Dysphagia (အစာမျိုရခက်ခဲခြင်း)

Dysphagia (အစာမျိုရခက်ခဲခြင်း)

အစာမျိုရခက်ခဲခြင်း (Dysphagia) ဆိုသည်မှာ ပါးစပ်အတွင်းမှ အစာများ အစာအိမ်သို့ ရောက်ရှိရန် ပုံမှန်ထက် ပိုမိုအားစိုက်ထုတ်၍ မျိုချရခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အစာမျိုချသောအခါ ပါးစပ်အတွင်းမှ အစာနှင့်ရေများ အစာအိမ်သို့ ရောက်ရှိစေရန် ကြွက်သားများနှင့် အာရုံကြောများ အတူတကွ လုပ်ဆောင်ရသည်။ ၎င်းတို့တွင် ပြဿနာတစ်စုံတစ်ရာရှိသောအခါ အစာမျိုရခက်ခဲခြင်း၊ အစာမျိုလျှင် ချောင်းဆိုးခြင်း၊ အစာသီးခြင်းတို့ ဖြစ်ပေါ် လာသည်။ တစ်ခါတစ်ရံတွင် အစာစားမြန်ခြင်း၊ အစာကြေညက်အောင် မဝါးခြင်းတို့ကြောင့် အစာမျိုရခက်ခဲခြင်းမှာ ပြဿနာမဟုတ်သော်လည်း ဆက်တိုက်ဖြစ်ပေါ်နေပါက အကြောင်းရင်းကို ရှာဖွေကုသရန် လိုအပ်သည်။ အစာမျိုရခက်ခဲခြင်းသည် အသက်အရွယ်မရွေး ဖြစ်ပေါ် နိုင်သော်လည်း အသက်ကြီးသူများတွင် အတွေ့ရများသည်။ ဖြစ်ပေါ်ရသောအကြောင်းရင်း အမျိုးမျိုးရှိနိုင်ပြီး အကြောင်းရင်းပေါ်မူတည်၍ ကုသမှုများ ကွဲပြားနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အစာမျိုရခက်ခဲခြင်းသည် ဖြစ်သည့်နေရာပေါ် မူတည်၍ အဓိကအားဖြင့် (၃) မျိုးခွဲခြားထားသည်။

