လူတိုင်းနီးပါး နုံးချည့်ခြင်းကို ခံစားရဖူးသည်။တစ်ခါတစ်ရံတွင် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း သို့မဟုတ် အာဟာရ မပြည့်ဝခြင်းကဲ့သို့သော နေထိုင်မှုဆိုင်ရာ အကြောင်းရင်းများကြောင့်လည်း သဘာဝအတိုင်း ခံစားရနိုင်သည်။ထိုကဲ့သို့ သာမန် နုံးချည့်ခြင်းသည် အိပ်စက်ခြင်း၊ အနားယူခြင်းတို့ကြောင့် ပြန်လည် လန်းဆန်းလာလေ့ရှိသည်။ သို့သော် အားအင်နုံးချည့်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ၊ အချို့သောဆေးဝါးများ၊ နာတာရှည်နာကျင်မှုများ ခံစားရခြင်းနှင့် အခြားသော အကြောင်းရင်းများစွာကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ အလွန်အမင်း အားအင်နုံးချည့်လာသောအခါ နေ့စဥ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် နေထိုင်စားသောက်မှု အလေ့အထများ ပြောင်းလဲခြင်းဖြင့် မသက်သာဘဲ အားအင်နုံးချည့်ခြင်းကို အချိန်ပြည့်ခံစားနေရပါက ရောဂါရှာဖွေကုသရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အားမရှိနုံးချည့်ခြင်းဖြစ်ရသည့် အကြောင်းများစွာရှိသည်။ အဖြစ်များသော အကြောင်းများမှာ_
- လူနေမှုပုံစံနှင့် အမူအကျင့်လွဲမှားခြင်း
- အစားအသောက် အာဟာရ မလုံလောက်ခြင်း၊ ချို့တဲ့ခြင်း
- ရေသောက်နည်းခြင်း
- ကော်ဖီ အလွန်အကျွံသောက်ခြင်း
- အရက် အလွန်အကျွံသောက်ခြင်း
- မူးယစ်ဆေးဝါးများ သုံးစွဲထားခြင်း
- စိတ်ဖိစီးမှုများခြင်း
- ပင်ပန်းလွန်ခြင်း (Burnout)
- ခရီးရှည် လေယာဉ်စီးထားခြင်း
- အိပ်ရေးပျက်ခြင်း၊ အိပ်ချိန်မမှန်ခြင်း
- နေ့ဆိုင်း၊ ညဆိုင်း အလှည့်ဆင်းရသည့်အလုပ်များ (ဥပမာ – ရဲ၊ မီးသတ်၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများ)
- တစ်ကိုယ်တည်းနေထိုင်ရခြင်း
- အချို့သော ဆေးဝါးများ
- အိပ်ဆေး
- စိတ်ငြိမ်ဆေး
- အတက်ကျဆေး
- ပဋိဇီဝပိုးသတ်ဆေး
- နှလုံးရောဂါတွင် အသုံးပြုသော ဆေးဝါးများ (ဥပမာ – beta blockers)
- နှာစေးချောင်းဆိုးပျောက်ဆေး
- ကင်ဆာရောဂါကုဆေးများ
- ရောဂါအခံများ
- ရောဂါပိုးဝင်ခြင်း (ဥပမာ _ အူရောင်ငန်းဖျား ရောဂါ၊ ငှက်ဖျားရောဂါ)
- နာတာရှည်ကူးစက်ရောဂါများ (ဥပမာ – တီဘီ၊ အိပ်ချ်အိုင်ဗီ၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ ကိုဗစ်-၁၉)
- နှလုံးရောဂါများ (နှလုံးအဆို့ရှင် မကောင်းခြင်း၊ နှလုံးညှစ်အား နည်းခြင်း၊ နှလုံးခုန် မမှန်ခြင်း)
- အဆုတ်ရောဂါများ (ရင်ကျပ်ပန်းနာရောဂါ၊နာတာရှည် လေပြွန်ကျဥ်း အဆုတ်ပွရောဂါ)
- ဟော်မုန်းရောဂါများ (ဆီးချိုသွေးချိုရောဂါ၊ သိုင်းရွိုက်ရောဂါ)
- ကျောက်ကပ်ရောဂါများ (ကျောက်ကပ်အားနည်းခြင်း၊ ကျောက်ကပ်ရောင်ခြင်း)
- အစာအိမ်၊ အူလမ်းကြောင်းရောဂါများ [Gluten ပရိုတင်းနှင့် ဓာတ်မတည့်သောရောဂါ (Celiac’s disease)၊ နာတာရှည်အူရောင်ရမ်းနာရောဂါ (Inflammatory Bowel disease)၊ အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သော ရောဂါ (Irritable bowel syndrome)]
- ကင်ဆာရောဂါများ
