တီဘီဦးနှောက်အမြှေးရောင်ရောဂါ (TB meningitis – TBM) သည် တီဘီဘက်တီးရီးယားပိုး (Mycobacterium tuberculosis) ကြောင့် ဦးနှောက်ကို ဖုံးအုပ်ထားသော အမြှေးပါးများ (meninges) ရောင်ရမ်းခြင်းဖြစ်သည်။ တီဘီရောဂါ၏ အပြင်းထန်ဆုံး နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်။ ဤရောဂါသည် ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေပြီး အချိန်မီ မကုသပါက ဘဝတစ်လျှောက်လုံး မသန်စွမ်းခြင်း သို့မဟုတ် အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သည်။ ထို့ကြောင့် အချိန်မီရောဂါရှာဖွေကုသရန် အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
အဆုတ်တွင် တီဘီရောဂါပိုးကူးစက်ခံရပြီးနောက် ဦးနှောက်သို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။ တီဘီရောဂါကူးစက်ခံရသူများ၏ (၂) ရာခိုင်နှုန်းတွင် တီဘီ ဦးနှောက်အမြှေးရောင်ရောဂါ (TBM) ဖြစ်ပွါးနိုင်သည်။
ဦးနှောက်သို့ တီဘီပိုး ပျံ့နှံ့ပုံဖြစ်စဉ်မှာ_
- တီဘီပိုးစတင်ဝင်ရောက်ခြင်း
တီဘီဘက်တီးရီးယားပိုးများသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်သို့ စတင်ဝင်ရောက်သည်။ အဆုတ်တွင် Ghon’s focus ဟုခေါ်သော အဆုတ်တစ်ရှူးအတွင်း အလွန်သေးငယ်သော အဖုအကျိတ် ဖြစ်ပေါ်လာသည်။ - သွေးကြောမှတစ်ဆင့် ပျံ့နှံ့ပြီး ဦးနှောက်သို့ ရောက်ရှိခြင်း
ကိုယ်ခံအားစနစ်မှ ပိုးကို မထိန်းနိုင်ပါက ပိုးများသည် သွေးကြောမှတစ်ဆင့် ဦးနှောက်အပါအဝင် အခြားအင်္ဂါများသို့ ရောက်ရှိလာနိုင်သည်။ - ဦးနှောက်တွင် သေးငယ်သည့် အဖုအကျိတ်များ စတင်ဖြစ်ပေါ်ခြင်း
ဦးနှောက်နှင့် အမြှေးပါးတွင် Rich Focus ဟုခေါ်သော အလွန်သေးငယ်သည့် အဖုအကျိတ်များ စဖြစ်လာပြီး အချိန်ကာလကြာကြာ ငုပ်လျှိုးနေနိုင်သည်။ မျက်စိဖြင့်ကောင်းစွာမြင်ရသော ဦးနှောက်တွင်း တီဘီကျိတ်များ (Tuberculomas) လည်း ဖြစ်ပေါ်လာနိုင်သည်။ - ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း
ကိုယ်ခံအားကျဆင်းချိန်၊ တီဘီပိုးဝင်ရောက်မှု များပြားချိန်တို့တွင် တီဘီအကျိတ်ငယ် Rich focus များ ပေါက်ထွက်ပြီး ဦးနှောက်အတွင်းအပြင် စီးဆင်းနေသော CSF အရည်မှတစ်ဆင့် တီဘီပိုးများပျံ့နှံ့ပြီး CSF အရည်တွင် တီဘီပိုးများ ပွါးများလာသည်။ ရောင်ရမ်းမှုဖြစ်စေသော ဓာတ်ပစ္စည်းများထွက်လာကာ ဦးနှောက်အမြှေးပါးရောင်လာသည်။ နီးစပ်ရာဦးနှောက်အစိတ်အပိုင်းများ ရောင်ရမ်းလာခြင်းတို့ကြောင့် ဦးနှောက်အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာသည်။
တီဘီဦးနှောက်အမြှေးရောင်ရောဂါ (TBM) အဖြစ်များသည့် အုပ်စုများမှာ_
- ကလေးငယ်များ (အထူးသဖြင့် ၅ နှစ်အောက်) နှင့် သက်ကြီးရွယ်အိုများ – ကိုယ်ခံအားစနစ် မဖွံ့ဖြိုးသေးခြင်း၊ ကျဆင်းလာခြင်း စသည်တို့ကြောင့်ဖြစ်သည်
- တီဘီကာကွယ်ဆေး (ဘီစီဂျီ) ထိုးမထားသော ကလေးများ
- HIV/AIDS လူနာများ – ကိုယ်ခံအားကျဆင်းမှုကြောင့် ရောဂါပိုးဝင်လွယ်သည်
