Pain management (နာကျင်မှုဝေဒနာကို ကုသခြင်း)

Pain management (နာကျင်မှုဝေဒနာကို ကုသခြင်း)

နာကျင်မှုသည် ထိခိုက်ဒဏ်ရာများကြောင့်သာမက လူမှုဘဝတွင် အခြားရောဂါအခြေအနေ အမျိုးမျိုးကြောင့်လည်း နေ့စဉ်ကြုံတွေ့နိုင်သော လက္ခဏာတစ်ခုဖြစ်သည်။ လူတစ်ဦး၏ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်း၊ သွေးပေါင်ချိန်၊ ကိုယ်အပူချိန်ကဲ့သို့သော အရေးကြီးလက္ခဏာများ (vital signs) ကို သိရှိရန် လိုအပ်သကဲ့သို့ နာကျင်မှု ရှိမရှိနှင့် နာကျင်မှု မည်မျှပြင်းထန်သည် စသည်တို့ကိုလည်း သိပ္ပံနည်းကျ တိုင်းတာသိရှိနိုင်ရန် လိုအပ်သည်။ နာကျင်မှု ခံစားရပုံသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားသကဲ့သို့ ၎င်းကို ကုသရန်လည်း နည်းလမ်းများစွာရှိသည်။ နာကျင်မှုဝေဒနာ သက်သာစေရန် ဆောင်ရွက်ခြင်းသည် လူနေမှုဘဝ၏ အရည်အသွေးကို မြှင့်တင်ရာတွင် အထောက်အကူပြုသည်။

နာကျင်မှုအမျိုးအစားများ

နာကျင်မှုဝေဒနာကို ခံစားရသည့် အချိန်ကာလ အပိုင်းအခြားပေါ် မူတည်၍ (၂) မျိုးခွဲခြားထားသည်။

  1. လတ်တလော နာကျင်မှု (Acute pain)
    နာကျင်မှုသည် ရုတ်တရက် စတင်ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ် ပြန်လည်နေကောင်း ကျန်းမာလာသည်နှင့်အမျှ အချိန်တိုအတွင်း ပျောက်ကင်းသွားလေ့ရှိသည်။ သို့သော် ထိုနာကျင်မှုကို ကုသမှုမခံယူပါက တစ်ခါတစ်ရံတွင် နာတာရှည် နာကျင်မှုများ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။
  2. နာတာရှည် နာကျင်မှု (Chronic pain)
    နာတာရှည် နာကျင်မှုဆိုသည်မှာ အချိန်ကာလကြာမြင့်စွာ ခံစားရပြီး တဖြည်းဖြည်း ပိုမိုဆိုးရွားလာတတ်သည်။ နာတာရှည်ရောဂါတစ်ခုခုကြောင့် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ကြာရှည်စွာ ခံစားရနိုင်သည်။ ထိခိုက်ဒဏ်ရာ (သို့မဟုတ်) ရောဂါများ ပြန်လည်သက်သာလာပြီးနောက် နာကျင်မှု ဆက်လက်ကျန်ရှိနေခြင်းလည်း ဖြစ်နိုင်သည်။
ကုသရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ

နာကျင်မှုသည် ထိခိုက်ဒဏ်ရာရခြင်း၊ မတော်တဆမှုများ ကြုံတွေ့ရခြင်း သို့မဟုတ် နာမကျန်းဖြစ်သည့်အခါတို့တွင် အချိန်မရွေး ပေါ်ပေါက်လေ့ရှိသော ဝေဒနာတစ်မျိုးဖြစ်သည်။ နာကျင်မှုကို အဓိကအားဖြင့် ခန္ဓာကိုယ်ရှိ တစ်ရှူးများကို ထိခိုက်မှုကြောင့်ဖြစ်သော တစ်ရှူးဆိုင်ရာနာကျင်မှုနှင့် အာရုံကြောများကိုယ်တိုင် ထိခိုက်ပျက်စီးမှုကြောင့်ဖြစ်သော အာရုံကြောဆိုင်ရာနာကျင်မှုဟူ၍ (၂) မျိုးခွဲခြားနိုင်သည်။

ထို့အပြင် စိတ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် ဆက်စပ်နေသော နာကျင်မှုအမျိုးအစားလည်းရှိသည်။ ဤနာကျင်မှုသည် ကနဦးတွင် ခန္ဓာကိုယ်အတွင်းရှိ တစ်ရှူး (သို့မဟုတ်) အာရုံကြောများ ပျက်စီးမှုမှ စတင်နိုင်သော်လည်း စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျမှု၊ စိတ်ဖိစီးမှုစသော အကြောင်းရင်းများကြောင့် ဝေဒနာသည် ပိုမိုဆိုးရွားလာကာ ကြာရှည်စွာ ခံစားရနိုင်သည်။ တစ်ခါတစ်ရံတွင် နာကျင်မှုဝေဒနာသည် စိတ်ပိုင်းဆိုင်ရာ အခြေအနေများမှသာ အစပြုနေသည်လည်း တွေ့ရှိရသည်။