- သွေးအားနည်းခြင်း (ဥပမာ _ သံဓာတ်အားနည်းခြင်း၊ ဗီတာမင် B12 အားနည်းခြင်း)
- ဗီတာမင် ဒီ ချို့တဲ့ခြင်း
- သတ္တုဓာတ် မညီမျှခြင်း (ဆိုဒီယမ်နည်းခြင်း၊ ပိုတက်ဆီယမ်နည်းခြင်း၊ ကယ်လ်ဆီယမ်နည်းခြင်း)
- ကိုယ်ခံအားမူမမှန်မှုကြောင့် ဖြစ်သောရောဂါများ [အရေပြားလေးဘက်နာ (SLE)၊ ရူးမတွိုက် အဆစ်ရောင် သွေးလေးဘက်နာရောဂါ (Rheumatoid arthritis)၊ အာရုံကြောဖုံး အဆီလွှာပျက်စီးသော ရောဂါ (Multiple sclerosis)၊မျက်ခွံတွဲကျ ကြွက်သားအားနည်းရောဂါ (Myasthenia gravis)]
- အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်ခြင်း (Obstructive Sleep apnea)
- အဝလွန်ခြင်း
- အဆစ်အမြစ်များ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း
- နာတာရှည် အားအင်နုံးချည့်ခြင်း ရောဂါစု (Chronic fatigue syndrome)
- နာတာရှည် ကြွက်သားနာကျင်သော ရောဂါ (Fibromyalgia)
- စိတ်ပိုင်းဆိုင်ရာရောဂါများ
- စိတ်ကျရောဂါ (Depression)
- စိုးရိမ်စိတ် လွန်ကဲသောရောဂါ (Anxiety)
- ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (PTSD)
- ကိုယ်အလေးချိန် ထိန်းချုပ်ချင်စိတ်လွန်ကဲရောဂါ (Eating disorder)
- တစ်ခုခု ဆုံးရှုံးခြင်းကြောင့် ဝမ်းနည်းနေခြင်း (Grief reaction)
ယှဉ်တွဲလာတတ်သောလက္ခဏာများ
အားအင်နုံးချည့်ခြင်းကို “အားကုန်သည်”၊ “အားမရှိ”၊ “ခြေကုန်လက်ပမ်းကျသည်”၊ “ခြေလက်များ မသယ်နိုင်”၊ “လေးလံနေသည်”၊ “မလန်းဆန်း” စသဖြင့် စကားလုံးအမျိုးမျိုးသုံးပြီး ဖော်ပြကြသည်။ ကြွက်သားများ ညောင်းခြင်း၊ အိပ်ရေးမဝခြင်း၊ မောခြင်းတို့နှင့် ရောထွေးဖော်ပြတတ်သည်။
အားအင်မရှိနုံးချည့်ကြသည့် လူနာများတွင် အောက်ဖော်ပြပါလက္ခဏာများနှင့် တွဲ၍ခံစားရလေ့ရှိသည်။
- သာမန်လုပ်နေကျအလုပ်ကို မလုပ်မကိုင်နိုင်ဖြစ်ခြင်း
- တစ်ကိုယ်လုံးညောင်းနေခြင်း
- ခေါင်းအုံ ခေါင်းလေးခြင်း၊ ခေါင်းမကြည်ခြင်း
- အာရုံမစူးစိုက်နိုင်ခြင်း၊ အတွေးအမြင်အသစ်များ မရခြင်း
- လေးပင်နေခြင်း၊ ပျင်းရိနေခြင်း
- စိတ်ထဲလေးလံခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း အစရှိသော လက္ခဏာများနှင့် တွဲဖက်၍ ခံစားရတတ်သည်။
သတိထားသင့်သော လက္ခဏာများ
အားအင်မရှိနုံးချည့်သည့် လူနာသည် အောက်ပါလက္ခဏာများ တွဲတွေ့ရလျှင် အခြေခံရောဂါများကြောင့် ဖြစ်နိုင်သဖြင့် အရေးကြီးသည်။
- ရေအလွန်ငတ်ခြင်း၊ ဆီးသွားများခြင်း၊ ကိုယ်အလေးချိန်ကျခြင်း – ဆီးချိုသွေးချိုဖြစ်ခြင်းကို ရည်ညွှန်းသည်
- ဖြူဖျော့ဖျော့ဖြစ်ခြင်း၊ မောပန်းလွယ်ခြင်း၊ ရင်တုန်ခြင်း၊ ဆံပင်နှင့် လက်သည်းများ ခြောက်သွေ့ခြင်း _ သံဓာတ်နည်းသည့် သွေးအားနည်းရောဂါကို ရည်ညွှန်းသည်
- ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်ခြင်း – ကင်ဆာ (သို့မဟုတ်) နာတာရှည် ကူးစက်ရောဂါကို ရည်ညွှန်းသည်
- ကိုယ်အလေးချိန်ကျခြင်း၊ ခံတွင်းကောင်းပြီး အစာစားများခြင်း၊ စိတ်တို စိတ်ဆတ်ခြင်း၊ ရင်တုန်ခြင်း – သိုင်းရွိုက်ဟော်မုန်းများခြင်းကို ရည်ညွှန်းသည်
