Common cold and influenza in children (ကလေးများတွင် ဖြစ်ပွါးသော အအေးမိခြင်းနှင့် ရာသီတုပ်ကွေး)

Common cold and influenza in children (ကလေးများတွင် ဖြစ်ပွါးသော အအေးမိခြင်းနှင့် ရာသီတုပ်ကွေး)

အအေးမိခြင်းသည် အသက်အရွယ်မရွေးအဖြစ်များသော အသက်ရှူလမ်းကြောင်းရောဂါတစ်ခု ဖြစ်သည်။ လူကြီးတစ်ဦးသည် တစ်နှစ်လျှင် အအေးမိခြင်း (၂)ကြိမ် မှ (၄)ကြိမ်ခန့် ဖြစ်နိုင်သည်။ ကလေးငယ်များသည် [အထူးသဖြင့် အသက် (၂) နှစ်အောက်အရွယ်တွင်] တစ်နှစ်လျှင် (၆)ကြိမ် မှ (၈)ကြိမ်အထိ အအေးမိခြင်းဖြစ်နိုင်သည်။

အလားတူပင် ရာသီတုပ်ကွေး (တုပ်ကွေးမိခြင်း) သည်လည်း ကမ္ဘာတစ်ဝန်း ကပ်ရောဂါအသွင် ဖြစ်ပွါးခဲ့ဖူးပြီး၊ ဒေသအလိုက်လည်း နှစ်စဉ် အစုလိုက်အပြုံလိုက် ကူးစက်ဖြစ်ပွါးလေ့ရှိသည့် ကူးစက်မြန် အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်းတစ်မျိုးဖြစ်သည်။

အဆိုပါ အအေးမိခြင်းနှင့် ရာသီတုပ်ကွေး နှစ်မျိုးလုံးသည် အလွန်အဖြစ်များသော်လည်း အများအားဖြင့် ပြင်းထန်မှုမရှိဘဲ အချိန်တိုအတွင်း သက်သာပျောက်ကင်းလေ့ရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အအေးမိခြင်းနှင့် ရာသီတုပ်ကွေး နှစ်မျိုးလုံးသည် ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းကြောင့် ဖြစ်ပွါးသည်။ အအေးမိခြင်းကို ဖြစ်ပေါ်စေသော ဗိုင်းရပ်စ်ပိုး (Common cold viruses) အမျိုးအစားများစွာရှိသည်။ ၎င်းတို့အနက် Rhino virus ပိုးကြောင့် ဖြစ်ပွါးမှုကို အများဆုံးတွေ့ရှိရသည်။

ရာသီတုပ်ကွေးမိခြင်းသည် ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုး Influenza virus ကူးစက်မှုကြောင့် ဖြစ်ပွါးပြီး အဓိကအားဖြင့် Influenza type A နှင့် Influenza type B တို့ကို အများဆုံး တွေ့ရှိရသည်။ ကလေးငယ်များတွင် Influenza type C ကြောင့်လည်း ဖြစ်ပွါးနိုင်သည်။ ဗိုင်းရပ်စ်ပိုး၏ ဝိသေသလက္ခဏာများအပေါ် မူတည်၍ ရာသီတုပ်ကွေးဗိုင်းရပ်စ်ပိုး မျိုးကွဲများစွာရှိသည်။

ရောဂါကူးစက်ပုံ

အအေးမိခြင်းနှင့် ရာသီတုပ်ကွေးများ၏ ကူးစက်မှုသည် ရောဂါပိုးရှိသူတစ်ဦးထံမှ ရောဂါဖြစ်ပွါးစေနိုင်သော ဗိုင်းရပ်စ်ပိုးများ လွှင့်ထုတ်နိုင်မှု (Viral shedding) အပေါ် မူတည်သည်။ ဖြစ်ပွါးစေသည့် ဗိုင်းရပ်စ်ပိုးအမျိုးအစားအ‌ပေါ်မူတည်၍ ရောဂါကူးစက်နိုင်စွမ်းနှင့် ကူးစက်နိုင်သည့်ကာလများ ကွဲပြားသည်။ အကြမ်းအားဖြင့် လက္ခဏာများမပေါ်မီ (၄၈) နာရီမှ လက္ခဏာစတင်ပြီး (၇၂) နာရီအတွင်း ကူးစက်နိုင်စွမ်း အမြင့်ဆုံးဖြစ်သည်။ ရောဂါခံစားရပြီး (၅) ရက် မှ (၂) ပတ်အထိ ဗိုင်းရပ်စ်ပိုးများ ဆက်လက်လွှင့်ထုတ်နိုင်ခြေရှိသည်။