နာကျင်မှုကို ဖြစ်ပေါ်စေသော အတွေ့ရများသည့် အခြေအနေများမှာ_

  • အဆစ်ရောင်ခြင်း
    [ဥပမာ _ ဂေါက်ရောဂါ (Gout)၊ ကျီးပေါင်းရောဂါ (Osteoarthritis)၊ ပခုံးအဆစ်ခိုင်ခြင်း (Frozen shoulder)]
  • ရောဂါပိုးဝင်ခြင်း
    [ဥပမာ _ ရေယုန်ရောဂါ (Herpes zoster)၊ တုပ်ကွေးရောဂါ (Influenza)]
  • ကြွက်သားနှင့် အဆစ်များ ထိခိုက်ဒဏ်ရာရခြင်း (Joint and muscle injuries)
  • ကိုယ်ခံအား မူမမှန်တုံ့ပြန်သည့်ရောဂါများ
    [ဥပမာ _ ရူမတွိုက်အဆစ်‌ရောင် ရောဂါ (Rheumatoid arthritis)၊ SLE ‌ရောဂါ၊ နာတာရှည် အူရောင်ရမ်းနာရောဂါ (Inflammatory Bowel disease)၊ နာတာရှည် ကြွက်သားနာကျင်သော ရောဂါ (Fibromyalgia)]
  • နှလုံးသွေးကြောပိတ်၍ ရင်ဘတ်အောင့်ခြင်း (Acute Myocardial Infarct)၊ အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary Embolism)
  • ဝမ်းဗိုက်နာကျင်ခြင်း (ဥပမာ _ အူအတက်‌ရောင်ခြင်း (Appendicitis)၊ ပန်ကရိယရောင်ခြင်း (Pancreatitis)၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်း အနာများ (Peptic ulcer disease)၊ သားအိမ်ပြင်ပတွင် သွေးလုံးဖြစ်ခြင်း (Endometriosis)
  • မီးလောင်ဒဏ်ရာများ (Burns and scalds)
  • ကင်ဆာရောဂါများ (Cancer)
  • အာရုံကြောနာကျင်မှုများ [ဥပမာ _ အာရုံကြောညှပ်ခြင်း (Pinched nerves)၊ အာရုံကြော အားနည်းခြင်း (Peripheral neuropathy)၊ မျက်နှာရှိ အာရုံကြောနာကျင်ခြင်း (Trigeminal Neuralgia)]
  • ခြေလက်သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်း (Acute limb ischemia)၊ ခြေလက်သွေးလွှတ်ကြောကျဥ်းရောဂါ (Peripheral Arterial Disease)
  • ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Headache, Migraine)
  • ကျောရိုး အာရုံကြောမကြီးနှင့် သက်ဆိုင်သော ရောဂါများ သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း (Spinal Cord related conditions or injuries)
  • ခွဲစိတ်မှုပြုလုပ်ပြီးနောက် နာကျင်ခြင်း (Post-surgical pain)
ရောဂါရှာဖွေခြင်း

နာကျင်မှုဖြစ်ပေါ်စေသော အကြောင်းရင်းကို မသိရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ ရောဂါရှာဖွေ ကုသမှုခံယူရန် လိုအပ်သည်။ ဆရာဝန်များသည် ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းခြင်း၊ နာကျင်မှုဝေဒနာ ပြင်းထန်မှုကို အကဲဖြတ်ရန် နာကျင်မှုအဆင့်သတ်မှတ်ချက် (Pain Scale) ဖြင့် စစ်ဆေးခြင်းနှင့် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးမှုများကို ဦးစွာပြုလုပ်လေ့ရှိသည်။ [နာကျင်မှု အဆင့်သတ်မှတ်ချက် (Pain scale) ဆိုသည်မှာ မျက်နှာအမူအရာ၊ နေ့စဥ်လုပ်ငန်းဆောင်တာများကို မည်မျှအနှောင့်အယှက်ဖြစ်ခြင်း စသည်တို့ကို ကြည့်ရှုအကဲဖြတ်ခြင်းဖြစ်သည်]

စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ ရောဂါအဖြေရှာရန် လိုအပ်ပါက အထူးကုဆရာဝန်များသို့ လွှဲပြောင်းကာ အောက်ပါစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

  • သွေးစစ်‌ဆေးခြင်း၊ ဆီးစစ်ဆေးခြင်း၊ စီအက်စ်အက်ဖ် (CSF) အရည်စစ်ဆေးခြင်း
  • ပုံရိပ်ဖော်စစ်‌ဆေးခြင်း [ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း]
  • အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (Nerve Conduction Study, Electromyogram – EMG)
  • နာကျင်မှုဝေဒနာသည် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ နေ့စဥ် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်စွမ်းများအပေါ် မည်မျှသက်ရောက်မှုရှိကြောင်းကို စစ်ဆေးခြင်းတို့ ပြုလုပ်ရန် လိုအပ်နိုင်သည်။
ကုသပုံအဆင့်ဆင့်

