ဖျားခြင်း (သို့မဟုတ်) အဖျားရှိခြင်း (သို့မဟုတ်) ကိုယ်ပူခြင်းဆိုသည်မှာ ကိုယ်အပူချိန် သာမန်ထက် မြင့်တက်နေခြင်းကို ခေါ်ခြင်းဖြစ်သည်။ သာမန်ကိုယ်အပူချိန်ကို ယေဘုယျအားဖြင့် (၉၈.၆) ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) (၃၇) ဒီဂရီစင်တီဂရိတ်ဟု သတ်မှတ်ထားကြသော်လည်း လူတစ်ဦးနှင့်တစ်ဦး (၁) ဒီဂရီဖာရင်ဟိုက် အတက်အကျ ကွာခြားမှု ရှိနိုင်သည်။ ထို့ပြင်ကျန်းမာနေသော လူတစ်ဦး၌ ကိုယ်အပူချိန်သည် မနက်ပိုင်းနှင့် ညနေပိုင်း အနည်းငယ် ကွာခြားမှုလည်း ရှိနိုင်သည်။ မနက်ခင်းပိုင်းတွင် သာမန်ကိုယ်အပူချိန်ထက် အနည်းငယ်မျှ နည်းတတ်ပြီး၊ ညနေခင်းပိုင်းတွင် အနည်းငယ်မြင့်တတ်သည်။ အမျိုးသမီးများတွင် ရာသီစက်ဝန်းအလိုက် အနည်းငယ်ပြောင်းလဲမှုလည်း ရှိနိုင်သည်။
ယေဘုယျအားဖြင့် ပါးစပ်မှတိုင်းတာသော ကိုယ်အပူချိန် (၁၀၀.၄) ဒီဂရီဖာရင်ဟိုက်နှင့်အထက်ကို အဖျားရှိသည်ဟု သတ်မှတ်ကြသည်။ (၉၉.၅) မှ (၁၀၀.၃) ဒီဂရီဖာရင်ဟိုက်အတွင်း ကိုယ်ပူချိန်ကို အဖျားငွေ့ငွေ့ရှိသည်ဟု သတ်မှတ်သည်။ အဖျား ရှိမရှိကို ခန္ဓာကိုယ်၏ ပါးစပ်၊ နား၊ နဖူး၊ ချိုင်းနှင့် စအို စသည့်နေရာများတွင် တိုင်းနိုင်သည်။ နားအတွင်းနှင့် စအိုအတွင်း တိုင်းတာသော ကိုယ်အပူချိန်သည် ပါးစပ်မှတိုင်းသော ကိုယ်အပူချိန်ထက် (၁) ဒီဂရီဖာရင်ဟိုက် (သို့မဟုတ်) (၀.၆) စင်တီဂရိတ် များလေ့ရှိသော်လည်း လူနာများတွင် စအိုမှ အပူချိန်ကို တိုင်းလေ့မရှိပါ။ နဖူးတွင် ကိုယ်ပူချိန်တိုင်းတာခြင်းသည် လွယ်ကူသော်လည်း တိကျမှုနည်းသည်။ ထို့ကြောင့် ကိုယ်အပူချိန်ဖော်ပြရာတွင် တိုင်းထားသည့်နေရာကို ထည့်သွင်းဖော်ပြရန်လိုသည်။
အဖျားတိုင်းတာနည်းများ
မာကျူရီ (သို့မဟုတ်) ဒစ်ဂျစ်တယ် သာမိုမီတာဖြင့် တိုင်းနိုင်သည်။
- များသောအားဖြင့် ပါးစပ်နှင့် ချိုင်းထဲတွင် တိုင်းလေ့ရှိသည်
- လက်ကို ဆပ်ပြာဖြင့် ဆေးပါ
- သာမိုမီတာထိပ်ကို အရက်ပြန်ဖြင့်ပွတ်ပြီး ခြောက်သွေ့အောင်ထားပါ
- ပါးစပ်တွင်တိုင်းရန် သာမိုမီတာ၏ထိပ်ကို လျှာအောက်တွင်ထား၍ ပါးစပ်ကိုပိတ်ထားပါ၊ အဖျားမတိုင်းမီ (၅) မိနစ်အတွင်း အစားမစားထားရ၊
- ချိုင်းတွင်တိုင်းရန် သာမိုမီတာကို ခြောက်သွေ့မှုရှိအောင် အဝတ်သန့်ဖြင့် သုတ်ပါ၊ ထို့နောက် သာမိုမီတာထိပ်ကို ချိုင်းအလယ်တည့်တည့်တွင် ထည့်၍ ညှပ်ထားပါ၊
- မာကျူရီသာမိုမီတာအတွက် (၃) မိနစ်ခန့် ထားရန်လိုပြီး ဒစ်ဂျစ်တယ်သာမိုမီတာတွင် အဖျားတိုင်းတာမှုပြီးပါက အချက်ပေးအသံ မြည်လိမ့်မည်
