ရေယုန်သည် အဖြစ်များသော ဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်သည်။ ရေယုန်ဖြစ်လျှင် အရေပြားတွင် အရည်ကြည်ဖုများဖြစ်ကာ နာကျင်မှုခံစားရသည်။ ရေယုန်ပိုးကူးစက်ခံရလျှင် အနာများ၊ခံစားရသောဝေဒနာများ ပျောက်ကင်းအောင် ကုသနိုင်သော်လည်း ရေယုန်ပိုးကို ခန္ဓာကိုယ်အတွင်းမှ အမြစ်ပြတ်ပျောက်ကင်းအောင် ကုသ၍မရချေ။ လူ့ခန္ဓာကိုယ်၏အာရုံကြောများထဲ ခိုအောင်းနေပြီး ရောဂါပြန်ကြွခြင်းများဖြစ်တတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရေယုန်ဗိုင်းရပ်စ်ပိုး (Herpes simplex virus) ကူးစက်ခံရခြင်းကြောင့်ဖြစ်သည်။ အမျိုးအစား ၂မျိုးရှိသည်။
ပိုးအမျိုးအစား ၁ – ပါးစပ်နှင့်မျက်နှာတွင် အဓိကဖြစ်ပွါးသည်။
ပိုးအမျိုးအစား ၂ – လိင်အင်္ဂါနှင့်မွေးကင်းစကလေးများတွင် အဖြစ်များသည်။
ဤရောဂါသည် လူတစ်ဦးမှတစ်ဦးသို့
- အနာနှင့် တိုက်ရိုက်ထိတွေ့ခြင်း
- အနာမှထွက်သော သားငံရည်နှင့် ထိတွေ့ခြင်း
- ဗိုင်းရပ်စ်ပိုးတင်ရှိသော အသုံးအဆောင် ပစ္စည်းများမှတစ်ဆင့် ကူးစက်ခြင်းတို့ဖြင့် ပျံ့ပွားနိုင်သည်။
သာမန်ရေယုန်ထက်ပိုဆိုးသော အခြားရေယုန်မျိုးနွယ်တစ်ခုမှာ ဆင်ရေယုန်(ခါးပတ်ရေယုန်) (Herpes zoster)ဖြစ်သည်။ ၎င်းသည် ရေကျောက်ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွါးခြင်း ဖြစ်သည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် ပထမအကြိမ်ရောဂါဖြစ်ခြင်းနှင့် ရောဂါပြန်ကြွခြင်းအပေါ် မူတည်၍ ကွဲပြားမှုရှိသည်။ ပထမအကြိမ်ပိုးဝင်ခြင်းတွင် ရောဂါပိုးနှင့်ထိတွေ့ပြီး ရက်(၂၀)မျှအကြာတွင် လက္ခဏာ ပြတတ်သည်။ မည်သည့်လက္ခဏာမျှ မပြဘဲလည်းရှိနိုင်သည်။
ပါးစပ်ရေယုန်
နှုတ်ခမ်းတလျှောက်၊ နှာခေါင်းနှင့် မျက်နှာတစ်ဝိုက်တွင် အဖြစ်များသည်။ အနာမပေါက်မီ (၁-၂) ရက်အလိုတွင် ထိုနေရာတစ်ဝိုက်တွင် ယားယံခြင်း၊ ပူခြင်း၊ ထုံကျဉ်ခြင်းများ ခံစားရတတ်သည်။ ထို့နောက် အရည်ကြည်ဖုများထလာကာ နာကျင်မှုခံစားရသည်။ ထိုအရည်ကြည်ဖုများ ပေါင်းစုသွားပြီး ပေါက်ပြဲ၍ သားငံရည်များထွက်ကာ အနာများဖြစ်လာသည်။ တဖြည်းဖြည်းခြောက်သွားကာ အနာဖေးများ ဖြစ်ပေါ်လာသည်။ စုစုပေါင်း (၂)ပတ်ခန့်အကြာတွင် အမာရွတ်မထင်ဘဲ ပျောက်ကင်းလေ့ရှိသည်။
ကလေးငယ်များတွင် ပထမအကြိမ်ရောဂါဖြစ်ခြင်းသည် အပူနာ၊ လည်ပင်းနာခြင်းများနှင့် ဆင်တူသည်။ ပါးစပ်တစ်ဝိုက်၊ နှုတ်ခမ်းများတွင် အရည်ကြည်ဖုများ၊ အနာများပေါက်ခြင်း၊ သွားဖုံး၊ လျှာနှင့် အာခေါင်များ ရောင်ခြင်း၊ အနာများပေါက်ခြင်းများ တွေ့ရသည်။ ပထမအကြိမ် ရောဂါဖြစ်ခြင်းတွင် ဖျားခြင်း၊ နုံးခြင်း၊ အစားပျက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းရှိ ပြန်ရည်ကြောအကျိတ်များ ရောင်ခြင်းများ ရှိနိုင်သည်။