ဗိုင်းရပ်စ်ပိုးများသည်

  • လူတစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ထိတွေ့ခြင်း
  • အသက်ရှူလမ်းကြောင်းမှထွက်သော အမှုန်အမွှားများနှင့် ထိတွေ့ခြင်း
  • ဗိုင်းရပ်စ်ပိုးကပ်ငြိနေသော ပစ္စည်းများနှင့် ထိတွေ့ခြင်းများ
  • အဓိကအားဖြင့် အဆိုပါဗိုင်းရပ်စ်ပိုးများကို လက်နှင့်ထိတွေ့ပြီး နှာခေါင်း၊ မျက်လုံး၊ ပါးစပ်များကို ထိကိုင်ခြင်းဖြင့် အများဆုံးကူးစက်စေသည်။

အအေးမိခြင်းနှင့် ရာသီတုပ်ကွေးသည် တစ်နှစ်ပတ်လုံးဖြစ်ပွါးနိုင်သော်လည်း နေရာဒေသအပေါ် မူတည်၍ ရာသီချိန်အလိုက် အစုအပြုံလိုက် ဖြစ်ပွါးနိုင်သည်။ ထိုသို့ဖြစ်ပွါးရာတွင် ကလေးငယ်များ (အထူးသဖြင့် ကျောင်းနေအရွယ် ကလေးငယ်များ) သည် ကလေးအချင်းချင်း ကူးစက်ရာမှ ပထမဦးဆုံးတုပ်ကွေးမိပြီးနောက် မိသားစုအတွင်း ရောဂါပိုး ဆက်လက်ဖြန့်ဖြူးနိုင်သည်။

ရောဂါလက္ခဏာများ

အအေးမိခြင်းနှင့် ရာသီတုပ်ကွေးတို့၏ လက္ခဏာအများစုသည် တူညီကြသည်။ အအေးမိခြင်းတွင် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း လက္ခဏာများသာ အများဆုံးတွေ့ရသည်။ ရာသီတုပ်ကွေးနှင့် နှိုင်းယှဥ်လျှင် ရောဂါဖြစ်ပွါးပုံနှေး၍ ပြင်းထန်မှုနည်းသည်။ ကလေးအသက်ကိုလိုက်၍ ခံစားရသော ရောဂါလက္ခဏာများ ကွာခြားနိုင်သည်။

  • ငွေ့ငွေ့ဖျားခြင်း
  • နှာစေး၊ နှာခေါင်းပိတ်ခြင်း
  • နှာချေခြင်း၊ နှာရည်ယိုခြင်း
  • လည်ပင်းစပ်ခြင်း၊ နာခြင်း
  • ချောင်းဆိုးခြင်း
  • အသံဝင်ခြင်း စသည်တို့ ခံစားရတတ်သည်။

ထို့အပြင် လည်ပင်းအကျိတ်ကြီးခြင်း၊ မျက်စိနီခြင်း၊ မအီမသာဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ မအိပ်နိုင်ခြင်းများလည်း ဖြစ်ပွါးနိုင်သည်။ တစ်ခါတစ်ရံတွင် နှာရည်အကြည်ရောင်ထွက်ရာမှ အဝါရောင်၊ အစိမ်းရောင်များအဖြစ် ကူးပြောင်းနိုင်သည်။ ဤသို့ အရောင်ပြောင်းခြင်းသည် ရောဂါပိုးများကို တိုက်ဖျက်သော ကိုယ်ခံအားဆဲလ်များ၏ တုံ့ပြန်မှုကြောင့်သာဖြစ်၍ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်သည်ဟု တစ်ထစ်ချယူဆ၍မရချေ။

