့်အတူ တွဲ၍ပြုလုပ်လေ့ရှိပြီး အာရုံကြောများနှင့် ကြွက်သားများ ထိခိုက်ပျက်စီးမှုကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူပြုသည်။
  • ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)
    ဦးနှောက်အာရုံကြောစနစ်ဆိုင်ရာ ရောဂါများကို ရှာဖွေဖော်ထုတ်ရန် လိုအပ်လျှင် ပြုလုပ်နိုင်သည်။
  • မျိုးဗီဇစစ်ဆေးခြင်း (Genetic testing)
    မျိုးရိုးလိုက်သော အာရုံကြောဆိုင်ရာ ပြဿနာများကို စစ်ဆေးရာတွင် အသုံးပြုနိုင်သည်။
  • အရေပြားနမူနာယူစစ်ဆေးခြင်း (skin biopsy)
    အရေပြားနမူနာ အနည်းငယ်ယူ၍ အာရုံကြောမျှင်များ၏ သိပ်သည်းဆ တိုင်းတာခြင်းသည် အာရုံကြောငယ်များထိခိုက်မှု (Small fibre neuropathy) ကို သိရှိနိုင်သည်။ အာရုံကြော လှုံ့ဆော်စမ်းသပ်ခြင်းဖြင့် မတွေ့ရှိနိုင်သော ပြဿနာများကို ဖော်ထုတ်ပေးနိုင်သည်။
ကုသခြင်း

ထုံကျဥ်ခြင်းအတွက် ကုသမှုသည် ဖြစ်ပွါးရသည့် အကြောင်းရင်းပေါ်မူတည်၍ ကွဲပြားမှုရှိသည်။ ကုသမှု၏ ရည်ရွယ်ချက်မှာ ထုံကျဥ်ခြင်းကို ဖြစ်စေသော အခြေအနေကို ပြုပြင်ပေးရန်ဖြစ်သည်။ ဖြစ်ပေါ်ရသော အခြေခံအကြောင်းရင်းများနှင့် ထိခိုက်သော အာရုံကြောများ အပေါ်မူတည်၍ အသင့်တော်ဆုံးသော ကုသမှုများဖြင့် ကုသမှုခံယူရန် လိုအပ်သည်။ ထုံကျဥ်ခြင်းအတွက် အသုံးများသော ကုသမှုနည်းလမ်းများမှာ_