- တစ်ခါတစ်ရံ နားအတွင်း နားစည်အပူချိန်တိုင်းတာသော Tympanic thermometer များ၊ လူအများကို တိုင်းတာနိုင်သော အနီအောက်ရောင်ခြည်သုံး သာမိုမီတာ (Infrared thermometer) များလည်း အသုံးပြုနိုင်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လူတစ်ယောက်၏ ကိုယ်ခန္ဓာအပူချိန်ကို ပုံမှန်ဖြစ်အောင် ဦးနှောက်အတွင်းရှိ Hypothalamus ဟုခေါ်သောနေရာမှ ထိန်းချုပ်ပေးသည်။ ထိုနေရာသည် အပူထိန်းညှိစက်ကဲ့သို့ ကိုယ်ခန္ဓာမှ ရရှိသောအပူနှင့် ထုတ်ပေးသောအပူတို့ကို ထိန်းညှိပေးခြင်းဖြင့် ပုံမှန်ကိုယ်အပူချိန်ဖြစ်စေရန် ပြုလုပ်သည်။ ကိုယ်ခံအားစနစ်မှ ရောဂါတစ်ခုခုကို တုံ့ပြန်လျှင် Hypothalamus သည် ကိုယ်အပူချိန်မျှခြေ (Set point) ကို တက်စေသည်။ ထိုအခါ ကိုယ်ခန္ဓာမှ အပူကိုမဆုံးရှုံးအောင် တုံ့ပြန်ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ၎င်းတို့ကို အဖျားတက်ခြင်း၏ လက္ခဏာများအနေဖြင့် တွေ့ရသည်။ ဖျားခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းအများစုမှာ_
- ရောဂါပိုးဝင်ခြင်း _ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးများ၊ မှိုပိုးများ ကူးစက်ခံရခြင်း
- အပူရှပ်ခြင်း (Heat exhaustion)
- အချို့ဆေးဝါးများ (ဥပမာ _ သွေးပေါင်ကျဆေးများနှင့် အတက်ကျဆေးအချို့)
- ကင်ဆာရောဂါများ (ဥပမာ _ သွေးကင်ဆာ၊ အသည်းကင်ဆာ)
- ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် ပိုးဝင်၍ ရောင်ရမ်းခြင်း (ဥပမာ _ အဆုတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်း)
- ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သည့်ရောဂါများ (Autoimmune disease)
- ကာကွယ်ဆေးများ (ဥပမာ _ ကိုဗစ်ကာကွယ်ဆေး၊ အဆုတ်ရောင်ကာကွယ်ဆေး)
ဖြစ်ပေါ်ရသော အကြောင်းရင်းပေါ် မူတည်ပြီး အဖျားရက်တိုခြင်း၊ ရက်ရှည်ခြင်း ကွာခြားနိုင်သည်။
အဖျားကို ဖြစ်စေသော ရောဂါအကြောင်းရင်းပေါ် မူတည်ပြီး ရက်တိုဖျားခြင်း (သို့မဟုတ်) ရက်ရှည်ဖျားခြင်းစသဖြင့် ကွာခြားနိုင်သည်။ (ဥပမာအားဖြင့် _ တုပ်ကွေးရောဂါ၊ အအေးမိရောဂါ စသည်တို့သည် ရက်အနည်းငယ်ဖြင့် သက်သာသွားတတ်ပြီး တီဘီရောဂါ၊ HIV ပိုးဝင်ခြင်း၊ အူရောင်ငန်းဖျားရောဂါ၊ ကင်ဆာရောဂါများ၊ ကိုယ်ခံအားစနစ် တုံ့ပြန်မှုများသောရောဂါများ စသည်တို့သည် မကြာခဏဖျားခြင်း၊ အဖျားရက်ရှည်ခြင်း (၅) ရက်နှင့်အထက် စသည့်လက္ခဏာများ ရှိနိုင်သည်)။ အဖျားသည် (၂) ပတ်ကျော် ဆက်တိုက်ဖျားနေခြင်း (သို့မဟုတ်) မကြာခဏ ဖျားနေပြီး အကြောင်းရင်းရှာမတွေ့ပါက အကြောင်းရင်းရှာမရသောအဖျား (Fever of unknown origin) ဟုသတ်မှတ်သည်။
ယှဉ်တွဲလာတတ်သော ရောဂါလက္ခဏာများ
