အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်ခြင်းကြောင့် မဟုတ်ဘဲ တစ်နှစ်ကြာသည်အထိ ရာသီသွေးမဆင်းခြင်းသည် မီးယပ်သွေးဆုံးခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် မီးယပ်သွေးဆုံးခြင်းသည် အသက် (၅၀) နှစ်ဝန်းကျင်ခန့်တွင် ဖြစ်တတ်ပြီး ပျမ်းမျှမီးယပ်သွေးဆုံးသည့် အသက်မှာ (၅၁) နှစ်ဖြစ်သည်။ မီးယပ်သွေးဆုံးခြင်းသည် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး သားဥအိမ်မှ မဟော်မုန်းများ ထုတ်လုပ်မှု လျော့နည်းရပ်တန့်သွားခြင်းကြောင့် ဖြစ်သည်။ မီးယပ်သွေးဆုံးခြင်းကာလကို အပိုင်း (၃) ပိုင်း ခွဲခြားနိုင်သည်။
မီးယပ်သွေးဆုံးခြင်းမတိုင်မီကာလ (Perimenopause or Menopausal transition)
မီးယပ်သွေးဆုံးချိန် အကူးအပြောင်းကာလဖြစ်သည်။ အသက် (၄၀) ကျော်အရွယ်ခန့်မှ စတင်နိုင်ပြီး ထို့ထက်ငယ်သော အသက်အရွယ်တွင်လည်း စတင်နိုင်သည်။ မီးယပ်သွေးမဆုံးမီ (၅) နှစ် သို့မဟုတ် (၁၀) နှစ်ခန့်မှစတင်၍ သားဥအိမ်မှ မဟော်မုန်းများ ထုတ်လုပ်မှု ကျဆင်းလာခြင်း၊ ရာသီသွေး ပုံမှန်မလာတော့ခြင်း၊ သွေးဆုံးချိန်တွင် ဖြစ်ပေါ်တတ်သော လက္ခဏာများကို စတင်ခံစားလာရခြင်းစသည်တို့ ဖြစ်ပေါ်လာသည်။
မီးယပ်သွေးဆုံးခြင်း (Menopause)
သားဥအိမ်မှ မမျိုးဥနှင့်မဟော်မုန်းများ မထုတ်လုပ်တော့ဘဲ တစ်နှစ်ဆက်တိုက် ပုံမှန်ရာသီသွေးမပေါ်လျှင် မီးယပ်သွေးဆုံးသည်ဟု သတ်မှတ်သည်။
မီးယပ်သွေးဆုံးပြီးကာလ (Post Menopause)
မီးယပ်သွေးဆုံးပြီးနောက်ပိုင်း ကျန်ရှိသော သက်တမ်းတစ်လျှောက်လုံးကို ဆိုလိုခြင်းဖြစ်သည်။ မီးယပ်သွေးဆုံးခြင်းကြောင့် ခံစားရသောလက္ခဏာများ တဖြည်းဖြည်းနှင့် သက်သာသွားသော်လည်း မဟော်မုန်း အီစတိုဂျင်နည်းလာသောကြောင့် အရိုးပွခြင်း၊ နှလုံးနှင့်ဆိုင်သောရောဂါများ ဖြစ်နိုင်ခြေများလာသည်။
အသက် (၄၅) နှစ်မတိုင်မီ မီးယပ်သွေးဆုံးလျှင် မီးယပ်သွေး စောဆုံးခြင်း (Early Menopause)၊ အသက် (၄၀) နှစ်မတိုင်မီ မီးယပ်သွေးဆုံးခြင်းဖြစ်လျှင် အရွယ်မတိုင်မီ မီးယပ်သွေးဆုံးခြင်း (Premature Menopause) ဟုခေါ်သည်။ မီးယပ်သွေးဆုံးခြင်းသည် အသက် (၂၀) နှစ်ကျော်မှစ၍ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် (၃၀) နှစ်မတိုင်မီ မီးယပ်သွေးဆုံးခြင်း ဖြစ်ပေါ်သည်မှာ အလွန်ရှားပါးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မီးယပ်သွေးဆုံးခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
- သဘာဝအလျောက် ဟော်မုန်းထုတ်လုပ်မှုများ ကျဆင်းလာခြင်း
