Adult Brain Tumours (လူကြီးများတွင်ဖြစ်ပွားသော ဦးနှောက်အကျိတ်များ)

Adult Brain Tumours (လူကြီးများတွင်ဖြစ်ပွားသော ဦးနှောက်အကျိတ်များ)

ဦးနှောက်အကျိတ် (Brain tumour) ဆိုသည်မှာ ဦးနှောက်အတွင်း သို့မဟုတ် ဦးနှောက်အနီးတစ်ဝိုက်ရှိ ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာပြီး အလုံးအကျိတ်ပေါ်လာခြင်းဖြစ်သည်။ ဦးနှောက်တွင် ဖြစ်ပေါ်နိုင်သော အကျိတ်အမျိုးအစားများ ရာကျော်ရှိပြီး စတင်ဖြစ်ပေါ်လာသည့် ဆဲလ်နှင့် တစ်ရှူးအမျိုးအစားများပေါ် မူတည်၍ အမျိုးမျိုးကွဲပြားနိုင်သည်။ ဦးနှောက်အကျိတ်များ၏ သုံးပုံတစ်ပုံခန့်သာ ကင်ဆာကျိတ်များဖြစ်ပြီး အများစုသည် ကင်ဆာမဟုတ်သော အကျိတ်များဖြစ်ကြသည်။ သို့သော် ကင်ဆာဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုဦးနှောက်အကျိတ်များ ကြီးထွားလာလျှင် အနီးတစ်ဝိုက်ရှိ အာရုံကြောဆဲလ်များ၊ သွေးကြောများ၊ ဦးနှောက်တစ်ရှူးများကို ဖိမိပြီး ဦးနှောက်လုပ်ငန်းများ ထိခိုက်နိုင်သောကြောင့် ထိ‌ရောက်သောကုသမှု ခံယူရန် လိုအပ်သည်။ ဦးနှောက်အကျိတ် အမျိုးအစားများ၊ အရွယ်အစားနှင့် တည်နေရာပေါ် မူတည်၍ ကုသမှုအမျိုးမျိုး ကွဲပြားနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လူ့ခန္ဓာကိုယ်ရှိ ဆဲလ်များတွင် ခရိုမိုဆုမ်းအတွင်းရှိ ဒီအင်န်အေ (DNA) မျိုးဗီဇသည် ဆဲလ်များ ပုံမှန်ကြီးထွားရန်၊ ပွားများရန် သို့မဟုတ် သေဆုံးရန် စသည့်လုပ်ငန်းစဥ်များ စနစ်တကျ ဖြစ်ပေါ်စေရန် အချက်ပြထိန်းချုပ်ထားသည်။ ဦးနှောက်ဆဲလ်များ၏ အဆိုပါဒီအင်န်အေ (DNA) များ ထိခိုက်ပြောင်းလဲသွားသောအခါ ဆဲလ်များအား ပုံမှန်မဟုတ်သော အချက်အလက်အသစ်များကို ပေးပို့ညွှန်ကြားခြင်းဖြင့် ပုံမှန်မဟုတ်သည့် ဦးနှောက်ဆဲလ်များ ဖြစ်ပေါ်စေသည်။ ၎င်းဆဲလ်များသည် ပုံမှန်ထက်ပို၍ လျင်မြန်စွာ ကြီးထွားပွားများခြင်း၊ သက်တမ်းကြာရှည်စွာ ဆက်လက်ရှင်သန်နိုင်ခြင်းများ ဖြစ်ပေါ်လာသည်။ ထိုပုံမမှန်ဦးနှောက်ဆဲလ်များ စုပေါင်းကာ ဦးနှောက်အကျိတ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤကဲ့သို့ ဦးနှောက်ဆဲလ်များရှိ မျိုးဗီဇများ ထိခိုက်ပျက်စီးပြောင်းလဲစေသည့် အကြောင်းရင်းအလုံးစုံ အတိအကျကို မသိရှိသေးပေ။

