အော်တစ်ဇင် (Autism Spectrum Disorder) ရှိသော ကလေးများအတွက် ပုံမှန်နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှု (Annual Health Check) ပြုလုပ်ပေးခြင်းသည် ကိုယ်ခန္ဓာကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ ကြီးထွားဖွံ့ဖြိုးမှုနှင့် နေ့စဉ်လုပ်ဆောင်နိုင်စွမ်းတို့အတွက် အရေးကြီးသည်။ အော်တစ်ဇင်နှင့်အတူ အိပ်စက်မှု၊ အစားအသောက် စားသုံးမှု၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ အတက်ရောဂါ၊ ADHD၊ စိုးရိမ်ပူပန်မှုနှင့် အခြားစိတ်ကျန်းမာရေး ပြဿနာများ တွဲဖက်ဖြစ်ပေါ်နိုင်သဖြင့် ပုံမှန်ကျန်းမာရေး စစ်ဆေးသင့်သည်။ ထို့မျှသာမက ကလေးလက်ရှိ သောက်သုံးနေသော ဆေးဝါးများ၏ အကျိုးသက်ရောက်မှုနှင့် ဘေးထွက်ဆိုးကျိုးများကိုလည်း ပုံမှန်စောင့်ကြည့်ရန် လိုအပ်သည်။ ကျန်းမာရေးစစ်ဆေးမှုကိုလည်း ကလေး၏ ဆက်သွယ်ပြောဆိုမှုနှင့် အာရုံခံစားမှုဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီစွာ ဆောင်ရွက်ရမည်ဖြစ်သည်။
အော်တစ်ဇင်နှင့်အတူ တွဲဖက်ရှိနိုင်သော ကျန်းမာရေးအခြေအနေများ
အော်တစ်ဇင်ရှိသူများတွင် အော်တစ်ဇင်မရှိသူများနှင့် နှိုင်းယှဉ်ပါက အချို့သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေးပြဿနာများအပြင် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေလည်း ပိုမိုမြင့်မားနိုင်သည်။ ကျန်းမာရေးဆိုးကျိုးများသည် အော်တစ်ဇင်ကိုယ်တိုင်ကြောင့်သာမဟုတ်ဘဲ အတက်ရောဂါ၊ မတော်တဆထိခိုက်မှု၊ စိတ်ကျန်းမာရေးပြဿနာ၊ ဆေးဝါးဘေးထွက်ဆိုးကျိုး၊ နာကျင်မှုကို ထုတ်ဖော်ပြောဆိုရန်ခက်ခဲခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် အတားအဆီးများနှင့်လည်း ဆက်စပ်နိုင်သည်။ ထို့ကြောင့် အပြုအမူပြောင်းလဲမှုတိုင်းကို “အော်တစ်ဇင်ကြောင့်” ဟုသာ မယူဆဘဲ နာကျင်မှု၊ ဝမ်းချုပ်ခြင်း၊ သွားကိုက်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ပိုးဝင်ခြင်းနှင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကဲ့သို့သော ကုသနိုင်သည့်အကြောင်းရင်းများကို ရှာဖွေရန် လိုအပ်သည်။
အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ
အော်တစ်ဇင်ကလေးများတွင် အောက်ပါလက္ခဏာများကို တွေ့ရှိနိုင်သည်။
- နာတာရှည်ဝမ်းချုပ်ခြင်း
- ဝမ်းဗိုက်နာခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း
- စားချဉ်ပြန်ရောဂါ (Gastroesophageal reflux)
- ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းသွားပုံပြောင်းလဲခြင်း
- အစာစားချင်စိတ်လျော့ဆင်းခြင်း သို့မဟုတ် အစားအသောက်စားသုံးမှု ပြောင်းလဲခြင်း
အူလမ်းကြောင်းရောင်ရမ်းခြင်းကို အော်တစ်ဇင်ကလေးများတွင် ယေဘုယျအားဖြင့် အဖြစ်များသည့် ပြဿနာဟု မသတ်မှတ်သင့်ပါ။ လက္ခဏာများရှိပါက အခြားကလေးများတွင်ကဲ့သို့ပင် ရောဂါရာဇဝင်၊ စမ်းသပ်စစ်ဆေးမှုနှင့် သက်ဆိုင်ရာလက္ခဏာများအပေါ် အခြေခံ၍ ရောဂါရှာဖွေကုသရမည်။
အစားအသောက်စားသုံးမှုနှင့် အာဟာရဆိုင်ရာပြဿနာများ
အော်တစ်ဇင်ကလေးများတွင် အစားအသောက်နှင့် ပတ်သက်၍လည်း
- အစားအစာရွေးချယ်စားသုံးခြင်း (Food selectivity)
- အစားအစာအမျိုးအစား အလွန်ကန့်သတ်ထားခြင်း
- အစားအစာ၏ အရသာ၊ အနံ့၊ အရောင် သို့မဟုတ် အထိအတွေ့အပေါ် အာရုံခံစားမှုလွန်ကဲခြင်း
- အစာဝါးခြင်း သို့မဟုတ် မျိုချခြင်းဆိုင်ရာ အခက်အခဲများ
- အစာစားချင်စိတ်လွန်ကဲခြင်း သို့မဟုတ် လျော့နည်းခြင်းတို့ကို တွေ့ရှိနိုင်သည်။
ထိုအခြေအနေများကြောင့်