ရာသီတုပ်ကွေးရောဂါ၏ အဓိကလက္ခဏာများမှာ အချိန်တိုအတွင်း

  • အဖျားတက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်လက်နာကျင်ကိုက်ခဲခြင်း
  • နုံးနယ်ခြင်းများ
  • အသက်ရှူလမ်းကြောင်းလက္ခဏာများဖြစ်သော နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာခြင်း စသည်တို့ဖြစ်သည်။

ကလေးများတွင် ရာသီတုပ်ကွေး၏ ရောဂါလက္ခဏာများသည် ကလေးအသက်နှင့် ယခင်ဖြစ်ပွါးခဲ့ဖူးခြင်း ရှိမရှိအပေါ် မူတည်၍ ပြောင်းလဲနိုင်သည်။ အလွန်ငယ်သော ကလေးများတွင် အသက်ရှူလမ်းကြောင်းလက္ခဏာများ မ‌ပေါ်လွင်ဘဲ အဖျားအလွန်ကြီးခြင်း၊ ချမ်းတုန်၍ ဖျားခြင်း၊ ကိုယ်ပူကြီး၍တက်ခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ မျက်စိနီခြင်း၊ မျက်စိနာခြင်း၊ နားကိုက်ခြင်း၊ လည်ပင်းအကျိတ်ကြီးခြင်း၊ ပါးချိတ်ရောင်ခြင်းများ ခံစားရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

အအေးမိခြင်းနှင့် ရာသီတုပ်ကွေးဖြစ်ပွါးခြင်းများသည် အများအားဖြင့် ပြင်းထန်ခြင်းမရှိဘဲ (၅)ရက် မှ (၁၀)ရက်အကြာတွင် သက်သာပျောက်ကင်းလေ့ရှိသည်။ သို့သော် တစ်ခါတစ်ရံတွင် ရောဂါပြင်းထန်ခြင်း၊ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးခြင်းများ တွေ့ရှိရသည်။ အထူးသဖြင့် ရာသီတုပ်ကွေးဖြစ်ပွါးသူများတွင် ပိုမိုတွေ့ရှိရသည်။ အအေးမိခြင်းဖြစ်ပွါးသူများတွင် နောက်ဆက်တွဲအနေဖြင့် ထိပ်ကပ်နာဖြစ်ခြင်း (Sinusitis)၊ နားကိုက်ခြင်း၊ နားပြည်ယိုခြင်း၊ ချောင်းဆိုးခြင်းများ ကျန်ရစ်နိုင်သည်။

ရာသီတုပ်ကွေးတွင် ဖြစ်ပွါးနိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • တုပ်ကွေးနောက်ဆက်တွဲ အဆုတ်ပိုးဝင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ်ခဲခြင်း
  • နားကိုက်ခြင်း၊ အတွင်းနားရောင်ခြင်း
  • ပန်းနာရင်ကျပ်ကဲ့သို့ နောက်ခံအဆုတ်ရောဂါများ ပြန်ကြွခြင်း
  • အဆုတ်လုပ်ငန်းများ ပျက်စီးခြင်း
  • နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်ခြင်း (အဖျားကျပြီး တစ်ပတ်၊ နှစ်ပတ်အတွင်း ပြန်၍ဖျားခြင်း၊ နေမကောင်းဖြစ်ခြင်း)
  • အပူကြီး၍ တက်ခြင်း
  • ဦးနှောက်အာရုံကြောများ ရောင်ခြင်း
  • ပုံမမှန် ခြေလက်လှုပ်ရှားမှုများဖြစ်ခြင်း
  • ကြွက်သားများရောင်ခြင်း၊ ကြွက်သားများ ပျက်စီးခြင်း
  • နှလုံးကြွက်သားနှင့် နှလုံးအမြှေးပါးရောင်ခြင်းအပြင်
  • ရာသီတုပ်ကွေးဖြစ်သော ကလေးများတွင် Aspirin အကိုက်အခဲပျောက်ဆေးများတိုက်မိပါက ဦးနှောက်နှင့်အသည်းကို ထိခိုက်ပျက်စီးနိုင်သော ရှားပါးသည့် Reye syndrome ဖြစ်ပွါးခြင်း စသည်တို့ဖြစ်သည်။