- အခြားအကြောင်းရင်းများကြောင့် ကိုယ်ခံအားကျဆင်းနေသူများ (ဥပမာ _ ကင်ဆာဆေးသွင်းနေသူများ၊ ကိုယ်တွင်းအင်္ဂါအစားထိုးထားသူများ၊ စတီးရွိုက်ဆေးသောက်နေရသူများ၊ အာဟာရချို့တဲ့သူများ၊ ဆီးချိုရောဂါရှိသူများ)
- မကုသရသေးသော အဆုတ်တီဘီရောဂါရှိသူများ – သွေးကြောမှတစ်ဆင့် ဦးနှောက်သို့ ပျံ့နှံ့နိုင်ခြေမြင့်သည်
- လူအများအပြား စုပေါင်းနေထိုင်ရသူများ – ထောင်များ၊ ဒုက္ခသည်စခန်းများ၊ မိဘမဲ့ဂေဟာများကဲ့သို့နေရာများတွင် တီဘီပိုးကူးစက်နှုန်း မြင့်မားသည်
- အရက်အလွန်အကျွံသောက်သူနှင့် မူးယစ်ဆေးထိုးသူများ – ကျန်းမာရေးချို့ယွင်းမှုနှင့် တီဘီပိုးကူးစက်နှုန်းမြင့်သည်
ဤအုပ်စုဝင်များအနေဖြင့် တီဘီရောဂါကို အချိန်မီရှာဖွေကုသမှု ခံယူသင့်သည်။ ကလေးငယ်များကိုလည်း BCG ကာကွယ်ဆေး အချိန်မီထိုးပေးထားရန်လည်း အထူးအရေးကြီးသည်။
ရောဂါလက္ခဏာများ
တီဘီဦးနှောက်အမြှေးရောင်လက္ခဏာများသည် ရက်သတ္တပတ်အနည်းငယ်အတွင်း တဖြည်းဖြည်း ပေါ်လာနိုင်သည်။ အစောပိုင်းလက္ခဏာများမှာ_
- အဖျားငွေ့ငွေ့တက်ခြင်း
- ခေါင်းကိုက်ခြင်း
- အန်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ကလေးငယ်များအနေဖြင့် စားချင်၊ ကစားချင်စိတ်မရှိဘဲ တစ်ယောက်တည်း နေချင်လာခြင်း၊ ကျောင်းသင်ခန်းစာများတွင် စိတ်ဝင်စားမှုလျော့ကျလာခြင်း စသည်တို့ဖြစ်သည်။
အခြားတီဘီလက္ခဏာများဖြစ်သည့် ရက်ရှည်ဖျားခြင်း၊ အစားအသောက် ပျက်ခြင်း၊ ခန္ဓာကိုယ် ကြီးထွားမှုနှေးခြင်း၊ ကိုယ်အလေးချိန် ကျလာခြင်း၊ ရက်ရှည် ချောင်းဆိုးရင်ကျပ်ခြင်း၊ လည်ပင်းတွင် တီဘီကျိတ်များထွက်ခြင်း စသည်တို့နှင့်လည်း တွဲ၍တွေ့နိုင်သည်။
ရောဂါအခြေအနေ ပြင်းထန်လာပါက အောက်ပါလက္ခဏာများ တွေ့ရှိရသည်။
- လည်ပင်းတောင့်ခြင်း
- သတိလစ်ခြင်း
- တက်ခြင်း
- မျက်နှာပိုင်းဆိုင်ရာ အာရုံကြောများ ထိခိုက်သဖြင့် ပါးတစ်ခြမ်းရွဲ့ခြင်း၊ စကားပြောရာတွင် ခက်ခဲခြင်းနှင့် အစာမျိုရခက်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
တီဘီဦးနှောက်အမြှေးရောင်ရောဂါ (TBM) ဖြစ်သူများ၏ (၂၀) ရာခိုင်နှုန်းတွင် ပြင်းထန်ဆိုးဝါးသော ရာသက်ပန် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခံစားရနိုင်ပြီး၊ (၁၅ – ၃၀) ရာခိုင်နှုန်းသည် ဆေးဝါးကုသမှု ရရှိသည့်တိုင် အသက်ဆုံးရှုံးနိုင်ခြေရှိသည်။
လတ်တလောပြဿနာများအနေဖြင့်_
- သွေးကြောရောင်ခြင်း (Vasculitis) ကြောင့် ဦးနှောက်သွေးကြောပိတ် လေဖြတ်ခြင်း
- ဦးနှောက်အခန်းငယ်များအတွင်း CSF အရည်များစု၍ ကျယ်လာခြင်း (Hydrocephalus)
- ဦးနှောက်တွင်း တီဘီကျိတ်ကြီးများ (Tuberculomas) ဖြစ်လာခြင်း
- ဦးနှောက်အတွင်း ဖိအားများလာခြင်းကြောင့် တက်ခြင်း၊ သတိလစ်ခြင်း၊ အသက်အန္တရာယ်ရှိနိုင်ခြင်း စသည်တို့ဖြစ်ပေါ်နိုင်သည်။
အသက်ရှင်သွားသည့်တိုင်အောင် အောက်ပါနောက်ဆက်တွဲပြဿနာများ ဆက်လက်တွေ့ရှိရနိုင်သည်။
- ခြေလက်များ မသန်စွမ်းဖြစ်ခြင်း