ရောဂါပြန်ကြွခြင်းဖြစ်လျှင် လက္ခဏာများမှာ ပြင်းထန်လေ့မရှိ။ ဝေဒနာခံစားရသော ကာလမှာလည်း ပိုမိုတိုတောင်းသည်။ ရောဂါပြန်ကြွစေသော အကြောင်းရင်းများမှာ
- ဖျားနာခြင်း
- စိတ်ဖိအားများခြင်း
- ဟော်မုန်းဓာတ်များပြောင်းလဲခြင်း (ဥပမာ – ရာသီလာခြင်း)
- ပင်ပန်းနွမ်းနယ်ခြင်း
- နေရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့ခြင်း
- ကိုယ်ခံအားစနစ် ပြောင်းလဲခြင်း
- အရေပြားထိခိုက်ခြင်း၊ ခွဲစိတ်မှုခံယူခြင်း တို့ဖြစ်သည်။
မျက်စိရေယုန်
မျက်စိရေယုန် ပိုးဝင်ခြင်းသည် အလွန်အရေးကြီးသော အခြေအနေဖြစ်သည်။ အမြင်အာရုံ ထိခိုက်ဆုံးရှုံးရသည်အထိ ပြင်းထန်နိုင်သည်။
- မျက်ခမ်းနှင့်မျက်စိ အနီးတစ်ဝိုက်တွင် အရည်ကြည်ဖုများ၊ အနာများရှိခြင်း
- မျက်စိနီခြင်း၊ မျက်စိနာခြင်း
- မျက်ရည်စီးကျခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း
- မျက်စိဝါးခြင်း၊ အမြင်မကြည်လင်ခြင်းများ ဖြစ်ပေါ်တတ်သည်။
လိင်အင်္ဂါရေယုန်
လိင်အင်္ဂါနှင့်စအိုဝအနီးတစ်ဝိုက်တွင် အလွန်နာကျင်သော အရည်ကြည်ဖုများနှင့် သားငံရည် စီးကျသော အနာများ ဖြစ်ပေါ်တတ်သည်။ ပထမအကြိမ်ဖြစ်လျှင် (၂)ပတ် မှ (၄)ပတ်ထိ ကြာတတ်၍ ရောဂါပြန်ကြွခြင်းဖြစ်လျှင် ရက်အနည်းငယ်သာ ကြာတတ်သည်။ ဆီးကျဥ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ မိန်းမကိုယ်မှ အရည်ဆင်းခြင်း၊ အကျိတ်ထွက်ခြင်း၊ ဖျားခြင်းများလည်း ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ရေယုန်ရောဂါသည် မူလအားဖြင့် ပြင်းထန်ခြင်းမရှိချေ၊ ရောဂါပြန်ကြွခြင်းသာ ဖြစ်တတ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားစနစ်ချို့ယွင်းနေသူများတွင် ပြင်းထန်သော နောက်ဆက်တွဲဝေဒနာများ ဖြစ်တတ်သည်။
- ပါးစပ်အနာများကြောင့် အစာ၊ ရေမဝင်သဖြင့် ရေဓာတ်ခန်းခြောက်ခြင်း
- လက်ချောင်းများအနာကူးကာ ပိုးဝင်ခြင်း
- နှင်းခူရှိသောသူတွင် ရေယုန်ပိုးကူးစက်ခံရလျှင် အရေပြားအနာများပြန့်ပွား၍ ပြင်းထန်သောရောဂါဖြစ်ခြင်း
- မျက်ကြည်လွှာ၊မြင်လွှာများပျက်စီးခြင်း၊ အမြင်အာရုံထိခိုက်ခြင်း
- အသက်ရှူလမ်းကြောင်း၊ အစာလမ်းကြောင်းများ ရောင်ရမ်းခြင်း၊ အဆုတ်ရောင်ခြင်း
- အသည်းရောင်ခြင်း
- ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း
- အာရုံကြောရောင်ခြင်း
- လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်သောရောဂါများ ဖြစ်ပွါးနိုင်ခြေ များစွာမြင့်တက်သွားစေခြင်းတို့ ဖြစ်သည်။
မွေးကင်းစကလေးများတွင် ရေယုန်ဖြစ်ပွါးလျှင် ပြင်းထန်သော နောက်ဆက်တွဲရောဂါလက္ခဏာများ (အထူးသဖြင့် ဦးနှောက်အမြှေးပါးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း)မှာ အလွန်ပြင်းထန်နိုင်သည်။ သို့ဖြစ်၍ ကိုယ်ဝန်ဆောင်မိခင်ရေယုန်ပေါက်လျှင်၊ ရေယုန်ဖြစ်သည်ဟု သံသယရှိသူတစ်ဦးနှင့် ထိတွေ့မှုရှိလျှင် (ဥပမာ_ကလေးကို နမ်းရှုံ့ခြင်း) များရှိလျှင် ဆရာဝန်နှင့် တိုင်ပင်ကုသမှု ခံယူသင့်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
