Cancer screening (ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း)

Cancer screening (ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း)

ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Cancer screening) ဆိုသည်မှာ ကင်ဆာလက္ခဏာများမပေါ်မီ ရောဂါကြိုတင်ရှာဖွေခြင်းဖြစ်သည်။ ကင်ဆာရောဂါများသည် လက္ခဏာပြသည့်အချိန်တွင် လျင်မြန်စွာ ကြီးထွားပျံ့နှံ့နေပြီး ဖြစ်နေတတ်သည်။ ထိုအခါ ကုသရန်ခက်ခဲပြီး အသက်သေဆုံးမှုများ ဖြစ်ပေါ်နိုင်သဖြင့် ရောဂါလက္ခဏာများ မပြခင်ကပင် ကြိုတင်ရှာဖွေကုသရန် လိုအပ်သည်။ ထိုသို့ ကြိုတင်ရှာဖွေစစ်ဆေးခြင်းဖြင့် ကင်ဆာ သို့မဟုတ် ပုံမှန်မဟုတ်သော တစ်ရှူးများကို စောစီးစွာ တွေ့ရှိနိုင်သည်။ သို့ဖြစ်၍ ကင်ဆာ‌ရောဂါအခြေအနေများကို သက်သာပျောက်ကင်းအောင် ပိုမိုလွယ်ကူစွာ ကုသနိုင်သည်။

ကင်ဆာရောဂါသည် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွါးမှုနှုန်း အလွန်များပြား၍ သေဆုံးမှုနှုန်း မြင့်တက်နေသော ရောဂါဖြစ်သည်။ ထို့ကြောင့် ကင်ဆာ‌ရောဂါ လက္ခဏာမပြသေးသောသူများတွင် ကင်ဆာရောဂါ အကြိုအဆင့် (pre-cancer) နှင့် ကင်ဆာရောဂါ အစောပိုင်းအဆင့် (early-stage cancer) တို့ကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး ထိရောက်သောကုသမှုကို ခံယူခြင်းဖြင့် ကင်ဆာဖြစ်ပွါးမှုနှုန်းနှင့် ကင်ဆာကြောင့် သေဆုံးမှုနှုန်း လျော့ကျစေသည်။

ကြိုတင်ရှာဖွေစစ်ဆေးခြင်း အမျိုးအစားများ (Screening tests)
  1. အထွေထွေမေးမြန်းစမ်းသပ်ခြင်း (History and Physical examination)
    ဆရာဝန်မှ ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းခြင်း (ယခင်ဖြစ်ခဲ့ဖူးသော ရောဂါများအကြောင်း၊ နေထိုင်စားသောက်မှုပုံစံ၊ မိသားစုမျိုးရိုးတွင် ကင်ဆာရောဂါဖြစ်ဖူးခြင်း) နှင့် ခန္ဓာကိုယ်တစ်ခုလုံးကို အသေးစိတ်စမ်းသပ်ခြင်း (ခန္ဓာကိုယ်တွင် အလုံးအကျိတ်များနှင့် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို ရှာဖွေစမ်းသပ်ခြင်း) တို့ကို ဦးစွာပြုလုပ်သည်။
  2. ဓာတ်ခွဲခန်းတွင် စစ်ဆေးရှာဖွေခြင်း (Laboratory tests)
    သွေး၊ ဆီး၊ ဝမ်း သို့မဟုတ် ကင်ဆာသံသယရှိသော တစ်ရှူးအသားစများကို ဓာတ်ခွဲခန်းသို့ပို့၍ ကင်ဆာ‌ရောဂါကို စစ်ဆေးရှာဖွေနိုင်သည်။
  3. ပုံရိပ်ဖော်စက်များဖြင့် စစ်ဆေးရှာဖွေခြင်း (Imaging tests)
    ပုံရိပ်ဖော်စက်များ (ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်၊ အာထရာဆောင်း၊ PET စကင်န်) များကို အသုံးပြု၍ ခန္ဓာကိုယ်အနှံ့အပြားရှိ ကင်ဆာရောဂါများကို စစ်ဆေးရှာဖွေနိုင်သည်။
  4. မျိုးဗီဇစစ်ဆေးခြင်း (Genetic tests)
    မိသားစုမျိုးရိုးတွင် ကင်ဆာရောဂါရှိပါက မျိုးဗီဇပြောင်းလဲမှုများကို စစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ရှိမရှိကို သိရှိနိုင်သည်။
အကျိုးရလဒ်နှင့် ကန့်သတ်ချက်များ

ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်းဖြင့် ကင်ဆာရောဂါ အကြိုအဆင့်နှင့် အစောပိုင်းအဆင့်များကို စောစီးစွာသိရှိပြီး လွယ်ကူထိ‌ရောက်သော ကုသမှုများကို ခံယူနိုင်ခြင်းဖြင့် ကင်ဆာ‌ရောဂါ ဖြစ်ပွါးမှုနှုန်းနှင့် ကင်ဆာ‌ရောဂါကြောင့် သေဆုံးမှုနှုန်း နှစ်မျိုးလုံးကို လျှော့ချပေးနိုင်သည့် အကျိုးရလဒ်ကို ရရှိသည်။

ကင်ဆာစစ်ဆေးခြင်းသည် စောစီးစွာ ရောဂါရှာဖွေရန်အတွက် အသုံးဝင်သည်။ သို့သော်လည်း မည်သည့်ကင်ဆာအကြိုစစ်ဆေးမှုမျှ ပြီးပြည့်စုံခြင်း မရှိပါ။ တစ်ခါတစ်ရံ ရလဒ်များသည် ကင်ဆာရောဂါ အမှန်တကယ်မရှိသောသူတွင် ကင်ဆာရောဂါရှိသည် (false positive) သို့မဟုတ် ကင်ဆာရောဂါ အမှန်တကယ်ရှိနေသော်လည်း ကင်ဆာမရှိဘဲ အဖြေပုံမှန်ဖြစ်နေသည် (false negative) စသည်ဖြင့် မှားယွင်းစွာ ဖော်ပြနိုင်သည်။ ထိုသို့ မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်နိုင်သော်လည်း ဆရာဝန်များမှ သေချာစွာ အဓိပ္ပာယ်ဖော်ပြီး ရလဒ်များကိုအတည်ပြုရန် အခြားစစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်နိုင်သည်။

စောစီးစွာ ရောဂါရှာဖွေတွေ့ရှိခြင်းသည် ရောဂါကုသခြင်းကို များစွာအထောက်အကူပြု၊ တိုးတက်စေနိုင်သည်။ သို့ဖြစ်၍ ကင်ဆာရောဂါ ကြိုတင်စစ်ဆေးခြင်း၏ ‌အကျိုးကျေးဇူးများသည် ကန့်သတ်ချက်များထက် များစွာကျော်လွန်သည်။

ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း ပြုလုပ်သင့်သူများ

ယေဘုယျအားဖြင့် အသက် (၄၀) နှစ်မတိုင်ခင်တွင် ကင်ဆာ‌ရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်းကို ပုံမှန်ပြုလုပ်ရန် မလိုအပ်သေးပါ။ သို့သော် ဆရာဝန်များမှ အထွေထွေစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ကင်ဆာရောဂါ ဖြစ်နိုင်ခြေများသောသူများတွင် မည်သူမဆို မည်သည့်အသက်အရွယ်မဆို အချို့သော ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ရန် လိုအပ်နိုင်သည်။

အောက်ဖော်ပြပါ ကင်ဆာရောဂါ ဖြစ်နိုင်ခြေများသူများတွင် ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်းကို အခြားသူများထက်ပို၍ စောစီးစွာနှင့် မကြာခဏပြုလုပ်သင့်သည်။

  • မိသားစုမျိုးရိုးတွင် ကင်ဆာ‌‌ရောဂါရှိခြင်း
  • ယခင်က ကင်ဆာရောဂါဖြစ်ဖူးခြင်း
  • ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးသူများ
  • လုပ်ငန်းခွင်တွင် ဓာတုပစ္စည်းများနှင့် ထိတွေ့မှုရှိသူများ
  • အကြောင်းရင်းမသိဘဲ ခန္ဓာကိုယ်တွင်း သွေးခဲခြင်းဖြစ်သူများ
  • အသက်ကြီးသူများ ဖြစ်ကြသည်။

သို့သော် ကင်ဆာသည် ဖြစ်နိုင်ခြေများသော နောက်ခအကြောင်းရင်းများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖြစ်ပေါ်နိုင်သောကြောင့် အသက်ကြီးလာသည်နှင့် စောစီးစွာ စစ်ဆေးရှာဖွေရန် အရေးကြီးသည်။