- အသက် (၃၅) နှစ်နောက်ပိုင်းတွင် သားဥအိမ်မှ ထုတ်လုပ်သော အီစတိုဂျင်နှင့် ပရိုဂျက်စတီရုန်း ဟော်မုန်းများအပြင် တက်စတိုစတီရုန်း၊ ဖော်လီကယ်စတီမြူလိတ်တင်းဟော်မုန်း (FSH)၊ လူတီနိုက်ဆင်ဟော်မုန်း (LH) စသည့် အခြားဟော်မုန်းများ၏ ပမာဏပါကျဆင်းလာခြင်း
- သားဥအိမ်ကို ခွဲစိတ်ဖယ်ရှားရသော ကုသမှုကြောင့် သွေးဆုံးခြင်း
- သားအိမ်ကို ခွဲစိတ်ဖယ်ရှားရသော ကုသမှုကြောင့် သွေးဆုံးခြင်း
- ကင်ဆာရောဂါအတွက် ကင်ဆာဆေးသွင်းကုသမှုများ၊ ဓာတ်ရောင်ခြည်ကုသမှုများကြောင့် ကုသစဉ်တွင် ယာယီအားဖြင့် မီးယပ်သွေးဆင်းမှု ရပ်တန့်နေခြင်း
- Primary ovarian insufficiency
- မျိုးဗီဇဖြစ်စဉ်များကြောင့် သားဥအိမ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းများဖြစ်ပြီး အရွယ်မတိုင်မီ စောစီးစွာသွေးဆုံးခြင်း (Premature Menopause) ကို ဖြစ်ပေါ်စေသည်
- အမျိုးသမီး (၁၀၀) တွင် (၁) ဦးခန့်သည် အရွယ်မတိုင်မီ မီးယပ်သွေးဆုံးခြင်း ဖြစ်နိုင်သည်
- မျိုးဗီဇဆိုင်ရာ ရောဂါများနှင့် အချို့သော ကိုယ်ခံအားစနစ် မူမမှန်သည့်ရောဂါများ (Autoimmune diseases) ကြောင့်လည်း သားဥအိမ် လုပ်ဆောင်ချက် စောစီးစွာ ရပ်တန့်နိုင်သည်
ယှဥ်တွဲလာတတ်သောလက္ခဏာများ
ရောဂါလက္ခဏာ ခံစားရမှုနှင့် မီးယပ်သွေးဆုံးချိန် အတွေ့အကြုံများသည် တစ်ဦးနှင့်တစ်ဦး မတူညီဘဲ ကွဲပြားနိုင်သည်။ မီးယပ်သွေးဆုံးခြင်း ရုတ်တရက်ဖြစ်ပေါ်ပါက ပို၍ပြင်းထန်သော လက္ခဏာများကို ခံစားရနိုင်သည်။ မီးယပ်သွေးဆုံးရန် နီးကပ်လာသောကာလတွင် ရာသီသွေးပေါ်သည့်ရက် တိုသွားတတ်ခြင်း၊ ရာသီစက်ဝန်းကာလ တစ်ခုနှင့်တစ်ခုကြား ရက်ပိုခြားသွားခြင်း၊ ပုံမှန်ထက်ပို၍ ရာသီသွေးပမာဏနည်းခြင်း သို့မဟုတ် များလာနိုင်ခြင်းများ ဖြစ်လာနိုင်သည်။ သားဥအိမ်၊ သားအိမ်တို့နှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများကြောင့်လည်းကောင်း၊ ဆေးလိပ်၊ အရက် သောက်သုံးခြင်းတို့ကြောင့်လည်းကောင်း မီးယပ်သွေးဆုံးချိန် လက္ခဏာများ ပို၍ပြင်းထန်ပြီး အချိန်ကြာမြင့်စွာ ခံစားရတတ်သည်။
မီးယပ်သွေးဆုံးချိန်တွင် အောက်ပါလက္ခဏာများကို အများဆုံးခံစားရလေ့ရှိသည်။
- ရာသီသွေးဆင်းမမှန်ခြင်း (ပုံမှန်ထက် နည်းခြင်း သို့မဟုတ် များခြင်း)
- ခန္ဓာကိုယ်တွင်းမှ နေရာအနှံ့ ပူလောင်မှုကို ခံစားရခြင်း၊ အသားအရောင်များ နီလာခြင်း
- သွားဖုံးများ ရောင်ရမ်းလွယ်ခြင်း သို့မဟုတ် ခံတွင်းထဲတွင် ပူစပ်ပူလောင်ဖြစ်ခြင်း (Burning Mouth Syndrome)
