Heat related illness (အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများ)

Heat related illness (အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများ)

အပူဒဏ်အန္တရာယ်သည် ပတ်ဝန်းကျင်အပူချိန်မြင့်မားသည့် နွေရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည်။ အပူဒဏ်ကြောင့်ဖြစ်ပွါးသော ကျန်းမာရေးပြဿနာများအနက် အပူလျှပ်ခြင်း (Heat Stroke) သည် အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အပူချိန် ၁၀၄°F (၄၀°C) ကျော်အထိ မြင့်တက်ကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးနိုင်သော အခြေအနေလည်းဖြစ်သည်။ ကာကွယ်၍ ရနိုင်သော်လည်း အချိန်မီဆေးကုသမှု မခံယူပါက အသက်ဆုံးရှုံးနိုင်သည်။

အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရနိုင်သူများ
  • ကလေးသူငယ်များ
  • သက်ကြီးရွယ်အိုများ
  • နာတာရှည်ရောဂါသည်များ (ဥပမာ _ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်ရောဂါများ)
  • အရက်သေစာသောက်စားသူများ
  • အစားအသောက်ပျက်၍ ရေဓာတ်ခန်းခြောက်နေသူများ
  • ဆီးဆေး၊ စိတ်ရောဂါဆေးဝါးများ သောက်သုံးနေရသူများ
  • ပုံမှန်ကျန်းမာနေသော်လည်း အပူဒဏ်အန္တရာယ်ကို ခံနိုင်ရည်အားနည်းသူများ
  • အပူလွန်ကဲသော ပတ်ဝန်းကျင်နှင့် ကြာရှည်စွာထိတွေ့မှု များပြားသူများ
  • အလွန်ပူသောအချိန်တွင် ပြင်းထန်စွာ အလုပ်လုပ်သူများ
Heat related illness image1
အပူဒဏ်ကြောင့်ဖြစ်ပွါးသော ကျန်းမာရေးပြဿနာများနှင့် ရောဂါလက္ခဏာများ
  1. အပူကြောင့်ကြွက်တက်ခြင်း (Heat Cramps)
    • အပူဒဏ်အန္တရာယ်၏ အစောပိုင်းလက္ခဏာတစ်ခုဖြစ်သည်
    • ကြွက်သားများတင်းပြီး နာကျင်ကိုက်ခဲလာသည်
    • အဓိကအကြောင်းရင်းမှာ ရေဓာတ်နှင့် ဆားဓာတ် ဆုံးရှုံးမှုကြောင့်ဖြစ်ပြီး၊ လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ပိုဖြစ်လေ့ရှိသည်
  2. အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)
    • ကြွက်တက်ခြင်းနောက်ပိုင်း ဆက်ဖြစ်လာနိုင်သော လက္ခဏာများဖြစ်သည်
    • ပူပြင်းသောရာသီဥတုတွင် ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်မှ ရေနှင့်ဆားဓာတ်များ ပိုမိုဆုံးရှုံးလာပြီး ပင်ပန်းနွမ်းနယ်ရခြင်းဖြစ်သည်
    • ထိုအချိန်တွင် ခန္ဓာကိုယ်တွင်းအပူချိန်သည် (၁၀၁° F) မှ (၁၀၄° F) အထိမြင့်တက်ပြီး အချိန်မီ မကုသပါက အပူလျှပ်ခြင်းသို့ ကူးသွားနိုင်သည်
    • ပင်ပန်းနွမ်းနယ်ခြင်းအပြင် တွေ့ရှိရသော ရောဂါလက္ခဏာများမှာ_
      • ပျို့အန်ခြင်း
      • ခေါင်းကိုက်၊ ခေါင်းမူး၊ ခေါင်းနောက်ခြင်း
      • ကြွက်သားများ ကြွက်တက်ခြင်းနှင့် အားနည်းခြင်း
      • နုံးချည့်ခြင်း၊ ရေဆာခြင်း
      • ချွေးအလွန်အကျွံထွက်ခြင်း စသည်တို့ဖြစ်သည်