- ရေယုန်ဟုမသေချာလျှင်
- ပါးစပ်ရေယုန်အနာများ အလွန်ပြင်းထန်လျှင်
- အစာနှင့် အရည်မဝင်လျှင်
- အနာများမပျောက်လျှင်
- မျက်စိရေယုန်ဟု သံသယရှိလျှင် (အမြန်ပြရန်)
- လိင်အင်္ဂါ ရေယုန်ဟု သံသယရှိလျှင်
- နောက်ဆက်တွဲပြဿနာများဖြစ်လာလျှင် မိသားစုဆရာဝန်နှင့် ပြသရမည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါ ရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါရာဇဝင်၊ အရေပြားလက္ခဏာနှင့် စမ်းသပ်စစ်ဆေးချက်များအပေါ် မူတည်၍ ရောဂါသတ်မှတ်လေ့ရှိသည်။ လိုအပ်ပါက အရည်ကြည်ဖု၊ အနာတို့မှ တို့ဖတ်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်း၊ သွေးစစ်ခြင်းများ ပြုလုပ်နိုင်သည်။
ကုသခြင်း
အများအားဖြင့် ရေယုန်ရောဂါ ကုသရာတွင် ရောဂါလက္ခဏာသက်သာစေရန်အတွက်
- အရည်များများသောက်ရန်
- လုံလောက်အောင် အနားယူရန်
- အနာအတွက် ပါရာစီတမောသောက်ရန်
- အနာများကို လက်နှင့်မထိစေရန်
- လက်ဆေးရန် လိုသည်။
ပါးစပ်အနာများရှိပါက - ပါးစပ်သန့်ဆေး၊ အနာသက်သာစေသော လိမ်းဆေးများသုံးနိုင်သည်
- ရေခဲ/အရည်အေးအေးများသောက်နိုင်သည်
- အပူ၊အစပ်၊အချဉ်များရှောင်သင့်သည်
လိင်အင်္ဂါရေယုန်များရှိပါက - ဆားရည်နွေးထိုင်ရန်
- မိမိနှင့်လိင်ဆက်ဆံသူကို အသိပေးရန်
- အကာအကွယ်(condom)သုံးရန်လိုသည်။
ရေယုန်ရောဂါပြန်ကြွစေမည့်အရာများ (ဥပမာ_နေရောင်ခြည်နှင့်ထိတွေ့ခြင်း) ရှောင်ကြဥ်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ ဗိုင်းရပ်စ်ပိုးသတ်ဆေး (လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေးများ)ကို လိုအပ်သလို ညွှန်ကြားမည်ဖြစ်သည်။
ကာကွယ်ခြင်း
ရေယုန်သည် အရေပြားလက္ခဏာများ မထွက်ပေါ်မီကပင် ကူးစက်ပြီးဖြစ်နိုင်သည်။ အရည်ကြည်ဖုများ ပေါက်ထွက်သောအချိန်သည် ရောဂါကူးစက်နိုင်ခြေ အမြင့်ဆုံးဖြစ်သည်။ အနာများအားလုံး ခြောက်သွားသည့်အချိန်အထိ အခြားသူတစ်ဦးကို ကူးစက်နိုင်သည်။ ထို့ကြောင့် ရောဂါကူးစက်မှုမှ ကာကွယ်ရန်
- ရောဂါရှိသူနှင့် အရေပြားတိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရန်
- အသုံးအဆောင်များ မျှဝေသုံးစွဲခြင်းမှ ရှောင်ရန်
- အနာဖုများကို ထိကိုင်ခြင်းမပြုရ
- ဆေးလိမ်းလျှင် အနာများပေါက်ပြဲခြင်း မရှိစေရန် ငြင်သာစွာ တို့ထိ၍လိမ်းရန်
- အနာများ ထိကိုင်မိပြီးတိုင်း လက်ဆေးရန်
- မျက်ကပ်မှန်သုံးလျှင် မျက်စိသို့ ပိုးကူးနိုင်ခြေများသောကြောင့် အထူးသတိပြုကိုင်တွယ်ရန်
- ပါးစပ်ရေယုန်နာများရှိနေလျှင် သွားနှင့်ခံတွင်းကုသခြင်းများကို တတ်နိုင်သမျှရှောင်ကြဉ်ရန် စသည်တို့ကို လုပ်ဆောင်သင့်သည်။
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.