- အမြင်အာရုံနှင့် အကြားအာရုံ ဆုံးရှုံးခြင်း
- အတက်ရောဂါဆက်ရှိနေခြင်း
- ဉာဏ်ရည်ထိခိုက်ခြင်း
- ဦးနှောက်အခန်းငယ်များအတွင်း CSF အရည်များစု၍ ကျယ်လာခြင်း (Hydrocephalus) ကို လျှော့ချရန် VP shunt ပိုက်ထည့်ခွဲစိတ်ကုသပြီးနောက် အချို့တွင် ခွဲစိတ်မှု၏ နောက်ဆက်တွဲပြဿနာများ ခံစားရခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ဦးနှောက်အမြှေးရောင်ရောဂါ လက္ခဏာများရှိပါက အရေးပေါ် အခြေအနေ ဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်သောကြောင့် ဆေးရုံအရေးပေါ် ဌာနများသို့ အချိန်မီ ပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီး တီဘီဦးနှောက်အမြှေးရောင်ရောဂါကို သံသယရှိပါက လိုအပ်သော စမ်းသပ်မှုများကို အောက်ပါအတိုင်း ပြုလုပ်နိုင်သည်။
- ဓာတ်ခွဲစစ်ဆေးမှုများ
- ခါးဆစ်ကြားမှ CSF အရည်စစ်ခြင်း
- သွေးစစ်ခြင်း (CBC, ESR, CRP)
- ပုံရိပ်ဖော်စစ်ဆေးမှုများ
- ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) – ဦးနှောက်အောက်ခြေ အမြှေးပါးရောင်ရမ်းမှု၊ ဦးနှောက်အတွင်း CSF အရည်များခြင်း၊ သွေးကြောပိတ်ခြင်း၊ တီဘီအကျိတ်များ စသည်တို့ကို တွေ့နိုင်သည်
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X-ray) – အဆုတ်တီဘီကိုသိနိုင်သည်။
- တီဘီပိုးအတွက် သီးသန့်စစ်ဆေးခြင်းများ
- အရေပြား၌ တီဘီစစ်ဆေးခြင်း (Tuberculin skin test)
- တီဘီပိုးမော်လီကျူးနှင့် DNA စစ်ဆေးခြင်း (GeneXpert, PCR)
ကုသခြင်း
တီဘီဦးနှောက်အမြှေးရောင်ရောဂါသည် အသက်အန္တရာယ်ရှိသော်လည်း စောစီးစွာစနစ်တကျကုသပါက ပြန်လည်ကောင်းမွန်နိုင်သည်။
- တီဘီဆေးဝါးများဖြင့် ကုသခြင်း (Antituberculous Therapy)
- ပြင်းထန်ကုသမှုအဆင့် _ ပထမ (၂) လ [Isoniazid (INH), Rifampicin (RIF), Pyrazinamide (PZA), Ethambutol (EMB) ဆေး (၄) မျိုးပေါင်းကို သောက်ရန်လိုသည်]
- ဆက်လက်ကုသမှုအဆင့် _ နောက်ထပ် (၁၀) လ [INH, RIF ဆေးနှစ်မျိုးပေါင်းဖြင့် စုစုပေါင်း (၁၂) လ သောက်ရန်လိုအပ်သည်]
- ဆေးမှန်မှန်သောက်ရန် (ဆေးယဉ်ပါးမှု ကာကွယ်ရန်) နှင့် ဘေးထွက်ဆိုးကျိုးများ (ဥပမာ – အသည်းထိခိုက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း) ကို စောင့်ကြည့်ရန် အရေးကြီးသည်
- စတီးရွိုက်ဆေးများ ဖြည့်စွက်အသုံးပြုခြင်း
- Dexamethasone or Prednisolone ကဲ့သို့ စတီးရွိုက်ဆေးများကို (၄-၆) ပတ်ခန့်ပေး၍ ရောင်ရမ်းမှုနှင့် အာရုံကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာများ လျော့ကျစေရန် ကုသသည်
- အခြားကုထုံးများ
- ဦးနှောက်အတွင်း ဖိအားမြင့်တက်ခြင်းကို ကုသခြင်း – Mannitol, Hypertonic saline စသည့်ဆေးဝါးများဖြင့် ကုသခြင်း၊ CSF အရည်အနည်းငယ်ကို ပြင်ပသို့ ပိုက်ဖြင့်ထုတ်၍ကုသခြင်း [External Ventricular Drain (EVD)]
- Aspirin ဆေးဖြင့် ဦးနှောက်သွေးကြောပိတ်လေဖြတ်နှုန်း လျော့ကျရန်ကုသခြင်း
