Childhood tuberculosis (ကလေးတီဘီရောဂါ)

Childhood tuberculosis (ကလေးတီဘီရောဂါ)

တီဘီရောဂါသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ အပူပိုင်းနိုင်ငံများတွင်အဖြစ်များပြီး ကာကွယ်၍ရနိုင်သော၊ စောစီးစွာကုသလျှင် လုံးဝပျောက်ကင်းနိုင်သော၊ စောစီးစွာမကုသလျှင် နောက်ဆက်တွဲဆိုးကျိုးများစွာဖြစ်နိုင်သော ကူးစက်ရောဂါတစ်ခုဖြစ်သည်။

Childhood-TB IMG

ဖြစ်ပေါ်ရသောအကြောင်းရင်း

တီဘီရောဂါသည် ဘက်တီးရီးယားတစ်မျိုးဖြစ်သော Mycobacterium tuberculosis ကြောင့်ဖြစ်ပွားသည်။ တီဘီပိုးများသည် ရောဂါရှိနေသူတစ်ဦး ချောင်းဆိုးရာမှတဆင့် တစ်ဦးမှတစ်ဦးသို့ အဓိကကူးစက်ပြန့်ပွါးနိုင်သည်။ နှာချေခြင်း၊ နီးကပ်စွာစကားပြော၊ ရယ်မောခြင်း စသည်တို့မှတစ်ဆင့်လည်း ကူးစက်နိုင်သည်။ တစ်ကြိမ်တစ်ခါ ထိတွေ့ခြင်းဖြင့် ကူးစက်ခြင်းမရှိဘဲ ကာလကြာရှည်စွာ၊ အကြိမ်များစွာ ထိတွေ့မှသာ ကူးစက်ပြန့်ပွါးလေ့ရှိသည်။ သို့သော် အဝတ်အစား၊ အသုံးအဆောင်များနှင့်ထိတွေ့ခြင်းမှ မကူးစက်ပါ။

ရောဂါလက္ခဏာများ

တီဘီရောဂါသည် အဆုတ်တွင်အဓိကဖြစ်ပွားသော်လည်း အခြားနေရာများဖြစ်သော ပြန်ရည်ကျိတ်၊ ဦးနှောက်၊ ကျောက်ကပ်၊ အူ၊ အရိုးအဆစ်များတွင်လည်း ကူးစက်ပြန့်ပွါးနိုင်သည်။ ကလေးများတွင် ဖြစ်ပွားသော အဆုတ်တီဘီကို Primary complex ဟုခေါ်သည်။

တီဘီပိုးများသည် ကလေး၏ခန္ဓာကိုယ်ထဲ ကူးစက်ရောက်ရှိတိုင်းလည်း တီဘီရောဂါ ဖြစ်ပွားလေ့မရှိပါ။ အထူးသဖြင့် ဘီစီဂျီ တီဘီကာကွယ်ဆေး မထိုးထားသောကလေး၊ ကိုယ်ခံအားကျနေသောကလေးများ ဥပမာ -အိတ်ခ်ျအိုင်ဗွီ၊ ဆီးချိုရောဂါရှိသောကလေး၊ အာဟာရချို့တဲ့နေသောကလေး၊ ကိုယ်ခံအားကျစေသည့်ဆေးများ (ဥပမာ စတီးရွိုက်ဆေးများ) သောက်သုံးနေသောကလေးများတွင် ရောဂါလက္ခဏာပို၍ပြနိုင်သည်။ ရောဂါပို၍ ဆိုးနိုင်သည်။

ကလေးတီဘီရောဂါတွင် အတွေ့ရများသောလက္ခဏာများမှာ ရက်ရှည်ဖျားခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုနှေးခြင်း၊ ကိုယ်အလေးချိန်ကျလာခြင်း၊ ရက်ရှည်ချောင်းဆိုးရင်ကျပ်ခြင်း စသည်တို့ ဖြစ်သည်။ လည်ပင်းတွင် တီဘီကျိတ်များထွက်လာနိုင်သော်လည်း လည်ပင်းအကျိတ်တိုင်းသည် တီဘီကြောင့်မဟုတ်ပါ။ တီဘီအကျိတ်များသည် ပြွတ်သိပ် ကြပ်ခဲနေလေ့ရှိပြီး နာကျင်မှုမရှိပါ။