- ကိုယ်အလေးချိန်မတက်ခြင်း သို့မဟုတ် ကြီးထွားမှုနှေးကွေးခြင်း
- သံဓာတ်၊ ဗီတာမင်ဒီ၊ ကယ်လ်ဆီယမ်နှင့် အခြားအာဟာရဓာတ်များ ချို့တဲ့ခြင်းတို့ကြောင့် အရိုးနာကျင်ခြင်း၊ အရိုးကျိုးလွယ်ခြင်း
- အစားအစာစားသုံးမှုကို အလွန်ကန့်သတ်သည့်ရောဂါ (Avoidant/Restrictive Food Intake Disorder/ ARFID)
- ကိုယ်အလေးချိန်တက်ခြင်းနှင့် အဝလွန်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
အဝလွန်ခြင်းသည် အစားအလွန်အကျွံစားခြင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အစားအစာရွေးချယ်မှု၊ အိပ်စက်မှု ပုံမှန်မဖြစ်ခြင်း၊ မျိုးဗီဇနှင့် antipsychotic ဆေးအချို့၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ဖြစ်နိုင်သည်။
အစားအစာမဟုတ်သော မြေကြီး၊ ဆပ်ပြာ၊ စက္ကူ၊ ဆေးသုတ်အလွှာ သို့မဟုတ် ပလတ်စတစ် စသည့်ပစ္စည်းများကို စားသုံးသည့် Pica အပြုအမူရှိပါက သံဓာတ်ချို့တဲ့မှု၊ ခဲဆိပ်သင့်မှု၊ အူပိတ်မှုနှင့် အခြားအန္တရာယ်များအတွက် စစ်ဆေးသင့်သည်။
အတက်ရောဂါ (Epilepsy)
အတက်ရောဂါသည် အော်တစ်ဇင်ရှိသော ကလေးများတွင် ပိုမိုတွေ့ရှိရနိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်း သို့မဟုတ် အချို့မျိုးဗီဇရောဂါများ တွဲဖက်ရှိပါက ဖြစ်နိုင်ခြေ ပိုမိုမြင့်မားနိုင်သည်။ ဖြစ်ပွားနှုန်းသည် ကလေး၏အသက်နှင့် တွဲဖက်အခြေအနေများပေါ် မူတည်သည်။
အတက်ရောဂါ ဖြစ်နိုင်ကြောင်း သတိပြုသင့်သော လက္ခဏာများမှာ_
- ကိုယ်ခန္ဓာတောင့်တင်းခြင်း သို့မဟုတ် တုန်ခါခြင်း
- ရုတ်တရက်လဲကျခြင်း
- ထပ်တလဲလဲဖြစ်ပေါ်တတ်ပြီး တုံ့ပြန်မှုမရှိသော ငေးမှိုင်နေသည့်အခိုက်အတန့်များ
- မျက်နှာ၊ လက် သို့မဟုတ် ခြေထောက်တစ်ဖက်၌ စည်းချက်မှန်မှန်လှုပ်ခါနေခြင်း
- ရုတ်တရက် ပြန်လည်တုံ့ပြန်မှုမရှိခြင်း
- ညအိပ်နေစဉ် ပုံမှန်မဟုတ်သော ခန္ဓာကိုယ်တောင့်တင်းခြင်း သို့မဟုတ် လှုပ်ရှားခြင်း
- အဖြစ်အပျက်ပြီးနောက် စိတ်ရှုပ်ထွေးခြင်း၊ အားအလွန်နည်းခြင်း သို့မဟုတ် အိပ်ပျော်သွားခြင်းတို့ဖြစ်သည်။
ဖွံ့ဖြိုးမှုစွမ်းရည်များ ရုတ်တရက် သို့မဟုတ် ဆက်လက်ဆုံးရှုံးလာခြင်းသည် အရေးကြီးသော သတိပေးလက္ခဏာဖြစ်သော်လည်း အတက်ရောဂါတစ်ခုတည်းကြောင့်ဟု မသတ်မှတ်နိုင်သဖြင့် အကြောင်းရင်းကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးရန် လိုအပ်သည်။ EEG ကို အော်တစ်ဇင်ကလေးတိုင်းအား ပုံမှန်ပြုလုပ်ရန် မလိုအပ်ဘဲ အတက်ရောဂါသံသယရှိမှသာ ရောဂါရာဇဝင်နှင့် ဆရာဝန်၏စစ်ဆေးမှုအပေါ် မူတည်၍ ပြုလုပ်သင့်သည်။
အိပ်စက်မှုဆိုင်ရာပြဿနာများ
အော်တစ်ဇင်ရှိသောကလေးများတွင်
- စတင်အိပ်ပျော်ရန်ခက်ခဲခြင်း
- ညအချိန်တွင် မကြာခဏနိုးခြင်း
- မနက်စောစောနိုးခြင်း
- အိပ်ချိန်နှင့် နိုးချိန် မမှန်ခြင်း
- နေ့ခင်းဘက် အိပ်ငိုက်ခြင်’
- ဟောက်ခြင်း၊ အသက်ရှူရပ်သကဲ့သို့ဖြစ်ခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်း
- အိပ်နေစဉ် မငြိမ်မသက်ဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
အိပ်ရေးမလုံလောက်ခြင်းကြောင့် အာရုံစူးစိုက်နိုင်မှု၊ သင်ယူနိုင်မှု၊ စိတ်ခံစားမှုထိန်းညှိနိုင်မှုနှင့် အပြုအမူတို့ ပိုမိုဆိုးရွားနိုင်သည်။ ထို့ကြောင့် အိပ်ရာဝင်အလေ့အထကိုသာ စစ်ဆေးခြင်းမဟုတ်ဘဲ ဝမ်းချုပ်ခြင်း၊ နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ အတက်ရောဂါ၊ အိပ်နေစဉ်ခေတ္တ အသက်ရှူရပ်ခြင်း (Sleep apnoea) နှင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။
အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲခြင်း (ADHD)
