ကိုယ်ဝန်ဆောင်ကာလသည် အမျိုးသမီးများ၏ ဘဝတွင် အလွန်အရေးကြီးသော အချိန်ကာလဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်များ ပြောင်းလဲမှုကြောင့် ဆေးဝါးများ၏ အာနိသင်အပေါ် သက်ရောက်မှုများ ရှိနိုင်သည်။ ဆေးဝါးများကြောင့်လည်း သန္ဓေသားကို ထိခိုက်နိုင်သည်။ အချို့ဆေးဝါးများကို ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး သို့မဟုတ် ကိုယ်ဝန်၏ ပထမ (၃) လပတ်ကာလ ကျော်လွန်ပြီးနောက် သောက်သုံးပါက အန္တရာယ်မရှိဟု သတ်မှတ်ထားသော်လည်း၊သန္ဓေသားကို ထိခိုက်စေနိုင်သော ဆေးဝါးများကိုမူ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး သောက်သုံးရန် မသင့်ပါ။ ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးဝါးများသောက်သုံးရာတွင် ဆရာဝန်နှင့်တိုင်ပင်ပြီး စနစ်တကျ သုံးစွဲသင့်သည်။
ကိုယ်ဝန်ဆောင်စဉ် ဆေးဝါးများ၏ ဘေးကင်းမှုကို ဖော်ပြရာတွင် ယခင်က “အုပ်စု (၅)မျိုး” စနစ်ဟောင်းကို အသုံးပြုခဲ့သော်လည်း ယခုအခါ ပိုမိုပြည့်စုံသော PLLR စနစ်သစ်သို့ ပြောင်းလဲကျင့်သုံးနေပြီဖြစ်သည်။
ဆေးဝါးအုပ်စု (၅) မျိုး (စနစ်ဟောင်း)
အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနသည် (၁၉၇၉) ခုနှစ်မှ စတင်၍ ကိုယ်ဝန်ဆောင်စဉ် အသုံးပြုရသော ဆေးဝါးများကို သန္ဓေသားအား ထိခိုက်နိုင်မှုအလားအလာ (Potential teratogenic risks) ပေါ်မူတည်၍ အုပ်စု (၅) ခု ခွဲခြားသတ်မှတ်ခဲ့သည်။ အဆိုပါဆေးဝါးအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အုပ်စု (A)
စနစ်တကျနှင့် ပြည့်စုံစွာ ပြုလုပ်ထားသော လူသားလေ့လာစမ်းသပ်ချက်များအရ ကိုယ်ဝန်ပထမ (၃) လတာ ကာလအတွင်း သန္ဓေသားထိခိုက်မှုရှိကြောင်း အထောက်အထား ဖော်ပြချက်မရှိသည့်အပြင် ကိုယ်ဝန်နောက်ပိုင်း ကာလများတွင်လည်း ထိခိုက်မှုအန္တရာယ် မတွေ့ရသော ဆေးဝါးများ ပါဝင်သည်။
(ဥပမာ – ကိုယ်ဝန်ဆောင်အားဆေးများ၊ သိုင်းရွိုက်ဟော်မုန်းဆေး – Levothyroxine၊ ဖောလစ်အက်ဆစ် – Folic acid) - အုပ်စု (B)
တိရစ္ဆာန်များတွင် လေ့လာစမ်းသပ်ချက်များအရ သန္ဓေသား ထိခိုက်မှု မတွေ့ရှိရသော ဆေးဝါးများ ဖြစ်သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် စနစ်တကျနှင့် ပြည့်စုံစွာ လေ့လာထားသည့် သုတေသနပြုချက်များ မရှိသေးသော ဆေးဝါးများ ဖြစ်သည်။
(ဥပမာ – မက်ဖော်မင် – Metformin၊ ဆီးဆေး – Hydrochlorothiazide၊ ပဋိဇီဝပိုးသတ်ဆေး – Amoxicillin) - အုပ်စု (C)