  3. အပူလျှပ်ခြင်း (Heatstroke)
    • အထက်ပါ ပင်ပန်းနွမ်းနယ်ခြင်း လက္ခဏာများကို စောစီးစွာမကုသပါက သို့မဟုတ် အပူချိန်ပြင်းထန်မှုများပါက သို့မဟုတ် အပူဒဏ်အန္တရာယ် ပိုမိုခံစားရနိုင်သူများဖြစ်ပါက အပူလျှပ်ခြင်းအထိ ဆက်လက်ဖြစ်ပွါးနိုင်သည်
    • အပူလျှပ်ခြင်းသည် အပြင်းထန်ဆုံးဖြစ်ပြီး အသက်အန္တရာယ်ရှိသော အခြေအနေဖြစ်သည်
    • ကိုယ်ခန္ဓာအပူချိန် ထိန်းသိမ်းခြင်းကို မပြုလုပ်နိုင်တော့ဘဲ အပူချိန် လျင်မြန်စွာ တက်လာခြင်း၊ ချွေးလုံးဝမထွက်နိုင်တော့ခြင်းကြောင့် ကိုယ်အပူချိန်ကို ကျဆင်းအောင် မပြုလုပ်နိုင်တော့ပါ
    • ကိုယ်အပူချိန် (၁၀၄°F) အထက်မြင့်တက်လာလျှင် အရေပြားပူ၍ ခြောက်သွေ့ခြင်းနှင့် ဦးနှောက်နှင့်အာရုံကြောစနစ်ကို ထိခိုက်သည့်လက္ခဏာများ ပူးတွဲဖြစ်ပေါ်လာသဖြင့် အရေးပေါ်ဆေးကုသမှု ချက်ချင်းလိုအပ်ပြီး အချိန်မှီ ကုသမှုမရရှိပါက သေဆုံးနိုင်ခြေမြင့်မားခြင်း သို့မဟုတ် တစ်သက်လုံး မသန်မစွမ်းဖြစ်နိုင်ခြင်းတို့ ဖြစ်နိုင်သည်
    • အပူလျှပ်ခြင်း၏ လက္ခဏာများမှာ_
      • အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးခန်းခြောက်ခြင်း
      • စိတ်ရှုပ်ထွေး ဂနာမငြိမ်ဖြစ်လာခြင်း
      • တက်ခြင်း
      • နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းများ မြန်ခြင်း
      • သွေးပေါင်ချိန်ကျခြင်း
      • ဝမ်းပျက်ခြင်း
      • ကိုယ်တွင်းအင်္ဂါများ ပျက်စီးနိုင်ခြင်း
      • သတိလစ်ခြင်း စသည်တို့ဖြစ်သည်။
    • အပူကြောင့်ပင်ပန်းနွမ်းနယ်ခြင်းနှင့် အပူလျှပ်ခြင်း ကွာခြားချက်တွင် အပူလျှပ်ခြင်း၌ ချွေးလုံးဝမထွက်ပဲ အရေပြားခြောက်သွေ့ခြင်းကို တွေ့နိုင်သည်
      Heat related illness image2
  4. အပူဒဏ်ကြောင့်ဖြစ်ပွါးသော အခြားကျန်းမာရေးပြဿနာများ
    • အပူဒဏ်ကြောင့်ဖောရောင်ခြင်း _ ရက်အနည်းငယ် မှ (၆)ပတ်အတွင်း အလိုအလျှောက် ပျောက်ကင်းနိုင်သည်
    • အပူဒဏ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း (Heat rash)
    • အပူဒဏ်ကြောင့်မူးမေ့ခြင်း (Heat syncope) – ဦးနှောက်သို့သွေးရောက်ရှိမှု လျော့နည်းခြင်းကြောင့်ဖြစ်သည်
    • ကြွက်သားများ ပြိုကွဲပျက်စီးသေဆုံးခြင်း (Rhabdomyolysis)
      • ပြင်းထန်သော အပူချိန် အောက်တွက် အချိန်ကြာကြာ လှုပ်ရှားမှုပြုလုပ်ရသူများ (ဥပမာ_ဆောက်လုပ်ရေးလုပ်သားများ) တွင် ကြွက်သားများ ပျက်စီးခြင်းကို ဖြစ်စေသည်
      • ကြွက်သားများ နာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ရေနွေးကြမ်းရင့်‌‌ရောင် သို့မဟုတ် ကိုလာအ‌ရောင် ဆီးများသွားခြင်း၊ အားနည်းခြင်း စသည့်လက္ခဏာများ ပြနိုင်သည်
      • နှလုံးခုန်မမှန်ခြင်း၊ တက်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်စေနိုင်သည်
ကုသခြင်း