နာကျင်မှု‌ဝေဒနာ ပြင်းထန်မှုပေါ်မူတည်၍ ကုသမှုအမျိုးမျိုး ကွဲပြားနိုင်သည်။ နာကျင်မှုသည် ကာလတိုသာခံစားရပြီး၊ မပြင်းထန်ဘဲ သာမာန်မျှသာဖြစ်ပါက ၎င်းနာကျင်ခြင်း သက်သာစေရန် နေအိမ်၌ပင် ပြုလုပ်နိုင်သည့် နည်းလမ်းများစွာရှိသည်။

နာကျင်မှုဝေဒနာပြင်းထန်မှုကို ဆန်းစစ်နိုင်ရန် အထက်တွင်ဖေါ်ပြခဲ့သော နာကျင်မှု အဆင့်သတ်မှတ်ချက် (Pain Scale) များကို အသုံးပြုသည်။ နာကျင်မှု အဆင့်သတ်မှတ်ချက်များတွင် လူနာကို နံပါတ် (၀) မှ (၁၀) အထိ အဆင့်ပေးစေခြင်း (၀ = နာကျင်မှုမရှိ၊ ၁၀ = မခံနိုင်လောက်အောင် နာကျင်သည်) မျိုးဖြစ်သည်။ ဆရာဝန်များသည် ယင်းအဆင့်အပေါ်အခြေခံ၍ ဆေးပေးမှုများ ပြုလုပ်နိုင်သည်။ အချို့ကလေးများ (သို့မဟုတ်) ဆက်သွယ်ရန် ခက်ခဲသောလူနာများတွင်

  • မျက်နှာ ပြုံးခြင်း၊ မဲ့ခြင်းကို ဖေါ်ပြသောပုံများ (Faces Pain Scale)
  • အမူအရာများကိုကြည့်ရှုဆန်းစစ်ခြင်း (Behavioral Pain Assessment) စသည်တို့ကိုလည်း အသုံးပြုနိုင်သည်။

နာတာရှည်နာကျင်မှု ဝေဒနာဖြစ်လာသောအခါ ကုသမှုနည်းလမ်းတစ်မျိုးတည်းဖြင့် သက်သာနိုင်ရန် ခက်ခဲလာပြီး ကုသမှုနည်းလမ်းများကို ပေါင်းစပ်အသုံးပြုမှသာ ထိ‌ရောက်စွာ သက်သာစေနိုင်သည်။ သို့ဖြစ်၍ အထူးကုဆရာဝန်များ ပါဝင်သော နာကျင်မှုဝေဒနာ ကုသ‌ရေးအဖွဲ့များ (Pain management specialists team) နှင့် ကုသမှုခံယူခြင်းဖြင့် ပြင်းထန်သော နာတာရှည်နာကျင်မှု ဝေဒနာများကို ထိန်းချုပ်ပေးနိုင်သည်။ နာကျင်မှုဝေဒနာ ကုသရေးအဖွဲ့တွင်

  • နာကျင်မှုကို အဓိကကုသသည့် အထူးကုဆရာဝန်များ
  • မေ့ဆေးဆရာဝန်များ
  • ကင်ဆာရောဂါအထူးကု ဆရာဝန်များ
  • ဦးနှောက်အာရုံကြော အထူးကုဆရာဝန်များ
  • သူနာပြုဆရာမများ
  • စိတ်ကျန်းမာရေး အထူးကုဆရာဝန်များ
  • စိတ်ပညာရှင်များ
  • ပြန်လည်သန်စွမ်း‌ရေးလေ့ကျင့်ခန်း ကုထုံးပညာရှင်များ စုပေါင်း၍ ဝိုင်းဝန်းကုသခြင်းဖြစ်သည်။

နာကျင်မှုဝေဒနာ ကုသခြင်း၏ အဓိကရည်မှန်းချက်သည် နေ့စဥ်လုပ်ငန်း‌ဆောင်တာများ အလွယ်တကူ လုပ်ဆောင်နိုင်ရန်၊ အလုပ်ခွင်တွင်လည်း လုပ်ငန်းများ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရန်၊ ကျောင်းပုံမှန်တက်နိုင်ရန်၊ လူနေမှုဘဝ တိုးတက်ကောင်းမွန်စေရန် စသည်တို့ဖြစ်သည်။ နာကျင်မှုဝေဒနာကို ကုသရာတွင် ခံစားရသော နာကျင်မှုလက္ခဏာကို သက်သာ‌အောင်ကုသရန် လိုအပ်သည့်အပြင် ထိုနာကျင်မှုကိုဖြစ်ပေါ်စေသော အကြောင်းရင်းကိုလည်း ကုသရန် လိုအပ်သည်။