တိရစ္ဆာန်များတွင် လေ့လာစမ်းသပ်ချက်များအရ သန္ဓေသားကို ဆိုးကျိုးဖြစ်စေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင်မူ စနစ်တကျနှင့် ပြည့်စုံသော လေ့လာစမ်းသပ်မှုများ မပြုလုပ်ထားသည့် ဆေးဝါးများ သို့မဟုတ် လေ့လာစမ်းသပ်မှု လုံးဝမရှိသေးသော ဆေးဝါးများ ပါဝင်သည်။
ထိုဆေးဝါးများကို အသုံးပြုရာတွင် မိခင်အတွက် ရရှိမည့် အကျိုးရလဒ်နှင့် သန္ဓေသားအတွက် ဖြစ်လာနိုင်သည့် အန္တရာယ်ကို သေချာစွာ ချင့်ချိန်ရန် လိုအပ်သည်။
(ဥပမာ – Diltiazem၊ Amlodipine၊ Gabapentin၊ Spironolactone) - အုပ်စု (D)
သန္ဓေသားအတွက် အန္တရာယ်ရှိသည်ဟု အထောက်အထား ဖော်ထုတ်ပြသနိုင်သော ဆေးဝါးများ ပါဝင်သည်။
သို့သော် မိခင်၏ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော အခြေအနေများ သို့မဟုတ် အခြားစိတ်ချရသော ဆေးဝါးများ သုံး၍မရသည့် အရေးပေါ်ရောဂါအခြေအနေများတွင် သန္ဓေသားအတွက် အန္တရာယ်ရှိသော်လည်း မိခင်၏အကျိုးရလဒ်အတွက် လက်ခံ၍ အသုံးပြုသည်။
(ဥပမာ – အတက်ရောဂါကုဆေးတချို့ – Phenytoin၊ Valproic acid) - အုပ်စု (X)
တိရစ္ဆာန်များ သို့မဟုတ် လူများတွင် လေ့လာစမ်းသပ်ချက်များအရ သန္ဓေသားကိုယ်အင်္ဂါ ချို့ယွင်းထိခိုက်မှုများရှိကြောင်း အထောက်အထား ဖော်ထုတ်ပြသနိုင်သော ဆေးဝါးများ ပါဝင်သည်။
မိခင်အကျိုးရလဒ်ထက်စာလျှင် ကလေးအတွက် ဆိုးကျိုးအန္တရာယ် အလွန်များပြားသောကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ထိုဆေးများ အသုံးပြုခြင်းကို တားမြစ်ထားသည်။
(ဥပမာ – Thalidomide၊ Warfarin၊ Atorvastatin၊ Methotrexate)
စနစ်ဟောင်းမှ စနစ်သစ်သို့ ကူးပြောင်းခြင်း
အထက်ပါ အုပ်စု (၅) မျိုးစနစ်ကို အသုံးပြုခဲ့ရာ လူနာများနှင့် ဆေးကုသမှုပေးသူများအား သတင်းအချက်အလက် ပြည့်စုံစွာ မပေးနိုင်ရုံသာမက အက္ခရာများ၏ အဓိပ္ပါယ်အပေါ် မှားယွင်းသော ယူဆချက်များ ဖြစ်ပေါ်စေခဲ့သည်ဟု ဝေဖန်အကြံပြုချက်များ ရရှိခဲ့ကြသည်။ ထို့ကြောင့် (၂၀၁၅) ခုနှစ်တွင် FDA မှ လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်သူများအတွက် ပိုမိုအဓိပ္ပါယ်ပြည့်စုံသည့် စနစ်အသစ် (Pregnancy and Lactation Labeling Final Rule – PLLR) ဖြင့် အစားထိုးခဲ့သည်။ ထိုစနစ်သစ်အရ ဆေးဝါးကုသမှု ခံယူလိုသော ကိုယ်ဝန်ဆောင်မိခင်များအတွက် တစ်ဦးချင်းစီနှင့် ကိုက်ညီသည့် နှစ်သိမ့်ဆွေးနွေးအကြံပေးမှုများနှင့် အချက်အလက်စုံလင်စွာဖြင့် ဆုံးဖြတ်ချက်ချမှတ်နိုင်မှုကို ပိုမိုကောင်းမွန်စေသည်။
စနစ်သစ်သည် ယခင်ပုံစံဟောင်းထက် တိုးတက်ကောင်းမွန်လာသော်လည်း အများစုတွင် သောက်သုံးရန် သင့်/မသင့် ဆိုသည့် တိကျပြတ်သားသော အဖြေများကို ပေးနိုင်ခြင်း မရှိသေးသည့်အပြင် (၂၀၂၆) ခုနှစ်၏ နောက်ဆုံးရဆေးဝါးသုတေသနများအရ လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်၍ ဆေးပညာဆိုင်ရာ ကျွမ်းကျင်စွာ သုံးသပ်အကဲဖြတ်ရန် လိုအပ်နေဆဲဖြစ်သည်။