ADHD သည် အော်တစ်ဇင်နှင့် အတူတွဲဖက်တွေ့ရှိရလေ့ရှိသော ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ အခြေအနေတစ်ခုဖြစ်သည်။ ADHD ရောဂါသတ်မှတ်ရာတွင် အာရုံမစူးစိုက်နိုင်ခြင်း၊ လှုပ်ရှားမှုလွန်ကဲခြင်းနှင့် စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်းတို့သည် ကလေး၏ ဖွံ့ဖြိုးမှုအဆင့်နှင့် မကိုက်ညီဘဲ အိမ်နှင့်ကျောင်းကဲ့သို့ ပတ်ဝန်းကျင်တစ်ခုထက် ပို၍တွေ့ရှိရပြီး နေ့စဉ်လုပ်ဆောင်နိုင်စွမ်းကိုပါ ထိခိုက်နေကြောင်း အတည်ပြုရန် လိုအပ်သည်။
အိပ်ရေးပျက်ခြင်း၊ နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ ဆက်သွယ်ပြောဆိုရန်ခက်ခဲခြင်း၊ သင်ယူမှုအခက်အခဲနှင့် ပတ်ဝန်းကျင်အလိုက် အာရုံခံစားမှုလွန်ကဲခြင်းတို့သည် ADHD နှင့်ဆင်တူသော အပြုအမူများ ဖြစ်စေနိုင်သဖြင့် ခွဲခြားစစ်ဆေးသင့်သည်။
စိတ်ခံစားမှုနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ
အော်တစ်ဇင်ရှိသော ကလေးနှင့် ဆယ်ကျော်သက်များတွင် အောက်ပါစိတ်ကျန်းမာရေးပြဿနာများ တွဲဖက်ဖြစ်ပေါ်နိုင်သည်။
- စိုးရိမ်ပူပန်မှုလွန်ကဲခြင်း (Anxiety)
- စိတ်ကျရောဂါ (Depression)
- စိတ်အစွဲအလမ်းနှင့် ထပ်တလဲလဲပြုမူမှုဆိုင်ရာရောဂါ (OCD)
- စိတ်ခံစားမှုထိန်းညှိရန် ခက်ခဲခြင်း
- မိမိကိုယ်ကို ထိခိုက်စေသောအပြုအမူများ သို့မဟုတ် မိမိကိုယ်ကို အဆုံးစီရင်ခြင်း ပြုလုပ်လိုသည့်အတွေးများ
အော်တစ်ဇင်ရှိသောကလေးအချို့သည် မိမိတို့၏ ခံစားချက်ကို နှုတ်ဖြင့် ရှင်းလင်းစွာ မဖော်ပြနိုင်သဖြင့် အောက်ပါပြောင်းလဲမှုများကို သတိပြုသင့်သည်။
- ယခင်နှစ်သက်ခဲ့သော လှုပ်ရှားမှုများကို စိတ်မဝင်စားတော့ခြင်း
- အကြောင်းရင်းမသိဘဲ စိုးရိမ်ခြင်း၊ ငိုခြင်း၊ စိတ်တိုခြင်း သို့မဟုတ် ရန်လိုလာခြင်း
- အိပ်စက်မှု၊ အစားအသောက်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှု ပြောင်းလဲလာခြင်း
- ကျောင်းမတက်လိုခြင်း သို့မဟုတ် လူမှုဆက်ဆံရေးမှ ရှောင်ဖယ်လာခြင်း
- မိမိကိုယ်ကို ထိခိုက်စေခြင်း
- မရှိသောအသံများကြားရခြင်း သို့မဟုတ် အရာများမြင်ရခြင်း
- ပုံမှန်မဟုတ်ဘဲ အလွန်အမင်းတက်ကြွလာခြင်း၊ အိပ်ချိန်အလွန်နည်းသော်လည်း မပင်ပန်းခြင်းတို့ဖြစ်သည်။
ဆေးဝါးများ၏ အကျိုးသက်ရောက်မှုနှင့် နောက်ဆက်တွဲပြဿနာများ
စိတ်ရောဂါဆိုင်ရာ ကုသဆေး (Antipsychotics) များသည် အော်တစ်ဇင်၏ အဓိကလက္ခဏာများကို ကုသရန်မဟုတ်ဘဲ ပြင်းထန်သော စိတ်ဆတ်ခြင်း၊ ရန်လိုခြင်း၊ မိမိကိုယ်ကိုထိခိုက်စေခြင်းနှင့် နေ့စဉ်ဘဝကို အလွန်ထိခိုက်စေသော အပြုအမူများအတွက် အခြားနည်းလမ်းများ မလုံလောက်သည့်အခါ အသုံးပြုနိုင်သည်။ ကုသရန်ရည်ရွယ်ထားသော အပြုအမူကို ကြိုတင်သတ်မှတ်၍ ဆေး၏အကျိုးရှိမှုနှင့် ဘေးထွက်ဆိုးကျိုးကိုလည်း သိရှိထားသင့်သည်။
Risperidone သို့မဟုတ် Aripiprazole ကဲ့သို့သော antipsychotic ဆေးဝါးများကြောင့်
- အစာစားချင်စိတ်တိုးခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်း
- သွေးတွင်းအဆီဓာတ်နှင့် သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း
- အိပ်ငိုက်ခြင်း သို့မဟုတ် လှုပ်ရှားမှုနှေးကွေးခြင်း
- ဂနာမငြိမ်ဖြစ်ခြင်း (Akathisia)
- ကြွက်သားတောင့်တင်းခြင်း၊ လက်တုန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သောလှုပ်ရှားမှုများ
- Prolactin ဟော်မုန်းမြင့်တက်ခြင်းကြောင့် ရင်သားဖွံ့ဖြိုးခြင်း၊ နို့ရည်ထွက်ခြင်း သို့မဟုတ် ရာသီမမှန်ခြင်း
- ဝမ်းချုပ်ခြင်း၊ မူးဝေခြင်းနှင့် သွေးပေါင်ကျခြင်း