  1. ပါးစပ်တွင်း အစာမျိုရခက်ခြင်း (Oral dysphagia)
    ဥပမာအားဖြင့် လေဖြတ်ပြီးနောက် လျှာ၏လုပ်ဆောင်မှု အားနည်းသဖြင့် အစာဝါးရန် ခက်ခဲခြင်းနှင့် ပါးစပ်ထဲမှ အစာသယ်ယူပို့ဆောင်ရာတွင် ခက်ခဲခြင်းကြောင့် အစာမျိုရခက်ခဲခြင်းဖြစ်သည်။
  2. လည်ချောင်းတွင်း အစာမျိုရခက်ခဲခြင်း (Pharyngeal dysphagia)
    အာရုံကြောများ ထိခိုက်ခြင်းကြောင့် လည်ချောင်းတွင်း အစာမျိုရခက်ခဲခြင်းဖြစ်သည်။ လည်ချောင်းတွင်း အစာမျိုရခက်ခဲခြင်းကို ဖြစ်ပေါ်စေသော အာရုံကြောထိခိုက်မှုများမှာ_
    • လေဖြတ်ရောဂါ
    • ပါကင်ဆန်ရောဂါ
    • ဦးခေါင်းနှင့် ကျောရိုးအာရုံကြောမကြီးတွင် ဒဏ်ရာရရှိခြင်း
    • အစာမျိုပြွန်၏ အထက်နား၊ လည်ချောင်းထဲတွင် အစာများစုဝင်နေသော၊ သေးငယ်သည့်အိတ်ရှိခြင်း (Pharyngoesophageal diverticulum)
    • ကင်ဆာရောဂါများ (ဥပမာ _ ဦးနှောက်အကျိတ်)
    • အာရုံကြောဖုံး အဆီလွှာ ပျက်စီးသော ‌ရောဂါ (Multiple sclerosis)
    • အသိမှတ်ဉာဏ် ထိခိုက်ချို့ယွင်းခြင်း (Dementia)
    • စီပီရောဂါ (Cerebral palsy)
    • ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy) တို့ ဖြစ်ကြသည်။
  3. အစာရေမျိုပြွန်တွင်း အစာမျိုရခက်ခဲခြင်း (Oesophageal dysphagia)
    အစာမျိုချပြီးနောက် အစာများကပ်နေခြင်း သို့မဟုတ် အစာများ လည်ချောင်းအောက်ခြေနှင့် ရင်ဘတ်တွင် တစ်ဆို့နေခြင်းတို့ကို ခံစားရသည်။
    အစာရေမျိုပြွန်တွင်း အစာမျိုရခက်ခဲခြင်း ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများမှာ_
    • အာရုံကြောနှင့် ကြွက်သားများထိခိုက်မှုကြောင့် အစာမျိုပြွန်မှ အစာနှင့်ရေများ အစာအိမ်ထဲသို့ ညှစ်ချရန် ခက်ခဲခြင်း (Achalasia)
    • အစာမျိုချစဉ် အစာမျိုပြွန်ရှိ ကြွက်သားများ ပုံမှန်မဟုတ်ဘဲ ကျုံ့ခြင်း၊ ညှစ်ခြင်း (Oesophageal spasm)
    • စားချဥ်ပြန်ရောဂါကြောင့် အစာအိမ်မှ အက်ဆစ်များ အစာမျိုပြွန်အတွင်း ပြန်တက်သဖြင့် အမာရွတ်များဖြစ်လာခြင်းကြောင့် အစာမျိုပြွန်ကျဥ်းခြင်း (Narrow oesophagus due to Gastroesophageal Reflux Disease)
    • အစာရေမျိုပြွန်တွင် အလုံးအကျိတ် ကင်ဆာရောဂါရှိခြင်း (Oesophageal tumour)
    • အစာ သို့မဟုတ် အရာဝတ္ထုပစ္စည်းတစ်ခုခုဖြင့် ပိတ်ဆို့ခြင်း (Foreign bodies)
    • အစာရေမျိုပြွန်အောက်ခြေရှိ အစိတ်အပိုင်းတွင် ကျဥ်းနေခြင်း (Oesophageal ring)
    • သွေးဖြူဥတစ်မျိုး (Eosinophil) အစာမျိုပြွန်နံရံအတွင်း လွန်စွာများပြားနေခြင်းကြောင့် အစာမျိုပြွန်ရောင်ခြင်း (Eosinophilic oesophagitis)
    • တစ်ရှူးများတွင် အမာရွတ်ကဲ့သို့ တောင့်တင်းခြင်း၊ မာခြင်း ဖြစ်ပေါ်စေသော‌ရောဂါ (Scleroderma) တို့ဖြစ်ကြသည်။
Dysphagia IMG1
ယှဉ်တွဲလာတတ်သောလက္ခဏာများ

အစာမျိုရခက်ခြင်းနှင့် တွဲဖက်၍ ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများမှာ_

  • အစာမျိုချစဥ် နာကျင်ခြင်း
  • အစာလုံးဝမျို၍ မရတော့ခြင်း
  • အစာများ လည်ချောင်းနှင့် ရင်ဘတ်တွင် ကပ်နေသည်ဟု ခံစားရခြင်း
  • တံတွေးများ စီးကျခြင်း
  • အသံဝင်ခြင်း
  • အစာများ ပြန်အန်ထွက်ခြင်း
  • မကြာခဏရင်ပူခြင်း
  • အစာနှင့် အစာအိမ်အက်ဆစ်များ လည်ချောင်းထဲသို့ ပြန်လည်ရောက်ရှိခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • အစာမျိုလျှင် ချောင်းဆိုးခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

အစာမျိုရခက်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သော ပြဿနာများမှာ_