ဦးနှောက်အကျိတ် ဖြစ်နိုင်ခြေများစေသော အကြောင်းရင်းများမှာ_

  • ဓာတ်ရောင်ခြည်နှင့် ထိတွေ့မှုရှိခြင်း (Radiation Exposure)
  • မိသားစုမျိုးရိုးလိုက်၍ ဖြစ်ပွားသည့် ရောဂါအ‌ခြေအနေများ (ဥပမာ – Neurofibromatosis 1 and 2, Tuberous sclerosis)
  • အသက်အရွယ်
    • မည်သည့်အသက်အရွယ်မဆို ဖြစ်ပေါ်နိုင်သော်လည်း အချို့သော ဦးနှောက်အကျိတ်များ (ဥပမာ – Glioblastoma) သည် အသက်ကြီးသူများတွင် ဖြစ်နိုင်ခြေများ၍ အချို့သောအကျိတ်များ (ဥပမာ – Medulloblastoma) သည် ကလေးငယ်များတွင် ဖြစ်နိုင်ခြေပိုများသည်။
  • ကိုယ်ခံအားနည်းသူများ (ဥပမာ _ အိတ်ချ်အိုင်ဗွီရောဂါရှိသူများ)
ဦးနှောက်အကျိတ်အမျိုးအစားများ

ဦးနှောက်အကျိတ်များကို ကြီးထွားမှုနှုန်းနှင့် စတင်ဖြစ်ပေါ်သည့်နေရာပေါ် မူတည်၍ အမျိုးအစားများ ခွဲခြားနိုင်သည်။

ကြီးထွားမှုနှုန်းပေါ်မူတည်၍

  1. ကြီးထွားမှုနှုန်း နှေးကွေးသော ကင်ဆာမဟုတ်သည့် ဦးနှောက်အကျိတ် (Non-cancerous/ Benign brain tumour)
    ထိုအကျိတ်အများစုသည် ကင်ဆာမဟုတ်သည့်အတွက် အခြားသော တစ်ရှူးများသို့ ပျံ့နှံ့ခြင်းမရှိဘဲ အလွယ်တကူ ခွဲစိတ်ကုသနိုင်ပြီး ကုသမှုခံယူပြီးနောက်တွင်လည်း ပြန်လည်ဖြစ်ပေါ်လေ့မရှိပါ။
  2. ကြီးထွားမှုနှုန်း မြန်ဆန်သော ကင်ဆာအကျိတ်များ (Cancerous/ Malignant brain tumour)
    ဤအမျိုးအစားကင်ဆာကျိတ်များသည် အလွန်လျင်မြန်စွာ ကြီးထွားလာကာ ဦးနှောက်၏ အခြားသော အစိတ်အပိုင်းများ သို့မဟုတ် အာရုံကြောမကြီးထံသို့ ပျံ့နှံ့နိုင်ပြီး အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။

စတင်ဖြစ်ပေါ်သည့်နေရာပေါ်မူတည်၍

  1. ဦးနှောက်အတွင်း စတင်ဖြစ်ပေါ်သော အကျိတ်များ (Primary Brain tumour)
    ဦးနှောက်အတွင်းရှိ ဦးနှောက်ဆဲလ်များ၊ ဦးနှောက်ကို ဝန်းရံထားသော အမြှေးပါးများ၊ အာရုံကြောဆဲလ်များ၊ ဂလင်း (ပီကျူတရီဂလင်း သို့မဟုတ် ပင်နီရယ်ဂလင်း) တို့မှ စတင်ဖြစ်ပေါ်လာသော ဦးနှောက်အကျိတ် အမျိုးအစားဖြစ်သည်။ ထိုအကျိတ်များသည် ကင်ဆာဖြစ်နိုင်သကဲ့သို့ ကင်ဆာမဟုတ်သော သာမန်အကျိတ်များလည်းဖြစ်နိုင်သည်။
  2. ခန္ဓာကိုယ်အနှံ့အပြားရှိ အခြားသောကင်ဆာများမှတစ်ဆင့် ဦးနှောက်သို့ ပျံ့နှံ့လာသော အကျိတ်များ (Secondary brain tumor)
    (ဥပမာ _ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြားကင်ဆာ) ဟူ၍ ခွဲခြားနိုင်သည်။
ကင်ဆာမဟုတ်သောအကျိတ်များနှင့် ကင်ဆာအကျိတ်များ

ကင်ဆာမဟုတ်သော သာမန်အကျိတ် အမျိုးအစားများ (ဦးနှောက်အကျိတ် အများစု)