ပုံမှန်ကင်ဆာစစ်ဆေးခြင်း လမ်းညွှန်ချက်များ
ကင်ဆာအမျိုးအစားအသက်အပိုင်းအခြားစစ်ဆေးရမည့် အမျိုးအစားနှင့်အကြိမ်အရေအတွက်
ရင်သားကင်ဆာ (Breast cancer)(၄၅ – ၅၄) နှစ်ကြားရင်သားဓာတ်မှန်ရိုက်ခြင်း (Mammogram)
တစ်နှစ်လျှင် တစ်ကြိမ်
သို့မဟုတ်
ဆရာဝန်ညွှန်ကြားသည့်အတိုင်း
(၅၅) နှစ်နှင့်အထက်ရင်သားဓာတ်မှန်ရိုက်ခြင်း (Mammogram)
နှစ်နှစ်လျှင် တစ်ကြိမ်
သို့မဟုတ်
ဆန္ဒရှိလျှင် တစ်နှစ်လျှင် တစ်ကြိမ်
မှတ်ချက်

– ကင်ဆာ‌ရောဂါ ဖြစ်နိုင်ခြေများသူများ (မိသားစုမျိုးရိုးတွင် ကင်ဆာရောဂါရာဇဝင်ရှိခြင်း) တွင် ရင်သားဓာတ်မှန်အပြင် လိုအပ်လျှင် သံလိုက်ဓာတ်မှန်ရိုက်ခြင်းဖြင့် ရှာဖွေနိုင်သည်
– အသက် (၄၀) မှ (၄၄) နှစ်အတွင်း ကြိုတင်စစ်ဆေးခြင်း ပြုလုပ်လိုပါက ရင်သားဓာတ်မှန်ရိုက်ခြင်းကို တစ်နှစ်လျှင် တစ်ကြိမ် ပြုလုပ်နိုင်သည်
– ရင်သားအကျိတ် ရှိမရှိ မိမိကိုယ်တိုင်လည်း ပုံမှန်စမ်းသပ်မှု ပြုလုပ်သင့်သည်။
သားအိမ်ခေါင်း ကင်ဆာ (Cervical cancer)(၂၄ – ၄၉) နှစ်ကြားကြွက်နို့ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း (HPV test) နှင့် သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးခြင်း (Pap smear)
(၃) နှစ်လျှင် တစ်ကြိမ်
(၅၀ – ၆၄) နှစ်ကြားကြွက်နို့ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း (HPV test) နှင့် သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးခြင်း (Pap smear)
(၅) နှစ်လျှင် တစ်ကြိမ်
မှတ်ချက်

သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေများသော
– အိတ်ချ်အိုင်ဗွီရောဂါရှိသူများ
– ကိုယ်ခံအားကျဆင်းသူများ
– ဆေးလိပ်သောက်သူများ
– လိင်ဆက်ဆံဖော် များသူများ
– ယခင် သားအိမ်ခေါင်းအချွဲမြှေးစစ်ဆေးခြင်း ရလဒ် ပုံမှန်မဟုတ်သူများ စသူတို့တွင် ပုံမှန်ထက် ပို၍စစ်ဆေးရန် လိုအပ်သည်

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးထားသူများတွင်လည်း သတ်မှတ်ထားသည့် အသက်အရွယ်အတိုင်း စစ်ဆေးရန် လိုအပ်သည်။
အူမကြီးကင်ဆာ (Colorectal cancer)(၄၅ – ၇၅) နှစ်ကြားဝမ်းထဲသွေးပါဝင်မှုစစ်ဆေးခြင်း [Fecal immunochemical test (FIT)/ fecal occult blood test (FOBT)]
တစ်နှစ်လျှင် တစ်ကြိမ်

သို့မဟုတ်

ဝမ်းတွင်ပါရှိသည့် မျိုးဗီဇ စစ်ဆေးခြင်း (Multi-targeted stool DNA test- MT-sDNA)
(၃) နှစ်လျှင် တစ်ကြိမ်

သို့မဟုတ်

အူလမ်းကြောင်းမှန်ပြောင်း ကြည့်ခြင်း (colonoscopy)
(၁၀) နှစ်လျှင် တစ်ကြိမ်

သို့မဟုတ်

အူမကြီးနှောင်းပိုင်း မှန်ပြောင်းကြည့်ခြင်း (Flexible sigmoidoscopy)
(၅) နှစ်လျှင် တစ်ကြိမ်

သို့မဟုတ်

အူလမ်းကြောင်း ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT colonography)
(၅) နှစ်လျှင် တစ်ကြိမ်
မှတ်ချက်

အူမကြီးကင်ဆာဖြစ်နိုင်ခြေများသော
– မိသားစုမျိုးရိုးတွင် အူမကြီးကင်ဆာ ရှိသူများ
– ယခင်စစ်ဆေးမှုတွင် အူမကြီး အလုံးအကျိတ် ဖယ်ရှားထားသူများ
– ခုခံအားဆိုင်ရာ အူလမ်းကြောင်း ရောင်ရမ်းသောရောဂါ ရှိသူများ စသည်တို့တွင် ပို၍ စောစီးစွာနှင့် အကြိမ်ရေများစွာ ကြိုတင် စစ်ဆေးသင့်သည်