  • ရေဓာတ်ခန်းခြောက်ခြင်း
  • အာဟာရချို့တဲ့ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း
  • အစာနှင့်ရေများ အသက်ရှူလမ်းကြောင်းအတွင်း ရောက်ရှိပြီး အဆုတ်ထဲပိုးဝင်၍ နမိုးနီးယားဖြစ်ခြင်း
  • အစာများ လည်ချောင်းတွင် ကပ်နေပြီး အစာနင်ခြင်း (Choking) ဖြစ်ပေါ်စေသည်၊ အစာများ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့ပါက အသက်သေဆုံးနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အစာမျိုရခက်ခဲခြင်းမှာ ပုံမှန်ဆက်တိုက်ဖြစ်ပေါ်နေပြီး အစာမျိုရခက်ခဲခြင်းနှင့်အတူ အစာများပြန်အန်ထွက်ခြင်း သို့မဟုတ် ပျို့အန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ ဖြစ်ပေါ်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်၍ အကြောင်းရင်းကို ရှာဖွေကုသရန် လိုအပ်သည်။ အစာများ လည်ချောင်းနှင့် ရင်ဘတ်တွင် ကပ်နေပြီး အစာမျို၍ မရခြင်း၊ အစာများ အသက်ရှူလမ်းကြောင်းတွင် ပိတ်ဆို့ပြီး အသက်ရှူ၍မရခြင်းစသည့် အရေးပေါ်လက္ခဏာများရှိလျှင် ဆေးရုံအရေးပေါ်ဆေးကုသဌာနသို့ အမြန်သွားရောက်ကုသမှု ခံယူရမည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ရောဂါရာဇဝင် သေချာစွာ မေးမြန်းခြင်း၊ လူနာကို စမ်းသပ်ခြင်းများ ပြုလုပ်ပြီး လိုအပ်သည့် စစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် ရှာဖွေနိုင်သည်။ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဘေရီယမ်ဆေးရည် (Barium solution) ကို သောက်၍ ဓာတ်မှန်ဖြင့် အစာမျိုပြွန်ကို ပုံရိပ်ဖော်ခြင်း (Barium X ray)၊ မှန်ပြောင်းကြည့်ခြင်း (Endoscopy) နှင့် ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ကို လိုအပ်လျှင် ပြုလုပ်နိုင်သည်။

ကုသခြင်း

အစာမျိုရခက်ခဲခြင်း ဖြစ်ပေါ်ရသောအကြောင်းရင်းနှင့် ပြင်းထန်မှုပေါ် မူတည်၍ အောက်ပါနည်းလမ်းများဖြင့် ကုသနိုင်သည်။