- ညဘက်တွင် ချွေးပြန်ခြင်း အထူးသဖြင့် လည်ပင်း၊ ရင်ဘတ်အထက်ပိုင်းနှင့် ဝမ်းဗိုက်များတွင် ချွေးပြန်ခြင်း
- ယောနိလမ်းကြောင်းများ ခြောက်သွေ့ခြင်းများကြောင့် လိင်ဆက်ဆံချိန်တွင် မသက်မသာ ခံစားရခြင်း၊ လိင်စိတ်နည်းလာခြင်း
- ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားသည့်အကြိမ်များလာခြင်း၊ ဆီးသွားချိန် ပူလောင်ခြင်း
- ညဘက်တွင် ကောင်းစွာ မအိပ်စက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း
- စိတ်ခံစားမှုအခြေအနေ အပြောင်းအလဲမြန်ခြင်း၊ စိတ်တက်လွယ် ကျလွယ်ပြီး စိုးရိမ်စိတ်များလာခြင်း၊ စိတ်အာရုံပျံ့လွင့်မှု များလာခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း၊ မေ့တတ်ခြင်းနှင့် စဉ်းစားရခက်ခဲခြင်း
- အရေပြား၊ မျက်လုံး၊ ပါးစပ်များ ခြောက်သွေ့လာခြင်း
- ရာသီသွေးမပေါ်မီဖြစ်တတ်သော လက္ခဏာများ (Premenstrual symptoms) ပို၍ ဆိုးလာခြင်း
- ရင်သားနာခြင်း
- နှလုံးခုန်နှုန်းမြန်ခြင်း
- ခေါင်းကိုက်ခြင်း
- အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်လာတတ်ခြင်း
- ကိုယ်အလေးချိန်တိုးလာခြင်း
- ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးလာခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
မီးယပ်သွေးဆုံးပြီးနောက်ပိုင်းတွင် အီစတိုဂျင်ဟော်မုန်း ထုတ်လုပ်မှု ကျဆင်းလာသည်နှင့်တစ်ပြေးညီ နှလုံးသွေးကြောနှင့် ပတ်သက်သောရောဂါများ ဖြစ်နိုင်ခြေ မြင့်တက်လာသည်။ သွေးပေါင်ချိန်တက်လာခြင်း၊ သွေးတွင်းကိုလက်စထရောဓာတ်များ တက်လာခြင်းတို့ ဖြစ်လာနိုင်သည်။ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်များ နှေးလာခြင်း၊ ကယ်လိုရီလောင်ကျွမ်းမှုများ နည်းလာခြင်းတို့ကြောင့် ကိုယ်အလေးချိန် တိုးလာခြင်းများလည်း ဖြစ်တတ်သည်။
မီးယပ်သွေးဆုံးပြီး နှစ်အနည်းငယ်အတွင်း အရိုး၏သိပ်သည်းဆ လျင်မြန်စွာ ကျဆင်းလာခြင်းကြောင့် အရိုးများ၏ကြံ့ခိုင်မှု အားနည်းလာပြီး အရိုးပွလာခြင်း၊ ကြွပ်ဆတ်လာခြင်းများကြောင့် အလွယ်တကူ အရိုးကျိုးနိုင်သည်။ ခါးရိုး၊ လက်ကောက်ဝတ်ရိုး၊ ပေါင်ရိုးနှင့် ဆီးခုံကွင်းအရိုးများသည် အလွယ်တကူကျိုးနိုင်သော အရိုးများဖြစ်ကြသည်။
ယောနိလမ်းကြောင်းနှင့် ဆီးစွန့်ပြွန်ဝကြွက်သားများ၏ အားလျော့ပြောင်းလဲမှုများကြောင့် ဆီးအိမ်၊ ဆီးလမ်းကြောင်း ထိန်းချုပ်နိုင်မှု ကျဆင်းလာပြီး ဆီးမထိန်းနိုင်ခြင်း၊ ဆီးသွားချင်စိတ် ရုတ်တရက် ဖြစ်ပေါ်ခြင်းများ မကြာခဏဖြစ်ပေါ်နိုင်သည်။ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ရယ်ခြင်း၊ အလေးမခြင်းစသော အခြေအနေများတွင်လည်း ဆီးမထိန်းနိုင်ခြင်းများ ဖြစ်တတ်သည်။ ဆီးပိုးဝင်ခြင်းများလည်း မကြာခဏဖြစ်နိုင်သည်။