Pregnancy and Lactation Labeling Final Rule (PLLR) (စနစ်သစ်)
PLLR ဆိုသည်မှာ အမေရိကန်ပြည်ထောင်စု FDA က (၂၀၁၅) ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သော ဆေးဝါးညွှန်းတမ်း အချက်အလက်များ ဖော်ပြသည့် စည်းမျဉ်းသစ်ဖြစ်သည်။ ယခင်က အသုံးပြုခဲ့သော အက္ခရာများ (A, B, C, D, X) ဖြင့် ဘေးကင်းမှုကို သတ်မှတ်သည့် စနစ်သည် ဆေးဝါးတစ်ခု၏ အန္တရာယ်နှင့် အကျိုးကျေးဇူးကို တိကျစွာ မဖော်ပြနိုင်သောကြောင့် PLLR စနစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဤစနစ်သစ်သည် ဆေးဝါးများ၏ သန္ဓေသားအပေါ် သက်ရောက်မှု၊ မိခင်နို့မှတစ်ဆင့် ကလေးထံ ရောက်ရှိနိုင်မှုနှင့် မျိုးပွါးနိုင်စွမ်းအပေါ် သက်ရောက်မှုများကို နောက်ဆုံးရ သိပ္ပံနည်းကျ အချက်အလက်များဖြင့် အသေးစိတ် စာသားဖြင့် ဖော်ပြပေးသော စနစ်ဖြစ်သည်။
PLLR စနစ်သစ်တွင် အပိုင်း (၃) ပိုင်း ပါဝင်သည်။
- ကိုယ်ဝန်ဆောင်ခြင်း (Pregnancy)
ဤအပိုင်းတွင် သားဖွားခြင်းနှင့် မီးဖွားခြင်း အဆင့်များ အားလုံး ပါဝင်သည်။ ကိုယ်ဝန်ဆောင်စဉ် ဆေးဝါးအသုံးပြုမှု မှတ်တမ်းများ (ဆေးဝါးအသုံးပြုခဲ့သော မိခင်များကို စောင့်ကြည့်လေ့လာသည့် အချက်အလက်များ)၊ သန္ဓေသားအပေါ် ထိခိုက်နိုင်ခြေ ဘေးအန္တရာယ်ဆိုင်ရာ အချက်များ၊ ဆေးပညာဆိုင်ရာ ထည့်သွင်းစဉ်းစားရမည့် အချက်များနှင့် သုတေသန အချက်အလက်များ အားလုံးကို ဖော်ပြထားသည်။ (၂၀၂၆) ခုနှစ်၏ ဆေးဝါးဗေဒ လမ်းညွှန်ချက်များအရ ဤအပိုင်းသည် မိခင်၏ ကျန်းမာရေး အခြေအနေနှင့် သန္ဓေသား ဖွံ့ဖြိုးမှုအကြား အချိုးကျ ချိန်ညှိနိုင်ရန် အသေးစိတ် အချက်အလက်များကို ပေးစွမ်းနိုင်သည်။ - နို့တိုက်ကျွေးခြင်း (Lactation)
ဤအပိုင်းသည် ယခင်စနစ်ဟောင်း၏ နို့တိုက်မိခင်များအပိုင်း၏ နေရာတွင် အစားထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။ ၎င်းတွင် နို့တိုက်နေစဉ်အတွင်း အသုံးမပြုသင့်သော ဆေးဝါးများ၊ မိခင်နို့ထဲတွင် ပါဝင်နိုင်သည့် ဆေးဝါး၏ ဒြပ်ပေါင်းများနှင့် ပတ်သက်၍ လူ သို့မဟုတ် တိရစ္ဆာန်များတွင် ပြုလုပ်ထားသော သုတေသန အချက်အလက်များ၊ ကလေးငယ်တွင် ဖြစ်ပေါ်လာနိုင်သော လက်တွေ့ဆိုးကျိုးများ အစရှိသည်တို့ ပါဝင်သည်။ ထို့ပြင် ဆေးဝါးများ၏ ဇီဝဖြစ်စဉ် သို့မဟုတ် ကိုယ်ခန္ဓာမှ စွန့်ထုတ်မှုဆိုင်ရာ အချက်အလက်များ၊ ဘေးအန္တရာယ်နှင့် အကျိုးကျေးဇူး နှိုင်းယှဉ်ချက်များအပြင် ကလေးငယ်ထံသို့ ဆေးရောက်ရှိမှု အနည်းဆုံးဖြစ်စေရန် နို့တိုက်ရမည့် အချိန်ဇယားကို မည်သို့ ညှိနှိုင်းရမည်ဟူသော အချက်များလည်း ပါဝင်သည်။ - မျိုးပွါးနိုင်စွမ်းရှိသော အမျိုးသားများနှင့် အမျိုးသမီးများ (Females and Males of Reproductive Potential)