အကြောင်းရင်းပေါ်မူတည်၍ ဖျားခြင်းနှင့်အတူ ရောဂါလက္ခဏာအမျိုးမျိုး ပြနိုင်သည်။ ဥပမာ_
- အအေးမိခြင်း _ နှာစေး၊ ချောင်းဆိုးခြင်း
- တုပ်ကွေး _ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း
- ဆီးပိုးဝင်ခြင်း _ ချမ်းတုန်ဖျားခြင်း၊ ဆီးပူ၊ ဆီးအောင့်ခြင်း
- ဦးနှောက်အမြှေးရောင်ခြင်း _ တက်ခြင်း၊ သတိလစ်ခြင်း
- အူရောင်ငန်းဖျားရောဂါ _ ဗိုက်နာ၊ ဝမ်းပျက်ခြင်း
- ကိုယ်ခံအားစနစ်မူမမှန်တုံ့ပြန်ခြင်းနှင့် ဆိုင်သောရောဂါများ (Autoimmune diseases) – အဆစ်များရောင်ခြင်း၊ နာခြင်း၊ အနီကွက်များ ထွက်ခြင်း
- အဖျားကြီးခြင်းကြောင့် ချမ်းတုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း
- ကလေးငယ်များတွင် မစားချင် မသောက်ချင်ဖြစ်ခြင်း၊ ဂျီကျခြင်း၊ ဆီးနည်းခြင်း၊ အဖျားကြီး၍ တက်ခြင်း စသည်တို့ တွေ့ရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မွေးကင်းစကလေးများနှင့် လမ်းလျှောက်တတ်ခါစ အရွယ်များတွင် အဖျားရှိလျှင် အထူးသတိထားရန် လိုအပ်သည်။ မိသားစုဆရာဝန်နှင့် အမြန်ပြသရမည့် အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အသက် (၃) လအောက် ကလေးငယ်များ ဖျားခြင်း
- အသက် (၃) လနှင့် (၂) နှစ်ကြား ကလေးများတွင် အဖျားရှိသည့်အပြင် မှိန်းခြင်း၊ အဆက်မပြတ်ငိုခြင်း၊ အနီစက်များ ထွက်လာခြင်း၊ မျက်တွင်းချိုင့်ခြင်း၊ သွားရည် အများအပြား ကျခြင်း၊ အစားအသောက် သိသိသာသာ လျော့ကျခြင်း၊ တက်ခြင်း
- (၂) နှစ်အထက် ကလေးများတွင် မကြာခဏအန်ခြင်း၊ (၃) ရက်အထက် ဖျားခြင်း၊ တက်ခြင်း၊ မှိန်းခြင်း၊ အစားအသောက် သိသိသာသာလျော့ခြင်း
လူကြီးများတွင်မူ အဖျားနှင့်တွဲဖက်ပြီး အောက်ပါလက္ခဏာများရှိလျှင် ဆေးရုံ၊ ဆေးခန်း ချက်ချင်း ပြသရန်လိုသည်။
- ခေါင်းအလွန်ကိုက်ခြင်း
- အနီစက်၊ အနီကွက်များထွက်ခြင်း
- ခေါင်းငုံ့လျှင် ဇက်တောင့်တင်းနေခြင်း
- အလင်းစူးစူး မကြည့်နိုင်ခြင်း
- သတိမကောင်းခြင်း
- အဆက်မပြတ် အန်ခြင်း
- အသက်ရှူကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
- ဗိုက်အောင့်ခြင်း
- ဆီးပူ၊ ဆီးအောင့်ခြင်း
- တက်ခြင်း
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် လူနာကိုစမ်းသပ်ခြင်းတို့ကို ဦးစွာ ပြုလုပ်ပေးလိမ့်မည်။ ထို့နောက် ရောဂါလက္ခဏာအပေါ် မူတည်၍ လိုအပ်သောစစ်ဆေးမှုများ (ဥပမာ _ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့) ကို ပြုလုပ်လိမ့်မည်။
ကုသခြင်း