ယောနိလမ်းကြောင်း အတွင်းနံရံများ ခြောက်သွေ့လာပြီး ၎င်း၏ ကျုံ့နိုင်ဆန့်နိုင်အားများလည်း ကျဆင်းလာခြင်းကြောင့် လိင်ဆက်ဆံချိန်တွင် မသက်မသာဖြစ်ခြင်း၊ သွေးအနည်းငယ် ထွက်တတ်ခြင်းနှင့် လိင်ဆက်ဆံလိုစိတ် ကျဆင်းလာခြင်းစသော ပြဿနာများ ဖြစ်ပေါ်နိုင်သည်။
ရောဂါရှာဖွေခြင်း
မီးယပ်သွေးဆုံးခြင်းကို တိကျစွာပြောနိုင်ရန် ခက်ခဲသော်လည်း နည်းလမ်းများစွာ စစ်ဆေးခြင်းဖြင့် မီးယပ်သွေးဆုံးခြင်းကို ကောက်ချက်ချနိုင်သည်။ မီးယပ်သွေးဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော လက္ခဏာများ ခံစားရပါက မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ ဆရာဝန်မှ ရာသီသွေးပေါ်ခြင်းနှင့်ဆိုင်သော မေးခွန်းများမေးမြန်းခြင်း၊ စမ်းသပ်ခြင်းနှင့် လိုအပ်ပါက ဟော်မုန်းပမာဏသိနိုင်ရန် သွေးဖောက်စစ်ဆေးခြင်းများ ပြုလုပ်သည်။ ခံစားရသော လက္ခဏာများ၊ တစ်နှစ်ကြာသည့်တိုင် ရာသီသွေးမပေါ်ခြင်းနှင့် ဟော်မုန်းပမာဏတို့ကို အခြေခံ၍ မီးယပ်သွေးဆုံးခြင်းကို အတည်ပြုသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မီးယပ်သွေးဆုံးသူတိုင်း ဆေးရုံ၊ ဆေးခန်းပြသရန် မလိုအပ်သော်လည်း မီးယပ်သွေးဆုံးချိန်ကာလများတွင် ခံစားရသော ဝေဒနာ၊ လက္ခဏာ ပြင်းထန်မှုများပေါ်တွင် မူတည်၍ မိမိ၏မိသားစုဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကုဆရာဝန်များနှင့် ပြသတိုင်ပင် ကုသမှုခံယူသင့်သည်။ ရာသီသွေးပုံမမှန်ဖြစ်ခြင်းသည် မီးယပ်သွေးဆုံးချိန် ကူးပြောင်းကာလတွင် ဖြစ်တတ်သော လက္ခဏာတစ်ခု ဖြစ်သော်လည်း အခြားသော မီးယပ်ဆိုင်ရာပြဿနာများကြောင့်လည်း ဖြစ်နိုင်သောကြောင့် ဆေးရုံ၊ ဆေးခန်းတွင် စစ်ဆေးကုသမှု ခံယူသင့်သည်။ ပုံမှန်ထက်ပို၍ ရာသီသွေးဆင်းပမာဏ များလာခြင်း၊ သွေးအခဲများဆင်းခြင်း၊ (၇) ရက်ထက်ပို၍ ရာသီသွေးဆက်တိုက်ဆင်းခြင်း၊ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား (၂၁) ရက်အောက် လျော့နည်းလာခြင်း၊ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား သွေးအစက်အပျောက်များဆင်းခြင်း၊ လိင်ဆက်ဆံပြီးချိန်တွင် သွေးဆင်းခြင်း၊ သွေးဆုံးခါနီးချိန်တွင် ခံစားရလေ့ရှိသော ရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာပြီး မိမိ၏လုပ်ငန်းဆောင်တာများတွင် အနှောင့်အယှက်ဖြစ်လာခြင်း၊ မီးယပ်သွေးဆုံးပြီးနောက် သွေးဆင်းခြင်း စသောလက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် ပြသစစ်ဆေးကုသမှု ခံယူသင့်သည်။