  • ဦးနှောက်နှင့် ဗဟိုအာရုံကြောမကြီးကို ကာကွယ်ပေးထားသော အမြှေးပါးတွင် ဖြစ်ပေါ်သော အကျိတ် (Meningiomas) – လူကြီးများတွင်အဖြစ်အများဆုံးအမျိုးအစားဖြစ်သည်
  • ဦးခေါင်းခွံအခြေနှင့် အာရုံကြောမကြီး အောက်ခြေတွင် စတင်ဖြစ်သော အကျိတ် (Chordomas)
  • ပီကျူတရီဂလင်း အနီးအနားတွင် စတင်ဖြစ်ပေါ်သော အကျိတ် (Craniopharyngiomas)
  • အာရုံကြောဆဲလ်များတွင် ဖြစ်ပေါ်သော ရှားပါးသည့် အကျိတ်အမျိုးအစား (Gangliocytomas, Gangliomas)
  • မယ်လတိုနင်ဟော်မုန်း ထုတ်လုပ်သော ပင်နီရယ်ဂလင်းမှ စတင်ဖြစ်ပေါ်သော အကျိတ် (Pineocytomas)
  • ဦးနှောက်အခြေတွင်တည်ရှိသည့် (ဟော်မုန်းများ ထုတ်လုပ်ထိန်းချုပ်ပေးရာနေရာ) ပီကျူတရီဂလင်းတွင် ဖြစ်ပေါ်သောအကျိတ် (Pituitary adenomas)
  • အာရုံကြောများ၏ အကာအကွယ်အလွှာ (Myelin sheath) ကို ထုတ်လုပ်ပေးသည့် ဆဲလ်များ (Schwann cells) မှ စတင်ဖြစ်ပေါ်လာသော အကျိတ် (Schwannoma)
  • နားအတွင်းမှ ဦးနှောက်သို့သွားသော အာရုံကြော (Vestibular nerve) တွင် ဖြစ်ပေါ်သော အကျိတ် (Acoustic neuromas)

ကြီးထွားမှုမြန်သော ကင်ဆာအကျိတ် အမျိုးအစားများ

  • အာရုံကြောဆဲလ်များကို ဝန်းရံထောက်ပံ့ပေးသော ဦးနှောက်ထောက်ပံ့တစ်ရှူးဆဲလ်များ (Glial cells) တွင် ဖြစ်ပေါ်သောအကျိတ် (Glioma) များကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားသတ်မှတ်ထားသည်
    • Astrocytoma
    • Ependymomas
    • Glioblastoma
    • Oligodendroglioma
  • ဦးခေါင်းအောက်ခြေတွင် စတင်ဖြစ်ပေါ်ပြီး ကြီးထွားမှုနှုန်းအလွန်မြန်ဆန်သော အကျိတ် (Medulloblastoma) (ကလေးများတွင် အဖြစ်များသည်)
ဦးနှောက်အကျိတ် အဆင့်သတ်မှတ်ချက်များ (WHO Classification of Brain tumours)