- ညဘက်အိပ်လျှင် ဟောက်ခြင်း၊ ကိုယ်အလေးချိန် များခြင်း၊ နေ့လည်နေ့ခင်း အိပ်ငိုက်ခြင်း – အိပ်လျှင် အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ အသက်ရှူရပ်သည့်ရောဂါကို ရည်ညွှန်းသည်
- စိတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ လုပ်ချင်ကိုင်ချင်စိတ် မရှိခြင်း၊ အရာရာအဆိုးမြင်ခြင်း – စိတ်ကျရောဂါကို ရည်ညွှန်းသည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါအချက်များဖြစ်ပေါ် လာပါက မိမိ၏ မိသားစုဆရာဝန်နှင့် ဆွေးနွေးကုသမှု ခံယူသင့်သည်။
- အားမရှိနုံးချည့်ခြင်း၏ အကြောင်းရင်းကို မိမိဘာသာစဉ်းစား၍ မရနိုင်သည့်အခါ
- ကိုယ်အလေးချိန် ကျလာသည့်အခါ
- ကိုယ်အပူချိန် တက်နေသည့်အခါ
- အိပ်ရခက်သည့်အခါ
- စိတ်ကျသည်ဟု ခံစားရသည့်အခါ
အောက်ပါအချက်များဖြစ်လာပါက ဆေးရုံဆေးခန်း အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ရန်လိုသည်။
- ဝမ်းသွားစဉ် သွေးပါခြင်း
- သွေးအန်ခြင်း
- ခေါင်းအလွန်အမင်းကိုက်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- မူးလဲသွားခြင်း
- နှလုံးခုန်မမှန်ခြင်း
- အမောဖောက်နေခြင်း
- ဗိုက်၊ ကျော၊ ဆီးစပ်နေရာတွင် အလွန်အမင်းကိုက်ခဲခြင်း
- မိမိကိုယ်ကို ဖြစ်စေ၊ အခြားသူကို ဖြစ်စေ ထိခိုက်စေရန် ကြံစည်မိနေခြင်း
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် ရောဂါလက္ခဏာများနှင့် လူနာ၏ လူနေမှုပုံစံ၊ အလေ့အကျင့်၊ အလုပ်အကိုင်၊ ဝါသနာစသည်တို့ကို ဦးစွာမေးမြန်း၍ မူလရောဂါအခံတစ်ခုခု ရှိမရှိ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးလိမ့်မည်။ အခြေခံရောဂါတစ်ခုခုကြောင့် ဖြစ်သည်ဟု ယူဆပါက လိုအပ်သည့် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဓာတ်မှန်နှင့် အာထရာဆောင်းရိုက်ခြင်းတို့ကို ဆက်လက်ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။
ကုသခြင်း
အားအင်နုံးချည့်ခြင်းသည် လူနေမှုပုံစံနှင့် အမူအကျင့်လွဲမှားခြင်းတို့ကြောင့် အဖြစ်များသောကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှု အလေ့အထများကို ပြောင်းလဲခြင်းဖြင့် သက်သာနိုင်သည်။
- အိပ်စက်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ လေ့ကျင့်ပါ
- တစ်ညလျှင် အနည်းဆုံး (၇)နာရီ မှ (၉)နာရီ ပြည့်အောင် အိပ်စက်ပါ
- အိပ်ယာမဝင်ခင် ကော်ဖီသောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဖုန်းအသုံးပြုခြင်းမှ ရှောင်ကြဥ်ပါ
- အရက်သေစာ၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများကို ရှောင်ကြဥ်ပါ
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကိုသာ စားသောက်ပါ
- ရေဓာတ်ပြည့်ဝအောင် နေ့စဥ် ရေများများသောက်ပါ
- စိတ်ဖိစီးမှုများကို ထိန်းချုပ်နိုင်ရန် ယောဂ (Yoga) လေ့ကျင့်ခြင်း၊ တရားထိုင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပါ
- လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပါ (သို့သော် ပြင်းထန်သော လေ့ကျင့်ခန်းများ သို့မဟုတ် လေ့ကျင့်ခန်းများကို အလွန်အကျွံပြုလုပ်ပါက အားအင်ကုန်ခမ်းခြင်းကို ဖြစ်စေနိုင်သည်)
- ကိုယ်အလေးချိန် ထိန်းသိမ်းပါ
သို့သော် ထိုသို့ပြောင်းလဲခြင်းဖြင့် မသက်သာပါက ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းများကို ရှာဖွေ၍ အကြောင်းရင်း ပေါ်မူတည်ပြီး ကုသမှုခံယူရန် လိုအပ်သည်။ ဥပမာအားဖြင့်_
- ဆီးချိုရောဂါကြောင့် ဖြစ်ပါက ဆီးချိုရောဂါကို ကုသမှုခံယူခြင်း
- သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပါက သံဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်းတို့ ဖြစ်ကြသည်။
စိတ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် အားအင်နုံးချည့်ခြင်းကို ခံစားရပါက စိတ်ရောဂါအထူးကု ဆရာဝန်များနှင့် ဆွေးနွေးကုသမှုခံယူခြင်း၊ အသိအမြင်အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive-Behavioural Therapy) တို့ဖြင့် ကုသမှုခံယူရန် လိုအပ်သည်။
ကာကွယ်ခြင်း
အားအင်နုံးချည့်ခြင်းကို မဖြစ်ပေါ် စေရန်အတွက် လုပ်ဆောင်သင့်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- အစာအာဟာရ မျှတအောင် စားသုံးခြင်း
- ရေများများသောက်ခြင်း
- အိပ်ချိန်မှန်မှန် အိပ်ခြင်း၊ အိပ်ရေးဝအောင် အိပ်ခြင်း
- အလုပ်လုပ်ပြီးချိန်တွင် အနားယူခြင်း
- လေ့ကျင့်ခန်းလုပ်ခြင်း
- စိတ်ဖိစီးမှုများလျှော့ချခြင်း
- ဖုန်း၊ အင်တာနက် အလွန်အကျွံသုံးခြင်းမှ ရှောင်ကြဉ်ခြင်း
- ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများ ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။
References:
- Cleveland Clinic. (2023). Fatigue. Retrieved September 10, 2025, from https://my.clevelandclinic.org/health/symptoms/21206-fatigue
- Healthline. (n.d.). Fatigue – Causes, symptoms, and treatments. Retrieved September 10, 2025, from https://www.healthline.com/health/fatigue
- Mayo Clinic. (n.d.). Fatigue: When to see a doctor. Retrieved September 10, 2025, from https://www.mayoclinic.org/symptoms/fatigue/basics/when-to-see-doctor/sym-20050894
- NHS. (2023). Tiredness and fatigue. Retrieved September 10, 2025, from https://www.nhs.uk/symptoms/tiredness-and-fatigue/
- VicHealth. (2023). Fatigue – Diagnosing fatigue. Retrieved September 10, 2025, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/fatigue#diagnosing-fatigue
- WebMD. (2023). How tired is too tired? Retrieved September 10, 2025, from https://www.webmd.com/balance/how-tired-is-too-tired
Published: 30 August 2024
Last updated: 18 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.