နောက်ဆက်တွဲပြဿနာများ

ဘီစီဂျီ တီဘီကာကွယ်ဆေးမထိုးထားသောကလေးများ၊ ကိုယ်ခံအားကျသောကလေးများ၊ အာဟာရချို့တဲ့သောကလေးများနှင့် ကုသမှုနောက်ကျသော ကလေးများတွင် နောက်ဆက်တွဲပြဿနာများကို ပိုမိုတွေ့ရှိရသည်။ ကလေးအသက်ငယ်လေ သွေးမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း ပျံ့နှုန်းပိုများလေဖြစ်ပြီး တီဘီ၏နောက်ဆက်တွဲရောဂါများ (ဥပမာ-ဦးနှောက်အမြှေးရောင်ရောဂါ) စသည်တို့ ပိုမိုဖြစ်ပွားနိုင်သည်။ တီဘီဦးနှောက်အမြှေးရောင်နှင့် နောက်ဆက်တွဲရောဂါများဖြစ်သော ဦးနှောက်တွင်းတီဘီကျိတ်များ၊ ဦးနှောက်တွင်းရေများစုလာခြင်း စသည်တို့သည် အတွေ့ရများပြီး တစ်သက်လုံးမသန်စွမ်းဖြစ်နိုင်သော အသက်အန္တရာယ်ရှိသည့် နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည်။ တီဘီဦးနှောက်အမြှေးရောင်ခြင်း၏ အဓိကလက္ခဏာများမှာ ရက်ရှည်ဖျား၍တက်ခြင်း၊ သတိလစ်ခြင်း၊ မှိန်းခြင်းစသည်တို့ဖြစ်သည်။ အခြားလက္ခဏာများဖြစ်သော ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ဇက်ခိုင်ခြင်းစသည်တို့လည်း တွေ့ရှိနိုင်သည်။ ကျောရိုး၊ အူ၊ ကျောက်ကပ်၊ အရိုးအဆစ်များတွင်လည်း တီဘီပိုးများပျံ့နှံ့ပြီး ရောဂါဖြစ်နိုင်သည်။


ရောဂါရှာဖွေခြင်း

တီဘီရောဂါကို သံသယရှိပါက သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အရေပြားတွင် တီဘီစမ်းသပ်ခြင်းစသည်တို့ ပြုလုပ်လေ့ရှိသည်။ ယခုအခါ ဆေးပညာ၏ ခေတ်မီတိုးတက်မှုများနှင့်အညီ တီဘီပိုး၏ဗီဇကို အခြေခံသော စမ်းသပ်မှုများ ပေါ်ပေါက်လာသော်လည်း နေရာတိုင်းတွင် လက်လှမ်းမီခြင်းမရှိသေးပါ။

အရေးကြီးသောအချက်မှာ ကလေးတစ်ယောက်တွင် တီဘီရောဂါ ရှိမရှိ၊ တီဘီဆေးနှင့် ကုသသင့်မသင့် ဆုံးဖြတ်ရာတွင် သွေး၊ ဓာတ်မှန်၊ အရေပြားစစ်ဆေးချက်များနှင့်အတူ ကလေး၏ ရောဂါရာဇဝင်နှင့် ကလေးတွင် တွေ့ရှိရသောလက္ခဏာများကိုပါ ထည့်သွင်းစဉ်းစားဆုံးဖြတ်ရသည်။ အဆုတ်ဓာတ်မှန်တွင် ကလေးအဆုတ်တီဘီ (Primary complex)ဟု အဖြေပေးထားသော်လည်း ကုသရန် လိုချင်မှလိုမည် ဖြစ်သည်။ တစ်ခါတစ်ရံ ကလေးအဆုတ်တီဘီသည် ဆေးကုသရန်မလိုဘဲ သူ့အလိုလိုပျောက်ကင်းတတ်ပြီး ယခင်ဖြစ်ခဲ့သည့် တီဘီလက္ခဏာကို ဓာတ်မှန်တွင် တွေ့ရှိခြင်းဖြစ်သည်။ အလားတူ သွေးအဖြေ၊ အရေပြားတီဘီစမ်းသပ်ချက်အဖြေများမှ တီဘီဟုအဖြေထွက်တိုင်းလည်း ကုသဖို့လိုချင်မှလိုမည်။