အသက် (၇၆) မှ (၈၅) နှစ်အတွင်း ဖြစ်ပါက
– လက်ရှိကျန်းမာရေး အခြေအနေ
– နေထိုင်ရန် ကျန်ရှိနေသေးသော မျှော်မှန်းသက်တမ်း
– ယခင်စစ်ဆေးမှုရလဒ်အဖြေများ
– ကာယကံရှင်ရွေးချယ်မှု စသည်တို့အပေါ် မူတည်၍ ဆက်လက်ပြုလုပ်နိုင်သည်
အဆုတ်ကင်ဆာ (Lung cancer)(၅၀ – ၈၀) နှစ်အတွင်းကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း (Low dose CT scan – LDCT)
တစ်နှစ်လျှင် တစ်ကြိမ်
မှတ်ချက်

– ဆေးလိပ်သောက်သူများ
– လွန်ခဲ့သော (၁၅) နှစ်အတွင်း ဆေးလိပ်ဖြတ်ထားသူများ
– လွန်ခဲ့သော နှစ် (၂၀) အတွင်း တစ်ရက်လျှင် ဆေးလိပ်တစ်ဘူး သောက်သုံးသူများ (20 pack-year smoking history) တွင် နှစ်စဥ်စစ်ဆေးသင့်သည်
ဆီးကျိတ်ကင်ဆာ (Prostate cancer)(၅၀) နှစ်နှင့်အထက်ဆီးကျိတ်ကင်ဆာ ရောဂါပြဓာတ်ပစ္စည်း (PSA – Prostate Specific Antigen test)
ဆရာဝန်ညွှန်ကြားသည့်အတိုင်း

ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်းများကို ပြုလုပ်သည့်အပြင် အောက်ဖော်ပြပါ နည်းလမ်းများကို လိုက်နာခြင်းဖြင့် ကင်ဆာ‌ရောဂါဖြစ်နိုင်ခြေများကို လျှော့ချပေးနိုင်သည်။

  • ဆေးလိပ်ဖြတ်ပါ
  • ကိုယ်အလေးချိန် ထိန်းသိမ်းပါ
  • ‌ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသောက်ပါ
  • အရက်အလွန်အကျွံ မသောက်ပါနှင့်
  • အရေပြားကို နေလောင်ခြင်းမှ ကာကွယ်ပါ
  • ကာကွယ်ဆေးထိုးပါ (HPV vaccine – သားအိမ်ခေါင်းကင်ဆာ ကာကွယ်နိုင်ရန်၊ HBV vaccine – အသည်းကင်ဆာကာကွယ်နိုင်ရန်)
  • ပုံမှန် ကျန်းမာရေးစစ်‌ဆေးမှုများ ပြုလုပ်ပါ

References:

  1. National Cancer Institute. (n.d.). Cancer screening overview (PDQ®). Retrieved February 10, 2026, from https://www.cancer.gov/about-cancer/screening/patient-screening-overview-pdq
  2. Cleveland Clinic. (n.d.). Cancer screening. Retrieved February 10, 2026, from https://my.clevelandclinic.org/health/diagnostics/24118-cancer-screening
  3. Cleveland Clinic. (n.d.). Cancer screening guidelines. Retrieved February 10, 2026, from https://my.clevelandclinic.org/departments/cancer/patient-education/wellness-prevention/screening-guidelines
  4. American Cancer Society. (n.d.). American Cancer Society guidelines for the early detection of cancer. Retrieved February 10, 2026, from https://www.cancer.org/cancer/screening/american-cancer-society-guidelines-for-the-early-detection-of-cancer.html
  5. Cleveland Clinic. (n.d.). Health maintenance guidelines for adults. Retrieved February 10, 2026, from https://my.clevelandclinic.org/-/scassets/files/org/patients-visitors/information/health-maintenance-guidelines-for-adults.pdf
  6. U.S. Preventive Services Task Force. (n.d.). A and B recommendations. Retrieved February 10, 2026, from https://www.uspreventiveservicestaskforce.org/uspstf/recommendation-topics/uspstf-a-and-b-recommendations
  7. UK Government. (n.d.). NHS screening programmes: Information for GPs and practice staff. Retrieved February 10, 2026, from https://www.gov.uk/guidance/nhs-screening-programmes-information-for-gps-and-practice-staff

Published: 11 February 2025

Last updated: 20 March 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.