ဦးနှောက်အကျိတ်ဖြစ်ပေါ်နေသည့် အဆင့်ကို သိရှိခြင်းဖြင့်_

  • ထိုအကျိတ်၏ ကြီးထွားမှုမြန်နှုန်းနှင့် ပျံ့နှံ့နိုင်ခြေ ရှိမရှိကို ခန့်မှန်းခြင်း
  • အသင့်တော်ဆုံးသော ကုသမှုနည်းလမ်းကို ရွေးချယ်ခြင်းများတွင် များစွာအထောက်အကူပြုသည်။
  • အဆင့် (၁) – အကျိတ်ဆဲလ်များသည် ပုံမှန်ကျန်းမာသောဆဲလ်များနှင့် အလွန်ဆင်တူသည်၊ ဤအကျိတ်များသည် ကြီးထွားပျံ့နှံ့နိုင်ခြေ အလွန်နည်းပါးသည်
  • အဆင့် (၂) – အကျိတ်ဆဲလ်များသည် ပုံမှန်မဟုတ်သော လက္ခဏာအချို့ရှိနိုင်ပြီး ကျန်းမာသောဆဲလ်များနှင့် အနည်းငယ်ကွဲပြားသည်၊ ဤအကျိတ်များသည် ဖြည်းဖြည်းချင်း ကြီးထွားလေ့ရှိသော်လည်း ဦးနှောက်အနီးအနားရှိ အခြားနေရာများသို့ ကြီးထွားဝင်‌ရောက်နိုင်သည်
  • အဆင့် (၃) – အကျိတ်ဆဲလ်များသည် ပုံမှန်မဟုတ်တော့ဘဲ လျင်မြန်စွာကြီးထွားလာပြီး ဦးနှောက်၏ အခြားအစိတ်အပိုင်းများနှင့် အာရုံကြောမကြီးထံသို့ ပျံ့နှံ့နိုင်သည်
  • အဆင့် (၄) – အကျိတ်ဆဲလ်များသည် အလွန်လျင်မြန်စွာ ကြီးထွားလာပြီး ဦးနှောက်၏ အခြားအစိတ်အပိုင်းများနှင့် အာရုံကြောမကြီးထံသို့ ပျံ့နှံ့နိုင်သည်၊ ထို့အပြင် ကုသမှုခံယူပြီးနောက် ပြန်လည်ဖြစ်ပေါ်နိုင်ခြေလည်းရှိသည်။
ရောဂါလက္ခဏာများ

ဦးနှောက်အကျိတ်အရွယ်အစား၊ တည်နေရာနှင့် အမျိုးအစားတို့အပေါ် မူတည်၍ ရောဂါလက္ခဏာများ အမျိုးမျိုးဖြစ်ပေါ်နိုင်သည်။

ကင်ဆာမဟုတ်သော သာမန်အကျိတ်များသည် ကြီးထွားမှုနှုန်းနှေးသဖြင့် အစပိုင်းတွင် မည်သည့်ရောဂါလက္ခဏာမျှ မခံစားရသော်လည်း အချိန်ကြာလာသောအခါ ရောဂါလက္ခဏာများ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာနိုင်သည်။

ကင်ဆာအကျိတ်များဖြစ်လျှင် ရောဂါလက္ခဏာများ ရုတ်တရက်ဖြစ်ပေါ်လာနိုင်ပြီး အချိန်အနည်းငယ်အတွင်း ပိုမိုဆိုးရွားလာနိုင်သည်။

ဖြစ်ပေါ်နိုင်သော ‌ရောဂါလက္ခဏာများမှာ_

  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း (အထူးသဖြင့် မနက်ပိုင်းတွင် ပိုမိုဆိုးရွားခြင်း သို့မဟုတ် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကြောင့် အိပ်ရာမှ နိုးလာခြင်း)
  • ပျို့အန်ခြင်း (အထူးသဖြင့် အန်ချင်စိတ်မရှိဘဲ ထိုးအန်ခြင်း)
  • တက်ခြင်း (Seizures)
  • စကားပြောဆိုခြင်း၊ နားလည်ခံစားခြင်း၊ တွေးခေါ်ခြင်းစသည်တို့တွင် ခက်ခဲလာခြင်း
  • အမြင်အာရုံ ဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း
  • လက် သို့မဟုတ် ခြေထောက်တစ်ဖက်တွင် အာရုံခံစားမှု ဆုံးရှုံးခြင်း သို့မဟုတ် လှုပ်ရှားမရခြင်း
  • ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်ခြင်း
  • မူးဝေခြင်း သို့မဟုတ် ချာချာလည်အောင်မူးခြင်း
  • အကြားအာရုံဆိုင်ရာ ပြဿနာများ
  • အပြုအမူများ ပြောင်းလဲခြင်း
  • အသိမှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ
  • စိတ်အာရုံထွေပြားခြင်း၊ အချိန်၊ လူနှင့် နေရာကို မှတ်မိနိုင်စွမ်းမရှိခြင်း တို့ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿနာများ

ဦးခွံရိုးမှပိတ်ထားသောကြောင့် ဦးခေါင်းအတွင်း အကျိတ်များကြီးထွားရန် နေရာလွတ်မရှိသဖြင့် ဦးနှောက်အကျိတ်များသည် ကင်ဆာအကျိတ်ဖြစ်စေ၊ သာမန်အကျိတ်ဖြစ်စေ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ထိုသို့‌သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ရသော အကြောင်းရင်းများမှာ_