ဤအပိုင်းတွင် ဆေးဝါးကုသမှု မခံယူမီ၊ ခံယူနေစဉ် သို့မဟုတ် ခံယူပြီးနောက်ပိုင်းတွင် လိုအပ်သော ကိုယ်ဝန် ရှိ-မရှိ စစ်ဆေးခြင်း သို့မဟုတ် သားဆက်ခြားခြင်းနှင့် သက်ဆိုင်သော အချက်အလက်များ ပါဝင်သည်။ ထို့အပြင် ဆေးဝါးများကြောင့် မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှုများ သို့မဟုတ် ကိုယ်ဝန်ပျက်ကျနိုင်ခြေဆိုင်ရာ အချက်အလက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။
ကိုယ်ဝန်ဆောင်စဥ် ခံစားရသောဝေဒနာများနှင့် သောက်သုံးနိုင်သောဆေးဝါးများ
ကိုယ်ဝန်ဆောင်စဉ်ကာလတွင် အမျိုးသမီးများခံစားရသော ဝေဒနာများ သက်သာစေရန် စိတ်ချရသော ဆေးဝါးများကို ရွေးချယ်အသုံးပြုနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် ခံစားရနိုင်သော ဝေဒနာများနှင့် သက်သာစေရန် အသုံးပြုနိုင်သည့် ဆေးဝါးများကို အောက်တွင် ဖော်ပြထားသည်။
- ပျို့အန်ခြင်း (Nausea and Vomiting)
ကိုယ်ဝန်ဆောင်အမျိုးသမီး (၈၀) ရာခိုင်နှုန်းခန့်သည် ပျို့အန်ခြင်းကို ခံစားရသည်။- ဆေးဝါးများ
- Doxylamine
- Vitamin B6
- Promethazine စသည့် ဆေးဝါးများကို အသုံးပြုနိုင်သည်။
- အလွန်အမင်းပျို့အန်ခြင်းအတွက် အခြားသောဆေးများနှင့် မသက်သာပါက
- Metoclopramide နှင့်
- Ondansetron တို့ကို အသုံးပြုနိုင်သည်။
- ဆေးဝါးများ
- ဓာတ်မတည့်ခြင်း (Allergies)
ရာသီဥတုပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်အခြေအနေများကြောင့် နှာချေခြင်း၊ နှာရည်ယိုခြင်း၊ နှာခေါင်းပိတ်ခြင်းစသည့် ဓာတ်မတည့်မှု လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။- ဆေးဝါးများ
- နှာခေါင်းချွဲဖျော်ဆေးများ (Neti pot, Saline Nasal Drops, Saline Spray)
- စတီးရွိုက် နှာခေါင်းတွင်းဖျန်းဆေး (Steroid Nasal Spray)
- Loratadine
- Cetrizine
- Chlorpheniramine စသည်တို့ကို အသုံးပြုနိုင်သည်။
- ဆေးဝါးများ
- ခေါင်းကိုက်ခြင်း၊ ကိုက်ခဲခြင်းနှင့် နာကျင်ခြင်းများ (Headache, Body Aches, and Pain)
ကိုယ်ဝန်ဆောင်ချိန်တွင် ခေါင်းကိုက်ခြင်း၊ ကိုက်ခဲခြင်းနှင့် နာကျင်ခြင်းများ ပိုမိုခံစားရနိုင်သည်။- ဆေးဝါးများ
- ပါရာစီတမော (Acetaminophen) – စိတ်ချစွာ သောက်နိုင်သော အကိုက်အခဲပျောက်ဆေးဖြစ်သည်
- အခြားအကိုက်အခဲပျောက်ဆေးများ (NSAIDs)