နာကျင်မှုဝေဒနာ သက်သာစေရန် ကုသနိုင်သည့် နည်းလမ်းများ

နေအိမ်တွင် ပြုလုပ်နိုင်သော နည်းလမ်းများ

  • အနားယူခြင်း (Rest)
    လိုအပ်သလို မကြာခဏ အနားယူပါ။ အနားယူခြင်းသည် ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်စေရန် အထောက်အကူပြုသည်။ သက်သောင့်သက်သာရှိသော အနေအထားဖြင့် အိပ်စက်ပါ။ နာကျင်သော နေရာများကို ထောက်ပံ့ပေးနိုင်ရန် ခေါင်းအုံးများကို အသုံးပြုပါ။ နာကျင်မှုကြောင့် အိပ်ရန်ခက်ခဲပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ။
  • ရေခဲအိတ် (သို့မဟုတ်) ရေနွေးအိတ် ကပ်ခြင်း (Ice or Heat Therapy)
    ထိခိုက်ဒဏ်ရာကြောင့် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ကြွက်သားတောင့်တင်းခြင်းတို့အတွက် နာကျင်သည့်နေရာကို ရေခဲအိတ် (သို့မဟုတ်) ရေနွေးအိတ် ကပ်ပေးနိုင်သည်။ တစ်ကြိမ်လျှင် (၁၅)မိနစ် မှ (၂၀)မိနစ်ခန့် ကပ်ပါ။ တစ်နေ့လျှင် (၃)ကြိမ် မှ (၄)ကြိမ်အထိ ပြုလုပ်နိုင်သည်။
  • ပတ်တီးစည်းခြင်း (Compression with an elastic bandage as directed)
    နာကျင်မှုနှင့် ရောင်ရမ်းခြင်း သက်သာစေရန် ဆွဲဆန့်နိုင်သောပတ်တီး (Elastic bandage) ဖြင့် နာကျင်သည့်နေရာတစ်ဝိုက်ကို မတင်းလွန်း၊ မလျော့လွန်းပဲ ပတ်တီးစည်းပေးပါ [အဆိုပါ ပတ်တီးနှင့် အရေပြားအကြား အနည်းဆုံး လက်ချောင်း (၂) ချောင်း ဝင်နိုင်ရမည်ဖြစ်သည်၊ သွေးလည်ပတ်မှု ကောင်းမွန်စေရန် တင်းကြပ်စွာစည်းခြင်း မပြုလုပ်ရပါ]
  • နာကျင်နေသော အစိတ်အပိုင်းကို မြှင့်ထားခြင်း (Elevate the painful area)
    နာကျင်သောနေရာကို မိမိ၏နှလုံး တည်ရှိသောအမြင့်ထက် မြှင့်ထားပေးခြင်းဖြင့် ‌ရောင်ရမ်းမှုနှင့် နာကျင်မှုကို သက်သာစေနိုင်သည်၊ သက်သောင့်သက်သာဖြစ်စေရန် နာကျင်သည့်နေရာအောက်တွင် ခေါင်းအုံးများ (သို့မဟုတ်) စောင်များ ခု၍ထားပါ။
  • နာကျင်မှု ဒိုင်ယာရီ မှတ်သားခြင်း
    နာကျင်မှု စတင်ချိန်၊ ကြာမြင့်ချိန်နှင့် ပြင်းထန်မှုနှုန်း၊ သောက်သုံးသောဆေးများ စသည်တို့ကို နေ့စဥ် ဒိုင်ယာရီမှတ်သားထားခြင်းဖြင့် နာကျင်မှုအကြောင်းရင်း ရှာဖွေခြင်းနှင့် ကုသခြင်း နှစ်မျိုးလုံးကို အထောက်အကူပြုနိုင်သည်။
  • ဘဝနေထိုင်မှုပုံစံ ပြောင်းလဲခြင်း (Lifestyle Modifications)
    နာကျင်မှုဝေဒနာ သက်သာစေရန် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းသည် အရေးပါသည်။
    • ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
    • အာဟာရညီညွတ်မျှတစွာ စားသုံးခြင်း
    • ရေများများ သောက်သုံးခြင်း
    • လုံလောက်စွာ အိပ်စက်အနားယူခြင်း
    • စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်း (ယောဂ၊ တရားထိုင်ခြင်း)
    • လမ်းလျှောက်ခြင်း၊ ရေကူးခြင်း သို့မဟုတ် ကြွက်သားသန်မာစေသော ညင်သာသည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် နာကျင်မှုကို သက်သာစေပြီး အဆစ်များ သန်မာစေသည်၊ သို့သော်နာကျင်မှုကို ပိုဆိုးစေနိုင်သော ပြင်းထန်သည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ

အနာသက်သာစေသော ဆေးဝါးများဖြင့် ကုသခြင်း

  1. အကိုက်အခဲပျောက်ဆေးများ
    • လိမ်းဆေးများဖြင့် ကုသခြင်း
      သာမန်နာကျင်မှုများအတွက် အနာသက်သာစေသောဆေးများ ပါဝင်သည့် လိမ်းဆေးများ (Lidocaine, capsaicin cream၊ NSAID cream) ၊ ဂျယ်လ်များ၊ ကပ်ခွာများ (Fentanyl patch) ကို အရေပြားပေါ်တွင် လိမ်းနိုင်၊ ကပ်နိုင်သည်။
    • ပါရာစီတမော (Paracetamol)
      ပါရာစီတမောသည် နာကျင်မှုနှင့် ကိုယ်ပူခြင်းကို သက်သာစေနိုင်ပြီး ဆရာဝန်ညွှန်ကြားချက် မလိုအပ်ဘဲ အလွယ်တကူ ဝယ်ယူသောက်သုံးနိုင်သည်၊၊ လူကြီးတစ်ဦးသည် ပုံမှန်အားဖြင့် ပါရာစီတမောကို တစ်ကြိမ်သောက်လျှင် 500 mg – 1000mg သောက်သုံးနိုင်ပြီး မသက်သာပါက (၈)နာရီခြား (သို့မဟုတ်) (၆) နာရီခြား၍ နောက်တစ်ကြိမ် ထပ်မံသောက်သုံးနိုင်သည်။ လူကြီးများတွင် တစ်ရက်လျှင် အများဆုံးသောက်သုံးနိုင်သည့် ပမာဏမှာ 4000mg (4 gram) ဖြစ်ပြီး ထို့ထက်ပို၍ သောက်သုံးပါက အသည်းထိခိုက်ခြင်း ဖြစ်ပေါ်စေနိုင်သည်။ ကလေးများတွင်မူ အသက်အရွယ်နှင့် ကိုယ်အလေးချိန်ပေါ် မူတည်၍ သောက်သုံးရမည့် ပမာဏကို တွက်ချက်၍ သောက်သုံးရသည်။ ဆေးသောက်ရမည့် ပမာဏနှင့် အကြိမ်ရေကို မသိရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ အထူးသဖြင့် ကလေးငယ်များ၊ ရောဂါအခံ (ဥပမာ _ အသည်း‌ရောဂါ) ရှိသူများတွင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးခြင်းသည် စိတ်အချရဆုံးဖြစ်သည်။
    • စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ (NSAIDs)
      • အိုင်ဗျူပရိုဖင် (Ibuprofen) ကဲ့သို့သော စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး (NSAIDs) များသည် ရောင်ရမ်းမှု၊ နာကျင်မှုနှင့် ကိုယ်ပူခြင်းတို့ကို ထိရောက်စွာ သက်သာစေနိုင်သည်၊ ဤဆေးဝါးအများစုကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သော်လည်းကောင်း၊ ညွှန်ကြားချက်မလိုဘဲသော်လည်းကောင်း ဝယ်ယူရရှိနိုင်သည်
      • Ibuprofenကို လူကြီးများတွင် တစ်ကြိမ်သောက်လျှင် 200mg – 400mg သောက်သုံးနိုင်ပြီး မသက်သာပါက (၆-၈) နာရီခြား၍ နောက်တစ်ကြိမ် ထပ်မံသောက်သုံးနိုင်သည်၊ သို့သော် တစ်ရက်လျှင် 1200 mg ထက်ပို၍ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိသဘောဖြင့် မသောက်သုံးရပါ၊ နေ့စဉ်သောက်သုံးနေရလျှင် ဆရာဝန်နှင့် တိုင်ပင်ကုသသင့်သည်
      • ဤဆေးများသည် အချို့သောလူနာများတွင် အောက်ပါဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်ကို သတိပြုသင့်သည်
        • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ (ဥပမာ _ ဗိုက်အောင့်ခြင်း၊ အစာအိမ်တွင် အနာဖြစ်ခြင်း သို့မဟုတ် သွေးထွက်ခြင်း)
        • ကျောက်ကပ်လုပ်ဆောင်မှုကို ထိခိုက်စေခြင်း
      • ထို့ကြောင့် ဆေးဘူးပါညွှန်ကြားချက်များကို သေချာစွာ ဖတ်ရှုလိုက်နာသင့်သည်၊ လိုအပ်ပါက ဆရာဝန် (သို့မဟုတ်) ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ
    • အထူးသတိပြုရန်—
      • အကယ်၍ သွေးကျဲဆေး (Blood thinners) များ သောက်သုံးနေရသူ ဖြစ်ပါက၊ ဤဆေးများ သောက်သုံးရန် ဘေးကင်းခြင်း ရှိမရှိ ဆရာဝန်နှင့် မဖြစ်မနေ တိုင်ပင်ပါ
      • အသက် (၆) လအောက် ကလေးငယ်များအား ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဤဆေးများ မတိုက်ကျွေးရပါ
    • ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ အသုံးပြုနိုင်သော ဆေးဝါးများ
      • ဘိန်းပါဝင်သော မူးယစ်ဆေးဝါးကဲ့သို့သော ဆေးများ (opioids or narcotics)
        ဤဆေးများကို လတ်တလော ကာလတိုနာကျင်မှုများအတွက်သာ အသုံးပြုလေ့ရှိသည်။ ဆေးသောက်ရမည့် နည်းလမ်းနှင့် ဘေးကင်းစွာ သုံးစွဲရမည့် နည်းလမ်းများကို ဆရာဝန်များမှ ညွှန်ကြားပေးလိမ့်မည်။ ဆေး၏ အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ (ဥပမာ – ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း) ကို မှတ်သားထားရန်လိုအပ်ပြီး ထိုသို့ဖြစ်ပေါ်ပါက လိုက်နာရမည့် အချက်များကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ထားရန် လိုအပ်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ (ဥပမာ – အသက်ရှူကျပ်ခြင်း၊ သတိလစ်ခြင်း) ဖြစ်ပေါ်ပါက ဆရာဝန်ထံ ချက်ချင်း အရေးပေါ် ပြန်ပြရန် လိုအပ်သည်။
  2. စတီးရွိုက်ဆေးဝါးများ (Steroids)
  3. ကြွက်သားပြေလျော့ဆေးများ (Muscle relaxants)
    ကြွက်သားနာကျင်ခြင်းနှင့် တောင့်တင်းခြင်းများကို သက်သာစေသည်။
  4. ထုံဆေးများ (Anesthetic Medicine)
    အာရုံကြောများမှ နာကျင်ခြင်း အချက်ပြမှုများကို ပိတ်ဆို့တားဆီးရန် ထုံ‌ဆေးများကို အာရုံကြောအတွင်း သို့မဟုတ် အနီးတစ်ဝိုက်တွင် ထိုးပေးနိုင်သည်။
  5. စိုးရိမ်ပူပန်မှုအတွက် ဆေးဝါးများ (Anxiety medicines)
    စိုးရိမ်စိတ်များကို လျော့ကျစေပြီး နာကျင်မှုကို ပိုမိုထိန်းချုပ်စေနိုင်သည်။
  6. စိတ်ကျရောဂါ ကုသဆေးဝါးများ (Antidepressants)
    စိတ်ကျရောဂါ (သို့မဟုတ်) စိုးရိမ်ပူပန်မှု၏ လက္ခဏာများကို လျှော့ချရန် သို့မဟုတ် ကာကွယ်ရန် စိတ်ကျရောဂါကုသဆေးဝါးများကို အသုံးပြုနိုင်သည်။ အာရုံကြောဆိုင်ရာ နာကျင်မှုများကို ကုသရန်လည်း အသုံးပြုနိုင်သည်။
  7. အတက်ကျဆေးများ (Anticonvulsants)
    အတက်ကျဆေးများကိုလည်း နာတာရှည်နာကျင်မှုများကို သက်သာစေရန် အသုံးပြုနိုင်သည်။