- ရှားပါးစွာ နှလုံးခုန်စည်းချက်ပြောင်းလဲခြင်းတို့ ဖြစ်နိုင်သည်။
ထို့အပြင် ADHD အတွက် Methylphenidate, Atomoxitine စသော ဆေးများ သောက်သုံးနေပါက အစာစားချင်စိတ်၊ ကြီးထွားမှု၊ အိပ်စက်မှု၊ သွေးခုန်နှုန်းနှင့် သွေးပေါင်ချိန်ပုံမမှန်ခြင်းများ ရှိနိုင်သည်။ Clonidine သို့မဟုတ် Guanfacine သောက်သုံးနေပါက အိပ်ငိုက်ခြင်း၊ မူးဝေခြင်း၊ သွေးပေါင်ကျခြင်းနှင့် နှလုံးခုန်နှေးခြင်းတို့ဖြစ်နိုင်သည်။ Melatonin သောက်သုံးနေပါက မနက်ပိုင်းအိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်းများ ခံစားရနိုင်သည်။
ကျန်းမာရေးပုံမှန်စစ်ဆေးခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
အော်တစ်ဇင်ကလေးများအား ပုံမှန်နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်းဖြင့်_
- ကြီးထွားမှု၊ အာဟာရ၊ အိပ်စက်မှုနှင့် နေ့စဉ်လုပ်ဆောင်နိုင်စွမ်းတို့ကို စနစ်တကျ စောင့်ကြည့်နိုင်ခြင်း
- အာဟာရဓာတ်ချို့တဲ့မှု၊ အဝလွန်ခြင်းနှင့် ဆေးဝါးဘေးထွက်ဆိုးကျိုးများကို စောစီးစွာ ရှာဖွေနိုင်ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ၊ အတက်ရောဂါ၊ ADHD နှင့် စိတ်ကျန်းမာရေး ပြဿနာများကို အချိန်မီ ရှာဖွေကုသနိုင်ခြင်း
- ကာကွယ်ဆေး၊ သွားနှင့်ခံတွင်း၊ အမြင်နှင့် အကြားအာရုံအပါအဝင် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်မီရရှိနိုင်ခြင်း
- ကလေးတစ်ဦးချင်းစီ၏ လက်ရှိလိုအပ်ချက်နှင့် ကိုက်ညီသော ကုသမှု၊ ပညာရေးနှင့် ပြန်လည်သန်စွမ်းရေးအစီအစဉ်များကို ရေးဆွဲပြင်ဆင်နိုင်ခြင်း
- ကျန်းမာရေး၊ ဖွံ့ဖြိုးမှု၊ ဆေးဝါးနှင့် ကုသမှုမှတ်တမ်းများကို စနစ်တကျ စုစည်းထားနိုင်ခြင်း
- မိသားစု၏ အခက်အခဲများနှင့် ပြုစုစောင့်ရှောက်သူများ၏ ပံ့ပိုးမှုလိုအပ်ချက်များကို ဖော်ထုတ်ကူညီနိုင်ခြင်းတို့ဖြစ်သည်။
အော်တစ်ဇင်ကလေးတိုင်း၏ အသက်၊ ဖွံ့ဖြိုးမှုအဆင့်၊ ဆက်သွယ်ပြောဆိုနိုင်မှုနှင့် တွဲဖက်ကျန်းမာရေးအခြေအနေများ မတူညီသဖြင့် အောက်ပါအချက်အားလုံးကို တစ်ကြိမ်တည်းတွင် မဖြစ်မနေစစ်ဆေးရန် မလိုအပ်ပါ။ ကလေးတစ်ဦးချင်းစီ၏ လက်ရှိလိုအပ်ချက်အလိုက် ဦးစားပေးအချက်များ သတ်မှတ်၍ ပုံမှန်ဆေးခန်းပြသမှုများအတွင်း ဆက်လက်စောင့်ကြည့်နိုင်သည်။
အော်တစ်ဇင်ကလေးများအတွက် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုတွင် ပါဝင်သင့်သော အဓိကအချက်များ
ပုံမှန်ကလေးကျန်းမာရေးနှင့် ကြိုတင်ကာကွယ်ရေးစောင့်ရှောက်မှု
အော်တစ်ဇင်ရှိသောကလေးများသည် အခြားကလေးများကဲ့သို့ပင် အသက်အရွယ်အလိုက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုများကို ရရှိရန်လိုအပ်သည်။ စစ်ဆေးမှုတွင်
- ယေဘုယျကျန်းမာရေးအခြေအနေနှင့် ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှု
- သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်း
- ကာကွယ်ဆေးထိုးထားမှု
- အမြင်နှင့် အကြားအာရုံ
- သွားနှင့်ခံတွင်းကျန်းမာရေး
- အရိုးအဆစ်၊ လှုပ်ရှားမှုနှင့် ကိုယ်နေဟန်ထား
- အသက်အရွယ်အလိုက် အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်းနှင့် ရာသီလာခြင်းဆိုင်ရာ ကျန်းမာရေးတို့ကို ထည့်သွင်းစစ်ဆေးသင့်သည်။
ကြီးထွားဖွံ့ဖြိုးမှုနှင့် အာဟာရ (Growth and Nutrition)
ကိုယ်အလေးချိန်၊ အရပ်နှင့် ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) တို့ကို ကြီးထွားမှုဇယားပေါ်တွင် မှတ်တမ်းတင်၍ အချိန်နှင့်အမျှ ပြောင်းလဲလာသော ကြီးထွားမှုလမ်းကြောင်းကို စောင့်ကြည့်သင့်သည်။ ထို့အပြင် အထက်ဖော်ပြပါ အစားအသောက်ဆိုင်ရာပြဿနာများကိုလည်း မေးမြန်းစစ်ဆေးသင့်သည်။