ကုသခြင်း
မီးယပ်သွေးဆုံးခြင်းသည် သဘာဝအလျောက်ဖြစ်သော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ခံစားရသော လက္ခဏာများ မပြင်းထန်လျှင် ပုံမှန်အားဖြင့် ကုသမှုများ လိုအပ်လေ့မရှိပါ။ သို့သော် မီးယပ်သွေးဆုံးလက္ခဏာများကို သက်သာစေရန်၊ အသက်အရွယ် တဖြည်းဖြည်းကြီးလာသည်နှင့်အမျှ ဆက်စပ်၍ဖြစ်ပေါ်တတ်သော ရောဂါများကို သက်သာစေရန် ကုသမှုများ လိုအပ်သည်။
ကုသမှုတွင်
- ဟော်မုန်းဖြင့် ကုသခြင်း (Hormone Therapy)
- ဟော်မုန်းမပါသောဆေးဝါးများဖြင့် ကုသခြင်း (Non-Hormonal Therapy) စသည်တို့ ပါဝင်သည်။
ဟော်မုန်းဖြင့် ကုသခြင်း
မီးယပ်သွေးဆုံးခြင်းကြောင့် ခံစားရသော လက္ခဏာများနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို သက်သာစေရန် ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုး အန္တရာယ်မရှိလျှင် ဟော်မုန်းဆေးများကို အသုံးပြုနိုင်သည်။ ဟော်မုန်းဖြည့်တင်းကုသရာတွင် အီစတိုဂျင်တစ်မျိုးတည်းကို ပမာဏအနည်းငယ်သာပေး၍ ကုသခြင်းဖြင့် ယောနိအတွင်း ခြောက်သွေ့ခြင်းများ၊ ဆီးပိုးဝင်ခြင်းကြောင့်ဖြစ်သော လက္ခဏာများ၊ လိင်ဆက်ဆံချိန် နာကျင်ခြင်းများကို သက်သာစေသည်။
သောက်ဆေး၊ လိမ်းဆေး၊ ကပ်ခွာပလတ်စတာ၊ ဖျန်းဆေးနှင့် ယောနိလမ်းကြောင်းအတွင်းထည့်ရသော ဟော်မုန်းကွင်းစသည်ဖြင့် ပုံစံအမျိုးမျိုးရှိသည်။ အီစတိုဂျင်နှင့် ပရိုဂျက်စတီရုန်း ဟော်မုန်းနှစ်မျိုး ပေါင်းစပ်ကုသမှုကို သားအိမ်ရှိသေးသော အမျိုးသမီးများတွင် အသုံးပြုသည်။
မီးယပ်သွေးဆုံးချိန် ဟော်မုန်းကုသမှုများကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်သော်လည်း ကြာမြင့်စွာသုံးစွဲလျှင် နှလုံးရောဂါနှင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ အနည်းငယ် ပိုများလာနိုင်သောကြောင့် နားလည်တတ်ကျွမ်းသော သားဖွားမီးယပ် အထူးကုဆရာဝန် သို့မဟုတ် ဟော်မုန်းရောဂါ အထူးကုဆရာဝန်များဖြင့် ပြသတိုင်ပင်ပြီးမှသာ ဟော်မုန်းဖြင့်ကုသမှုကို ခံယူသင့်သည်။
ဟော်မုန်းမပါသော ဆေးဝါးများဖြင့် ကုသခြင်း
ရင်သားကင်ဆာကုသမှု ခံယူနေသည့် အမျိုးသမီးများ၊ သွေးကြောတွင်း သွေးခဲတတ်သော ရောဂါရာဇဝင်ရှိသူများနှင့် သွေးကြောတွင်း သွေးခဲနေသော ရောဂါလက္ခဏာရှိသူများသည် အီစတိုဂျင်ဟော်မုန်းဖြင့် ကုသရန်မသင့်သောကြောင့် ထိုအခြေအနေရှိသူများတွင် ဟော်မုန်းမပါသော အောက်ပါဆေးဝါးများဖြင့် ကုသနိုင်သည်။