နာကျင်မှုထိန်းချုပ်ရန်အတွက် ဆေးဘက်ဆိုင်ရာ ကုထုံးများနှင့် ကိရိယာများဖြင့် ကုသခြင်း (Procedures and devices for pain management)

  • အရေပြားမှတစ်ဆင့် အာရုံကြောများကို လျှပ်စစ်လှိုင်းများဖြင့် နှိုးဆွခြင်း (Transcutaneous Electrical Nerve Stimulation – TENS)
    ဗို့အားအနည်းငယ်ကို အသုံးပြုထားသော လျှပ်စီးကြောင်းကို နာကျင်မှုဖြစ်ပေါ်သော နေရာအနီးရှိ အရေပြားပေါ်တွင်တင်ထားသော လျှပ်ကူးပစ္စည်းများ (electrodes) မှတစ်ဆင့် အာရုံကြောများထံသို့ ပေးပို့၍ နာကျင်မှုကို ပိတ်ဆို့ရန် သို့မဟုတ် နာကျင်မှုနှင့် ပတ်သတ်သော ခံစားချက်များကို ပြောင်းလဲစေရန် အသုံးပြုနိုင်သည်။ ဤကုထုံးသည် နာ‌ကျင်စေခြင်းမရှိဘဲ အာရုံကြောထိခိုက်နာကျင်မှုများကို ယာယီဖုံးကွယ်ပေးရာတွင် ထိရောက်သော ကုထုံးတစ်ခုဖြစ်သည်။
  • ကျောရိုး အာရုံကြောမကြီးကို လှုံ့ဆော်ခြင်း (spinal cord stimulation)
    ပြင်းထန်သော နာတာရှည်နာကျင်မှုကို ကုသရန် အတွက် ခန္ဓာကိုယ်အတွင်းသို့ ကျောရိုးအာရုံကြောနှိုးဆွစက် (spinal cord stimulator) ကို ထည့်သွင်း၍ ကုသခြင်းဖြစ်သည်။ ထိုစက်များမှတစ်ဆင့် ကျောရိုးအာရုံကြောမကြီးအနီးသို့ လျှပ်စစ်လှိုင်းငယ်များပေးပို့ပြီး နာကျင်ခြင်းအချက်ပြမှုများကို ဦးနှောက်သို့မ‌ရောက်အောင် တားဆီးပေးသည်။ အခြားသောကုသမှုများနှင့် မသက်သာသော အခြေအနေများတွင်သာ အသုံးပြုလေ့ရှိသည်။
  • ရေဒီယိုလှိုင်းများမှ ထုတ်သော အပူဖြင့် တစ်ရှူးများကို ဖျက်ဆီးခြင်း (Radiofrequency ablation)
    ဤနည်းလမ်းသည် ဦးနှောက်သို့ နာကျင်ခြင်းအချက်ပြမှုများပေးပို့ခြင်းကို တားဆီးပေးသဖြင့် နာကျင်မှုကို သက်သာစေသည်။ အခြားသောနည်းလမ်းများဖြင့် အောင်မြင်စွာကုသ၍ မရသော နာတာရှည်နာကျင်မှုများအတွက် ထည့်သွင်းစဥ်းစားနိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။
  • အာရုံကြောကို ပိတ်ဆို့၍ နာကျင်မှုကို သက်သာစေခြင်း (Nerve Block)
    နာကျင်နေသော အာရုံကြောအနီးတွင် ထုံဆေး (Local anaesthetics) နှင့်အတူ အရောင်ကျဆေးများကိုပါ ထိုးသွင်းခြင်းအားဖြင့် နာကျင်မှုကို ယာယီသက်သာစေသည့် ကုထုံးတစ်မျိုးဖြစ်သည်။
  • ဘိုတောက်ထိုးခြင်းဖြင့် ကုသခြင်း (Botox)
    အာရုံကြောများမှ ကြွက်သားများဆီသို့ အချက်ပြမှုကို ပိတ်ဆို့ပေးသည့် ထိုးဆေးတစ်မျိုးဖြစ်သည်။ နာတာရှည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာရန်လည်း အသုံးပြုနိုင်သည်။ ဦးခေါင်းနှင့် လည်ပင်းတစ်ဝိုက်တွင် (၁၂) ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် အကြိမ်ပေါင်းများစွာထိုးရန် လိုအပ်သည်။