  1. ပါးစပ်နှင့်လည်ချောင်းတွင် အစာမျိုရခက်ခဲခြင်း (Oropharyngeal dysphagia)
    • ပါးစပ်နှင့် လည်ချောင်းတွင် အစာမျိုရခက်ခဲခြင်း ဖြစ်ပေါ်ပါက အစာမျိုချရာတွင် အသုံးပြုသည့် ကြွက်သားများကို ညှိနှိုင်းပေးပြီး အာရုံကြောများကို ပြန်လည်လှုံ့ဆော်ပေးနိုင်သည့် လေ့ကျင့်ခန်းများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အထောက်အကူပြုနိုင်သည်
    • အစာကိုမျိုချရာတွင် အစာကို ပါးစပ်ထဲသို့ ထည့်ခြင်း၊ အစာစားစဥ် ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့၏ အနေအထား မှန်ကန်အောင်ထားသည့် နည်းလမ်းများကို ဆရာဝန်များညွှန်ကြားသည့်အတိုင်း လေ့လာသင်ယူပြီး လိုက်နာကျင့်သုံးခြင်းဖြင့် အစာမျိုချခြင်းကို ကူညီပေးနိုင်သည်
    • လည်ချောင်း ကျဥ်းမြောင်းပိတ်ဆို့ခြင်းကြောင့် အစာမျိုရခက်ခဲခြင်းဖြစ်ပါက ခွဲစိတ်ကုသရန် လိုအပ်သည်
  2. အစာမျိုပြွန်တွင်း အစာမျိုရခက်ခဲခြင်း (Esophageal dilatation)
    အစာမျိုပြွန်တွင်း အစာမျိုရခက်ခဲခြင်းကို ကုသနိုင်သောနည်းလမ်းများမှာ ‌အောက်ပါအတိုင်းဖြစ်သည်။
    • မှန်ပြောင်းကို အသုံးပြုပြီး အစာမျိုပြွန်ချဲ့ခြင်း (Oesophageal dilatation)
    • ခွဲစိတ်ကုသခြင်း (Surgery)
      • အစာရေမျိုပြွန်အောက်ပိုင်းရှိ ကြွက်သားများကို မှန်ပြောင်းကိုအသုံးပြု၍ ဖြတ်တောက်ခြင်း (Laproscopic Heller myotomy)
      • ကျဥ်းမြောင်းပိတ်ဆို့နေသော အစာရေမျိုပြွန်ကို ပွင့်စေရန် သတ္တု သို့မဟုတ် ပလတ်စတစ်ပြွန်ချောင်း ထည့်ပေးခြင်း (Stent placement)
    • ဆေးဝါးများဖြင့် ကုသခြင်း
      • အစာအိမ်အက်ဆစ် ထိန်းချုပ်သည့်ဆေးများ ပေးခြင်း (စားချဥ်ပြန်ရောဂါများ – GERD)
      • စတီးရွိုက်အ‌ရောင်ကျဆေးများ ပေးခြင်း (Eosinophilic esophagitis)
      • ကြွက်သားပြေလျော့ဆေးများ ပေးခြင်း (Esophageal spasm)
      • ဘိုတောက် (Botox) ထိုးဆေးကို အစာရေမျိုပြွန်အောက်ပိုင်းရှိ ကြွက်သားထဲသို့ ထိုးခြင်း (Achalasia)
  3. အစာနှင့်ရေကို လုံးဝမမျိုချနိုင်လောက်အောင် ပြင်းထန်သော အစာမျိုရခက်ခဲခြင်း
    • အစာပိုက်ထည့်ခြင်း (Feeding tube)
      အစားအသောက်များကို လုံလောက်အောင် မစားသောက်နိုင်သူများ သို့မဟုတ် အစာနင်ခြင်း၊ အစာသီးခြင်း ဖြစ်နိုင်ခြေများသူများတွင် အစာပိုက်မှတစ်ဆင့် အစာများကို အစာအိမ်ထဲသို့ တိုက်ရိုက်ထည့်ပေးခြင်းဖြင့် အာဟာရ ဖြည့်ဆည်းပေးနိုင်သည်။
  4. နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း
    • အစားအသောက်များနှင့် စားသောက်ပုံ အလေ့အထများကို ပြောင်းလဲရန် လိုအပ်သည်
    • ဝါးရလွယ်ကူသော၊ ပျော့ပြောင်းသော အစားအစာများကို စားသောက်ပါ
    • ပူလွန်း၊ အေးလွန်းသော အစားအသောက်များကို ရှောင်ကြဥ်ပါ
    • အစာကို အများကြီး တစ်ခါတည်းမစားဘဲ ပမာဏနည်းနည်းနှင့် မကြာခဏ စားပေးပါ
    • အစာကို ကြေညက်အောင်ဝါးပြီး ဖြည်းဖြည်းချင်း စားသောက်ပါ
    • အစာနင်ခြင်းကို လျှော့ချနိုင်ရန် အစာစားလျှင် ထိုင်ပြီးစားသောက်ပါ
    • အရက်နှင့် ကော်ဖီသောက်ခြင်းကို ကန့်သတ်လျှော့ချပါ
    • ဆေးလိပ်ဖြတ်ပါ
ကာကွယ်ခြင်း

နောက်ခံရောဂါများကြောင့်ဖြစ်သော အစာမျိုရခက်ခဲခြင်းကို ကာကွယ်၍ မရပါ။ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်သော အစာမျိုရခက်ခဲခြင်းကို လျှော့ချနိုင်ရန် အထက်တွင် ဖော်ပြထားသော နေထိုင်စားသောက်မှုပုံစံများကို လိုက်ခြင်းရန် လိုအပ်သည်။

References:

  1. Mayo Clinic. (n.d.). Dysphagia (difficulty swallowing). Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/dysphagia/symptoms-causes/syc-20372028
  2. Cleveland Clinic. (2023). Dysphagia (difficulty swallowing): What it is, causes & treatment. Retrieved July 26, 2025, from https://my.clevelandclinic.org/health/symptoms/21195-dysphagia-difficulty-swallowing
  3. Healthdirect Australia. (2024). Dysphagia (difficulty swallowing). Retrieved July 26, 2025, from https://www.healthdirect.gov.au/dysphagia

Published: 30 August 2024

Last updated: 16 November 2025

Share

Category

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.