  • ကျန်းမာ‌သော ဦးနှောက်တစ်ရှူးများကို ထိုးဖောက်ဖျက်ဆီးခြင်း
  • အနီးအနားရှိ ဦးနှောက်တစ်ရှူးများအပေါ်တွင် ဖိအားဖြစ်စေခြင်း
  • ဦးနှောက်အတွင်း ဖိအားများလာခြင်း
  • ဦးနှောက်အတွင်း အရည်များ စုပုံလာခြင်း
  • ဦးနှောက်အတွင်းရှိ စီအက်စ်ဖက်အရည်များ (CSF) များ ပုံမှန်စီးဆင်းမှုကို ပိတ်ဆို့ခြင်း
  • ဦးနှောက်အတွင်း သွေးထွက်ခြင်း တို့ကြောင့်ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင်ဖော်ပြခဲ့သော ရောဂါလက္ခဏာများ ခံစားရပြီး ဦးနှောက်အကျိတ်ရှိသည်ဟု သံသယဖြစ်လျှင် မိသားစုဆရာဝန်များနှင့် ဦးစွာတိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။ အကယ်၍ လိုအပ်ပါက ဦးနှောက်အာရုံကြော အထူးကုဆရာဝန်များထံ လွှဲပြောင်းကုသခြင်းများ ဆက်လက်ပြုလုပ်ပေးလိမ့်မည်။ ဦးနှောက်အကျိတ်ကို စောစီးစွာ ရှာဖွေတွေ့ရှိ၍ ထိရောက်သောကုသမှု ခံယူလျှင် ကုသမှုအောင်မြင်နိုင်ခြေ များသည်။

ရောဂါရှာဖွေခြင်း

ဦးနှောက်အကျိတ်ကို ရှာဖွေရာတွင် ပထမဦးစွာ ရောဂါရာဇဝင်များ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်း (အာရုံကြောများ စစ်ဆေးခြင်း၊ အမြင်အာရုံ၊ အကြားအာရုံများ၊ ခြေလက်လှုပ်ရှားမှုများ စစ်ဆေးခြင်း) ကို ပြုလုပ်ပြီးနောက် လိုအပ်လျှင် အောက်ဖော်ပြပါ စစ်ဆေးခြင်းများကို ဆက်လက်ပြုလုပ်နိုင်သည်။

  • ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
  • သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
  • ဦးနှောက်သွေးကြောဓာတ်မှန် (CT Angiogram) ရိုက်ခြင်း
  • ဦးနှောက်ကို ပီးအီးတီစကင်န် (PET Scan) ရိုက်ခြင်း
  • ဦးခေါင်းဓာတ်မှန် (Skull X-ray) ရိုက်ခြင်း
  • ဦးနှောက်အသားစယူ စစ်ဆေးခြင်း (Biopsy)

ထို့အပြင် ရောဂါလက္ခဏာဆင်တူသည့် အခြားရောဂါအခြေအနေများအတွက် လိုအပ်ပါက အောက်ဖော်ပြပါ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်နိုင်သည်။

  • ခါးဆစ်ရိုးကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)
  • အာရုံကြောရှိ လျှပ်စစ်လှုပ်ရှားမှုကို တိုင်းတာခြင်း (Evoked potential studies)
  • ဦးနှောက်လှိုင်းပုံဖော်စစ်ဆေးခြင်း (EEG)
  • မျက်စိအာရုံကြောစစ်ဆေးခြင်း (Neuro-ophthalmologic assessment)
  • ဟော်မုန်းများ စစ်ဆေးခြင်း (Hormonal assessment)
  • အာရုံကြောဆိုင်ရာ ဉာဏ်ရည်နှင့် စိတ်ကျန်းမာရေး ပြောင်းလဲမှုများကို စစ်ဆေးခြင်း (Neurocognitive assessment)
ကုသခြင်း

ဦးနှောက်အကျိတ်များကို ကုသရာတွင် အောက်ပါအချက်များပေါ်မူတည်၍ ကုသမှုနည်းလမ်းအမျိုးမျိုး ကွဲပြားနိုင်သည်။