အပူလျှပ်ခြင်း ခံစားရသောလူနာအား တွေ့ရှိပါက အောက်ပါအတိုင်း ချက်ချင်းရှေးဦးပြုစုပါ။ အရေးပေါ်အခြေအနေဖြစ်သောကြောင့် မြန်မြန်ဆန်ဆန် ပြုစုကုသမှုပေးပါ။

  • လူနာကို အရိပ်ရသော သို့မဟုတ် လေအေးပေးစက်ရှိသော နေရာသို့ ရွှေ့ပါ
  • တစ်ပြိုင်နက်တည်းတွင် အရေးပေါ်ကျန်းမာရေးအကူအညီ တောင်းခံထားပါ
  • လူနာ၏ တင်းကျပ်နေသည့်အဝတ်အစားများ လျှော့ချပေးပါ သို့မဟုတ် ထူသောအဝတ်အထည်များကို ဖယ်ရှားပါ
  • အအေးဓာတ်ပိုမိုရရှိစေရန် အရေပြားကိုဖော်ထားပါ (လူစိမ်းများရှေ့တွင် တဘက်စဖြင့်ဖုံးပေးခြင်း သို့မဟုတ် အကာအရံထားခြင်းများပြုလုပ်နိုင်သည်)
  • ကိုယ်ခန္ဓာ အမြန်ဆုံးအေးစေရန် ပြုလုပ်ပါ (၁၀၂° F အောက် အမြန်ဆုံးရောက်ရန်)
    • ကိုယ်ပေါ်သို့ ရေအေးဖျန်းပါ သို့မဟုတ် စိုစွတ်သော အဝတ်ဖြင့် ပတ်ထားပါ
    • လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် ရေခဲဝတ်ကပ်ပါ
    • လူနာအား ပန်ကာလေမှုတ်ပေးပါ သို့မဟုတ် ယပ်ခတ်ပေးပါ
  • လူနာ သတိရလျှင် ရေအေး သို့မဟုတ် ဓာတ်ဆားရည် တိုက်ပါ
  • နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ပို့ပါ
  • ထိုသို့ပို့ဆောင်စဉ် လူနာ၏ ခြေရင်းဘက်အား မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ
Heat related illness image3
အပူဒဏ်ကြောင့်ဖြစ်သော အခြားပြဿနာများအတွက် အိမ်တွင်ပြုစုနည်းများ
  • မိတ်ဖု (Heat Rash) နှင့် ယားယံခြင်းများ
    • ရေအေးဝတ်ကပ်ပါ သို့မဟုတ် အေးမြသောနေရာတွင် အနားယူပါ
    • ချွေးထွက်များသောနေရာများ (ဥပမာ _ ချိုင်း၊ ပေါင်ခြံ) ကို ခြောက်သွေ့အောင်ထားပါ
    • မိတ်ပေါက်သောနေရာများတွင် ရေချိုးပြီးလျှင် တဘက်ဖြင့်မသုတ်ဘဲ အခြောက်ခံပါ
    • သနပ်ခါး သို့မဟုတ် calamine lotion (ကယ်လာမင်းလိုးရှင်း) လိမ်းပေးပါ
    • ကျပ်သောအဝတ်များ မဝတ်ပါနှင့်၊ ချည်သားအဝတ်ပါးပါး ဝတ်ဆင်ပါ
  • အပူကြောင့်ကြွက်တက်ခြင်း (Heat Cramps)
    • နာကျင်သော ကြွက်သားကို ဖြည်းညင်းစွာ ဆန့်ပေးပါ (ဥပမာ _ ခြေသလုံးကြွက်တက်ပါက ခြေဖျားကို အပေါ်ဆွဲတင်ပါ)
    • လတ်ဆတ်သောအသီးဖျော်ရည် သို့မဟုတ် ဓာတ်ဆားရည် (ORS / အားကစားသမားများအတွက် ထုတ်လုပ်ထားသော အချိုရည်) တိုက်ပါ
  • အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)
    • ချက်ချင်းအနားယူပါ၊ အေးသောနေရာသို့ ပြောင်းပါ
    • ရေအေး သို့မဟုတ် ဓာတ်ဆားရည်ကို ဖြည်းဖြည်းချင်းသောက်ပါ
    • ခြေထောက်မြှောက်၍ လှဲနေပါ
    • အဝတ်စိုဖြင့်ကိုယ်ခန္ဓာကို သုတ်ပေးပါ သို့မဟုတ် ပန်ကာဖွင့်ပေးပါ
အပူဒဏ်အန္တရာယ် ကာကွယ်ရန်နည်းလမ်းများ
  • အထူးဂရုပြုရမည့်သူများ