- အတက်ကျဆေးများဖြင့် ကုသခြင်း
- အာဟာရဖြည့်တင်းပေးခြင်း
- သတိလစ်နေသောလူနာဖြစ်လျှင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ အစားအသောက်၊ လေ့ကျင့်ခန်းစသည့် အထွေထွေပြုစုစောင့်ရှောက်မှုများပေးခြင်း
- CSF အရည်ပမာဏ အလွန်များလာပါက ဦးခေါင်းခွံကို ခွဲစိတ်၍ ပိုက်ထည့်ကုသခြင်း (Ventriculoperitoneal shunt- VP Shunt)
- ထိုပိုက်မှတစ်ဆင့် CSF အရည်များကို ခန္ဓာကိုယ်အတွင်းတစ်နေရာသို့ စီးဆင်းစေခြင်းဖြင့် ကုသနိုင်သည်၊ များသောအားဖြင့် ဝမ်းဗိုက်ခေါင်းအတွင်းသို့ စီးဆင်းစေသောပိုက် (VP Shunt) ကို ပြုလုပ်လေ့ရှိသည်
- ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ၊ နေ့စဉ်လှုပ်ရှားမှု စွမ်းရည်ကုထုံးများ (Physiotherapy, Occupational therapy, Counselling) ဖြင့် ကုသခြင်း
ကာကွယ်ခြင်း
- BCG ကာကွယ်ဆေးထိုးပါ – မွေးကင်းစကလေးများအား BCG ကာကွယ်ဆေး အချိန်မီထိုးပေးပါ၊ ဤဆေးသည် တီဘီဦးနှောက်အမြှေးရောင်ကို ၇၅% အထိ ကာကွယ်နိုင်သည်
- တီဘီရောဂါကို အချိန်မီကုသပါ – တီဘီပိုးရှိသူများသည် တီဘီဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ
- လူနေမှုပုံစံပြောင်းလဲခြင်း
- အာဟာရပြည့်ဝသောအစားအစာများ (အထူးသဖြင့် ပရိုတင်းဓာတ်) စားပါ
- အိမ်တွင်လေဝင်လေထွက်ကောင်းအောင်နေပါ
- ဆေးလိပ်ဖြတ်ပါ
- ကူးစက်မှုကာကွယ်ခြင်း
- တီဘီလူနာနှင့် နီးနီးကပ်ကပ်နေပါက နှာခေါင်းစည်းတပ်ပါ
- လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးပါ
- တီဘီလူနာ ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ်ကို လက်ကိုင်ပဝါဖြင့် အုပ်ပါ
- အထူးသတိပြု စောင့်ကြည့်ကုသရမည့်သူများ
- HIV/AIDS ရောဂါရှိသူများ
- ဆီးချိုရောဂါရှိသူများ
- ကိုယ်ခံအားကျဆေးများ (ဥပမာ – စတီးရွိုက်ဆေးများကို ကာလကြာမြင့်စွာ သောက်နေရသူများ)
- အသက် (၅) နှစ်အောက်ကလေးများ
References:
- World Health Organization. (2022). WHO consolidated guidelines on tuberculosis: Module 5: Management of tuberculosis in children and adolescents. https://iris.who.int/handle/10665/352522
- Centers for Disease Control and Prevention. (n.d.). Tuberculosis (TB). Retrieved April 15, 2026, from https://www.cdc.gov/tb/default.htm
- Meningitis Now. (n.d.). TB meningitis. Retrieved April 15, 2026, from https://www.meningitisnow.org/meningitis-explained/types-of-meningitis/tb-meningitis/
- Meningitis Research Foundation. (n.d.). Tuberculosis (TB) meningitis. Retrieved April 15, 2026, from https://www.meningitis.org/meningitis/types-causes/tuberculosis-tb-meningitis
Published: 23 April 2025
Last updated: 8 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.