  • အကျိတ် တည်ရှိရာနေရာ၊ အရွယ်အစား၊ အမျိုးအစား၊ အဆင့်
  • အကျိတ်အရေအတွက်
  • အသက်အရွယ်
  • အခြေခံကျန်းမာရေးအခြေအနေ တို့အပေါ်မူတည်၍ အောက်ဖော်ပြပါ ကုသမှုနည်းလမ်းများဖြင့် ကုသမှု ခံယူနိုင်သည်။
  1. ခွဲစိတ်ကုသခြင်း (Surgery)
    အခြားသော ဦးနှောက်တစ်ရှူးများကို ထိခိုက်မှုမရှိစေဘဲ တတ်နိုင်သမျှ အကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်။ ကင်ဆာမဟုတ်သော အကျိတ်များကို ခွဲစိတ်ကုသခြင်းဖြင့် အောင်မြင်စွာဖယ်ရှားနိုင်ပြီး များသောအားဖြင့် ပြန်လည်ကြီးထွားလေ့မရှိပါ။ ကင်ဆာကျိတ်များဖြစ်ပါက ခွဲစိတ်ကုသမှုခံယူသည့်အပြင် အခြားသော ကုသမှုများနှင့်လည်း တွဲဖက်ကုသရန် လိုအပ်နိုင်သည်။
  2. ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiotherapy)
    ပြင်းထန်သော ဓာတ်‌ရောင်ခြည်ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သေစေခြင်းဖြစ်သည်။
  3. ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
    ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် အစွမ်းထက်သော ဆေးဝါးများကို အသုံးပြုခြင်းဖြစ်သည်။
  4. ကိုယ်ခံအား ပြုပြင်‌ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
    ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကင်ဆာဆဲလ်များကို တိုက်ခိုက်စေသည်။ ကင်ဆာဆဲလ်များကို ခုခံအားစနစ်မှ မှတ်မိစေရန် ပြုပြင်ပေးခြင်းဖြစ်သည်။
  5. ကင်ဆာဆဲလ်သီးသန့် ပစ်မှတ် ထားကုသခြင်း (Targeted therapy)
    ကင်ဆာဆဲလ်များအတွင်းရှိ ဓာတ်ပစ္စည်းများ (ပရိုတင်း၊ မျိုးဗီဇ၊ တစ်ရှူးများ) ကို တိုက်ရိုက်ပစ်မှတ်ထား၍ ကုသခြင်းဖြစ်သည်။ ကင်ဆာဆဲလ်များ၏ ကြီးထွားမှုနှင့် ပျံ့နှံ့မှုကို တားဆီးပေးသည်။
  6. စောင့်ကြည့်စစ်ဆေးခြင်းဖြင့် ကုသခြင်း (Watchful waiting/Active surveillance)
    အလွန်သေးငယ်ပြီး လက္ခဏာမပြသော အကျိတ်များအတွက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပုံမှန်စစ်ဆေးမှုများ ပြုလုပ်၍ စောင့်ကြည့်ခြင်းဖြစ်သည်။ အကျိတ်ကြီးထွားလာခြင်း သို့မဟုတ် ရောဂါလက္ခဏာများဖြစ်ပေါ်လာခြင်းတို့ရှိပါက လိုအပ်သော ကုသမှုများကို အချိန်မီဆက်လက်ပြုလုပ်ရမည်။
  7. ရောဂါလက္ခဏာများ သက်သာစေရန် ကုသသော နည်းလမ်းများ (Symptomatic treatment)
    • ဦးနှောက်အတွင်း ပြွန်ချောင်းထည့်ခြင်း (shunt)
      • ဦးခေါင်းအတွင်း ဖိအားများလာသောအခါ ခွဲစိတ်၍ ဦးနှောက်အတွင်း ပြွန်ချောင်းထည့်ပြီး ပိုလျှံနေသော စီအက်စ်ဖက် (CSF) အရည်များ စီးဆင်းစေခြင်း
    • ဦးခေါင်းအတွင်း ဖိအားများကို လျော့ကျစေရန် ဆေးများဖြင့် ကုသခြင်း (ဥပမာ – Mannitol, Corticosteroids)
    • အတက်ကျ‌ဆေးများဖြင့် ကုသခြင်း (Anti-seizure medications)
    • ဝေဒနာများညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative care) တို့ဖြစ်ကြသည်။
ရောဂါရလဒ်ခန့်မှန်းချက်