အစားအသောက်မှတ်တမ်း၊ ကြီးထွားမှု၊ ရောဂါလက္ခဏာနှင့် ဆေးဝါးသောက်သုံးမှုအပေါ် မူတည်၍ သွေးအားနည်းခြင်း၊ သံဓာတ်၊ ဗီတာမင်ဒီ၊ ကယ်လ်ဆီယမ်၊ ဗီတာမင် B12၊ Folate နှင့် အခြားအာဟာရဓာတ်ချို့တဲ့မှုများကို လိုအပ်သလို စစ်ဆေးနိုင်သည်။ သွေးစစ်မှုအားလုံးကို ကလေးတိုင်းတွင် ပုံမှန်ပြုလုပ်ရန် မလိုအပ်ပါ။
အာဟာရချို့တဲ့နိုင်ခြေရှိပါက ကလေး၏ လိုအပ်ချက်နှင့် ကိုက်ညီသော အစားအသောက်အစီအစဉ် ရေးဆွဲပေးရန်၊ လိုအပ်ပါက အာဟာရဖြည့်စွက်ဆေးများ သုံးစွဲရန်နှင့် အစားအသောက်စားသုံးမှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရန် အာဟာရပညာရှင်နှင့် သက်ဆိုင်ရာကုထုံးပညာရှင်များထံ လွှဲပြောင်းနိုင်သည်။
အိပ်စက်ခြင်း (Sleep)
ကျန်းမာရေးစစ်ဆေးသည့်အကြိမ်တိုင်းတွင် ဖော်ပြထားသော အိပ်စက်ခြင်းဆိုင်ရာ ပုံမမှန်မှူများကို မေးမြန်းစစ်ဆေးသင့်သည်။
အိပ်စက်မှုအခက်အခဲရှိပါက ဝမ်းချုပ်ခြင်း၊ နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ အတက်ရောဂါ၊ Sleep apnoea၊ Restless legs syndrome နှင့် ဆေးဝါးဘေးထွက်ဆိုးကျိုးများကဲ့သို့သော ဖြစ်နိုင်သည့်အကြောင်းရင်းများကို ရှာဖွေသင့်သည်။
ရှေးဦးစွာ ပုံမှန်အိပ်ချိန်သတ်မှတ်ခြင်း၊ နေ့ခင်းဘက်လှုပ်ရှားမှုတိုးမြှင့်ခြင်း၊ ညနေဘက်တွင် screen time ကို လျှော့ခြင်းနှင့် အပြုအမူဆိုင်ရာ ကုထုံးများကို အသုံးပြုသင့်သည်။ ထိုနည်းလမ်းများဖြင့် မလုံလောက်ဘဲ အိပ်စက်မှုပြဿနာက ကလေးနှင့် မိသားစုကို သိသိသာသာထိခိုက်နေပါက အထူးကုဆရာဝန်နှင့် တိုင်ပင်၍ Melatonin ကို ထည့်သွင်းစဉ်းစားနိုင်သည်။ ဆေးအသုံးပြုနေစဉ် ဆက်လက်လိုအပ်မှုနှင့် မနက်ပိုင်းအိပ်ငိုက်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများကို ပုံမှန်ပြန်လည်သုံးသပ်ရမည်။
အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလက္ခဏာများ (Gastrointestinal Symptoms)
ဗိုက်နာခြင်း၊ ဗိုက်ဖောင်းခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ ဝမ်းသွားပုံပြောင်းလဲခြင်း၊ ကိုယ်အလေးချိန်ကျခြင်းစသည့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ အရေးကြီးသောလက္ခဏာများကို ပုံမှန်မေးမြန်းစစ်ဆေးသင့်သည်။
အော်တစ်ဇင်ကလေးအချို့သည် နာကျင်မှုကို နှုတ်ဖြင့် တိုက်ရိုက်မဖော်ပြနိုင်သဖြင့် စိတ်တိုလာခြင်း၊ ရန်လိုလာခြင်း၊ အိပ်မပျော်ခြင်း၊ အစားမစားခြင်း သို့မဟုတ် အပြုအမူရုတ်တရက်ပြောင်းလဲခြင်းတို့သည် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်မှု သို့မဟုတ် နာကျင်မှု၏ လက္ခဏာဖြစ်နိုင်သည်။
သံသယဖြစ်ဖွယ်လက္ခဏာများရှိပါက ကလေးအထူးကုဆရာဝန်နှင့် ပြသ၍ လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်သင့်ပြီး လိုအပ်မှသာ ကလေးအစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ထံ လွှဲပြောင်းသင့်သည်။
အတက်ရောဂါနှင့် အာရုံကြောဆိုင်ရာစစ်ဆေးမှု (Epilepsy and Neurological Assessment)
အတက်ရောဂါသံသယ၊ ပုံမှန်မဟုတ်သော ဖွံ့ဖြိုးမှုနောက်ပြန်ဆုတ်ခြင်း သို့မဟုတ် အခြားအာရုံကြော လက္ခဏာများ ရှိပါက ကလေးဦးနှောက်အာရုံကြောအထူးကုများနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