- အဖျားသည် ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်မှ ပြင်ပရောဂါပိုးများကို တုံ့ပြန်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်၊ အဖျားငွေ့ငွေ့လောက်သာရှိလျှင် အဖျားကျဆေးမသောက်ဘဲ အရည်များများသောက်ခြင်း၊ အိပ်ရေး ဝဝ အိပ်ခြင်း၊ ချောင်ချိသောအဝတ်အစားများကို ဝတ်ဆင်ခြင်း စသည်တို့ လုပ်ဆောင်ပါ
- အဖျားသည် အတွေ့ရများသော လက္ခဏာတစ်ခုဖြစ်ပြီး ရောဂါကို မရည်ညွှန်းပါ၊ ထို့ကြောင့် ဖျားရသည့် အကြောင်းရင်းကို ဆရာဝန်မှ ရှာဖွေကုသပေးမည်ဖြစ်သည်
- အဖြစ်အများဆုံးသော ဖျားရသည့်အကြောင်းရင်းမှာ တုပ်ကွေးမိခြင်း၊ နှာစေးချောင်းဆိုး ဖြစ်ခြင်းတို့ဖြစ်သည်၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ပဋိဇီဝပိုးသတ်ဆေး သောက်ရန် မလိုအပ်ပါ
- အကယ်၍ အဖျား (၁၀၂) ဒီဂရီဖာရင်ဟိုက်နှင့်အထက်ရှိလျှင် အဖျားကျဆေး သောက်သင့်သည်၊ လူကြီးများတွင် ပါရာစီတမော (၅၀၀) မီလီဂရမ်ကို တစ်နေ့ (၃)ကြိမ် မှ လိုအပ်လျှင် (၄)ကြိမ်ထိ သောက်နိုင်သည်၊ ကလေးငယ်များတွင် ပါရာစီတမောအရည်ကို ဆေးညွှန်းပါအတိုင်း တိုက်ပါ (Paracetamol)
- ထို့အပြင် ရောဂါအကြောင်းရင်းပေါ် မူတည်၍ လိုအပ်သောဆေးဝါးများကိုလည်း ဆရာဝန်မှ ညွှန်ကြားလိမ့်မည်
ကာကွယ်ခြင်း
- အိပ်ရေးဝဝအိပ်ခြင်း၊ အစားအသောက် မျှမျှတတစားခြင်း၊ အားကစား မှန်မှန်လုပ်ခြင်းတို့ဖြင့် မိမိကိုယ်ခံအားကောင်းမွန်ရန် ပြုလုပ်ပါ
- ကူးစက်ရောဂါကြောင့် ဖြစ်သည့် ဖျားနာခြင်းများမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးရှိသော ရောဂါများအတွက် ကာကွယ်ဆေးများထိုးပါ
- လက်မကြာခဏဆေးပါ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ
- လူစုလူဝေးထဲ သွားသည့်အခါ နှာခေါင်းစည်း (mask) တပ်ပါ
ဆက်လက်ဖတ်ရှုရန်
References:
- Mayo Clinic. (n.d.). Fever – Symptoms & causes. Retrieved August 12, 2025, from https://www.mayoclinic.org/diseases-conditions/fever/symptoms-causes/syc-20352759
- Mayo Clinic. (n.d.). Fever – Diagnosis & treatment. Retrieved August 12, 2025, from https://www.mayoclinic.org/diseases-conditions/fever/diagnosis-treatment/drc-20352764
- Cleveland Clinic. (2023). Fever. Retrieved August 12, 2025, from https://my.clevelandclinic.org/health/symptoms/10880-fever
- Healthdirect Australia. (2025). Types of thermometer. Retrieved August 12, 2025, from https://www.healthdirect.gov.au/types-of-thermometer
Published: 30 August 2024
Last updated: 17 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.