Neck glands in children (ကလေးများတွင် တွေ့ရသော လည်ပင်းအကျိတ်များ)

Neck glands in children (ကလေးများတွင် တွေ့ရသော လည်ပင်းအကျိတ်များ)

ကလေးများတွင် လည်ပင်း၊ နားရွက်အနောက်နှင့် နောက်စေ့တို့တွင် အကျိတ်၊ အဖုလုံးလေးများကို မကြာခဏ စမ်းမိလေ့ရှိပြီး လူကြီးမိဘများ စိုးရိမ်ပူပန်တတ်ကြသည်။ အကျိတ်များ စမ်းမိတိုင်း စိတ်ပူရန် မလိုပါ။ ထိုအကျိတ်များသည် ပြန်ရည်ကြောစနစ်တွင် ပါဝင်သော ပြန်ရည်ကျိတ်ဂလင်းများ (Lymph nodes) များဖြစ်သည်။

ပြန်ရည်ကြောစနစ်ဆိုသည်မှာ ကိုယ်ခံအားစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြင်ပမှဝင်လာသော ပိုးမွှားများနှင့် ကူးစက်ရောဂါများကို တွန်းလှန်တိုက်ခိုက်ရာတွင် ပါဝင်သည်။ ပြန်ရည်ကျိတ်ဂလင်းများသည် ပုံစံနှင့်အရွယ်အစား မျိုးစုံရှိပြီး ခန္ဓာကိုယ်အနှံ့ အလုံး (၆၀၀) ခန့်ရှိသည်။ ၎င်းတို့အနက် လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံ နေရာများတွင်ရှိသော အကျိတ်များသည် လက်ဖြင့် စမ်းမိတတ်သော အကျိတ်ဂလင်းများဖြစ်သည်။ ခန္ဓာကိုယ်အတွင်းပိုင်းတွင်လည်း နေရာအနှံ့ အကျိတ်အများအပြားရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လည်ပင်း ပြန်ရည်ကျိတ်ဂလင်းများ ကြီးရသော အကြောင်းရင်းများအနက် အဖြစ်အများဆုံးမှာ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်ပြီး အများအားဖြင့် ကုသရန် လွယ်ကူသောရောဂါပိုးများ ဖြစ်ကြသည်။ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် ဦးခေါင်းအရေပြား စသည်တို့တွင် ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးများ ဝင်သည့်အခါ သက်ဆိုင်ရာ လည်ပင်း‌‌နေရာတစ်ဝိုက်တွင် အကျိတ်များ ကြီးလာလေ့ရှိသည်။ လက်နှင့်ခြေထောက်တွင် အနာများဖြစ်ပါက ချိုင်းနှင့်ပေါင်ခြံတွင် အကျိတ်များ ကြီးလာလေ့ရှိသည်။ ယင်းမှာ ခန္ဓာကိုယ်၏ ရောဂါတုံ့ပြန်မှု ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်ပြီး အချိန်တိုအတွင်း အကျိတ်များ ပြန်သေး၊ ပြန်ပျောက်သွားလေ့ရှိသည်။ လည်ပင်းအကျိတ်များသည် အချို့သောရောဂါ သို့မဟုတ် အခြေအနေတို့၏ ရှေ့ပြေးလက္ခဏာများအဖြစ်လည်း ရှိနိုင်သည်။

လည်ပင်းအကျိတ်ဖြစ်စေသော ရောဂါများစွာရှိသည်။ ၎င်းတို့အနက်အကြောင်းရင်းအချို့မှာ_

ယှဉ်တွဲလာတတ်သောလက္ခဏာများ

လည်ပင်းအကျိတ်များသည် မည်သည့်အကြောင်းကြောင့် ဖြစ်သည်ပေါ်မူတည်၍ ယှဉ်တွဲလာသော လက္ခဏာများ ကွာခြားသည်။