အတက်ရောဂါ သံသယဖြစ်ဖွယ်အဖြစ်အပျက်ကို ဗီဒီယိုရိုက်ကူးထားနိုင်ပါက ရောဂါရှာဖွေရာတွင် အထောက်အကူဖြစ်နိုင်သည်။ အတက်ရောဂါကို ရောဂါရာဇဝင်၊ အဖြစ်အပျက်ကို မြင်တွေ့ခဲ့သူ၏ဖော်ပြချက်၊ ကိုယ်ခန္ဓာနှင့် အာရုံကြောစစ်ဆေးမှုတို့အပေါ် အဓိကအခြေခံ၍ ရောဂါသတ်မှတ်သည်။ EEG သည် ရောဂါရှာဖွေရာတွင် အထောက်အကူပြုနိုင်သော်လည်း EEG တစ်ခုတည်းဖြင့် အတက်ရောဂါကို အတည်ပြုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း မပြုနိုင်ပါ။ သံသယလက္ခဏာများ မရှိပါက အော်တစ်ဇင်ကလေးတိုင်းကို ပုံမှန် EEG စစ်ဆေးရန် မလိုအပ်ပါ။
စိတ်ခံစားမှု၊ စိတ်ကျန်းမာရေးနှင့် အပြုအမူဆိုင်ရာစစ်ဆေးမှုများ (Mental, Emotional and Behavioral Screening)
ကလေး၏ အသက်၊ ဖွံ့ဖြိုးမှုအဆင့်နှင့် ဆက်သွယ်ပြောဆိုနိုင်မှုအပေါ် မူတည်၍ ADHD လက္ခဏာများ၊ အခြားစိတ်ရောဂါဆိုင်ရာ ပြဿနာများအပြင် အနိုင်ကျင့်ခံရခြင်း သို့မဟုတ် အလွဲသုံးစားပြုခံရခြင်း၊ မိမိကိုယ်ကို အဆုံးစီရင်လိုသည့်အတွေးနှင့် အန္တရာယ်ရှိသောအပြုအမူများကို လိုအပ်သလို စစ်ဆေးသင့်သည်။
အပြုအမူအသစ်တစ်ခု ရုတ်တရက်ဖြစ်ပေါ်လာပါက စိတ်ကျန်းမာရေးပြဿနာ သို့မဟုတ် အော်တစ်ဇင်ကြောင့်ဟု မသတ်မှတ်မီ နာကျင်မှု၊ ဝမ်းချုပ်ခြင်း၊ သွားကိုက်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ အတက်ရောဂါ၊ ဆေးဝါးဘေးထွက်ဆိုးကျိုးနှင့် ပတ်ဝန်းကျင်ပြောင်းလဲမှုတို့ကို ရှာဖွေသင့်သည်။
ADHD သတ်မှတ်ရာတွင် လက္ခဏာများကို အိမ်နှင့်ကျောင်းကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုထက်ပို၍ စစ်ဆေးရမည်။ ကုသမှုတွင် မိဘနှင့်ဆရာများကို လေ့ကျင့်ပေးခြင်း၊ ပတ်ဝန်းကျင်နှင့် သင်ကြားမှုပုံစံ ပြင်ဆင်ပေးခြင်းနှင့် လိုအပ်ပါက ဆေးဝါးအသုံးပြုခြင်းတို့ ပါဝင်နိုင်သည်။
စိုးရိမ်ပူပန်မှုနှင့် စိတ်ကျရောဂါအတွက် အော်တစ်ဇင်ရှိသူ၏ နားလည်နိုင်မှုနှင့် ဆက်သွယ်မှုပုံစံကို လိုက်လျောညီထွေ ပြင်ဆင်ထားသော Cognitive Behavioral Therapy (CBT)၊ အခြားစိတ်ပိုင်းဆိုင်ရာကုထုံးများနှင့် လိုအပ်ပါက ဆေးဝါးကုသမှုတို့ကို အသုံးပြုနိုင်သည်။
ဆေးဝါးများ၏ အကျိုးရှိမှုနှင့် ဘေးထွက်ဆိုးကျိုးများ (Medication Review)
နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုတွင် ဆရာဝန်ညွှန်ကြားသောဆေးများ၊ အခြားနေရာမှရရှိသောဆေးများနှင့် ဆေးစာမလိုအပ်ဘဲ ဝယ်ယူသုံးစွဲနေသော ဆေးဝါးများအပါအဝင် ကလေးသောက်သုံးနေသည့် ဆေးဝါးအားလုံးကို ပြန်လည်သုံးသပ်သင့်သည်။ ဆေးတစ်မျိုးစီအတွက်
- ဆေးတစ်မျိုးစီကို မည်သည့်လက္ခဏာ သို့မဟုတ် အပြုအမူအတွက် သုံးစွဲနေသနည်း
- သတ်မှတ်ထားသော လက္ခဏာအပေါ် အကျိုးရှိမရှိ
- ဆေးပမာဏနှင့် သောက်သုံးချိန် မှန်ကန်မှုရှိမရှိ
- ဆေးပုံမှန်သောက်နိုင်မှုရှိမရှိ
- ဆေးအချင်းချင်း ဓာတ်ပြုနိုင်မှုရှိမရှိ
- ဘေးထွက်ဆိုးကျိုးရှိမရှိ
- ဆက်လက်သောက်သုံးရန် လိုအပ်မှုရှိမရှိတို့ကို စစ်ဆေးသင့်သည်။
ထို့ကြောင့် ဆေးမစတင်မီနှင့် ကုသနေစဉ် သင့်လျော်သောအချိန်အလိုက်_
- အရပ်၊ ကိုယ်အလေးချိန်နှင့် ကိုယ်ခန္ဓာထုထည်ညွှန်းကိန်း (BMI)
- ခါးပတ်လည်အတိုင်းအတာ
- သွေးခုန်နှုန်းနှင့် သွေးပေါင်ချိန်
- အစာစားချင်စိတ်၊ အာဟာရနှင့် ကိုယ်လက်လှုပ်ရှားမှု
- သွေးတွင်းသကြားဓာတ် သို့မဟုတ် HbA1c
- သွေးတွင်းအဆီဓာတ်
- လိုအပ်ပါက Prolactin ဟော်မုန်း
- ပုံမှန်မဟုတ်သော ကြွက်သားလှုပ်ရှားမှုများ
- နှလုံးရောဂါရာဇဝင် သို့မဟုတ် သက်ဆိုင်ရာအန္တရာယ်ရှိပါက ECG တို့ကို စောင့်ကြည့်စစ်ဆေးနိုင်သည်။
ဆေးစတင်ပြီးနောက် ကိုယ်အလေးချိန်နှင့် အခြားဘေးထွက်ဆိုးကျိုးများကို နှစ်စဉ်စစ်ဆေးခြင်းအပြင် ဆေးစတင်ချိန်နှင့် ဆေးပမာဏတိုးသည့်ကာလများတွင် ပို၍မကြာခဏစစ်ဆေးရန် လိုအပ်သည်။