တီဘီရောဂါ၏ နောက်ဆက်တွဲပြဿနာများပေါ် မူတည်ပြီး အခြားစမ်းသပ်စစ်ဆေးမှုများကိုလည်း ပြုလုပ်ရနိုင်သည် (ဥပမာ ဦးနှောက်အမြှေးရောင်ရောဂါအတွက် ခါးရိုးကြားမှ စီအက်စ်အက်ဖ် (CSF) အရည်ကို စမ်းသပ်စစ်ဆေးခြင်း (Lumbar Puncture)၊ ဦးနှောက်ဓာတ်မှန်ရိုက်ခြင်း၊ တီဘီအကျိတ်များအတွက် အသားစယူ၍ စစ်ဆေးခြင်း စသည်တို့ဖြစ်သည်။


ကုသခြင်း

တီဘီရောဂါကုဆေးများသည် ထိရောက်သောဆေးများဖြစ်ပြီး သတ်မှတ်ထားသော ပမာဏအတိုင်းတိုက်ကျွေးလျှင် နောက်ဆက်တွဲပြဿနာများ မရှိသလောက်ဖြစ်သည်။ ဆေးသုံးမျိုး (သို့မဟုတ်) လေးမျိုးကို အနည်းဆုံး ခြောက်လမှစ၍ ဦးနှောက်တီဘီကဲ့သို့ ဆိုးဝါးသည့်တီဘီရောဂါတို့တွင် တစ်နှစ်ခန့်အထိတိုက်ကျွေးရသည်။ ရောဂါပျောက်ကင်းရေး၊ တီဘီပိုးများ ဆေးယဉ်ပါးမှုမရှိစေရေးတို့အတွက် သတ်မှတ်ပေးထားသော ဆေးပမာဏနှင့် ကာလအတိုင်း မိဘများဘက်မှ နေ့စဉ်ပုံမှန်တိုက်ကျွေးရန် အလွန်အရေးကြီးသည်။ တီဘီဆေးတိုက်ကျွေးနေစဉ် အထူးသဖြင့် စတင်တိုက်ကျွေးပြီးစ (၂)ပတ်ခန့်အတွင်းတွင် ဆေးမတည့်သောလက္ခဏာများ (ဥပမာ – အရေပြားတွင် အနီစက်၊ အနီကွက်များထွက်ခြင်းနှင့် အသားဝါ၊ မျက်လုံးဝါခြင်း)တို့ကို စောင့်ကြည့်သင့်ပြီး လိုအပ်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။


ကာကွယ်ခြင်း
  • တီဘီရောဂါကာကွယ်ဆေးဖြစ်သော ဘီစီဂျီကာကွယ်ဆေးကို သတ်မှတ်ထားသည့် ကာကွယ်ဆေးထိုး စီမံချက်အတိုင်း မဖြစ်မနေ ထိုးနှံသင့်သည်။
  • တီဘီရောဂါရှိသောလူကြီးများနှင့် အနီးကပ်နေထိုင်ခြင်းကိုရှောင်ကြဉ်ပါ။ ကလေးများတွင်ဖြစ်သည့် သာမန်တီဘီရောဂါသည် အခြားသူများသို့ ကူးစက်မှုမရှိပါ။
  • တီဘီရောဂါရှိသော လူကြီးများသည်လည်း နှာချေ ချောင်းဆိုးလျှင်၊ အနီးကပ် စကားပြောလျှင် လက်ကိုင်ပဝါနှင့် နှာခေါင်း ပါးစပ်တို့ကို အုပ်ထားသည့်အကျင့် သို့မဟုတ် နှာခေါင်းစည်း(facemask) တပ်သည့် အကျင့်ကို ပြုလုပ်ပေးပါ။
  • ကလေးများကို အာဟာရပြည့်ဝသော အစားအသောက်များ ကျွေးမွေးပါ။
  • အိမ် လေဝင်လေထွက် ကောင်းရန်လိုပြီး လူကြီးများသည်လည်း ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.