  • အဖျား၊ လည်ချောင်းနာ၊ သွားဖုံးရောင်ခြင်း စသည့်လက္ခဏာများရှိပြီး အကျိတ်သည် ပျော့ပျောင်း၍ နာကျင်လျှင် ရိုးရိုးပိုးဝင်ခြင်း (ဥပမာ _ အအေးမိခြင်း၊ လည်ချောင်းနာခြင်း) ကြောင့် ဖြစ်နိုင်ခြေများသည်၊ ၎င်းသည် ရောဂါကူးစက်မှုကို တုံ့ပြန်ခြင်းသာဖြစ်ပြီး များသောအားဖြင့် တစ်ပတ်၊ နှစ်ပတ်အတွင်း ပြန်လည်ပျောက်ကင်းသွားတတ်သည်
  • အကျိတ်အလျင်အမြန်ကြီးထွားလာပြီး နာကျင်ခြင်း၊ အပေါ်ယံအရေပြား နီရဲရောင်ရမ်းလာခြင်း စသည့်လက္ခဏာများရှိလျှင်ပိုးဝင်ရောင်ရမ်းရာမှ ပြည်တည်နာ (Abscess) ဖြစ်ပေါ်လာနိုင်ခြေရှိသည်၊ ထိုအခြေအနေတွင် ပြည်ဖောက်ထုတ်ခြင်းနှင့် ပဋိဇီဝဆေးများဖြင့် ကုသရန် လိုအပ်နိုင်သည်
  • အဖျားကြီးခြင်း၊ ရက်ရှည်ချောင်းဆိုးခြင်း၊ ညဘက်ချွေးထွက်များခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဖြူဖျော့နေခြင်း စသည်တို့နှင့်အတူ အကျိတ်သည် မနာကျင်ဘဲ မာကျောနေပြီး ရာဘာပြားကဲ့သို့ ပြောင်ချောနေပါက တီဘီရောဂါ (TB) သို့မဟုတ် ပြန်ရည်ကျိတ်ကင်ဆာ (Lymphoma) ကဲ့သို့သော ပိုမိုပြင်းထန်သည့် ရောဂါများ ဖြစ်နိုင်ခြေရှိသည်၊ အကျိတ်တစ်လုံးမကထွက်ပြီး တစ်လုံးနှင့်တစ်လုံး ပူးကပ်ထပ်နေတတ်သည်
  • လည်ပင်းအကျိတ်များအပြင် ခန္ဓာကိုယ်၏ အခြားနေရာများ (ဥပမာ _ ချိုင်းကြား၊ ပေါင်ခြံ) တို့တွင်လည်း အကျိတ်များ တစ်ပြိုင်နက်ပေါ်လာခြင်း၊ အရေပြားပေါ်တွင် အနီစက်များ၊ သွေးခြည်ဥများ ထွက်ပေါ်လာခြင်း၊ ဖြူဖတ်ဖြူလျော်ဖြစ်လာခြင်းတို့သည် ကင်ဆာရောဂါ (သွေးကင်ဆာ) သို့မဟုတ် ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါများကြောင့် ဖြစ်နိုင်သည်
NGIC IMG1

လည်ပင်းတွင် စမ်းမိသည့် အဖုအကျိတ်တိုင်းသည် ပြန်ရည်ကျိတ်ဂလင်းများ မဟုတ်သည်ကိုလည်း သတိပြုသင့်သည်။ တစ်ခါတစ်ရံ အဆီကျိတ်များ (lipomas)၊ တံတွေးဂလင်းများ (salivary glands)၊ သိုင်းရွိုက်ဂလင်းမှ အဖုအကျိတ်များ (thyroid nodules) သို့မဟုတ် မွေးရာပါ အရည်အိတ်များ (cysts) လည်း ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

လည်ပင်း ပြန်ရည်ကျိတ်ဂလင်းများ ကြီးလာခြင်းအပြင် အထက်ပါရောဂါလက္ခဏာများကို တွဲ၍သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ထို့အပြင် အောက်ပါလည်ပင်းအကျိတ်မျိုးရှိလျှင်လည်း ပြသတိုင်ပင်သင့်သည်။

  • တစ်စင်တီမီတာပတ်လည်ထက် ပိုကြီးသော အကျိတ်များ
  • အကျိတ်များ ပြွတ်သိပ် ကြပ်ခဲ၍ ကြီးထွားနေခြင်း
  • အကျိတ်များ အလျင်အမြန် ကြီးထွားလာခြင်း၊
  • အပေါ်ယံအရေပြားသည် ရာဘာပြားကို စမ်းမိသကဲ့သို့ ပြောင်ချော မာကြောနေခြင်း
  • အပေါ်ယံအရေပြား အရောင်ပြောင်းခြင်း၊ နီရဲခြင်း၊ ပြည်ပေါက်ထွက်ခြင်း စသည်တို့ဖြစ်သည်။

မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

‌ရောဂါရှာဖွေခြင်း

ကလေး၏ လည်ပင်းအကျိတ်ကို စစ်ဆေးရာတွင် ဆရာဝန်မှ ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းမည်ဖြစ်ပြီး အကျိတ်၏ အရွယ်အစား၊ အရေအတွက်၊ နာကျင်မှု၊ ပျော့ပျောင်းမှု၊ မာကျောမှုနှင့် ရွေ့လျားနိုင်မှု စသည်တို့ကို စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။

လည်ပင်းအကျိတ်များသည် ပုံမှန်အားဖြင့် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်ပါက တစ်ပတ် မှ နှစ်ပတ်အတွင်း ပျောက်ကင်းသွားတတ်သောကြောင့် အများစုတွင် ဓာတ်ခွဲစစ်ဆေးရန် မလိုအပ်ပေ။ သို့သော် အောက်ပါအခြေအနေများတွင် ဆက်လက်စမ်းသပ်စစ်ဆေးရန် လိုအပ်သည်။

  • အကျိတ်သည် (၂) ပတ်ကျော်သည်အထိ မသေးဘဲ တစ်စင်တီမီတာထက် ပိုကြီးနေခြင်း
  • အကျိတ်နှင့်အတူ အဖျား၊ ကိုယ်အလေးချိန်ကျခြင်း၊ ညဘက်ချွေးထွက်များခြင်း စသည့် လက္ခဏာများ တွဲ၍ပါလာခြင်း
  • အကျိတ်သည် မာကျောပြီး ရာဘာကဲ့သို့ ပြောင်ချောနေခြင်း သို့မဟုတ် အလျင်အမြန် ကြီးထွားလာခြင်း

ဤအခြေအနေများတွင် အောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

  • သွေးစစ်ခြင်း – ပိုးဝင်ခြင်း သို့မဟုတ် အခြားရောဂါလက္ခဏာများရှိမရှိ သိရှိရန်အတွက် စီဘီစီ (CBC) စစ်ဆေးခြင်း
  • ပုံရိပ်ဖော်စစ်ဆေးခြင်း – အကျိတ်၏ အရွယ်အစားနှင့် အတွင်းပိုင်းအခြေအနေကို သိရှိနိုင်ရန် အာထရာဆောင်း (Ultrasound) သို့မဟုတ် ဓာတ်မှန် (X-ray) ရိုက်ခြင်း
  • အသားစယူစစ်ဆေးခြင်း (Biopsy) – အကယ်၍ ကင်ဆာ သို့မဟုတ် တီဘီရောဂါကို သံသယရှိပါက အကျိတ်မှ အသားစယူ၍ ဓာတ်ခွဲခန်းတွင် အသေးစိတ်စစ်ဆေးခြင်း

ကလေးများ လည်ပင်းအကျိတ်ဆိုင်ရာ ရောဂါရှာဖွေခြင်းတွင် သိသာထင်ရှားသော တိုးတက်မှုအချို့ ရှိလာသည်။

  • အဆင့်မြင့် ပုံရိပ်ဖော်စစ်ဆေးမှုများ
    ရိုးရိုး အာထရာဆောင်း (Ultrasound) အပြင် Elastography နှင့် Contrast-enhanced Ultrasound (CEUS) ကဲ့သို့သော နည်းပညာအသစ်များကို အသုံးပြုလာသည်။ ၎င်းတို့သည် အကျိတ်၏ မာကျောမှုနှင့် သွေးစီးဆင်းမှုကို တိုင်းတာနိုင်ပြီး ပိုးဝင်ခြင်းကြောင့်ဖြစ်သော အကျိတ်နှင့် ကင်ဆာအကျိတ်တို့ကို ပိုမိုတိကျစွာ ခွဲခြားသိမြင်နိုင်ရန် ကူညီပေးသည်။
  • မလိုအပ်ဘဲ အသားစယူစစ်ဆေးခြင်းကို လျှော့ချခြင်း
    Fine-needle Aspiration Cytology (FNAC) နည်းပညာသည် လည်ပင်းအကျိတ်မှ အသားစကို အပ်သေးသေးဖြင့် ယူ၍ ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်။ မကြာသေးမီက ဤနည်းပညာ ပိုမိုကောင်းမွန်လာသောကြောင့် မလိုအပ်ဘဲ ခွဲစိတ်၍ အသားစယူစစ်ဆေးခြင်းကို လျှော့ချနိုင်ခဲ့သည်။
ကုသခြင်း