  • အာရုံကြောနာကျင်မှုကို သက်သာစေသော ဆေးဝါးများဖြင့် ကုသခြင်း (Amitriptyline, Duloxetine, Pregabalin, Gabapentin)
  • ဆေးဝါးများဖြင့် မသက်သာသော နာတာရှည် ထုံကျဥ်မှု၊ နာကျင်မှုများအတွက် ကုသနိုင်သော နည်းလမ်းများ
    • ကျောရိုးအာရုံကြောမကြီး လှုံ့‌ဆော်ကုသခြင်း (Spinal Cord Stimulation)
      ခန္ဓာကိုယ်အတွင်း ထည့်သွင်းထားသော စက်ပစ္စည်းမှတစ်ဆင့် လျှပ်စစ်လှိုင်းများ ပေးပို့ခြင်းဖြင့် နာကျင်မှု အချက်ပြချက်များကို ဦးနှောက်သို့ မရောက်ရှိစေရန် ပိတ်ဆို့ပေးသည်။
    • Scramber therapy
      ဤကုထုံးသည် အာရုံကြောများမှ ပေးပို့နေသော နာကျင်မှု အချက်ပြချက်များအစား နာကျင်မှု မရှိသော အချက်ပြချက်များကို ဦးနှောက်သို့ ပေးပို့ရန် ရည်ရွယ်ပြီး၊ ဦးနှောက်ကို အာရုံကြောဆိုင်ရာ နာကျင်မှုအတွက် ပြန်လည်လေ့ကျင့်ပေးသော နည်းလမ်းဖြစ်သည်။
    • Capsaicn 8% Patch
      Capsaicin ဆေးကပ်ခွာသည် နာတာရှည် ထုံကျဥ်သောနေရာများမှ နာကျင်မှုကို လျော့ပါးသက်သာစေရန် အထူးသဖြင့် ကင်ဆာဆေးသွင်းကုသမှုကြောင့် ဖြစ်သော အာရုံကြောအားနည်းမှု အတွက် အသုံးပြုသည်။
  • ထုံကျဥ်မှု ဝေဒနာဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းကို ကုသခြင်း
    • ဆီးချိုရောဂါရှိသူများတွင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း
    • ဗီတာမင် ချို့တဲ့မှုကို ကုသရန်အတွက် ဗီတာမင် ဖြည့်စွက်ပေးခြင်း
    • ကင်ဆာအကျိတ် သို့မဟုတ် ကျောရိုးမကြီးပြဿနာများကို ခွဲစိတ်ပြုပြင်ခြင်း
    • ကျောရိုးခိုင်မာစေရန် သို့မဟုတ် လှုပ်ရှားမှုလွယ်ကူစေရန် လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးခြင်းတို့ ဖြစ်ကြသည်။
  • စိတ်ပိုင်းဆိုင်ရာ ကုထုံး (Psychological Intervention)
    နာတာရှည် ထုံကျဥ်မှုနှင့် နာကျင်မှုသည် လူနေမှုဘဝကို ထိခိုက်စေသည့်အတွက် စိတ်ပိုင်းဆိုင်ရာတုံ့ပြန်ပုံကို ပြောင်းလဲပေးသည့် Cognitive Behavioral Therapy (CBT) ကဲ့သို့သော ကုထုံးများကိုလည်း နာကျင်မှု စီမံခန့်ခွဲမှုအစီအစဉ်များတွင် ထည့်သွင်း အသုံးပြုလာကြသည်။
ကာကွယ်ခြင်း

ထုံကျဥ်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများအားလုံးကို ကာကွယ်၍ မရသော်လည်း အချို့သော အကြောင်းရင်းများကို အောက်ပါအတိုင်း ကာကွယ်နိုင်သည်။

  • ခန္ဓာကိုယ် အနေအထားတစ်ခုတွင် အချိန်အကြာကြီးမနေဘဲ မကြာခဏပြောင်းလဲပေးခြင်း
  • အရက်ကို အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဥ်ခြင်း
  • အဆိပ်သင့်နိုင်သော ပစ္စည်းများကို သတိထား၍ ကိုင်တွယ်ခြင်း
  • ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ရန် ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ဝသော အစားအသောက်များ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း
  • ထုံကျဥ်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းရောဂါများကို ရှာဖွေ၍ စောစီးစွာကုသခြင်းတို့ဖြင့် အချို့သောအကြောင်းရင်းများကို ကာကွယ်နိုင်သည်။

References:

  1. Medical News Today. (2023). Numbness: Causes, symptoms, and treatments. Retrieved October 23, 2025, from https://www.medicalnewstoday.com/articles/326062
  2. Cleveland Clinic. (n.d.). Numbness: Symptoms. Retrieved October 23, 2025, from https://my.clevelandclinic.org/health/symptoms/21015-numbness
  3. Cleveland Clinic. (n.d.). Paresthesia: Symptoms. Retrieved October 23, 2025, from https://my.clevelandclinic.org/health/symptoms/24932-paresthesia
  4. National Health Service. (n.d.). Pins and needles (paresthesia). Retrieved October 23, 2025, from https://www.nhs.uk/conditions/pins-and-needles/
  5. Harvard Health Publishing. (n.d.). Numbness or tingling: When to worry. Retrieved October 23, 2025, from https://www.health.harvard.edu/decision_guide/numbness-or-tingling

Published: 7 August 2024

Last updated: 3 January 2026

Share

Category

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.