- Ibuprofen – သန္ဓေသားကိုယ်အင်္ဂါ ချို့ယွင်းထိခိုက်မှုအန္တရာယ်မရှိသော်လည်း သန္ဓေသားသွေးလည်ပတ်မှုနှင့် ရေမြွှာရည်အပေါ် အကျိုးသက်ရောက်မှုရှိသောကြောင့် ကိုယ်ဝန်သက် (၂၀) ပတ်ကျော်လျှင် မသုံးစွဲသင့်ပါ။ (၂-၃) ရက်ထက်ပို၍လည်းမသုံးစွဲသင့်ပါ
- ဆေးဝါးများ
- အအေးမိဖျားနာခြင်း (Cold and Flu)
အအေးမိဖျားနာခြင်းဖြစ်ပါက ခံစားရသော ဝေဒနာတစ်ခုချင်းအပေါ် မူတည်၍ ဆေးဝါးများ အသုံးပြုနိုင်သည်။- ဆေးဝါးများ
- ဆားရည်ဖြင့် ပလုတ်ကျင်းခြင်း
- နှာခေါင်းချွဲဖျော်ဆေးများ (Neti pot, Saline Nasal Drops, Saline Spray)
- ပါရာစီတမော (Acetaminophen)
- Dextromethorphan
- Diphenhydramine (လိုအပ်သည်ထက် ဆေးပမာဏများစွာ သောက်သုံးမိပါက သားအိမ်ကြွက်သားလှုပ်ရှားမှုများစေသော အခြေအနေဖြစ်နိုင်ခြေရှိသည်)
- Guaifenesin [သန္ဓေသားတွင် မွေးရာပါကျောရိုးနှင့် ကျောရိုးအာရုံကြောမကြီးပြဿနာများ ဖြစ်နိုင်သောကြောင့် ကိုယ်ဝန်ပထမ (၃) လ နောက်ပိုင်းမှသာ အသုံးပြုသင့်သည်]
- Pseudoephedrine [သန္ဓေသားတွင် ချက်၏နံဘေး ဝမ်းဗိုက်ကြွက်သားများကြားရှိ အပေါက်မှ အူများ ကျွံထွက်နိုင်သောအခြေအနေ – Gastroschisis ဖြစ်နိုင်သောကြောင့် ကိုယ်ဝန်ပထမ (၃) လ နောက်ပိုင်းမှသာ အသုံးပြုသင့်သည်]
- ဆေးဝါးများ
- ရင်ပူခြင်း (Heartburn)
ကိုယ်ဝန်ဆောင်ချိန်တွင် ကလေးကြီးထွားလာသည်နှင့်အမျှ အစာအိမ်မှ အက်ဆစ်များ အစာမျိုပြွန်အတွင်း ပြန်တက်သဖြင့် ရင်ပူခြင်းကို ခံစားရနိုင်သည်။- ဆေးဝါးများ
- Aluminum Hydroxide/ Magnesium Carbonate
- Aluminum Hydroxide/ Magnesium Hydroxide
- Calcium Carbonate/ Magnesium Carbonate
- Famotidine စသည့်ဆေးဝါးများကို သုံးစွဲနိုင်သည့်အပြင်
- ဒိန်ချဉ်၊ နွားနို့စသည်တို့ကို သောက်သုံးနိုင်သည်။
- ဆေးဝါးများ
- ဝမ်းလျှောခြင်း (Diarrhea)
ကိုယ်ဝန်ဆောင်စဉ်တွင် ဝမ်းလျှောခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပေါ်နိုင်သည်။- ဆေးဝါးများ
- ဓာတ်ဆား
- Probiotics
- Loperamide [ကိုယ်ဝန် ပထမ (၃) လ နောက်ပိုင်းမှသာ အသုံးပြုနိုင်ပြီး (၂၄) နာရီထက် ကျော်လွန်ပြီး သောက်သုံးရန် မသင့်ပါ]
- ဆေးဝါးများ
- ဝမ်းချုပ်ခြင်း (Constipation)
ကိုယ်ဝန်ဆောင်ဟော်မုန်းပြောင်းလဲမှုများ၊ ဗိုက်တာမင်အားဆေးများ၊ သန္ဓေသားကြောင့် အစာဟောင်းအိမ်အပေါ် ဖိအားသက်ရောက်မှုများကြောင့် ဝမ်းချုပ်ခြင်း ဖြစ်ပေါ်နိုင်သည်။- ဆေးဝါးများ
- Osmotic laxatives (e.g., Lactulose, Polyethylene glycol – PEG/Macrogol)
- Bulk-forming laxatives (e.g., Psyllium, Methylcellulose)