အောက်ပါကလေးငယ်များတွင် ရာသီတုပ်ကွေး၏ ပြင်းထန်သော လက္ခဏာများနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေ ပိုများသည်။

  • အသက် (၅) နှစ်အောက်ကလေးငယ်များ [အထူးသဖြင့် အသက် (၂) နှစ်အောက်]
  • နှလုံးနှင့်အဆုတ်တွင် ရောဂါအခြေအနေတစ်ခုခုရှိသူများ (ဥပမာ_မွေးရာပါ နှလုံးရောဂါပန်းနာရင်ကျပ်ရောဂါ စသည်)
  • ဦးနှောက်အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါအခြေအနေ တစ်ခုခုရှိသူများ [ဥပမာ_စီပီရောဂါ (Cerebral palsy)၊ ဒူးရှန်းကြွက်သားရောဂါ (Duchenne muscular dystrophy)]
  • မွေးရာပါ ကိုယ်ခံအားစနစ် အားနည်းချို့ယွင်းသည့်ရောဂါများ
  • ကိုယ်ခံအားစနစ်ကို ချို့ယွင်းစေသော အခံရောဂါရှိသူများ (ဥပမာ – HIV ပိုးရှိသူများ၊ ကင်ဆာရှိသူများ)
  • အကြောင်းတစ်ခုခုကြောင့် ကိုယ်ခံအားစနစ် အားနည်းနေသူများ (ဥပမာ_ကင်ဆာကုသမှုခံယူနေရသူများ၊ စတီးရွိုက်ဆေး ရေရှည်သောက်နေသူများ)
  • ဆီးချိုရောဂါကဲ့သို့ ခန္ဓာကိုယ်ဇီဝစနစ် ချို့ယွင်းနေသူ၊ ကိုယ်တွင်းအင်္ဂါတစ်ခုခုတွင် ရောဂါရှိသူများ
  • အဝလွန်သော ကလေးငယ်များ
ဆေးရုံ၊ ဆေးခန်းပြသရန်

အအေးမိခြင်းနှင့် ရာသီတုပ်ကွေး ဖြစ်ပွါးသူအများစုသည် အိမ်တွင်အနားယူခြင်း၊ အိမ်သုံးဆေးများဖြင့် ကုသ၍ သက်သာပျောက်ကင်းနိုင်သည်။ အောက်ပါအခြေအနေများရှိလာလျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

  • အသက်ရှူကျပ်ခြင်း၊ မောခြင်း၊ ပြာခြင်း
  • လည်ပင်းအလွန်နာခြင်း၊ အစာမဝင်ခြင်း
  • ကိုယ်ပူကြီးခြင်၊ (၃) ရက်ကျော်သည်အထိ အဖျားမကျခြင်း
  • ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာခြင်း
  • ရောဂါသက်သာပြီးမှ ပြန်ဖျားလာခြင်း

မိသားစုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများဖြင့် ရောဂါ ရှာဖွေပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်သည် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

အများအားဖြင့် အအေးမိခြင်းနှင့် ရာသီတုပ်ကွေးဖြစ်ခြင်းကို လူနာ၏ ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများဖြင့်သာ ‌ရောဂါသတ်မှတ်လေ့ရှိသည်။ ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ပြုလုပ်ရန် မလိုအပ်ပါ။