    • ကလေးများ၊ သက်ကြီးရွယ်အိုများ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိသူများကို နေ့လည်နေ့ခင်း [မနက်(၁၀)နာရီ မှ ညနေ(၅)နာရီ] အပူပြင်းချိန်တွင် အရိပ်ရပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် နားနေစေပါ
  • နေရောင်အကာအကွယ်ပစ္စည်းများ အသုံးပြုပါ
    • အပြင်သွားပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန် တပ်ဆင်ပါ၊ အရိပ်ရသောနေရာများတွင် မကြာခဏ အနားယူပါ
  • ရာသီဥတုနှင့်သင့်တော်သော အဝတ်အစားများကို ဝတ်ဆင်ပါ
    • အဖြူရောင် သို့မဟုတ် အရောင်ဖျော့ပြီး ပွပွချောင်ချောင် ချည်ထည်များ ရွေးချယ်ဝတ်ပါ၊ ညှပ်ဖိနပ်စီးပါ
  • ရေဓာတ်ထိန်းပါ
    • ရေနှင့်ဓာတ်ဆားရည် (ဥပမာ – ORS) များများ သောက်ပါ
အပူဒဏ်အန္တရာယ်မှကင်းဝေးရန် ရှောင်ကြဉ်ရန်အချက်များ
  • နံနက်(၁၀)နာရီ မှ ညနေ(၅)နာရီအတွင်း မလိုအပ်ဘဲ အပြင်သွားခြင်း
  • နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်ကာယအားကစား ပြုလုပ်ခြင်း
  • ပါကင်ထိုးရပ်နားထားသော ကားထဲတွင် လူချန်ထားခဲ့ခြင်း
  • ပူပြင်းသောအချိန်များတွင် အရက်သေစာသောက်စားခြင်း
  • နေပူထဲမှပြန်လာပြီး ချက်ချင်း ရေချိုးခြင်း၊ ရေခဲရေသောက်ခြင်း
  • ဓာတ်ဆားရည်အစား ‌စျေးကွက်အတွင်း အလွယ်တကူရရှိနိုင်သော အချိုရည်ကဲ့သို့ အရည်များ သောက်သုံးခြင်း
Heat related illness image4

References:

  1. World Health Organization: WHO. (2024). Heat and health. Retrieved March 20, 2025, from https://www.who.int/news-room/fact-sheets/detail/climate-change-heat-and-health
  2. Heat-related illnesses. (2024). Heat Stress. Retrieved March 20, 2025, from https://www.cdc.gov/niosh/heat-stress/about/illnesses.html
  3. Heat-Related Illness (Hyperthermia). (2025). Cleveland Clinic. Retrieved March 20, 2025, from https://my.clevelandclinic.org/health/diseases/22111-hyperthermia
  4. Heat-Related illnesses (Heat cramps, heat exhaustion, heat stroke). (2024). Johns Hopkins Medicine. Retrieved March 20, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/heatrelated-illnesses-heat-cramps-heat-exhaustion-heat-stroke
  5. ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အပူဒဏ်အန္တရာယ်နှင့်ပါတ်သက်၍ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းလမ်းညွန်

Published: 11 April 2025

Last updated: 2 May 2026

Share

26 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.