- Anti-depressant, Gabapentin, Clonidine, Fezolinetant စသောဆေးများ
- ညဘက် ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်းကို လျော့နည်းစေရန် အသုံးပြုနိုင်သည်
- နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ဗိုက်အောင့်ခြင်း၊ အသည်းနှင့်ဆိုင်သော ပြဿနာများဖြစ်နိုင်ခြင်း၊ အိပ်စက်ခြင်းနှင့်ဆိုင်သော ပြဿနာများရှိနိုင်ခြင်းတို့ကြောင့် ကျွမ်းကျင်သူ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်
- Oxybutynin
- ဆီးခဏခဏသွားခြင်း၊ ဆီးမထိန်းနိုင်ခြင်းနှင့် ဆီးယိုစိမ့်ခြင်းစသည့် လက္ခဏာများ သက်သာစေရန် အသုံးပြုနိုင်သည်
- ဗီတာမင် ဒီ
- အရိုးပါးလာခြင်းနှင့် အရိုးပွခြင်းတို့ကို ကာကွယ်ရန်နှင့် ကုသရန်အတွက် အသုံးပြုသည်
- Ospemifene
- လိင်ဆက်ဆံချိန်တွင် နာကျင်ခြင်းကို လျှော့ချရန်အတွက် အသုံးပြုနိုင်သည်
- သို့သော် ရင်သားကင်ဆာရှိသူ သို့မဟုတ် ရင်သားကင်ဆာဖြစ်နိုင်ခြေ ရှိသူများတွင် သုံးစွဲရန်မသင့်ပါ
- Elinzanetant
- ၎င်းသည် Fezolinetant ကဲ့သို့ပင် ဦးနှောက်အတွင်းရှိ အပူထိန်းစနစ်ကို ထိန်းညှိပေးသည့် နောက်ဆုံးပေါ် ဆေးဝါးသစ်ဖြစ်ပြီး ဟော်မုန်းကုထုံး ခံယူရန်မသင့်သူများတွင် ခန္ဓာကိုယ်ပူခြင်းနှင့် ညဘက်ချွေးထွက်ခြင်းတို့ကို သိသိသာသာ လျော့နည်းစေသည်
- အိပ်ပျော်ရန်ခက်ခဲသူများအတွက်လည်း လိုအပ်ပါက အိပ်ဆေးများသောက်သုံးရန် ညွှန်ကြားနိုင်သည်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းအလွယ်ပြုလုပ်နိုင်သော နည်းလမ်းများ
- ခန္ဓာကိုယ်အနှံ့ ပူလောင်မှုခံစားရခြင်းကို သက်သာစေရန် ပေါ့ပါးချောင်ချိသော ချည်သားအင်္ကျီ လက်တိုလက်ပြတ်များ ဝတ်ဆင်ခြင်း
- အခန်းတွင်းအပူချိန်ကို လေအေးပေးစက်၊ ပန်ကာ၊ ယပ်တောင်များ သုံး၍ လျော့နည်းစေခြင်း
- အေးစက်သော အထိအတွေ့ရှိသော ခေါင်းအုံးများကို အသုံးပြုခြင်း
- ကဖိန်းဓာတ်များသော ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းများကို ရှောင်ရှားခြင်းနှင့် သုံးစွဲမှုကို လျှော့ချခြင်း
- နေ့အချိန်တွင်သာ လေ့ကျင့်ခန်းလုပ်ခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း
- သင့်တင့်မျှတသော အစားအသောက်များကို စားခြင်း၊ အသီးအနှံ၊ အရွက်များများစားပြီး အဆီ၊ အချိုဓာတ်များ လျှော့ချခြင်း
- လိုအပ်ပါက ဗီတာမင် ဒီ နှင့် ကယ်လ်ဆီယမ် စသည်တို့ကို ဖြည့်စွက်သောက်သုံးခြင်း