- Stool softener (Docusate sodium) စသည့်ဆေးဝါးများကို လိုအပ်ပါက သုံးနိုင်သည်။
- အခြားနည်းလမ်းများ _ ရေများများသောက်ခြင်း၊ အမျှင်ဓာတ်များသော အစားအစာများ စားသုံးခြင်း၊ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်း ပြုလုပ်ခြင်းတို့ဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သည်။
- ဆေးဝါးများ
- လိပ်ခေါင်းရောဂါ (Haemorrhoids)
နာတာရှည် ဝမ်းချုပ်ခြင်းကြောင့် လိပ်ခေါင်းရောဂါ ဖြစ်ပေါ်နိုင်သည်။- ဆေးဝါးများ
Lidocaine (Xylocaine), Pramoxine, Zinc oxide, Petroleum jelly, Witch Hazel Pad စသည့် လိမ်းဆေးများကို အသုံးပြုနိုင်သည်။
- ဆေးဝါးများ
- အိပ်မပျော်ခြင်း (Insomnia)
ကိုယ်ဝန်ဆောင်စဉ်တွင် အိပ်မပျော်ခြင်း၊ အိပ်ပျော်ရန် ခက်ခဲခြင်းများ ဖြစ်ပေါ်နိုင်သည်။- ဆေးဝါးများ
- Diphenhydramine ကဲ့သို့ ဟစ်တမင်းဆန့်ကျင်ဆေးများကို အိပ်မပျော်ခြင်းအတွက် တစ်ခါတစ်ရံ အသုံးပြုနိုင်သည်။
- အခြားနည်းလမ်းများ _ ပုံမှန် သက်သောင့်သက်သာဖြင့် အိပ်စက်ခြင်း၊ ကဖိန်းဓာတ်ကို ကန့်သတ်ခြင်း၊ စိတ်ဖိစီးမှုလျော့ကျစေသော နည်းလမ်းများ ကျင့်သုံးနိုင်သည်။
- ဆေးဝါးများ
- အရေပြားဆိုင်ရာရောဂါနှင့် အခြေအနေများ
- ဆေးဝါးများ
- ပြတ်ရှဒဏ်ရာ၊ ကုတ်ခြစ်ရာ၊ အပူလောင်ခြင်း (Cuts, Scrapes, and Burns) များအတွက်
- Bacitracin Ointment
- Neomycin
- Polymyxin B လိမ်းဆေးများ
- အနီကွက်များ (Rash) များအတွက်
- Diphenhydramine Cream
- 1% Hydrocortisone Cream (စတီးရွိုက် လိမ်းဆေး) လိမ်းခြင်းအပြင်
- အုတ်ဂျုံမှုန့်ဖြင့် ရေချိုးခြင်း (Oatmeal Bath) ပြုလုပ်နိုင်သည်။
- မှိုရောဂါ (Fungal Infections)
- Fluconazole
- Miconazole လိမ်းဆေးများကို အသုံးပြုနိုင်သည်။
- ပြတ်ရှဒဏ်ရာ၊ ကုတ်ခြစ်ရာ၊ အပူလောင်ခြင်း (Cuts, Scrapes, and Burns) များအတွက်
- ဆေးဝါးများ
ကိုယ်ဝန်ဆောင်စဥ် ထိုးနိုင်သောကာကွယ်ဆေးများ
အောက်ဖော်ပြပါ ကာကွယ်ဆေးများကို ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း ထိုးသင့်သည်။
- အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး (Hepatitis B vaccine)
- မေးခိုင်နှင့်ဆုံဆို့ကာကွယ်ဆေး (Tdap vaccine)
- ရာသီတုပ်ကွေး ကာကွယ်ဆေး (Influenza vaccine)
- ကိုဗစ်ကာကွယ်ဆေး (COVID-19 vaccine)
- ကလေးအဆုတ်လေပြွန်ရောင် ရောဂါ ကာကွယ်ဆေး (RSV vaccine)
ထို့ပြင်အဖြစ်များ၍ ရောဂါကူးစက်နိုင်ခြေမြင့်မားသော နေရာဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်
- ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး (Meningococcal Vaccine)
- ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး (Pneumococcal Vaccine) များကို လိုအပ်လျှင် ထိုးနိုင်သည်။
သို့သော် ရေကျောက်ကာကွယ်ဆေး (Varicella vaccine) နှင့် ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ကာကွယ်ဆေး (MMR vaccine) ကဲ့သို့ ကာကွယ်ဆေးများကို ကိုယ်ဝန်ဆောင်နေစဥ် မထိုးသင့်ပါ။
သတိပြုရမည့်အချက်များ
- ကိုယ်ဝန်မဆောင်မီကတည်းက ဆေးဝါးများ သောက်သုံးနေရပါက ကိုယ်ဝန်ဆောင်ချိန်တွင် ထိုဆေးဝါးများကို ဆက်လက်သောက်သုံးရန် သင့်မသင့် မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် ဆေးညွှန်းပေးထားသော ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရန် အရေးကြီးသည်
- ဆရာဝန်မှ လိုအပ်သော ဆေးအသစ်ညွှန်ကြားသည့်အခါတွင်လည်း မိမိတွင် ကိုယ်ဝန်ရှိနေကြောင်းကို မမေ့မလျော့ အသိပေးရန် လိုအပ်သည်
References:
- Cleveland Clinic. (n.d.). Pregnancy-safe medications. Retrieved February 27, 2026, from https://health.clevelandclinic.org/pregnancy-safe-medications
- WebMD. (n.d.). Taking medicine during pregnancy. Retrieved February 27, 2026, from https://www.webmd.com/baby/taking-medicine-during-pregnancy
- Drugs.com. (n.d.). Pregnancy categories. Retrieved February 27, 2026, from https://www.drugs.com/pregnancy-categories.html
- Black, R. A., Hill, D. A., & Kendrick, J. S. (2003). Medication use during pregnancy. American Family Physician, 67(12), 2517–2524. Retrieved February 27, 2026, from https://www.aafp.org/pubs/afp/issues/2003/0615/p2517.html
- Centers for Disease Control and Prevention. (n.d.). Vaccination guidelines for pregnant women. Retrieved February 27, 2026, from https://www.cdc.gov/vaccines-pregnancy/hcp/vaccination-guidelines/index.html
- National Health Service. (n.d.). Pregnancy, breastfeeding and fertility while taking ibuprofen and codeine. Retrieved February 27, 2026, from https://www.nhs.uk/medicines/ibuprofen-and-codeine-nurofen-plus/pregnancy-breastfeeding-and-fertility-while-taking-ibuprofen-and-codeine/
Published: 25 February 2025
Last updated: 17 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.