ဆေးဝါးများကို မိမိသဘောဖြင့် ရုတ်တရက်ရပ်ခြင်း သို့မဟုတ် ဆေးပမာဏပြောင်းလဲခြင်း မပြုလုပ်ဘဲ ကုသပေးနေသောဆရာဝန်နှင့် တိုင်ပင်ရမည်။ ဆေးဝါး၏ အကျိုးကျေးဇူးသည် ဘေးထွက်ဆိုးကျိုးထက် ပိုမိုအရေးပါနေခြင်း ရှိမရှိကို ကလေးနှင့် မိသားစုတို့နှင့်အတူ ပုံမှန်ပြန်လည်သုံးသပ်သင့်သည်။
ကလေး၏ လုံခြုံရေး (Safety)
မိဘ သို့မဟုတ် စောင့်ရှောက်သူ၏ ကြည့်ရှုမှုအောက်မှ ရုတ်တရက်ထွက်သွားခြင်းနှင့် ပျောက်ဆုံးသွားခြင်း (Wandering/Elopement) ရှိမရှိကို မေးမြန်းသင့်သည်။ ထို့အပြင်_
- လမ်းနှင့် ယာဉ်အန္တရာယ်
- ရေကန်၊ မြစ်ချောင်းနှင့် ရေနစ်နိုင်ခြေ
- မီး၊ လျှပ်စစ်နှင့် အဆိပ်သင့်နိုင်သောပစ္စည်းများ
- အစားအစာမဟုတ်သောပစ္စည်းများ စားသုံးခြင်း
- မိမိကိုယ်ကို ထိခိုက်စေခြင်း
- အနိုင်ကျင့်ခြင်း၊ အလွဲသုံးစားပြုခြင်းနှင့် အမြတ်ထုတ်ခံရခြင်း
- အသက်အရွယ်အလိုက် အွန်လိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာလုံခြုံရေးတို့ကို ထည့်သွင်းအကဲဖြတ်သင့်သည်။
ကလေးတစ်ဦးချင်းစီအတွက် အိမ်၊ ကျောင်းနှင့် လူမှုပတ်ဝန်းကျင်တွင် အသုံးပြုနိုင်သော လုံခြုံရေးအစီအစဉ် (Safety plan) နှင့် ပျောက်ဆုံးမှုကာကွယ်ရေးအစီအစဉ်ကို မိသားစုနှင့် ပူးပေါင်းရေးဆွဲသင့်သည်။
ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နေ့စဉ်လုပ်ဆောင်နိုင်စွမ်း (Developmental and Functional Progress)
အောက်ပါကဏ္ဍများတွင် ကလေး၏ လက်ရှိတိုးတက်မှု၊ အားသာချက်နှင့် ပံ့ပိုးမှုလိုအပ်ချက်များကို ပုံမှန်ပြန်လည်အကဲဖြတ်သင့်သည်။
- နေ့စဉ်ဘဝတွင် လိုက်လျောညီထွေ လုပ်ဆောင်နိုင်မှု (Adaptive functioning)
- ဆက်သွယ်ပြောဆိုနိုင်မှုစွမ်းရည်
- လူမှုဆက်ဆံရေးနှင့် လူမှုအသိုင်းအဝိုင်းတွင် ပါဝင်နိုင်မှု
- အစားစားခြင်း၊ အဝတ်အစားဝတ်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် အိမ်သာအသုံးပြုခြင်း
- ကစားခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု
- သင်ယူမှုနှင့် ပညာရေးဆိုင်ရာတိုးတက်မှုတို့ ဖြစ်သည်။
ထို့အပြင် ကလေးလက်ရှိရရှိနေသော
- တစ်ဦးချင်းအလိုက် ပညာရေးအစီအစဉ် (Individualized Education Program or IEP)
- စကားပြောနှင့် ဘာသာစကားကုထုံး
- အစားထိုး သို့မဟုတ် အထောက်အကူပြု ဆက်သွယ်ရေးနည်းလမ်း (AAC)
- လုပ်ငန်းဆိုင်ရာကုထုံး
- အပြုအမူဆိုင်ရာ ပံ့ပိုးကူညီမှု
- အခြားပညာရေးနှင့် ကုထုံးဆိုင်ရာဝန်ဆောင်မှုများကို ပြန်လည်သုံးသပ်သင့်သည်။
ကလေးကြီးပြင်းလာသည်နှင့်အမျှ လိုအပ်ချက်များ ပြောင်းလဲလာနိုင်သဖြင့် လက်ရှိဆောင်ရွက်မှု အစီအစဉ်များသည် ကလေး၏ လက်ရှိလိုအပ်ချက်နှင့် ကိုက်ညီမှုရှိမရှိကို ပုံမှန်ပြန်လည်သုံးသပ်၍ လိုအပ်ပါက ပြင်ဆင်မွမ်းမံသင့်သည်။
ဆယ်ကျော်သက်အရွယ်နီးလာပါက အပျိုဖော်၊ လူပျိုဖော်ဝင်ခြင်း၊ မိမိကိုယ်ကိုပြုစုခြင်း၊ ဆုံးဖြတ်ချက်ချရာတွင် ပါဝင်ခြင်း၊ လိင်ပိုင်းဆိုင်ရာအသိပညာ၊ အလုပ်အကိုင်နှင့် အရွယ်ရောက်သူကျန်းမာရေးဝန်ဆောင်မှုသို့ ကူးပြောင်းခြင်းတို့ကို အစောပိုင်းမှ စတင်စီစဉ်သင့်သည်။
မျိုးဗီဇဆိုင်ရာအကဲဖြတ်ခြင်း (Genetic Evaluation)
အော်တစ်ဇင်၏ ဖြစ်နိုင်သောအကြောင်းရင်း၊ တွဲဖက်ကျန်းမာရေးအန္တရာယ်နှင့် မိသားစုအတွင်း ပြန်လည်ဖြစ်ပွားနိုင်ခြေတို့ကို သိရှိနိုင်ရန် မျိုးဗီဇဆိုင်ရာအကဲဖြတ်ခြင်း၏ အကျိုးကျေးဇူးနှင့် ကန့်သတ်ချက်များကို မိသားစုနှင့် ဆွေးနွေးနိုင်သည်။
အောက်ပါအခြေအနေများရှိပါက ဆေးဘက်ဆိုင်ရာမျိုးဗီဇအထူးကုဆရာဝန်ထံ လွှဲပြောင်းရန် ပိုမိုအရေးကြီးသည်။