- ဆေးလိပ်ဖြတ်ခြင်း (နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အရိုးပွခြင်းနှင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြင်းတို့ကို လျော့နည်းစေနိုင်သည်)
- ကိုယ်အလေးချိန်ကို ရှိသင့်သော အချိုးအစားတွင် ထိန်းထားခြင်း
- ယောနိလမ်းကြောင်းကြွက်သားများကို တောင့်တင်းစေသော တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကြွက်သားများ တင်းရင်းစေသော လေ့ကျင့်ခန်း (Kegel exercise) ကို ပြုလုပ်ပေးခြင်း (ဆီးမထိန်းနိုင်ခြင်းကို လျော့နည်းစေနိုင်သည်)
- အသက်ရှူသွင်း ရှူထုတ်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ကြွက်သားများကို ဖြေလျှော့ပေးခြင်း
- ယောနိလမ်းကြောင်းခြောက်သွေ့ခြင်းနှင့် နာကျင်ခြင်းများကို သက်သာစေရန် ရေဓာတ်ကို အခြေခံ၍ ထုတ်လုပ်ထားသော အဆီ၊ ချောဆီများ (Astroglide) နှင့် ဆီလီကွန်ကို အခြေခံ၍ ထုတ်လုပ်ထားသော (KY lubricant) ချောဆီများကို လိင်ဆက်ဆံစဉ်တွင် အသုံးပြုခြင်း (မိမိ၏ လိင်ဆက်ဆံဖော် သို့မဟုတ် ခင်ပွန်းတို့နှင့် အတူရှိစဉ် တက်ကြွမှုရှိနေခြင်းဖြင့် ယောနိအတွင်း သွေးလှည့်ပတ်စီးဆင်းမှုကို ကောင်းစေသည်)
ကာကွယ်ခြင်း
အမျိုးသမီးများအားလုံးသည် မီးယပ်သွေးဆုံးခြင်းကို မလွဲမသွေကြုံတွေ့ရမည်မှာ သဘာဝဖြစ်သည်။ မီးယပ်သွေးဆုံးချိန်၌ ဖြစ်ပေါ်ခံစားရနိုင်သော လက္ခဏာများကို သေချာစွာသိရှိထားပြီး လိုအပ်ပါက နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် သေချာစွာပြသတိုင်ပင်ကာ ကုသမှုခံယူလျှင် မီးယပ်သွေးဆုံးခြင်းကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်မည်ဖြစ်သည်။ မိမိနှင့် ဘဝတူအမျိုးသမီးများနှင့်လည်း အချင်းချင်း အုပ်စုဖွဲ့ ဆွေးနွေးခြင်း၊ မေးမြန်းခြင်း၊ အတွေ့အကြုံ ဖလှယ်ခြင်းများ ပြုလုပ်ပြီး အကြံဉာဏ်များရယူရန်မှာလည်း အရေးကြီးသည်။
References:
- Cleveland Clinic. (2024). Menopause: What it is, age, stages, signs & side effects. Retrieved March 23, 2026, from https://my.clevelandclinic.org/health/diseases/21841-menopause
- Mayo Clinic. (2024). Menopause: Symptoms and causes. Retrieved March 26, 2026, from https://www.mayoclinic.org/diseases-conditions/menopause/symptoms-causes/syc-20353397
Published: 22 March 2025
Last updated: 26 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.