သို့သော် ရောဂါအလွန်ပြင်းထန်ခြင်း၊ ပြင်းထန်သော အခံရောဂါရှိခြင်း၊ ကပ်ရောဂါအသွင် ဖြစ်ပွါးခြင်းများဖြစ်လျှင် နှာခေါင်းအာခေါင်တို့ဖတ်ယူခြင်း၊ အချွဲစုပ်ယူခြင်းဖြင့် ဗိုင်းရပ်စ်ပိုးရှာဖွေခြင်း၊ ရောဂါပိုး၏ ဝိသေသလက္ခဏာများနှင့် မျိုးဗီဇများကို အခြေခံ၍ ပိုးအမျိုးအစားခွဲခြားခြင်းများ ပြုလုပ်ရနိုင်သည်။ သွေးစစ်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းများ လိုအပ်နိုင်သည်။

ကုသခြင်း

အအေးမိခြင်းနှင့် ရာသီတုပ်ကွေးသည် သီးခြားကုသမှုခံယူရန် မလိုအပ်ပါ။ အများအားဖြင့် (၅)ရက် မှ (၁၀)ရက်အကြာတွင် သက်သာပျောက်ကင်းနိုင်သည်။ ကလေးငယ်များတွင် ရောဂါဖြစ်ပွါးချိန် ပိုမိုကြာမြင့်နိုင်သည်။ ခံစားနေရသောဝေဒနာများ သက်သာစေရန် ပြုစုကုသမှုသာ အဓိကအားဖြင့် လိုအပ်သည်။

  • လုံလောက်အောင် အနားယူရန်၊ အိပ်ရေးဝအောင် အိပ်ရန်
  • ရေဓာတ်ဖြည့်တင်းရန်၊ အရည်များများ သောက်ရန်
  • လည်ပင်းနာသက်သာစေရန်အတွက် အရည်နွေးနွေးများ မကြာခဏသောက်ပေးရန်
  • ပါရာစီတမော၊ ချောင်းဆိုးနှာစေးပျောက်ဆေး အသက်အလိုက် တိုက်ကျွေးနိုင်သည်
  • နှာခေါင်းပိတ်နေသော ကလေးငယ်များတွင် နှာခေါင်းသန့်ဆားရည်သုံးစွဲခြင်း၊ ချွဲစုပ်ဘောလုံးဖြင့် စုပ်ပေးခြင်းများ ပြုလုပ်ပေးနိုင်သည်
  • Aspirin အကိုက်အခဲပျောက်ဆေးများ မသောက်သုံးရပါ

ရာသီတုပ်ကွေးရောဂါကို ဗိုင်းရပ်စ်ပိုးသတ်ဆေးများဖြင့် လိုအပ်လျှင် ကုသမှုပေးလေ့ရှိသည်။ အဆုတ်ထိခိုက်မှု ပြင်းထန်ခြင်း၊ ဦးနှောက်၊ နှလုံး‌‌ရောင်ခြင်း၊ ပြင်းထန်သည့် အခံ‌ရောဂါများရှိခြင်း စသည့် အခြေအနေများတွင် အသုံးပြုလေ့ရှိသည်။ တုပ်ကွေး ကြာမြင့်ချိန်နှင့် ပြင်းထန်သော ရောဂါလက္ခဏာများ ဖြစ်ပွါးမှုကို လျော့ချပေးခြင်းစသည့် အာနိသင်များရှိသည်။ သက်ဆိုင်ရာဆရာဝန်က ညွှန်ကြားမှသာ တိုက်ကျွေးရမည်။

ကာကွယ်ခြင်း

အအေးမိခြင်းနှင့် ရာသီတုပ်ကွေး ဖြစ်ပွါးမှု လျေ့ာကျစေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရမည်။

  • Mask တပ်ရန်
  • လက်ကို ဆပ်ပြာ သို့မဟုတ် လက်သန့်ဆေးရည်ဖြင့် မကြာခဏဆေးရန်
  • လက်ဖြင့် မျက်နှာ၊ ပါးစပ်များကို ထိကိုင်ခြင်းမှ ရှောင်ကြဥ်ရန်
  • ချောင်းဆိုး၊ နှာစေးလျှင် တစ်ရှူး သို့မဟုတ် လက်ဖျံဖြင့် အုပ်ကာ၍ ပြုလုပ်ရန်၊ ပြီးလျှင် သေချာစွာစွန့်ပစ်ရန်၊ စနစ်တကျဆေးကြောသန့်စင်ရန်
  • ဗိုင်းရပ်စ်ပိုးကပ်ငြိနိုင်သော ပစ္စည်း၊ မျက်နှာပြင်များကို မကြာခဏ သန့်ရှင်းပိုးသတ်ရန်
  • လူစုလူဝေးရှောင်ရန်တို့ လိုအပ်သည်။