ဦးနှောက်အကျိတ်ဖြစ်ပေါ်လျှင် ရောဂါရလဒ်ခန့်မှန်းချက်သည်

  • အကျိတ်အမျိုးအစား
  • တည်ရှိရာနေရာ
  • အသက်အရွယ်
  • အခြေခံကျန်းမာရေးအခြေအနေနှင့်
  • ရောဂါကုသမှုအပေါ် တုံ့ပြန်မှုတို့အပေါ် မူတည်၍ ကွဲပြားနိုင်သည်။

ဦးနှောက်အကျိတ်အမျိုးအစား များစွာရှိသောကြောင့် အသက်ရှင်သန်နိုင်မှုနှုန်းကို သိရှိနိုင်ရန် အလွန်ခက်ခဲသည်။ ယေဘုယျအားဖြင့် ဦးနှောက်ကင်ဆာအကျိတ်ရောဂါကို သိရှိပြီးနောက် (၅) နှစ်နှင့်အထက် အသက်ရှင်သန်နိုင်မှုရှိသူမှာ အယောက် (၁၀၀) တွင် (၁၇) ယောက်ခန့်ရှိသည်ဟု သိရှိရသည်။ ဦးနှောက်ကင်ဆာအကျိတ်များ (ဥပမာ – Glioblastoma) ၏ ပျမ်းမျှ အသက်ရှင်သန်နိုင်ချိန်သည် (၁၂)လ မှ (၁၈)လခန့် ရှိနိုင်ပြီး၊ အခြားသောကင်ဆာများမှ ဦးနှောက်သို့ ပျံ့နှံ့လာသည့် ကင်ဆာအကျိတ်များကို ဆေးကုသမှုမခံယူပါက ပျမ်းမျှအသက်ရှင်နိုင်ချိန် (၃)လ မှ (၆) လခန့်သာ ရှင်သန်နိုင်သည်။ သို့သော် ခွဲစိတ်ကုသခြင်းနှင့် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းတို့ဖြင့် ဆေးကုသမှုခံယူထားသူများတွင် အသက်ရှင်သန်နိုင်ချိန် ပိုမိုကြာရှည်နိုင်သည်။ ကင်ဆာမဟုတ်သော သာမန်အကျိတ်ဖြစ်ပါက (၅) နှစ်တာ အသက်ရှင်သန်နိုင်မှုမှာ (၈၇)ရာခိုင်နှုန်း မှ (၉၇)ရာခိုင်နှုန်းအထိ ကောင်းမွန်နိုင်သည်။

ကာကွယ်ခြင်း

ဦးနှောက်အကျိတ်ဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ ယနေ့ထိ မရှိသေးပါ။ သို့သော် ဦးနှောက်အကျိတ်ဖြစ်ပေါ်မှုကို မြင့်တက်စေနိုင်သော ဓာတ်ရောင်ခြည်နှင့် အလွန်အကျွံထိတွေ့မှုကို ရှောင်ကြဥ်ခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Brain cancer and brain tumors. Retrieved June 22, 2026, from https://my.clevelandclinic.org/health/diseases/6149-brain-cancer-brain-tumor
  2. Healthline. (n.d.). Brain tumor. Retrieved June 22, 2026, from https://www.healthline.com/health/brain-tumor
  3. Johns Hopkins Medicine. (n.d.). Brain tumor. Retrieved June 22, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/brain-tumor
  4. Mayo Clinic. (n.d.). Brain tumor: Symptoms and causes. Retrieved June 22, 2026, from https://www.mayoclinic.org/diseases-conditions/brain-tumor/symptoms-causes/syc-20350084
  5. National Health Service. (n.d.). Brain tumours. Retrieved June 22, 2026, from https://www.nhs.uk/conditions/brain-tumours/
  6. WebMD. (n.d.). Brain tumors in adults. Retrieved June 22, 2026, from https://www.webmd.com/cancer/brain-cancer/brain-tumors-in-adults

Published: 6 June 2025

Last updated: 13 July 2026

Share

26 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.