ပြန်လည်သန်စွမ်း‌ရေး လေ့ကျင့်ခန်းကုထုံးများ (Physical therapy and occupational therapy)
ဤကုထုံးသည် ခန္ဓာကိုယ်၏ လှုပ်ရှားမှုစွမ်းရည် မြှင့်တင်ပေးပြီး နာကျင်မှုကို သက်သာအောင် ပြုလုပ်ပေးသည့်အပြင် နေ့စဥ်လုပ်ငန်းဆောင်တာများကို နာကျင်မှုနည်းနည်းနှင့် လုပ်ဆောင်နိုင်ရန်လည်း ကူညီပေးသည်။

နာကျင်မှုအတွက် စိတ်ပိုင်းဆိုင်ရာ ကုထုံးများ (Psychotherapy)
စိတ်ပိုင်းဆိုင်ရာကုထုံး (Psychotherapy) သည် စကားပြောကုထုံး (Talk therapy) တစ်မျိုးဖြစ်ပြီး နာတာရှည်နာကျင်မှုနှင့် အတူပေါ်ပေါက်လာတတ်သော စိတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများနှင့် မကောင်းးသောအတွေးများကို နားလည်သိရှိကာ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကူညီပေးသည်။

နာတာရှည်နာကျင်မှုသည် စိတ်ပိုင်းဆိုင်ရာကို ကြီးမားစွာ ထိခိုက်စေနိုင်ပြီး စိတ်ကျန်းမာရေး ချို့တဲ့မှုများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် စိတ်ကုထုံးများနှင့် လိုအပ်ပါက ဆေးဝါးကုသမှုများ ခံယူခြင်းသည် အလွန်အရေးပါသော ကုသမှုအစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။

အထူးသဖြင့် အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive Behavioral Therapy – CBT) သည် နာတာရှည်နာကျင်မှုအတွက် ထိရောက်မှုအများဆုံး ကုထုံးတစ်ခုအဖြစ် အသိအမှတ်ပြုထားသည်။ CBT သည် လူနာများအား အောက်ပါစွမ်းရည်များ တည်ဆောက်ပေးနိုင်သည်။

  • နာကျင်မှုကို ပိုမိုဆိုးရွားစေသည့် အနှုတ်လက္ခဏာဆောင်တွေးခေါ်မှုပုံစံများကို ဖေါ်ထုတ်ပေးပြီးအကောင်းဖက်သို့ပြောင်းလဲတွေးခေါ်စေခြင်း
  • စိတ်ဖိစီးမှုနှင့် နာကျင်မှုကို လျှော့ချပေးသည့် ကိုယ်လက်ကြွက်သား ဖြေလျှော့ခြင်းနည်းလမ်းများ
  • နာကျင်မှုနှင့် စိတ်ခံစားချက်များကို လက်ခံနားလည်ကာ ထိန်းညှိနိုင်ရန် အသိသတိထားသော နည်းလမ်းများ (Mindfulness)
  • နေ့စဉ်ဘဝတွင် ပိုမိုကောင်းမွန်သော စီမံကွပ်ကဲမှုစွမ်းရည်များ ဖွံ့ဖြိုးစေခြင်း

ဖြည့်စွက်ကုထုံးများ (Complementary Medicine)
ဖြည့်စွက်ကုထုံးများသည် နာကျင်မှုကို ထိန်းချုပ်နိုင်ရန် အနောက်တိုင်းဆေးပညာများနှင့် အတူ ပေါင်းစပ်အသုံးပြုနိုင်သော သဘာဝနည်းလမ်းများဖြစ်သည်။ အသုံးပြုနိုင်သော ဖြည့်စွက်ကုထုံးများမှာ_

  • နှိပ်နယ်ကုထုံး (Massage therapy)
  • အပ်စိုက်ကုထုံး (Acupuncture)
  • ဇီဝတုံ့ပြန်မှုကုထုံး (Biofeedback)
  • တရားထိုင်ခြင်း (Meditation)
  • အသက်ရှူလေ့ကျင့်ခန်း (Breathwork)
  • ယောဂ (Yoga)
  • ခြေဖဝါးနှိပ်နယ် ကုထုံး (Reflexology)
  • ရနံ့ကုထုံး (Aromatherapy)
  • အစားအသောက်ဖြည့်စွက်စာများ စားသောက်ခြင်း (Dietary supplements) တို့ဖြစ်ကြသည်။