ရာသီတုပ်ကွေးကို ထိရောက်စွာ ကာကွယ်နိုင်သည့် နည်းလမ်းတစ်ခုမှာ ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။

အဖြစ်များသော ဗိုင်းရပ်စ်ပိုးမျိုးကွဲများ အမြဲပြောင်းလဲနေတတ်သဖြင့် နှစ်စဉ်တုပ်ကွေးရာသီမစမီ တစ်နှစ် တစ်ကြိမ် ကာကွယ်ဆေးထိုးသင့်သည်။ ကလေးများကို အသက် (၆)လ အထက်မှစ၍ ထိုးနှံပေးနိုင်သည်။ အသက် (၉)နှစ်အောက် ကလေးများတွင် ပထမဆုံးထိုးသည့်နှစ်တွင် နှစ်ကြိမ် (တစ်လစီခြား၍) ထိုးရန်လိုသည်။ နောက်နှစ်များတွင် တစ်နှစ်လျှင် တစ်ကြိမ် ပုံမှန်ထိုးနှံသွားနိုင်သည်။ အသက် (၉)နှစ် အထက် ကလေးကြီးများတွင်မူ ပထမဆုံးထိုးသည့်နှစ်မှစ၍ တစ်နှစ်လျှင် တစ်ကြိမ်သာ ထိုးရန် လိုအပ်သည်။

ရာသီတုပ်ကွေးကာကွယ်ဆေးများသည်

  • သာမန်အအေးမိခြင်း (common cold) ကို မကာကွယ်နိုင်ပါ (အအေးမိခြင်းနှင့် တုပ်ကွေးရောဂါသည် မတူညီသော ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွါးသည်)
  • ကာကွယ်ဆေးထိုးထားသူတွင် တုပ်ကွေးဖြစ်ပါကလည်း ရောဂါလက္ခဏာများ မပြင်းထန်ဘဲ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေလည်း နည်းပါးသည်။

References:

  1. Mayo Clinic. (n.d.). Common cold in babies: Symptoms and causes. Retrieved May 2, 2026, from https://www.mayoclinic.org/diseases-conditions/common-cold-in-babies/symptoms-causes/syc-20351651
  2. Cleveland Clinic. (n.d.). Common cold. Retrieved May 2, 2026, from https://my.clevelandclinic.org/health/diseases/12342-common-cold
  3. National Health Service (NHS). (n.d.). Common cold. Retrieved May 2, 2026, from https://www.nhs.uk/conditions/common-cold/
  4. Mayo Clinic. (n.d.). Flu (influenza): Symptoms and causes. Retrieved May 2, 2026, from https://www.mayoclinic.org/diseases-conditions/flu/symptoms-causes/syc-20351719
  5. Cleveland Clinic. (n.d.). Influenza (flu). Retrieved May 2, 2026, from https://my.clevelandclinic.org/health/diseases/4335-influenza-flu
  6. National Health Service (NHS). (n.d.). Flu. Retrieved May 2, 2026, from https://www.nhs.uk/conditions/flu/
  7. The Royal Children’s Hospital Melbourne. (n.d.). Influenza (the flu). Retrieved May 2, 2026, from https://www.rch.org.au/kidsinfo/fact_sheets/influenza_the_flu/
  8. World Health Organization (WHO). (n.d.). Influenza (seasonal). Retrieved May 2, 2026, from https://www.who.int/news-room/fact-sheets/detail/influenza-(seasonal)

Published: 5 June 2026

Share

26 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.