- ဉာဏ်ရည်ဖွံ့ဖြိုးမှုချို့ယွင်းခြင်း သို့မဟုတ် အလုံးစုံဖွံ့ဖြိုးမှုနောက်ကျခြင်း
- ပုံမှန်မဟုတ်သော ကိုယ်ခန္ဓာပုံသဏ္ဌာန် သို့မဟုတ် မွေးရာပါ ကိုယ်အင်္ဂါချို့ယွင်းချက်များ
- အတက်ရောဂါ သို့မဟုတ် ဖွံ့ဖြိုးမှုနောက်ပြန်ဆုတ်ခြင်း
- ဦးခေါင်းအရွယ်အစား ပုံမှန်မဟုတ်ခြင်း
- မျိုးဗီဇရောဂါသံသယရှိခြင်း
- မိသားစုအတွင်း အော်တစ်ဇင်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုချို့ယွင်းခြင်း သို့မဟုတ် မျိုးဗီဇရောဂါရာဇဝင်ရှိခြင်း တို့ဖြစ်သည်။
မျိုးဗီဇစစ်ဆေးမှုများတွင်
- Chromosomal microarray
- Fragile X testing
- Exome sequencing
- ရောဂါအခြေအနေအလိုက် သီးခြားမျိုးဗီဇစစ်ဆေးမှုများ ပါဝင်နိုင်သည်။
Fragile X ရောဂါသည် ယောကျ်ားလေးများတွင် ပိုမိုထင်ရှားစွာ ဖြစ်ပေါ်နိုင်သော်လည်း မျိုးဗီဇဆိုင်ရာ အကဲဖြတ်ခြင်းကို ယောကျ်ားလေးများအတွက်သာ မကန့်သတ်သင့်ပါ။ စစ်ဆေးမှုရွေးချယ်ရာတွင် ကလေး၏ လက္ခဏာများ၊ ကိုယ်ခန္ဓာစစ်ဆေးတွေ့ရှိချက်များ၊ မိသားစုရာဇဝင်၊ ဒေသဆိုင်ရာလမ်းညွှန်ချက်နှင့် စစ်ဆေးမှုရရှိနိုင်မှုတို့ကို ထည့်သွင်းစဉ်းစားသင့်သည်။
အချုပ်အားဖြင့် အော်တစ်ဇင်ကလေးတစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီပြီး ဘက်စုံပညာရှင်များ ပူးပေါင်းပါဝင်သော၊ ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းကို အသုံးပြုခြင်းဖြင့် အော်တစ်ဇင်ကလေးများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီစေနိုင်သည်။ ထို့ပြင် ဆေးခန်းလာရောက်စဉ် ဖြစ်ပေါ်နိုင်သော မလိုအပ်သည့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို လျှော့ချနိုင်ရန် Autism-friendly healthcare စနစ်ကို အသုံးပြုနိုင်ပြီး ရေရှည်ကျန်းမာရေး၊ နေ့စဉ်လုပ်ဆောင်နိုင်စွမ်းနှင့် လူနေမှုဘဝအရည်အသွေးတို့ကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
References:
- American Academy of Pediatrics. (2020). Identification, evaluation, and management of children with autism spectrum disorder. Pediatrics, 145(1), e20193447. https://doi.org/10.1542/peds.2019-3447
- American Academy of Family Physicians. (2025). Autism spectrum disorder. American Family Physician, 112(3). Retrieved September 25, 2026, from https://www.aafp.org/afp/2025/0900/autism-spectrum-disorder
- Autism Hub. (n.d.). The importance of regular medical testing for children with ASD. Retrieved September 25, 2026, from https://autismhub.ie/the-importance-of-regular-medical-testing-for-children-with-asd/
- Autism Speaks. (n.d.). Medical conditions associated with autism. Retrieved September 25, 2026, from https://www.autismspeaks.org/medical-conditions-associated-autism
- Autism Spectrum Australia (Aspect). (n.d.). Autism and co-occurring conditions. Retrieved September 25, 2026, from https://www.autismaustralia.org.au/navigating-autism/autism-and-co-occurring-conditions
- Masi, A., Demayo, M. M., Glozier, N., & Guastella, A. J. (2023). An overview of autism spectrum disorder, heterogeneity and treatment options. Neuroscience Bulletin, 39(2), 183–193. https://doi.org/10.1007/s12264-022-00953-5
Published: 11 November 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.