အကျိတ်ကို သီးသန့်ကုသရန် မလိုအပ်ဘဲ အကျိတ်ဖြစ်စေသည့် ရင်းမြစ်ရောဂါကို ကုသခြင်းဖြင့် အကျိတ်များ သက်သာပျောက်ကင်းစေနိုင်သည်။

  • ပိုးဝင်ခြင်း
    အကျိတ်ပြည်တည်နာများအတွက် ပဋိဇီဝပိုးသတ်ဆေးများ ပေးပြီး လိုအပ်ပါက ပြည်ကို ဖောက်ထုတ်ရသည်။
  • တီဘီရောဂါ
    တီဘီဆေးများကို အချိန်ကာလတစ်ခုအထိ ပုံမှန်ပေးရသည်။
  • ကင်ဆာရောဂါ
    အသားစအဖြေတွင် ကင်ဆာတွေ့ရှိပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များ (ဥပမာ _ ကင်ဆာအထူးကု) နှင့် တိုင်ပင်၍ ကင်ဆာကုသမှုများကို အမြန်ဆုံးခံယူရမည်ဖြစ်သည်။

ရောဂါကုသပျောက်ကင်းပြီးနောက် အကျိတ်အချို့ ကျန်နေနိုင်သော်လည်း စိုးရိမ်ရန်မလိုပေ။

ကာကွယ်ခြင်း

လည်ပင်းအကျိတ်အများစုကို မဖြစ်အောင် ကြိုတင်ကာကွယ်၍ မရပါ။ သို့သော် တီဘီအပါအဝင် အချို့ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်းမှ လျော့နည်းစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်သည်။

  • ရောဂါပိုးနှင့် ထိ‌တွေ့နိုင်ချေရှိပြီးလျှင် လက်ကို ဆပ်ပြာ သို့မဟုတ် လက်ဆေးရည်ဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာ လက်ဆေးပါ
  • တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ သင်ကြားပေးပါ
  • ရောဂါပိုး ကပ်ငြိနိုင်သော ပစ္စည်း၊ မျက်နှာပြင်များကို မကြာခဏ ပိုးသတ်သန့်ရှင်းပါ
  • ရောဂါရှိသော လူကြီးများဘက်မှ နှာချေ ချောင်းဆိုးလျှင်၊ အနီးကပ်စကားပြောလျှင် လက်ကိုင်ပုဝါနှင့် နှာခေါင်း ပါးစပ်တို့ကို အုပ်ထားသည့်အကျင့်ကို ပြုလုပ်ပေးပါ
  • ဘီစီဂျီကာကွယ်ဆေး၊ ရာသီတုပ်ကွေးကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို အချိန်မှန်ထိုးနှံပါ
  • တီဘီရောဂါရှိသောလူကြီးများနှင့် အနီးကပ်နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ

References:

  1. Cleveland Clinic. (2023). Swollen lymph nodes in the neck (cervical lymphadenopathy). Retrieved July 30, 2025, from https://my.clevelandclinic.org/health/symptoms/25248-cervical-lymphadenopathy Cleveland Clinic
  2. Cleveland Clinic. (2025). Swollen lymph nodes — Symptom overview. Retrieved July 30, 2025, from https://my.clevelandclinic.org/health/symptoms/15219-swollen-lymph-nodes Cleveland Clinic
  3. WebMD. (2023). What is cervical lymphadenopathy? Retrieved July 30, 2025, from https://www.webmd.com/a-to-z-guides/what-is-cervical-lymphadenopathy
  4. Mayo Clinic. (2025). Swollen lymph nodes — Symptoms & causes. Retrieved July 30, 2025, from https://www.mayoclinic.org/diseases-conditions/swollen-lymph-nodes/symptoms-causes/syc-20353902 Mayo Clinic
  5. Mayo Clinic. (n.d.). Swollen lymph nodes — Diagnosis & treatment. Retrieved July 30, 2025, from https://www.mayoclinic.org/diseases-conditions/swollen-lymph-nodes/diagnosis-treatment/drc-20353906
  6. The Royal Children’s Hospital Melbourne. (2021). Cervical lymphadenopathy. Retrieved July 30, 2025, from https://www.rch.org.au/clinicalguide/guideline_index/Cervical_lymphadenopathy/#:~:text=Cervical%20lymphadenopathy%20is%20abnormal%20enlargement%20of%20lymph%20nodes%20(LNs)%20in

Published: 30 August 2024

Last updated: 23 October 2025

Share

Category

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.