နာကျင်ခြင်းကိုဖြစ်စေသော ရောဂါအခံကို ကုသခြင်း
နာကျင်မှုကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းကို ရှာဖွေ၍ ဆေးဝါးများဖြင့်ကုသခြင်း၊ ခွဲစိတ်ကုသခြင်း (ဥပမာ – ကျောရိုးခွဲစိတ်ကုသခြင်း) တို့ လိုအပ်နိုင်သည်။ နာတာရှည်နာကျင်မှုသည် ဦးနှောက်နှင့် အာရုံကြောစနစ်၏ လုပ်ဆောင်ပုံကို အချိန်ကြာလာသည်နှင့်အမျှ ပြောင်းလဲစေနိုင်သည်။ ထို့ကြောင့် နာကျင်မှုဝေဒနာ ကုသရေးအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း နာကျင်မှုကို စနစ်တကျ စီမံကုသသင့်သည်။ နာတာရှည်နာကျင်မှုရှိသူ အများစုသည် သင့်တော်သော ကုသမှုခံယူခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာပြီး ဘဝ၏အရည်အသွေးကို သိသိသာသာ မြှင့်တင်နိုင်ကြောင်း တွေ့ရှိရသည်။

နောက်ဆက်တွဲဆိုးကျိုးများ

အထက်တွင် ဖော်ပြခဲ့သော နာကျင်မှုကုသနည်းလမ်းတိုင်းတွင် ၎င်းတို့ကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများနှင့် နောက်ဆက်တွဲပြဿနာများ ရှိတတ်သည်။ ဤဆိုးကျိုးများသည် တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေ၊ ရောဂါရာဇဝင်နှင့် လက်ရှိသောက်သုံးနေသော ဆေးဝါးများအပေါ် မူတည်၍ ကွဲပြားနိုင်သည်။

ဥပမာအားဖြင့် ဆေးဆိုင်များတွင် အလွယ်တကူဝယ်ယူနိုင်သော ပါရာစီတမော နှင့်အခြားအကိုက်အခဲပျောက်ဆေးဝါးများကို အလွန်အကျွံသုံးစွဲခြင်းသည် ပြင်းထန်သော အသည်းပျက်စီးမှုများ၊ အစာအိမ်၊ ကျောက်ကပ်ရောဂါများဖြစ်ပေါ်လာနိုင်သည်။ ထို့အပြင် ဘိန်းပါဝင်သော မူးယစ်ဆေးဝါးများ ကဲ့သို့သော ဆေးများ (opioids or narcotics)များသည်လည်း ဆေးစွဲလမ်းမှုများကို ဖြစ်စေနိုင်သည်။ ခွဲစိတ်ခြင်းများ သို့မဟုတ် ကိရိယာများဖြင့် ကုသသည့် ကုထုံးများတွင်လည်း ပိုးဝင်ခြင်းနှင့် အာရုံကြောများ ထိခိုက်ပျက်စီးခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်။

အချုပ်အားဖြင့် ဆိုရသော်၊ နာကျင်မှုအတွက် မည်သည့်ကုသမှုနည်းလမ်းကို ရွေးချယ်သည်ဖြစ်စေ ထိုကုသမှု၏ အကျိုးကျေးဇူးများနှင့် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲဆိုးကျိုးများအားလုံးကို ဆရာဝန်များနှင့် သေချာစွာ ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ်ရွေးချယ်ရန် အလွန်အရေးကြီးသည်။ နာကျင်မှုဝေဒနာများကို ထိရောက်စွာ ကုသမှုခံယူခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက်ကောင်းမွန်လာပြီး ပို၍ပျော်ရွှင်ပြည့်စုံသော လူနေမှုဘဝအရည်အသွေးကို ရရှိနိုင်မည်ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Pain management. Cleveland Clinic. Retrieved August 14, 2025, from https://my.clevelandclinic.org/health/treatments/21514-pain-management
  2. Drugs.com. (n.d.). Pain management overview. Drugs.com. Retrieved August 14, 2025, from https://www.drugs.com/cg/pain-management.html
  3. WebMD. (n.d.). Pain management: Treatment and overview. WebMD. Retrieved August 14, 2025, from https://www.webmd.com/pain-management/pain-management-treatment-overview
  4. U.S. News & World Report. (n.d.). Pain management. U.S. News & World Report. Retrieved August 14, 2025, from https://health.usnews.com/conditions/pain-management
  5. Verywell Health. (n.d.). What is pain management? Verywell Health. Retrieved August 14, 2025, from https://www.verywellhealth.com/what-is-pain-management-296604
  6. Drugs.com. (n.d.). Ibuprofen dosage information. Drugs.com. Retrieved August 14, 2025, from https://www.drugs.com/dosage/ibuprofen.html
  7. Drugs.com. (n.d.). Acetaminophen (paracetamol) dosage information. Drugs.com. Retrieved August 14, 2025, from https://www.drugs.com/paracetamol.html

Published: 9 September 2025

Share

9 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.